← Chapters

အခန်း (၁၆၅၄)

Vol. 119 Ch. 1654

အခန်း (၁၆၅၄)

Vol. 119 Ch. 1654

ဟွမ်ခြောက်… ။

ဟန်မူယဲ့က “ ဟွမ်ခြောက် ”ဟု ခေါ်ဆိုသော တစ်ဦးတည်းသောလူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားထိန်း ဟွမ်ကျန်းရှုံး ဖြစ်သည်။

သေခြင်းရှင်ခြင်းအခြေအနေများကို အကြိမ်ပေါင်းများစွာ အတူတူ ဖြတ်ကျော်ပြီးနောက် ဤဘဝ၌ ဟန်မူယဲ့ အယုံကြည်ရဆုံးလူက ဟွမ်ခြောက် ဖြစ်သည်။

“ ဘန်း ”

အရှေ့တွင် အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော လက်ခြောက်ဖက်နတ်မိစ္ဆာက မဟူရာရွှေရောင်မိစ္ဆာ၏ ရင်ဘက်ပေါ်သို့ လက်သီးထိုးလွှတ်လိုက်သည်။ ထိုအခါ ကျယ်လောင်သော မြည်သံနှင့်အတူ အနက်ရောင်အကြေးခွံများက အက်ကွဲသွားသည်။

အနက်ရောင်နဂါးက ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

အနက်ရောင်သံချပ်ကာဝတ် လက်ခြောက်ဖက်နတ်မိစ္ဆာသည် ကိုယ်ပိုင်စကြာဝဠာတစ်ခုကို ဖွဲ့စည်းထားပြီး ယင်ယန်နှင့် သေခြင်းရှင်ခြင်းကို ဖြတ်တောက်ထားသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ၎င်း၏ ကျင့်ကြံခြင်းစွမ်းအားက သေခြင်းရှင်ခြင်းအဆင့်၏ အထွတ်အထိပ်မှာ ဖြစ်သည်။

ဟွမ်ခြောက်၏ ကျင့်ကြံခြင်းစွမ်းအားသည် သူ့ရန်သူထက် အားမနည်းပေ။ အမှန်မှာ သူ၏ ကျင့်ကြံခြင်းအဆင့်က ရန်သူထက် ပိုပြီးမြင့်သည်။

ဟွမ်ခြောက်၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် သို့မဟုတ် ကမ္မအဆင့်မှာ ဖြစ်နိုင်ကြောင်း ဟန်မူယဲ့ သိသည်။

သို့သော် ဟွမ်ခြောက်မှာ ကိုယ်ပိုင်မိုးမြေစကြာဝဠာတစ်ခုကို ဖွဲ့စည်းနိုင်သော အဆင့်မြင့်ဘုံများ၏ ကျင့်ကြံခြင်းနည်းစနစ် မရှိပေ။

ကိုယ်ပိုင်မိုးမြေစကြာဝဠာနှင့် မဟာတာအိုစွမ်းအားမရှိလျှင် ဟွမ်ခြောက်က အထွတ်အထိပ် ကနဦးမူလအဆင့် တိုက်ပွဲစွမ်းအားကိုသာ ထုတ်လွှတ်နိုင်လိမ့်မည်။

အကယ်၍ သူ၏ အံ့ဖွယ်ကောင်းသော ရုပ်ခန္ဓာကိုယ်ကြောင့်မဟုတ်လျှင် သူက အနက်ရောင်သံချပ်ကာဝတ် နတ်မိစ္ဆာ၏ လက်သီးတစ်ချက်ကိုပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။

“ တီကောင်… အညံ့ခံစမ်း ”

“ ငါ့ကို အညံ့ခံပြီး မင်းရဲ့ အရင်းအမြစ်အားလုံး လွှဲပြောင်းပေးမယ်ဆိုရင် ငါမင်းကို ငါ့ရဲ့ အစောင့်အရှောက်နဂါးရာထူး ပေးမယ် ”

လက်ခြောက်ဖက်နတ်မိစ္ဆာက အနက်ရောင်နဂါး၏ ခန္ဓာကိုယ်ပေါ် တတ်နင်းလိုက်ပြီး ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

“ ဟွမ်ခြောက်ကို လွှတ်လိုက်စမ်း ”

“ မြန်မြန်… ဟွမ်ခြောက်ကို ကယ်တင်ကြ ”

