← Chapters

မင်းတို့ကို ကာကွယ်ပေးဖို့ ငါ ဒီရောက်လာပြီ

Vol. 90 Ch. 1255

မင်းတို့ကို ကာကွယ်ပေးဖို့ ငါ ဒီရောက်လာပြီ

Vol. 90 Ch. 1255

မန်ဟိုသည် ဒေါသူပုန်ထနေသော်လည်း မန်ရူ၏စကားက သူ၏နှလုံးသားကို ထိတ်ခနဲ ဖြစ်သွားစေ၏။ ၎င်းတို့က သူ့အတွက် မည်မျှအရေးကြီးသလဲ စာဖွဲ့၍ပင်မရပေ။ မန်ချိန်၏အဘွားက သူ၏အဘွားလည်း ဖြစ်သည်မဟုတ်ပါလော။

ဘိုးဘိုးဖန်နှင့် ဘိုးဘိုးမန် ပျောက်ဆုံးသွားခဲ့ပြီးနောက် ဘွားဘွားဖန်က ဆုံးပါးသွားခဲ့သည်။ ဘွားဘွားမန် အသက်ရှင်နေသေးကြောင်း ယခုလို ရုတ်တရက် သိလိုက်ရသည့်အခါ  သူ့နှလုံးသားသည် ပြင်းစွာခုန်လာပြီး သူ့မှာ ချက်ချင်းပင် သူမအနား၌ ရှိပေးလိုစိတ်များ ဖြစ်ပေါ်လာတော့၏။

သူသည် စိတ်ဖြောင့်ဖြောင့်မတွေးနိုင်တော့သဖြင့် သူမရှိရာသို့ မြန်နိုင်သမျှမြန်မြန် သွားနေသော်လည်း သူ၏တည်ရှိမှုကို မည်သူမျှ မသိရှိအောင်လည်း ဖုံးကွယ်ထားလေသည်။ မကြာခင် သူက ဘိုးဘေးစံအိမ်၏အပြင်သို့ ရောက်သွားပြီးနောက် မန်ရူနှင့်အတူ အဝေးသို့ ဒုန်းစိုင်းထွက်သွားသည်။

မန်ရူမှာ အနုသုခုမရုပ်ခန္ဓာအဆင့်တွင် ဖြစ်သဖြင့် သူမအတွက်တော့ အင်မော်တယ်နယ်ပယ်အဆင့် သူမ၏အစ်ကိုဝမ်းကွဲ မန်ချိန်မှာ သွေးဆက်ထဲတွင် အားအကိုးရဆုံးဖြစ်သလို၊ အရေးအပါဆုံးလည်း ဖြစ်ပေသည်။ သူ့တွင် အံ့ချီးဖွယ်ကျင့်ကြံခြင်းအခြေခံရှိ၍ သွေးဆက်တစ်ဆက်လုံး၏ မျှော်လင့်ချက်ဖြစ်လာသည်။ မန်ရူလေးသည် အင်မော်တယ်နယ်ပယ်နှင့် ရှေးဟောင်းနယ်ပယ်အဆင့်အကြားရှိ ကြီးမားသောကွာဟမှုကို နားမလည်သည့်အတွက် သူတို့ ယခု ဒိုင်းစိုင်းသွားနေသော အမြန်နှုန်းမှာ သူမအစ်ကိုဝမ်းကွဲလို လူတစ်ယောက်အတွက် ပုံမှန်ဟုသာ ထင်မှတ်နေ၏။

သူမအတွက်တော့ .... မန်ချိန်သည် သူတို့သွေးဆက်၏ ကောင်းကင်ကြီး ဖြစ်ပေ၏။

အကယ်၍ တစ်ယောက်ယောက်သာ ဖြစ်ပျက်နေသောအရာကို မြင်လျှင် မှင်သက်သွားကြလိမ့်မည်။ အသက်ရှူချိန်အနည်းငယ်အတွင်း သူသည် မန်ရူကို ပွေ့ရင်း ကြယ်တာရာကောင်းကင်ကို ဖြတ်လာခဲ့ကာ သူ့အဘိုး၏သွေးဆက် နေထိုင်သော အသေးစားကုန်းမြေအပေါ်တွင် ပေါ်လာ၏။

