← Chapters

အခန်း (၁၆၅၅)

Vol. 119 Ch. 1655

အခန်း (၁၆၅၅)

Vol. 119 Ch. 1655

ဟွမ်ခြောက်၏ လက်ထဲမှာ သွေးချီကျောက်တုံးများ ရှိသည်။

သို့သော်လည်း ထိုသွေးချီကျောက်တုံးများက ဟန်မူယဲ့ ထုတ်ပေးလိုက်သော ကျောက်တုံးနှင့် နှိုင်းယှဉ်လျှင် အများကြီး နိမ့်ကျပေသည်။

ထိုသွေးချီကျောက်တုံးထဲမှာ ကိန်းအောင်းနေသော မူလစွမ်းအားက ဟွမ်ခြောက်၏ သွေးချီကျောက်တုံးများထက် အဆတစ်ထောင် ပိုအားကောင်းသည်။

ထိုမျှပေါကြွယ်ဝသော မူလစွမ်းအားက ဟွမ်ခြောက်ကို ပါးစပ်အဟောင်းသားဖြစ်စေသည်။

“ မင်းရဲ့ ဒဏ်ရာကို အရင်ကုသသင့်တယ် ”

“ အဲ့ဒီလက်ခြောက်ဖက်နတ်မိစ္ဆာရဲ့ နောက်ကွယ်က အင်အားစုက မသေးငယ်ဘူး… သူတို့ မကြာခင် ဒီရောက်လာလိမ့်မယ် ”

ဟန်မူယဲ့က ထိုမဟာပန်သွန်ကျောက်တုံး၏ အဆင့်ကို မရှင်းပြပေ။

ယင်းက သေခြင်းရှင်ခြင်းမဟာပန်သွန်ကျောက်တုံး ဖြစ်သည်။ ယင်းက သေခြင်းရှင်ခြင်းအဆင့် အစွမ်းထက်ပညာရှင်တစ်ဦး၏ ကျဆုံးမှုမှ ဖွဲ့စည်းသွားသော မဟာပန်သွန်ကျောက်တုံး ဖြစ်သည်။

ထိုကျောက်တုံးထဲမှာ ကိန်းအောင်းနေသော မူလစွမ်းအားသည် အကြမ်းဖျဉ်းအားဖြင့် ဟွမ်ခြောက်၏ ကျင့်ကြံခြင်းစွမ်းအားနှင့် တူညီသည်။

တစ်နည်းပြောရလျှင် ဟွမ်ခြောက် သူ့တစ်ဘဝလုံး ကျင့်ကြံခဲ့သော ကျင့်ကြံခြင်းစွမ်းအားက ထိုကျောက်တုံးထဲမှ စွမ်းအားနှင့် ညီမျှသည်။

ဟန်မူယဲ့က ဟွမ်ခြောက်ကို အသေးစိတ် ရှင်းမပြခဲ့ခြင်းမှာ သူ၏ တာအိုနှလုံးသား ယိမ်းယိုင်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

အဆင့်နိမ့်ဘုံများမှ ကျင့်ကြံသူများအတွက်တော့ အဆင့်မြင့်ဘုံများမှ သာမန်ပစ္စည်းများသည်ပင် သူတို့အတွက် ရှာဖွေရခက်ခဲသော တန်ဖိုးကြီးရတနာများ ဖြစ်ကြသည်။

အတိတ်၌ ကျားကုတ်ကျားခဲ သူတို့ကျင့်ကြံခဲ့သော အရာများက အဆင့်မြင့်ဘုံများတွင် အချည်းနှီးဖြစ်သည်။

ထို့ကြောင့် အဆင့်နိမ့်ဘုံများမှ ကျင့်ကြံသူများသည် အဆင့်မြင့်ဘုံများတွင် ကြာကြာမနေထိုင်နိုင်ကြချေ။ နောက်ဆုံးမှာ သူတို့က မွေးရပ်မြေဆီသို့ ပြန်သွားရန် ရွေးချယ်ကြလိမ့်မည်။

သူ၏ လက်ထဲမှ သွေးချီကျောက်တုံးကို စိုက်ကြည့်နေရင်း ဟွမ်ခြောက်၏ အမူအရာက ပြောင်းလဲသွားသည်။ နောက်ဆုံးမှာ သူက ပြုံးလိုက်သည်။