အော်သံနှင့်အတူ ပုံရိပ်အများအပြားက မြေကွက်လပ်ဆီသို့ ပြေးလာကြသည်။

အနက်ရောင်နဂါးက အပြင်းအထန် ရုန်းကန်ရင်း အော်ပြောလိုက်သည်။

“ ဟဲယန်စွန်း… ငါမသေသေးဘူး ”

သို့တိုင် ဟွမ်ခြောက်က လက်ခြောက်ဖက်နတ်မိစ္ဆာ၏ ခြေထောက်အောက်မှ မရုန်းထွက်နိုင်ပေ။

ထိုနတ်မိစ္ဆာက အလွန်အမင်း သန်မာသည်။

“ ဟား ဟား ဟား… သတ်ပုတ်ကွင်းရဲ့ စည်းမျဉ်းတွေအရ ကွင်းထဲကို မင်းဝင်လိုက်တာနဲ့ သေခြင်းရှင်ခြင်းက မင်းရဲ့ လက်ထဲမှာပဲ ”

“ ကြည့်ရတာ မင်းတို့ပုရွက်ဆိတ်လေးတွေက အတူတူ သေချင်နေကြပုံပဲ ”

“ မင်းတို့ ကျူးကျင်းကုန်သွယ်ရေးအဖွဲ့ရဲ့ အနောက်က အရင်းအမြစ်တွေကို ငါအရမ်းပဲ စိတ်ဝင်စားတယ် ”

လက်ခြောက်ဖက်နတ်မိစ္ဆာက အော်ပြောလိုက်သည်။ ထို့နောက် ၎င်း၏ လက်သုံးဖက်က အရှေ့သို့ ဖိကျသွားသည်။

ထိုလက်များက ကောင်းကင်ဖုံးလွှမ်းမိစ္ဆာမီးတောက်များအဖြစ် အသွင်ပြောင်းလဲသွားပြီး သူ့အရှေ့မှ ပုံရိပ်များကို လွှမ်းခြုံသွားသည်။

“ ကျား ”

ကျယ်လောင်သော ဟိန်းသံနှင့်အတူ သံချပ်ကာဝတ် ရုပ်သေးရုပ်တစ်ခုက အရှေ့သို့ ပျံသန်းသွားပြီး လက်သီးထိုးလွှတ်လိုက်သည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်… ။

စကြာဝဠာအဆင့် တိုက်ပွဲစွမ်းအား… ။

စကြာဝဠာအဆင့် တိုက်ပွဲစွမ်းအားသည် အဆင့်မြင့်ဘုံများတွင် ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်ကဲ့သို့ မြင့်မားပေသည်။

သို့သော်လည်း ဘုံ၏ မူလစွမ်းအားစုဝေးမှုနှင့် ကိုယ်ပိုင်မိုးမြေစကြာဝဠာ၏ အထောက်အပံ့မရှိသည့်အခါ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့် တိုက်ပွဲစွမ်းအားကို မထုတ်လွှတ်နိုင်ပေ။

မဟာပန်သွန်ဘုံဆီသို့ ပထမအကြိမ် ဟန်မူယဲ့ ရောက်သွားခဲ့စဉ်မှာလည်း ထိုအတိုင်း ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်က မဟာပန်သွန်ဘုံ၏ အာဏာရှင်အဆင့်နှင့် နှိုင်းယှဉ်နိုင်သော်လည်း သူ၏ တိုက်ပွဲစွမ်းအားက အာဏာရှင်အဆင့်မှာ မရှိပေ။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ လက်သီးက အနက်ရောင်သံချပ်ကာဝတ် လက်ခြောက်ဖက်နတ်မိစ္ဆာ၏ ခန္ဓာကိုယ်ပေါ်သို့ မကျရောက်သွားမီ ၎င်းက နေရာမှာ ကျောက်ရုပ်ဖြစ်သွားသည်။

ပုံရိပ်ယောင်မိုးမြေစကြာဝဠာတစ်ခုက နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ အရှေ့မှာ ထွက်ပေါ်လာသည်။

သူတို့နှစ်ယောက်ကြားမှာ တောင်တန်းများနှင့် ပင်လယ်များက ဖွဲ့စည်းသွားသည်။

ယင်းက စွမ်းအားကွာခြားမှု ဖြစ်သည်။

အင်မော်တယ်စွမ်းအားက နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ ခန္ဓာကိုယ်ထဲမှ တစ်ဟုန်ထိုး ပေါ်လျှိုးနေသော်လည်း ယင်းက အချည်းနှီး ဖြစ်၏။