မည်သည့်နေရာကို သွားရမလဲ သိရဖို့ မန်ရူထံမှ လမ်းညွှန်မှုအား သူ မလိုအပ်ပေ။ သူသည် သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်ရင်း ကုန်းမြေတစ်လျှောက် ပျံသန်းနေခဲ့ရင်း နောက်ဆုံးတော့ သေမျိုးမြို့တစ်မြို့နှင့်တူသော နယ်စပ်ရွာလေးတစ်ရွာကို တွေ့လိုက်လေသည်။ ထိုနေရာတွင် ပူဆွေးငိုကြွေးနေသောလူတစ်ချို့နှင့် ပြည့်နေသည့် အိမ်တစ်လုံးကို မြင်လိုက်ရ၏။ သူ၏နတ်ဘုရားအာရုံ ထိုနေရာကို ထိလိုက်သည်နှင့် အခန်းတစ်ခန်းထဲတွင် ... သွေးသားအရင်းအချာတစ်ဦး၏ အရှိန်အဝါကို သူ ခံစားလိုက်ရလေသည်။

“ဘွားဘွားမန်....” သူက တုန်ရီနေလျက် တွေးလိုက်သည်။ သူ့အဘွား အသက်ရှင်နေဦးမည်ဟု တစ်ခါမှ မတွေးခဲ့မိသည့်အတွက် လက်ရှိအခိုက်အတန့်တွင် သူ့နှလုံးသားသည် မန်ချိန်သာရှိလျှင် ခံစားနေရမည့်နည်းတူ တဒိန်းဒိန်းခုန်လျက် ရှိ၏။ သူက မန်ရူနှင့်အတူ ရွာထဲ ဝုန်းဒိုင်းကြဲ ဝင်သွားပြီးနောက် အိမ်အတွင်းတွင် ပေါ်လာသည်။

သူ၏ရောက်ရှိလာမှုကြောင့် အိမ်အတွင်းမှ တအံ့တဩရေရွတ်သံများအား ချက်ချင်းဆိုသလို ကြားလိုက်ရသည်။ သူက ဘေးဘီဝဲယာကို ကြည့်လိုက်ရာ အိမ်ထဲတွင် လူဒါဇင်မျှရှိကြောင်း သတိထားမိလိုက်ပြီး အကုန်လုံးက အမျိုးသမီးများ ဖြစ်နေ၏။ ယောက်ျားသားတစ်ယောက်မှ မရှိပေ။

“ချိန်အာ၊ ချိန်အာ ပြန်လာပြီ”

“အစ်ကိုကြီး....” ချက်ချင်းပင် လူတိုင်း စိတ်လှုပ်ရှားလာကြပြီး မျက်လုံးများနီရဲလာကြကာ မျက်ရည်ဝဲလာကြသည်။

မန်ဟိုသည် လူတိုင်းကို ကြည့်လိုက်သော်လည်း သေချာကြည့်နေရန် အချိန်မရှိပေ။ သူက သူ့အဘွားရှိသော အခန်းသို့ ချက်ချင်း လျှောက်သွားသည်။ ကျန်မျိုးနွယ်ဝင်များက နောက်ဆုတ်ရင်း သူ့အတွက် လမ်းဖယ်ပေးကြသဖြင့် သူက လေလို တဟုန်ထိုး ပြေးသွားလေသည်။ အခန်းထဲ ဝင်လိုက်သည်နှင့် သူ မြင်လိုက်ရသည်ကား ... သစ်သားကွပ်ပျစ်ပေါ်တွင် လှဲနေသော အဘွားအိုတစ်ဦး ဖြစ်သည်။

အဘွားအို၏ဘေးတွင်တော့ မတ်မတ်ထိုင်ဖို့ပင် ခက်ခဲနေသည့်အလား ချွဲသံများဖြင့် အသက်ရှူရင်း နာကျင်နေပုံရသော အဘိုးအိုနှစ်ဦး ထိုင်နေသည်။ သူတို့သည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သည့်အလား အလွန်အိုနေသလို၊ အရှိန်အဝါများလည်း အင်မတန်အားနည်းနေသည်။ သူတို့အတွက် မျက်လုံးပင်မနည်း ဖွင့်ထားရသည့်အလား၊ စိတ်ဆောင်၍ အသက်ရှင်နေသေးသည့်အလားပင်။