“ ကောင်းပြီ… မင်းရဲ့ ပစ္စည်းကို ငါလက်ခံလိုက်မယ်… ချမ်းသာတဲ့ မိသားစုဝင်ရှိတာက အရမ်းကောင်းတာပဲ ”

သူက ဟန်မူယဲ့နှင့်ပတ်သက်၍ မည်သည့်အခါမှ ယဉ်ကျေးမနေပေ။

မည်သို့ဖြစ်ပါစေ သူတို့က သေခြင်းရှင်ခြင်းအခြေအနေကို အကြိမ်ပေါင်းများစွာ အတူတူ ဖြတ်ကျော်ခဲ့သော ညီအကိုများ ဖြစ်ကြသည်။

သွေးချီကျောက်တုံးကို ဖျစ်ညှစ်လိုက်လေရာ အနီရောင်အလင်းက ဟွမ်ခြောက်ကို လွှမ်းခြုံသွားပြီး သွေးပိုးအိမ်အဖြစ် ပြောင်းလဲသွားသည်။

အနီရောင်အလင်းများက အပြန်အလှန် ယှက်ထွေသွားကြပြီး သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားသည့်အခါ သူ၏ ဒဏ်ရာများက အမြန်သက်သာသွားသည်။

ယင်းက မူလစွမ်းအား၏ အကျိုးသက်ရောက်မှု ဖြစ်သည်။ ထိုထဲမှာ သေခြင်းရှင်ခြင်း၏ အနှစ်သာရလည်း ကိန်းအောင်းနေသည်။

“ ဘန်း ”

အဆုံးမဲ့သော ဝဲကတော့များက ဟွမ်ခြောက်၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြသည်။

ယင်းက သူ၏ ကျင့်ကြံခြင်းအုတ်မြစ် အခြေတည်သွားသော လက္ခဏာဖြစ်သည်။ ထို့နောက် မူလစွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။

ဟွမ်ခြောက်၏ ကျင့်ကြံခြင်းစွမ်းအားက မူလစွမ်းအားကြောင့် ဖိနှိပ်ခံထားရသည်။ ထို့ကြောင့် သူက အစစ်အမှန် တိုက်ပွဲစွမ်းအားကို မထုတ်လွှတ်နိုင်ပေ။ ယခု သူက သေခြင်းရှင်ခြင်းမဟာပန်သွန်ကျောက်တုံးထံမှ မူလစွမ်းအားကို စုပ်ယူလိုက်လေရာ သူ၏ ကျင့်ကြံခြင်းစွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ စကြာဝဠာပုတီးစေ့တစ်လုံးက အောက်သို့ ပြုတ်ကျသွားသည်။

ယင်းက သူဖွဲ့စည်းထားသော စကြာဝဠာပုတီးစေ့ မဟုတ်ပေ။ ယင်းအစား စကြာဝဠာအဆင့် ကျင့်ကြံသူတစ်ယောက်ကို သူသတ်ဖြတ်ပြီးနောက် ရရှိလာခြင်း ဖြစ်သည်။

ထိုစကြာဝဠာပုတီးစေ့ထဲမှာ မိုးမြေအနှစ်သာရတချို့ ကိန်းအောင်းနေပြီး သတ္ထုရတနာတချို့ စုဝေးနေသည်။ သို့သော်လည်း ယင်းက စကြာဝဠာနယ်မြေအဖြစ် မပြောင်းလဲသွားသေးပေ။

ထိုသို့စကြာဝဠာပုတီးစေ့က ဟွမ်ခြောက်သန့်စင်ရန် အထူးသင့်တော်သည်။

စကြာဝဠာပုတီးစေ့က သွေးပိုးအိမ်ထဲသို့ ကျဆင်းလာသည့်အခါ ဟွမ်ခြောက်က မျက်လုံးဖွင့်လိုက်သည်။ ဝမ်းသာပျော်ရွှင်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သူက ဟက်ဟက်ပက်ပက် အော်ရယ်လိုက်ပြီး စကြာဝဠာပုတီးစေ့ကို ဝါးမျိုရန် သွေးချီအနှစ်သာရကို ဆွဲယူလိုက်သည်။

စကြာဝဠာနယ်မြေထဲမှ မူလစွမ်းအားက တုန်ယင်သွားပြီး အနီရောင်အလင်းဖြင့် စွန်းထင်ခံလိုက်ရသည်။

ဟန်မူယဲ့က ခြေလှမ်းအနည်းငယ် အနောက်ဆုတ်သွားပြီး သွေးချီကျောက်တုံးတချို့ကို ထုတ်ပေးလိုက်သည်။