“ မင်းတို့က သေချင်နေမှတော့… ကောင်းပြီ ငါ… ”

အနက်ရောင်သံချပ်ကာဝတ် နတ်မိစ္ဆာ၏ စကားက ရပ်တန့်သွားပြီး ၎င်းက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက တည်ငြိမ်သော အမူအရာဖြင့် ၎င်း၏ စကြာဝဠာအရှေ့မှာ မတ်တတ်ရပ်နေသည်။ ထိုပုံရိပ်က မည်သည့်အချိန်ကတည်းက ရောက်ရှိနေကြောင်း ၎င်းမသိပေ။

အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ။

“ ဟန်မူယဲ့ ”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

“ စီနီယာအကိုဟန် ”

ဟဲယန်စွန်းက ခေါင်းမော့လိုက်လေရာ သူ၏ မျက်လုံးထဲ၌ ထွန်းလင်းတောက်ပသောအလင်း ထွက်ပေါ်လာသည်။

မြေပြင်ပေါ်မှာ လဲလျောင်းနေသော အနက်ရောင်နဂါးသည်လည်း ကျားကုတ်ကျားခဲ ရုန်းကန်လိုက်ပြီး ခေါင်းမော့လိုက်သည်။

“ မင်း… မင်းက အချိန်မှန်မှာ ဘယ်လိုပေါ်လာရမလဲ တကယ်သိတဲ့ကောင်ပဲ… ”

ဟန်မူယဲ့က သဘောကျစွာ အော်ရယ်လိုက်သည်။ စိတ်လှုပ်ရှားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ပုံမှန်အားဖြင့် သူ၏ နှလုံးသားထဲမှ စိတ်ခံစားချက်များက ကန်ရေပြင်ပမာ တည်ငြိမ်သည်။ သို့သော်လည်း ယခု သူက ဟွမ်ခြောက်နှင့် တခြားလူများကို မြင်သွားသောအခါ သူ၏ နှလုံးသားက ပရမ်းပတာ လှုပ်ခါသွားသည်။

“ သေစမ်း ”

အနက်ရောင်သံချပ်ကာဝတ် လက်ခြောက်ဖက်နတ်မိစ္ဆာက လက်သီးထိုးလွှတ်လိုက်သည်။

ဟန်မူယဲ့၏ အရှေ့၌ ပုံရိပ်ယောင်လောကတစ်ခုက အောက်သို့ ဖိကျလာသည်။

ယင်းက စကြာဝဠာတစ်ခုကို သယ်ဆောင်ထားသော လက်သီးထိုးချက် ဖြစ်သည်။ ထိုလက်သီးကို မြင်သွားသောအခါ သတ်ပုတ်ကွင်း၏ အပြင်၌ စောင့်ကြည့်နေကြသော ကျင့်ကြံသူများက ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

အနက်ရောင်သံချပ်ကာဝတ် လက်ခြောက်ဖက်နတ်မိစ္ဆာ၏ တိုက်ပွဲစွမ်းအားသည် သေခြင်းရှင်ခြင်းအဆင့် သာမန်ကျင့်ကြံသူတစ်ယောက်ထက် အများကြီး သာလွန်သည်။

ထိုသို့ပုဂ္ဂိုလ်ကို မည်သည့်နေရာတွင်မဆို အရှင်သခင်တစ်ပါးအဖြစ် သတ်မှတ်နိုင်ပေသည်။

ဟန်မူယဲ့သည်တော့ မထူးမခြားနား အမူအရာဖြင့် ဆက်ရှိနေဆဲပင်။ သူ၏ အရှေ့၌ ဓားအလင်းက ဝင်းခနဲ လင်းလက်သွားသည်။

“ ထန် ”

ဓားအလင်း ပေါ်လျှိုးလာသည်နှင့် လက်မောင်းတစ်ဖက်က မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

“ ဗုန်း ”

နတ်မိစ္ဆာ၏ လက်မောင်းကို ဖြတ်တောက်လိုက်သော ထိုဓားအလင်းက ပုံရိပ်ယောင်လောကကိုလည်း ပိုင်းဖြတ်သွားသည်။