အခန်းထဲတွင် သက်လတ်ပိုင်းအမျိုးသမီးသုံးဦးလည်း ရှိသည်။ သူတို့သည် ငယ်ရွယ်စဉ်က လှပချောမောခဲ့ကြောင်း ထင်ရှားသော်လည်း ဇရာကြောင့် အရွယ်အိုနေကြသည့်အပြင် လွန်စွာလည်း အားနည်းနေကြ၏။ သူတို့လည်း စိတ်တင်းထားသဖြင့် အသက်ရှင်နေသေးဟန်တူသည်။

ကွပ်ပျစ်ပေါ်ရှိ အဘွားအိုမှာမူ ...ပါးရေများတွန့်နေပြီး အတိုင်းထက်အလွန် ရှေးဆန်နေသည်။ သူမသည် ဆွေးမြည့်ပျက်စီးခြင်းအငွေ့အသက်များကို ထုတ်လွှတ်နေပြီး အရိုးပေါ်အရေတင်သာ ကျန်တော့သည်အထိ ပိန်ချုံးခြောက်ကပ်နေခဲ့၏။ သူမအရှိန်အဝါမှာလည်း အချိန်မရွေး ဆုံးပါးတော့မည့်အလား အားနည်းလွန်းနေသည်။

သို့သော် အရှိန်အဝါအားနည်းနေသည့်တိုင် အဘွားအိုတွင် ခွန်အားအတိုင်းအတာတစ်ခုအထိတော့ ရှိသေး၏။ သူမနဖူးပေါ်ရှိ အတွန့်အခေါက်များက နှစ်ပေါင်းများစွာတစ်လျှောက်လုံး သူမတောင့်ခဲ့ရသည့် ဖိအားအားလုံးကို သက်သေပြနေသယောင်ပင်။ မန်ဟိုသည် သူမကို မြင်လျှင်ချင်း တုန်ရီသွားပြီး ရှေ့သို့ လျှောက်သွား၏။

ဤအဘွားအိုသည် သူ၏ဘွားဘွားမန်ဖြစ်ပြီး .... သူမကို မြင်လိုက်ရုံနှင့် မျက်ရည်များက သူ့ပါးပြင်တစ်လျှောက် စီးကျလာတော့သည်။ သူမခန္ဓာကိုယ်ကို စစ်ဆေးရင်း အတွင်းဒဏ်ရာတစ်ဒါဇင်ကျော်ကို တွေ့လိုက်ရသည့်အခါ သူ့နှလုံးသားသည် စူးအောင့်သွား၏။ ထိုမျှသာမက သူမ၏ချီစီးဆင်းမှုလမ်းကြောင်းများလည်း ခြောက်သွေ့နေသည်။

သူ အခန်းထဲ ဝင်ဝင်လာချင်း သက်လတ်ပိုင်းအမျိုးသမီးသုံးယောက်က သူ့ကို လှည့်ကြည့်သည်။ “ချိန်အာ ပြန်လာပြီပဲ...” တစ်ယောက်က ပြောသည်။ သူတို့အကြည့်များသည် နူးညံ့ကြင်နာနေပြီး ဝမ်းနည်းပူဆွေးနေမှုကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားသော်လည်း မန်ဟိုက မန်ချိန်မဟုတ်၍ အတိုင်းသားမြင်နေရလေသည်။

ထိုင်နေသည့် အဘိုးအိုနှစ်ယောက်ကမူ မျက်လုံးများကို မနည်းအားယူဖွင့်ကာ မန်ဟို့ကို နူးညံ့နွေးထွေးစွာ ကြည့်သည်။

မန်ဟိုသည် ဤလူတွေက ဘယ်သူတွေလဲ မသိသော်လည်း အဘိုးအိုများကို ကြည့်ပြီးနောက် ခန့်မှန်းနိုင်သွား၏။ သက်လတ်ပိုင်းအမျိုးသမီးများက မည်သူဖြစ်ကြောင်းလည်း သူ ခန့်မှန်းလိုက်နိုင်သည်။