“ ဟဲယန်စွန်း… မင်းတို့လည်း ဒီမဟာပန်သွန်ကျောက်တုံးတွေကို သန့်စင်သင့်တယ် ”

ထိုသို့ပြောပြီးနောက် သူ၏ ပုံရိပ်က လှုပ်ခါသွားပြီး မူလနေရာမှ ပျောက်ကွယ်သွားသည်။

ဟဲယန်စွန်းနှင့် တခြားလူများက မဟာပန်သွန်ကျောက်တုံးများကို လက်ထဲမှာ ဆုပ်ကိုင်ထားရင်း ခါးသီးစွာ ပြုံးလိုက်ကြသည်။

ထိုသွေးချီကျောက်တုံးများက အတိတ်၌ သူတို့လက်လှမ်းမမီနိုင်သောအရာ ဖြစ်သည်။

ကုန်သွယ်ခြင်းဖြင့် သူတို့ရရှိလာသော သွေးချီကျောက်တုံးများသည် ဟန်မူယဲ့ထုတ်ပေးသော ကျောက်တုံးများကို မယှဉ်နိုင်ပေ။

“ ကြယ်စင်စုစကြာဝဠာမှာတုန်းက စီနီယာအကိုဟန်က ငါတို့ကို အမြဲတမ်း အံ့အားသင့်စေခဲ့တယ်… အခုကျတော့လည်း အဲ့ဒီအတိုင်းပဲ… အံ့ဩစရာကိစ္စတွေက စီနီယာအကိုဟန်အတွက်တော့ သာမန်ပဲ ”

“ စီနီယာအကိုဟန်ရှိနေမယ်ဆိုရင် ငါတို့ ဘယ်အရာကိုမှ ကြောက်စရာမလိုဘူး ”

ဟဲယန်စွန်းက စိတ်ခံစားချက်ဖြင့် တီးတိုးရေရွတ်လိုက်သည်။ သူ့အနောက်မှ ကျင့်ကြံသူများက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

ကမ္ဘာဦးဘုံက အသူရာကောင်းကင်ဘုံကို ဖိနှိပ်ဝါးမျိုနေစဉ် ကြယ်စင်စုစကြာဝဠာက ရှေးဦးအပျက်အစီးကုန်းမြေနှင့် ပေါင်းစည်းသွားသည်။ ဟန်မူယဲ့ တည်ဆောက်ခဲ့သော အင်အားစုအားလုံးက ယခု ဟွမ်ကျစ်ဟူ၏ ဦးဆောင်မှုအောက်သို့ ကျရောက်သွားကြသည်။

ထိုစုပေါင်းအင်အားစု၏ နာမည်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်း ဖြစ်သည်။

ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သည်။

ဟွမ်ကျစ်ဟူက ယာယီဂိုဏ်းခေါင်းဆောင်ရာထူးကို ယူထားပြီး ဂိုဏ်း၏ ကိစ္စအဝဝကို စီမံဆောင်ရွက်နေသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ကမ္ဘာဦးဘုံ၏ အရှင်သခင်ဖြစ်လာပြီး ရှေးဦးအပျက်အစီးကုန်းမြေထဲမှ အင်အားစုအားလုံးကို ထိန်းချုပ်ထားသည်။

ကမ္ဘာဦးဘုံက အသူရာကောင်းကင်ဘုံကို ဖိနှိပ်ဝါးမျိုနေစဉ် ဟွမ်ကျစ်ဟူသည် ဘေးပတ်ဝန်းကျင်မှ ဘုံအင်အားစုများဖြင့် မဟာမိတ်ဖွဲ့ခြင်း၊ ပဋိပက္ခဖြေရှင်းခြင်း အစရှိသည်တို့ကို ဦးစီးဆောင်ရွက်ပေးခဲ့သည်။

ဟွမ်ကျစ်ဟူသည် ဟန်မူယဲ့၏ အစစ်အမှန်ခန္ဓာကိုယ် မထွက်ခွာခင် သူပြောကြားခဲ့သော ကတိအတိုင်း ကမ္ဘာဦးဘုံကို ဟန်မူယဲ့ကိုယ်စား စောင့်ရှောက်ပေးနေသည်။