ပုံရိပ်ယောင်လောကက တုန်ယင်သွားပြီး ဘီလီယံနှင့်ချီသော ဓားရာများကို ထုတ်ဖော်လိုက်သည်။ နောက်အခိုက်အတန့်မှာ ဓားရာများက အက်ကွဲသွားပြီး မူလစွမ်းအားက အကြမ်းပတမ်း ပေါက်ကွဲသွားသည်။

အချင်းမိုင်တစ်သိန်းကျယ်ပြောသော မြေကွက်လပ်ထဲ၌ မူလစွမ်းအားက တစ်ဟုန်ထိုး ပြည့်လျှံသွားသည်။ ယင်းက ကြည့်ရှုနေကြသော ကျင့်ကြံသူအားလုံးကို လေထဲသို့ ဝမ်းသာအားရ ခုန်သွားစေသည်။

မရေမတွက်နိုင်သော အဖိုးတန်ဝိညာဉ်ရတနာများနှင့် သတ္ထုရတနာအမျိုးမျိုးက လေထဲမှာ ပြန့်ကျဲသွားသည်။

ထို့ပြင် သာလွန်ထူးခြားသော မူလစွမ်းအားများက လေထဲမှာ ပြည့်လျှံနေသည်။ မည်သူမဆို အရှေ့သို့ လက်ဆန့်ထုတ်လိုက်ရုံဖြင့် ယင်းတို့ကို စုဆောင်းနိုင်လိမ့်မည်။

အဆုံးမဲ့သော အလင်းစီးကြောင်းများ လွင့်ပြယ်သွားသည့်အခါ မြေကွက်လပ်ထဲတွင် အနက်ရောင်နဂါး၊ ဟန်မူယဲ့၊ ဟဲယန်စွန်းနှင့် တခြားလူများ၏ အရိပ်အယောင်က လုံးဝပျောက်ကွယ်သွားသည်။ မည်သည့်သဲလွန်စမှ ကျန်မနေခဲ့ပေ။

လက်တစ်ဖက်ပြတ်သွားသော အနက်ရောင်သံချပ်ကာဝတ် နတ်မိစ္ဆာသာလျှင် ဖြူဖျော့နေသော မျက်နှာဖြင့် မြေကြီးပေါ်မှာ ထိုင်နေသည်။ သွေးချီစွမ်းအားနှင့် မူလစွမ်းအားက ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထိန်းချုပ်မရအောင် ပေါ်လျှိုးနေသည်။

“ အရမ်းသန်မာတာပဲ… လက်ခြောက်ဖက်နတ်မိစ္ဆာတောင် ရှုံးသွားတယ် ”

“ အဲ့ဒီဓားချက်က သေခြင်းရှင်ခြင်းအဆင့်ထက် သာလွန်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်… ဒါကြောင့်ပဲ လက်ခြောက်ဖက်နတ်မိစ္ဆာရဲ့ မိုးမြေစကြာဝဠာက ဓားတစ်ချက်တည်းနဲ့ ပျက်စီးသွားတာပေါ့ ”

တီးတိုးစကားသံများက သတ်ပုတ်ကွင်းထဲမှာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ အကျိုးအမြတ်ရရှိသွားကြသော ကျင့်ကြံသူများက အမြန်အနောက်ဆုတ်သွားကြသည်။

အသက်တစ်ရာရှူချိန်ကြာပြီးနောက် ပုံရိပ်အများအပြားက သတ်ပုတ်ကွင်းထဲသို့ အမြန်ဆင်းသက်လာကြသည်။

သူတို့တစ်ယောက်စီက သံချပ်ကာဝတ်ဆင်ထားကြပြီး မျက်နှာသုန်မှုန်နေကြသည်။

“ မီးတောက်နတ်မိစ္ဆာ… စောစောက လူက ဘယ်သူလဲ ”

စကားပြောလိုက်သော ထိုသူသည်လည်း လက်ခြောက်ဖက်ပါသော နတ်မိစ္ဆာတစ်ကောင် ဖြစ်သည်။ ၎င်းက လက်တစ်ဖက်ပြတ်သွားသော နတ်မိစ္ဆာထက် ပိုအရပ်ရှည်ပြီး ၎င်း၏ အနောက်တွင် ပုံရိပ်ယောင်တောင်တန်းတစ်ခုက လွင့်မျောနေသည်။

မူလစွမ်းအားက တောင်တန်းအသွင် သိပ်သည်းနေခြင်း… ။

ယင်းက ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်၏ အသွင်လက္ခဏာတစ်ခု ဖြစ်သည်။