သူက ချက်ချင်း ဒူးထောက်၍ သူ့နဖူးကို မြေကြီးနှင့် ရိုက်ရင်း အရိုအသေပေးလိုက်သည်။ ထို့နောက် ထပြီး မျက်လုံးများပိတ်လျက် လှဲနေသော ဘွားဘွားမန်အနား ချဉ်းကပ်သွား၏။ မန်ဟိုသည် သူ့လက်ကို သူမလက်မောင်းအပေါ် လှမ်းတင်၍ သူ၏အသက်စွမ်းအားတချို့အား သူမကိုယ်ထဲ ပို့လွှတ်လိုက်သည်။ သို့သော် ၎င်းမှာ သူမကိုယ်ထဲ ဝင်သွားလျှင်ချင်း ပြိုကွဲသွားလေသည်။ ထိုအခြင်းအရာက သူ့မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့် အမျက်ဒေါသတို့အား ဖြတ်ပြေးသွားစေ၏။

သူ ဘွားဘွားမန်၏ကိုယ်ထဲတွင် နတ်ဘုရားအာရုံတချို့ စေလွှတ်လိုက်သည့်အခါ သူမခန္ဓာကိုယ်၏အတွင်းပိုင်းထဲ၌ အနက်ရောင်ဆူးကိုးချောင်း ငုပ်လျှိုးနေသည်ကို တွေ့လိုက်ရသဖြင့် တုန်လှုပ်သွားလေသည်။ ၎င်းတို့သည် သူမအသားထဲ နက်ရှိုင်းစွာ စိုက်ဝင်နေသည့်အပြင် သူမ၏ဝိညာဉ်ထဲအထိပင် စိုက်နေ၏။

ဤဆူးကိုးချောင်းက မန်ဟို၏အသက်စွမ်းအားကို သူ့အဘွား၏ကိုယ်ထဲ ဝင်မလာအောင် ဟန့်တားနေသောအရာများ ဖြစ်သည်။ မန်ဟို့အတွက် ပို၍ပင် ဒေါသထွက်စရာကောင်းသည်ကား ... သူ့အဘွား၏ကိုယ်ထဲ၌ အဆိပ်ကိုလည်း တွေ့ရခြင်းပင်။

အဆိပ်သည် ကျင့်ကြံခြင်းအခြေခံကို တစတစ ဖျက်စီး၍ သူမ၏အသက်စွမ်းအားများကို စားသုံးအောင် အထူးစီမံထားသော ထူးခြားအဆိပ်မျိုး ဖြစ်၏။ တခြားသူသာဆို သေနေလောက်ပြီဖြစ်သော်လည်း မန်ဟို့အဘွားက ခေါင်းမာမာ တောင့်ခံထားနိုင်သေးလေသည်။ သူမ၏ကျင့်ကြံခြင်းအခြေခံက နက်ရှိုင်းခဲ့၍ ဖြစ်တန်ရာသည်။

မန်ဟိုသည် မျက်လုံးများ မီးဝင်းဝင်းတောက်နေလျက် သူ့လက်ကို ပြန်ရုတ်လိုက်၏။ ထို့နောက် သူ့ညာလက်က မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် သူမခန္ဓာကိုယ်ကို ကိုးကြိမ်ဆက်တိုက် လျင်မြန်စွာ ဖိချလိုက်သည်။ သူ တစ်ကြိမ်ဖိချလိုက်တိုင်း ဆူးတစ်ချောင်း၏ တည်နေရာအပေါ် သက်ရောက်နေသည်။

သူ ဖိပြီးနောက် သူ့အဘွားတစ်ကိုယ်လုံး တသိမ့်သိမ့်တုန်လာလျှင် သူသည် မုဒြာလက်ကွက်နောက်တစ်ကွက် ဖော်ပြီးနောက် သူ့လက်ကို သူနှာခေါင်းအောက်ရှိ သွေးဖိအားအမှတ်အပေါ် ဖိချရင်း အသက်စွမ်းအားများအား ထည့်သွင်းပေးလိုက်သည်။

သက်လတ်ပိုင်းအမျိုးသမီးသုံးယောက်မှာ ဖြစ်ပျက်နေသောအရာကို မြင်လျှင် မျက်လုံးများ တောက်ပလာပြီး အံ့ဩနေဟန်တူသည်။ သို့သော် သူတို့သည် မည်သည့်အရာကိုမှ သံသယဝင်ပုံမရပေ။ ဆန့်ကျင်ဘက်တွင်တော့ မသက်မသာထိုင်နေသော အဘိုးအိုနှစ်ယောက်မှာ ရုတ်တရက် တုန်လှုပ်သွားပြီး မယုံကြည်နိုင်သောမျက်လုံးများဖြင့် မန်ဟို့ကို စိုက်ကြည့်နေကြသည်။