ဟန်မူယဲ့၏ အနောက်သို့ လိုက်ပါလာသော နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ဟန်မူယဲ့ထွက်သွားပြီးနောက် ဖြစ်ပျက်ခဲ့သော ကိစ္စများကို ပြန်ပြောပြသည်။

ရှေးဦးအပျက်အစီးကုန်းမြေထဲတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အကြွင်းမဲ့အင်အားစု ဖြစ်သည်။

ဟွမ်ကျစ်ဟူဖြစ်စေ သို့မဟုတ် တခြားလူများဖြစ်စေ သူတို့က ဘုံ၏ ကောင်းချီးပေးမှုအောက်မှာ မြန်ဆန်စွာ အဆင့်တတ်သွားကြသည်။ သူတို့၏ တိုက်ပွဲစွမ်းအားက ပိုပြီးအားကောင်းလာသည်။

ဓားဝင်္ကပါနှင့် နတ်သားရဲစွမ်းအား၏ ပေါင်းစပ်မှုက အသူရာကောင်းကင်ဘုံနှင့် စစ်ပွဲတွင် သူတို့အား ရန်သူကို အနိုင်ရရှိစေသည်။

သို့သော်လည်း ကမ္ဘာဦးဘုံ၏ မူလစွမ်းအားက အလွန်အားနည်းသည်။ ဟန်မူယဲ့၏ ကိုယ်ပွားထံမှ ဖိအားကြောင့်မဟုတ်လျှင် ကမ္ဘာဦးဘုံ၏ မူလစွမ်းအားက ကိုယ့်ဘာသာ ဆက်လက် ထိန်းသိမ်းနိုင်လိမ့်မည် မဟုတ်ချေ။

ဟွမ်ကျစ်ဟူနှင့် သူ၏ နောက်လိုက်များသည် စစ်တပ်ကို ဦးဆောင်၍ အသူရာကောင်းကင်ဘုံမှ မူလစွမ်းအားကို စတင်လုယက်ကြသည်။ တခြားလူများသည်တော့ သူတို့က အရပ်မျက်နှာအသီးသီးဆီသို့ ခရီးထွက်သွားကြပြီး တခြားဘုံများနှင့် ကုန်သွယ်ခြင်းကို လုပ်ဆောင်ကြသည်။

သူတို့က ကမ္ဘာဦးဘုံ၏ မူလစွမ်းအားကို ပြန်အားဖြည့်ပေးရန် အကောင်းဆုံး ကြိုးစားအားထုတ်ကြသည်။

“ ဘုံတစ်ခုလုံးကို ထောက်ပံ့ပေးဖို့က အရမ်းခက်ခဲတယ်… ”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။

အစက သူသည် အင်အားစုများကြားမှ ပြိုင်ဆိုင်မှုများကို စိတ်မဝင်စားခဲ့ပေ။ သို့သော်လည်း နောက်ပိုင်းမှာ သူက အပြင်ထွက်လာခဲ့ပြီး ဟွမ်ခြောက်၊ တခြားလူများနှင့်အတူ ကုန်ကူးသန်းရောင်းဝယ်ခဲ့သည်။

“ ကျောက်ချန်းနဲ့ တခြားလူတွေက အနီးနားက တခြားဘုံတွေဆီ သွားကြတယ်… ငါရယ် ဟွမ်ခြောက်ရယ်က ဟဲယန်စွန်းနဲ့ တခြားလူတွေကို ဦးဆောင်ပြီး မုန့်ကျားဘုံဆီ ကုန်သွယ်ဖို့ ရောက်လာခဲ့ကြတယ် ”

တခြားဘုံများနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကြားမှ ကုန်သွယ်မှုအားလုံးကို ကျူးကျင်းကုန်သွယ်ရေးအဖွဲ့၏ နာမည်အောက်မှာ လုပ်ဆောင်ကြသည်။ ကျူးကျင်းကုန်သွယ်ရေးအဖွဲ့ကို အတွေ့အကြုံရှိသော ကျောက်ချန်းနှင့် တခြားလူများက ဦးစီးဆောင်ရွက်ကြသည်။

စိတ်ခံစားချက်အရိပ်အယောင်က ဟန်မူယဲ့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

အတိတ်၌ သူ့နောက်လိုက်ခဲ့ကြသော ထိုလူများက ယခု ကိုယ်ပိုင်အင်အားကို ပိုင်ဆိုင်သွားကြပြီး ကိုယ့်ခြေထောက်ပေါ် ရပ်နိုင်သွားကြသည်။