“ ကျူးကျင်းကုန်သွယ်ရေးအဖွဲ့… အဲ့ဒါ ကျူးကျင်းကုန်သွယ်ရေးအဖွဲ့… ”

လက်တစ်ဖက်ပြတ်သွားပြီး မိုးမြေစကြာဝဠာပြိုကွဲသွားသော မီးတောက်နတ်မိစ္ဆာက အံတင်းတင်းကြိတ်လိုက်ပြီး ပြောသည်။ ၎င်း၏ မျက်လုံးထဲမှာ မကျေမချမ်းစိတ်ဖြင့် ပြည့်နှက်နေသည်။

“ အဲ့ဒါ ဓားကျင့်ကြံသူ… သူ့ရဲ့ ဓားက အရမ်းအားကောင်းတယ် ”

ထိုဓားအကြောင်းကို ပြန်တွေးမိသောအခါ ကြောက်ရွံ့မှုက မီးတောက်နတ်မိစ္ဆာ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အနက်ရောင်သံချပ်ကာဝတ် တခြားနတ်မိစ္ဆာများ၏ ဘေးပတ်ဝန်းကျင်မှာ စုဝေးသွားသည်။

“ ဟွန့်… ဘယ်လိုကောင်က ကြက်သွေးရောင်မိစ္ဆာဂိုဏ်းက လူကို ဒဏ်ရာရအောင် လုပ်ရဲတာလဲ… မုန့်ကျားဘုံတစ်ခုလုံး မြေလှန်ရှာရမယ်ဆိုရင်တောင် သူတို့ကို ငါသတ်ပစ်မယ် ”

“ ငါ့အမိန့်ကို ကြေညာလိုက်… ကျူးကျင်းကုန်သွယ်ရေးအဖွဲ့အကြောင်း သတင်းပေးပို့တဲ့ ဘယ်သူမဆို အဆင့်မြင့် မုန့်ကျားနတ်ဘုရားကျောက်တုံးသုံးထောင် ဆုလာဘ်ရရှိမယ် ”

မုန့်ကျားနတ်ဘုရားကျောက်တုံးများသည် မဟာပန်သွန်ကျောက်တုံးများနည်းတူ အလွန်အားကောင်းသော သွေးချီအနှစ်သာရ၏ စုဝေးမှုမှ ဖွဲ့စည်းသွားသော ကျင့်ကြံခြင်းအရင်းအမြစ်များ ဖြစ်သည်။

အဆင့်မြင့်ဘုံများတွင် ကျင့်ကြံခြင်းအရင်းအမြစ်များက တူညီကြသည်။

မုန့်ကျားနတ်ဘုရားကျောက်တုံးသုံးထောင်က မရေမတွက်နိုင်သော ကျင့်ကြံသူများအတွက် မက်လောက်စရာပမာဏ ဖြစ်သည်။

“ ကျုပ် ကျူးကျင်းကုန်သွယ်ရေးအဖွဲ့အကြောင်း သိတယ်… သူတို့က မကြာသေးခင်ကမှ သမင်သွေးမြို့တော်ကို ရောက်လာကြတာ… ”

“ ကျုပ်သိတယ်… သူတို့က မြို့တော်အပြင်ဘက်က နှင်းတိမ်ချိုင့်ဝှမ်းထဲမှာ နေထိုင်ကြတယ်… အဲ့ဒီနေရာက အပြင်လောကက ကျင့်ကြံသူတွေနဲ့ ခရီးသွားကုန်သည်တွေ စုဝေးနေကြတဲ့ နေရာပါ ”

“ သူတို့မှာ ကုန်သွယ်ရေးပစ္စည်းတချို့ ပါရှိတယ်… ပြောကြတာတော့ သူတို့က အာကာသဟင်းလင်းပြင်ထဲမှာ ဖြတ်သန်းသွားလာရင်း ကုန်သွယ်ရေးလုပ်ငန်းကို လုပ်ကိုင်ကြတယ်တဲ့… ”

အော်သံများ ထွက်ပေါ်လာသည့်အခါ အဖွဲ့ခေါင်းဆောင်ဖြစ်သော နတ်မိစ္ဆာက ပြုံးလိုက်သည်။

“ ကောင်းတယ်… ကျူးကျင်းကုန်သွယ်ရေးအဖွဲ့က လူတွေကို ကျုပ်ဖမ်းမိတာနဲ့ ကျုပ်ပြောထားတဲ့အတိုင်း ခင်ဗျားတို့ကို ဆုလာဘ်ချီးမြှင့်မယ် ”