မန်ဟို၏အသက်စွမ်းအား သူ့အဘွား၏ကိုယ်ထဲ ဖြည်းဖြည်းချင်း စီးဝင်နေသည်နှင့်အမျှ သူမ၏ခန္ဓာကိုယ်ထဲတွင် ပြည့်နှက်နေခဲ့သော ဆွေးမြည့်ပျက်စီးခြင်းအရှိန်အဝါမှာ ရုတ်တရက် လွင့်ပြယ်စပြုလာလေသည်။ ယခင်က သူမ၏ဝိညာဉ်မီးတောက်မှာ ငြိမ်းသေတော့လုနီးပါး ဖြစ်ခဲ့သော်လည်း ယခုတွင် ယခင်ထက်ပို၍ တောက်ပစွာ လောင်ကျွမ်းလာသည်။ သူမ၏အသားအရောင်ပင်လျှင် အနည်းငယ်စိုပြေလာ၏။

မန်ဟိုက သူ့လက်ကို ပြန်ရုတ်လိုက်သည်။ အသက်စွမ်းအားအလွန်အကျူး သူ ထည့်မပေးရဲပေ။ သူ့အဘွားမှာ သေအံ့ဆဲဆဲ ဖြစ်နေသည့်အတွက် သူသာ ဂရုတစိုက်မလုပ်လျှင် သူမအား ထိုချောက်ကမ်းပါးမှ တွန်းချမိသွားနိုင်သည်။

သို့သော် ဂရုတစိုက်ပြုစုပေးခြင်းအားဖြင့် သူမ နလန်ပြန်ထူလာနိုင်သည်ဟု သူ ယုံကြည်ချက်ရှိသေးသည်။ လက်ကို ပြန်ရုတ်ပြီးနောက် သူက သိုလှောင်အိတ်ကို ပုတ်ကာ ဆေးလုံးတစ်လုံး ထုတ်၍ သူမပါးစပ်ထဲ ထည့်ပေးလိုက်သည်။ နောက်ဆုံးတွင် သူသည် ထရပ်ပြီး အင်မတန် အံ့အားသင့်နေပုံရသော အဘိုးအိုနှစ်ဦးအား လှမ်းကြည့်လိုက်သည်။

သူသာ မမှားလျှင် ဤအဘိုးအိုနှစ်ဦးသည် ဘိုးဘိုးမန်၏ ညီအစ်ကိုအရင်းများ ဖြစ်လိမ့်မည်။ တစ်နည်းအားဖြင့် သူ၏အဘိုးလေးများ ဖြစ်ကြသည်။ ကြည့်ရပုံထောက်လျှင် သူတို့နှစ်ယောက်နှင့် ဘွားဘွားမန်သာ စီနီယာမျိုးဆက်မှ အသက်ရှင်ကျန်ခဲ့သူများ ဖြစ်သယောင်ပင်။

သက်လတ်ပိုင်းအမျိုးသမီးသုံးယောက်နှင့်ပတ်သက်၍မူ အပြင်တွင် မဟုတ်ဘဲ ဤနေရာတွင် ရှိနေသည့်အချက်က သူတို့သည် သူ့အမေ၏ အစ်ကို၊မောင်များဖြစ်သည့် သူ့ဦးလေးများ၏ လက်တွဲဖော်များ ဖြစ်သည်ဟု ဆိုလို၏။

ဤအခိုက်အတန့်တွင် အမျိုးသမီးသုံးယောက်နှင့် သူ့ဘိုးဘိုးလေးနှစ်ဦးတို့၏ ခန္ဓာကိုယ်ထဲတွင်လည်း ဆူးကိုးဆူးရှိနေကြောင်း တွေ့လိုက်ရသဖြင့် မန်ဟိုမှာ တုန်လှုပ်သွားတော့သည်။ မတူညီသည့်အရာဆို၍ အမျိုးသမီးများ၏ကိုယ်တွင်းရှိ ဆူးများက မည်းနက်မနေဘဲ ငွေရောင်ဖြစ်နေခြင်းသာ ရှိသည်။