သူ၏ နောက်လိုက်များက အတိတ်မှာ တစ်ခါမှ သူတို့မမက်ဝံ့ခဲ့သော အိမ်မက်ကို မက်နိုင်သွားကြသည်။

“ ဘန်း ”

အဝေးတွင် မီတာတစ်ရာရှည်လျားသော နတ်မိစ္ဆာတစ်ပါးက ဆင်းသက်လာသည်။

“ ကျူးကျင်းကုန်သွယ်ရေးအဖွဲ့က ပုရွက်ဆိတ်တွေ ဘယ်မှာလဲ… အပြင်ထွက်လာပြီး အသေလာခံစမ်း ”

ကျယ်လောင်သော အော်သံက အရပ်မျက်နှာအသီးသီးသို့ ပဲ့တင်ထပ်သွားသည်။

ထို့နောက် နတ်မိစ္ဆာတစ်ယောက်ပြီးတစ်ယောက်က ကောင်းကင်ပေါ်မှ ဆင်းသက်လာကြသည်။

နှင်းတိမ်ချိုင့်ဝှမ်းထဲတွင် ပုံရိပ်အများအပြားက အပြင်သို့ ပျံသန်းထွက်လာကြပြီး ထိုနတ်မိစ္ဆာများကို တားဆီးရန် ကြိုးစားလိုက်ကြသည်။

သို့သော်လည်း သူတို့အားလုံးက တစ်ချက်တည်းဖြင့် အဝေးသို့ လွင့်စင်သွားကြသည်။

“ ပုရွက်ဆိတ်တွေ… မင်းတို့သေချင်နေတာလား ”

“ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းရဲ့ ကိစ္စကို ဝင်ရှုပ်ရဲတယ်လား ”

နတ်မိစ္ဆာများက ဒေါသတကြီး အော်ပြောလိုက်ကြသည်။ ၎င်းတို့၏ အော်သံကြောင့် မိုးမြေကြားမှ တိမ်တိုက်များက ပရမ်းပတာ လှုပ်ခတ်သွားပြီး မူလစွမ်းအားက ဝဲကတော့များအဖြစ် ပြောင်းလဲသွားသည်။

အရှေ့သို့ ချီတတ်ချင်သော ပုံရိပ်များသည် ကြက်သွေးရောင်မိစ္ဆာဂိုဏ်း၏ နာမည်ကို ကြားသောအခါ အနောက်ဆုတ်သွားကြသည်။

နတ်ဘုရားစိတ်အာရုံအများအပြားက ယှက်ထွေသွားကြသည်။ မကြာမီ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်က တောင်ဝှေးကိုင်ထားလျက် ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းက တာအိုရောင်းရင်းများခင်ဗျာ… နှင်းတိမ်ချိုင့်ဝှမ်းက လေလွင့်ကျင့်ကြံသူတွေအတွက် မှီခိုရာနေရာပါ… ဒီနေရာကို ရောက်လာကြတဲ့ ကျင့်ကြံသူအားလုံးက အသက်မွေးဝမ်းကြောင်းပြုဖို့အတွက်ပါ… ကျေးဇူးပြုပြီး ကျုပ်တို့ကို သနားညှာတာပေးပါ ”

“ ကျူးကျင်းကုန်သွယ်ရေးအဖွဲ့က လူတွေကို ကျုပ်တို့လက်လွှဲပေးပါ့မယ်… သူတို့ကို ခင်ဗျားစိတ်ကြိုက် စီရင်နိုင်ပါတယ် ”

“ ပြီးတော့… ကျုပ်တို့ရဲ့ စိတ်ရင်းမှန်ကို ဖော်ပြဖို့ မုန့်ကျားနတ်ဘုရားကျောက်တုံးသုံးထောင် တန်ကြေးရှိတဲ့ ရတနာတစ်ခုကိုလည်း လက်ဆောင်ပေးပါမယ် ”

အဖိုးအိုက စကားပြောနေရင်း အလွန်သိပ်သည်းသော သွေးချီစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သူက သေခြင်းရှင်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ထိုသို့ကျင့်ကြံခြင်းအဆင့်က သွေးသမင်မြို့တော်ထဲမှာပင် ထိပ်တန်းအဆင့် ဖြစ်သည်။