“ ဆုလာဘ်ယူဖို့ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းရဲ့ ဌာနချုပ်ဆီ ခင်ဗျားတို့ သွားနိုင်တယ် ”

ထိုသို့ပြောပြီးနောက် အဖွဲ့ခေါင်းဆောင်က ၎င်း၏ ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်သည်။ ၎င်းက ကျန်းတစ်ရာရှည်လျားသော မိစ္ဆာအဖြစ် အသွင်ပြောင်းလဲသွားပြီး အဝေးသို့ ပျံသန်းသွားသည်။

ကြက်သွေးရောင်မိစ္ဆာဂိုဏ်းမှ တခြားမိစ္ဆာများက အဖွဲ့ခေါင်းဆောင်နောက်သို့ အမြန်လိုက်သွားကြသည်။ ၎င်းတို့အားလုံးက မြို့တော်အပြင်သို့ အမြန်ပျံသန်းသွားကြသည်။

ထိုအခိုက်အတန့်မှာ ဟန်မူယဲ့၊ မျက်နှာဖြူဖျော့နေသော ဟွမ်ခြောက်နှင့် ဝမ်းသာပျော်ရွှင်နေကြသော တခြားလူများက နှင်းတိမ်ချိုင့်ဝှမ်းဆီသို့ ပြန်ရောက်သွားကြသည်။

“ ကမ္ဘာဦးလောကက အရင်းအမြစ်တွေ ပြန်စုဆောင်းနေတယ်… ဟွမ်ကျစ်ဟူ အဲ့ဒီကောင်မလေးက စစ်တပ်ကို ဦးဆောင်ပြီး ကုန်းမြေတွေကို ကျူးကျော်သိမ်းပိုက်နေတယ်… သူက အသူရာကောင်းကင်ဘုံနဲ့ တိုက်ခိုက်နေတယ် ”

“ ငါရယ် ဟဲယန်စွန်းနဲ့ တခြားလူတွေက ကြယ်တာရာမြေပုံပေါ် အခြေခံပြီး တခြားအဆင့်မြင့်ဘုံတွေနဲ့ ကုန်သွယ်သင့်တယ်လို့ စဉ်းစားမိကြတယ် ”

ဟွမ်ခြောက်က တဲအိမ်ထဲမှာ ထိုင်နေရင်း စိတ်ခံစားချက်ပြင်းပြစွာ ပြောသည်။

ဟန်မူယဲ့က သူတစ်ယောက်တည်းစွမ်းအားဖြင့် ကမ္ဘာဦးလောကကို ထောက်ပံ့ပေးခဲ့ပြီး အသူရာကောင်းကင်ဘုံကို စိန်ခေါ်ခဲ့သည်။

သို့သော်လည်း ထိုကိစ္စပြီးနောက် သူ၏ စွမ်းအားက ကုန်ခမ်းသွားသည်။ ထို့ကြောင့် သူက ရွေးချယ်စရာမရှိသည့်အဆုံး သူ၏ ကိုယ်ပွားကို အိပ်မောကျစေခဲ့သည်။ သူ၏ အစစ်အမှန်ခန္ဓာကိုယ်သည်တော့ မဟာပန်သွန်ဘုံဆီသို့ ဝင်ရောက်သွားပြီး ပြန်လည်ကျင့်ကြံခဲ့သည်။

ဟန်မူယဲ့ထွက်သွားပြီးနောက်မှာ ဘုံနှစ်ခုက အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။

ကမ္ဘာဦးဘုံက ပြန်လည်အားဖြည့်ရန် လိုအပ်နေသည်။ ထို့ကြောင့် ၎င်းက အသူရာကောင်းကင်ဘုံကို မဖြစ်မနေ ဝါးမျိုရလိမ့်မည်။

ထိုကိစ္စက နေ့ချင်းညချင်း ဆောင်ရွက်နိုင်သောအရာ မဟုတ်ပေ။

သူတို့က ဟန်မူယဲ့၏ ပြန်အလာကို စောင့်ဆိုင်းရန် ကြံစည်ထားကြသည်။

သို့သော်လည်း ဟွမ်ကျစ်ဟူနှင့် တခြားလူများက ထိုသို့စောင့်ဆိုင်းခြင်းကို လက်မခံကြပေ။ သူတို့က အရာအားလုံး၌ ဟန်မူယဲ့အပေါ် မှီခိုအားထားရန် ဆန္ဒမရှိကြပေ။