မန်ဟိုသည် စကားတစ်ခွန်းမဆိုဘဲ ဆေးလုံးတချို့ကို ထုတ်ပြီးနောက် သူ၏ဘိုးဘိုးလေးနှစ်ယောက်အား လေးလေးစားစား ကမ်းပေးလိုက်၏။ အဘိုးအိုနှစ်ယောက်က သူ့ကို စိုက်ကြည့်နေသည်။ သေမျိုးတစ်ယောက်၏ သတ်ဖြတ်ခြင်းကိုပင် ခံရနိုင်လောက်အောင် အားနည်းနေသော်လည်း မန်ဟို့ကို ကြည့်နေစဉ် သူတို့၏မျက်ဝန်းထဲ၌ ဩဇာနှင့်သိက္ခာ တည်ရှိနေသေးကြောင်း မြင်ရနိုင်သည်။

တဖြေးဖြေး သူတို့၏အကြည့်များသည် နူးညံ့ကြင်နာလာ၏။ သူတို့က ပါးစပ်များကို ဟရင်း ဆေးလုံးများကို မြိုချပြီးနောက် မျက်လုံးပိတ်လိုက်ကြသည်။

မန်ဟိုက သူတို့ကို လက်ယှက်အရိုအသေပေးပြီးနောက် လှည့်ထွက်သွားသည်။ သူ ထိုသို့ ထွက်သွားသည့်အခါ သက်လတ်ပိုင်းအရွယ်အမျိုးသမီးသုံးယောက်က ဇဝေဇဝါဖြစ်နေသော မျက်လုံးများဖြင့် သူ့ကို ကြည့်နေကြ၏။

အခန်းထဲမှ ထွက်လာပြီးနောက် မန်ဟို့မျက်နှာက မှုန်ကုပ်မည်းမှောင်နေသည်။ သူသည် မန်ရူအပါအဝင် အပြင်ရှိ ခပ်ငယ်ငယ်မိန်းကလေးတစ်ဒါဇင်ကျော်ကို ကြည့်လိုက်၏။

“ဒီမှာ ဘာဖြစ်ခဲ့တာလဲ” သူက လေးနက်သောအသံဖြင့် မေးသည်။ သူ့စကားလုံးများက ပတ်ဝန်းကျင်ရှိ သွေးဆက်မျိုးနွယ်ဝင်များကို ချက်ချင်း စိတ်အေးသွားစေသယောင်ပင်။

“ရွှီမျိုးနွယ်စုပေါ့... သူတို့တွေ တကယ်လွန်လာပြီ။ သူတို့က မန်ဟန်ကို ပြန်ပေးဆွဲပြီး မန်ဟန့်ကို ပြန်လိုချင်ရင် ဘွားဘွားရဲ့အလောင်းကို လာပို့လို့ လူလွှတ်ပြောခိုင်းတယ်”

“ဟုတ်တယ် ရွှီမျိုးနွယ်က တအားလွန်နေပြီ။ ညီမလေးတို့ကို နှစ်ပေါင်းများစွာ အနိုင်ကျင့်ခဲ့ပေမယ့် ညီမလေးတို့က မန်မျိုးရိုး၊ မန်မျိုးနွယ်စုရဲ့ တရားဝင်မျိုးနွယ်ဝင်တွေ။ သူတို့က မျိုးနွယ်စုကနေ ဒီကုန်းမြေကို ချီးမြှင့်ခံထားရတဲ့ အစေခံမျိုးနွယ်စုသာသာပဲ။ သူတို့လိုလူတွေက ညီမလေးတို့ကို ဘယ်လိုလုပ်ပိုင်ခွင့်နဲ့ ဒီလိုအနိုင်ကျင့်ရဲတာလဲ”

“ဒီလုပ်ရပ်ကို လုပ်ခဲ့တာက ရွှီမျိုးနွယ်စုရဲ့ တိုက်ရိုက်သွေးဆက်တောင် မဟုတ်ဘူး.. အရန်သွေးဆက်လေးတစ်ဆက်က လုပ်တာ....”