နှင်းတိမ်ချိုင့်ဝှမ်းသည် အနယ်နယ်အရပ်ရပ်မှ ကျင့်ကြံသူများ စုဝေးရှိနေသောနေရာ ဖြစ်သည်။ သို့ဖြစ်၍ ထုံးစံအားဖြင့် နှင်းတိမ်ချိုင့်ဝှမ်းထဲမှာ အစွမ်းထက်ပုဂ္ဂိုလ်များ ရှိကြသည်။

လေလွင့်ကျင့်ကြံသူများသည် များသောအားဖြင့် တခြားလူများ၏ အုပ်ချုပ်မှုအောက်မှာ မနေချင်ကြသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့က လွတ်လပ်မှုကို နှစ်သက်ကြသည်။

အဖိုးအို၏ စကားဆုံးသွားသည့်အခါ ပုံရိပ်တချို့က သူ့အနောက်မှ ပျံသန်းထွက်လာကြသည်။ သူတို့တစ်ယောက်စီက အလွန်အားကောင်းသော သွေးချီစွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။

နှင်းတိမ်ချိုင့်ဝှမ်းမှာ စစ်တိုက်နိုင်သော အင်အား အမှန်တကယ်ရှိသည်။

“ ကောင်းပြီ… ငါမင်းကို ဆယ့်ငါးမိနစ် အချိန်ပေးမယ် ”

လက်ခြောက်ဖက်ရှိသော နတ်မိစ္ဆာခေါင်းဆောင်က ပြောသည်။ အမှောင်မိစ္ဆာအင်းသင်္ကေတများက ၎င်း၏ ခန္ဓာကိုယ်တစ်လျှောက် ဖုံးလွှမ်းသွားသည်။ ထို့နောက် ဓားလှံအစရှိသော လက်နက်အမျိုးမျိုးက ၎င်း၏ လက်ခြောက်ဖက်စလုံးမှာ ထွက်ပေါ်လာသည်။

နှင်းတိမ်ချိုင့်ဝှမ်း၏ အကြီးအကဲက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူလက်ဝှေ့ယမ်းလိုက်လေရာ လက်ဖဝါးအရွယ်အစားခန့်ရှိသော သေတ္တာတစ်လုံးက အောက်သို့ ကျဆင်းသွားသည်။

သူက ခြေလှမ်းအနည်းငယ် လှမ်းလိုက်လေရာ ဟန်မူယဲ့နှင့် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်တို့ ရှိနေသောနေရာဆီသို့ ရောက်ရှိသွားသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က သူ၏ လမ်းကို ပိတ်လိုက်သည်။

စခန်းထဲတွင် ကမ္ဘာဦးဘုံမှ ရောက်လာကြသော ကျင့်ကြံသူများက ဟန်မူယဲ့နှင့် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို စိုးရိမ်ကြောင့်ကြစွာ ကြည့်လိုက်ကြသည်။

“ မင်းတို့ကြားတယ်မလား… မင်းတို့က ကြက်သွေးရောင်မိစ္ဆာဂိုဏ်းကို ရန်ပြုခဲ့ကြတယ်… အခု ငါတို့နှင်းတိမ်ချိုင့်ဝှမ်းက မင်းတို့ကို ကာကွယ်မပေးနိုင်တော့ဘူး ”

“ အတိတ်မှာ မင်းတို့ပေးခဲ့တဲ့ မုန့်ကျားနတ်ဘုရားကျောက်တုံးတစ်ရာက ဒီနေ့ ငါတို့ရဲ့ ဆုံးရှုံးမှုကို အလျော်ပေးဖို့ မလုံလောက်ဘူး ”

“ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းက လူတွေကို မင်းတို့ဘာသာ သွားတွေ့ပါ… ပြီးတော့ မင်းတို့ရဲ့ ကုန်ပစ္စည်းအားလုံးကို ဒီမှာထားခဲ့ပါ ”

တောင်ဝှေးကိုင်ထားသော အဖိုးအိုက ဟန်မူယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။

“ မင်းတို့က အသက်ရှင်လျက် ပြန်လာနိုင်မှာ မဟုတ်ဘူး… ဒီတော့ ကုန်ပစ္စည်းတွေကို နှင်းတိမ်ချိုင့်ဝှမ်းမှာ ဘာလို့ မထားခဲ့တာလဲ ”

ရေနစ်သူကို ဝါးကူ၍ထိုးခြင်းလော… ။

ယင်းက လေလွင့်ကျင့်ကြံသူများ၏ အလေ့အကျင့် ဖြစ်သည်။

All Chapters