ထို့ကြောင့် ဟွမ်ကျစ်ဟူ၏ အစီအစဉ်အောက်မှာ သူတို့က ကမ္ဘာဦးဘုံ၏ မူလစွမ်းအားကို အမြန်ဆုံး တိုးမြှင့်ရန် အစွမ်းကုန် ကြိုးစားကြသည်။

ထိုအတွက် အကောင်းဆုံး နည်းလမ်းမှာ တခြားဘုံများထံမှ မူလစွမ်းအား၏ အကူအညီကို ရယူခြင်း ဖြစ်သည်။

“ အဆင့်မြင့်ဘုံတွေမှာ အသုံးပြုတဲ့ ဒီသွေးချီကျောက်တုံးတွေက အရမ်းကောင်းတယ်… ကျောက်တုံးတစ်တုံးက အင်မော်တယ်အရှင်သခင်တစ်ပါးကို ဖန်တီးနိုင်တယ် ”

“ ငါတို့ရဲ့ အရင်းအမြစ်တွေက မလုံလောက်နေတာ စိတ်မကောင်းစရာပဲ… ငါတို့က ဒီအတောအတွင်းမှာ စစ်ပွဲရုပ်သေးရုပ်တွေကို သွေးချီကျောက်တုံးတချို့နဲ့ လဲလှယ်ခဲ့တယ်… ဒါပေမဲ့ အဲ့ဒါက ပမာဏနည်းနည်းလေးပဲ ”

ဟွမ်ခြောက်က သူ၏ လက်ဝါးကို ဖြန့်လိုက်လေရာ သွေးချီကျောက်တုံးခုနစ်တုံးက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

မုန့်ကျားနတ်ဘုရားကျောက်တုံး… ။

ကျောက်တုံးတစ်တုံးစီက ကနဦးမူလအဆင့် မဟာပန်သွန်ကျောက်တုံးတစ်တုံးနှင့် နှိုင်းယှဉ်နိုင်သည်။

ထိုသို့ကျောက်တုံးများထဲမှာ အဆုံးမဲ့သော သွေးချီအနှစ်သာရက ကိန်းအောင်းနေသည်။

ယင်းတို့က လောက၏ မူလစွမ်းအားကို ပြန်လည်အားဖြည့်ပေးနိုင်ပြီး ကျင့်ကြံသူများအတွက် အကောင်းဆုံး အရင်းအမြစ်ဖြစ်သည်။

ကျူးကျင်းကုန်သွယ်ရေးအဖွဲ့သည် ကုန်သွယ်ရေးအမျိုးမျိုးကို အသုံးပြု၍ သွေးချီကျောက်တုံးအများအပြားကို ကမ္ဘာဦးဘုံဆီသို့ ပို့ဆောင်ခဲ့သည်။

သို့သော်လည်း လက်ရှိမှာ ကမ္ဘာဦးဘုံက အလွန်အဆင့်နိမ့်သော ဘုံတစ်ခုဖြစ်သည်။ သို့ဖြစ်၍ သူတို့ဆီမှာ ထိုသွေးချီကျောက်တုံးများဖြင့် လဲလှယ်နိုင်သော တန်ဖိုးကြီးရတနာများက အလုံအလောက်မရှိပေ။

“ ဟွမ်ခြောက်… မင်းရဲ့ ဒဏ်ရာကို အရင်ကုသသင့်တယ် ”

ဟန်မူယဲ့က သူ့အရှေ့မှ ဟွမ်ခြောက်ကို ကြည့်လိုက်ပြီး ပြောသည်။

သူလက်မြှောက်လိုက်သည့်အခါ သွေးချီကျောက်တုံးတစ်တုံးက ဟွမ်ခြောက်၏ အရှေ့သို့ ပြုတ်ကျသွားသည်။

ဟွမ်ခြောက်က ကျောက်တုံးကို လှမ်းဖမ်းလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ထို့နောက် သူက အံ့ဩစွာ ပြောသည်။

“ ဒါ… ဒါ ဘယ်အဆင့် သွေးချီကျောက်တုံးလဲ ”

All Chapters