“သူတို့ ဘာတွေတွေးတာလဲကို မသိဘူး။ သူတို့ရဲ့လက်ချက်ကြောင့် သမီးတို့သွေးဆက်ရဲ့ လူနှစ်ဆယ့်ခုနစ်ယောက် သေသွားခဲ့ပြီးပြီ။ ဘယ်သူမှ သမီးတို့အတွက် စကားတစ်ခွန်းတောင် မပြောပေးဖူးဘူး... အခုတော့ သမီးတို့ကို ဒီအချိန်ထိ စောင့်ရှောက်ပေးခဲ့တဲ့ ဘွားဘွားကိုတောင် ခြိမ်းခြောက်နေပြီ”

“ငါ ဘွားဘွားမန်ကို ကူညီပေးဖို့ ၊ မန်ချိန်ရဲ့ကိုယ်စား မျိုးနွယ်စုကို ကာကွယ်ပေးဖို့ ဒီနေရာကို လာခဲ့တာ” မန်ဟိုက တစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်လိုက်သည်။ “ငါ ဒီနေရာမှာ ဆက်ပြီး ကာကွယ်ပေးမှဖြစ်မယ်” သူသည် သူ၏နတ်ဘုရားစိတ်ဆန္ဒကို ဖြန့်ကျက်ရင်း ရှေ့သို့လျှောက်သွားကာ လျင်မြန်စွာ ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာသောအခါ အောက်ရှိ ကုန်းမြေကို ငုံ့ကြည့်လျက် လေလယ်တွင် ဖြစ်သည်။ သူ၏နတ်ဘုရားအာရုံမှ ယခုလေးတင် ကလေးမလေးများ ပြောပြခဲ့သော ရွှီမျိုးနွယ်စု၏ အရန်သွေးဆက်တည်ရာကို တွေ့ဖို့ တခဏသာ ကြာလိုက်သည်။

၎င်းက သိပ်မဝေးပေ။ မန်မျိုးနွယ်စုဘိုးဘေးစံအိမ်နှင့် ဆင်တူသော ခပ်ကြီးကြီးမြို့တစ်မြို့တွင် တည်ရှိရာ မြို့အစစ်မဟုတ်ဘဲ မျိုးနွယ်စုခံတပ်တစ်ခုဖြစ်သည်ဟု ဆိုလိုသည်။

မြို့၏ပင်မဂိတ်တွင်တော့ စာလုံးအကြီးကြီးတစ်ခုနှင့် ဆိုင်းဘုတ်ရှိသည်။

ရွှီ

မျိုးနွယ်စုအတော်များများ မြို့ထဲတွင် အခြေချနေထိုင်ပြီး အများစုက သေမျိုးများ ဖြစ်ကြလေသည်။ ကျင့်ကြံသူ တစ်ဒါဇင်ကျော်မျှသာ ရှိပုံပေါ်သည့်အပြင် အားလုံးနီးပါးကလည်း စိတ်ဝိညာဉ်နယ်ပယ်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ အင်မော်တယ်နယ်ပယ်အဆင့် အဘိုးအိုတစ်ယောက်သာ ရှိ၏။ သူ့ကိုထည့်တွက်လျှင်တောင်မှ ထိုမြို့သည် မန်ဟို့အတွက် ပုရွက်ဆိတ်အုံလေးထက် မပိုသေးပေ။

သူက ဒေါသတထောင်းထောင်းထွက်နေလျက် ရှေ့တစ်လှမ်းလှမ်း၍ ရွှီမျိုးနွယ်စု၏ ဘိုးဘေးစံအိမ်ထဲတွင် ပေါ်လာသည်။ မည်သူမှ သူ၏တည်ရှိမှုကို သတိမထားပေ။ သူသည် ဆက်သွားနေစဉ် သေမျိုးများကို အန္တရာယ်မပြုဘဲ ကျင့်ကြံအားထုတ်နိုင်စေသော စိတ်ဝိညာဉ်အကြောများကိုသာ ဖျက်စီးပစ်နေ၏။ ကျင့်ကြံသူများအတွက်မူ ... သူတို့ ဘာပဲလုပ်နေလုပ်နေ ၊ အသားစများအဖြစ်သာ ပေါက်ကွဲကုန်ကြသည်။

အင်မော်တယ်နယ်ပယ်အဆင့် အဘိုးကြီးမှာမူ တရားထိုင်နေရင်းတန်းလန်း သူ့ခေါင်းတစ်ခေါင်းလုံး ပေါက်ကွဲသွားခဲ့၏။ ကျင့်ကြံသူအားလုံး သေသွားခဲ့လေပြီ။

မန်ဟိုက ညှင်းပန်းနှိပ်စက်ခံထားရ၍ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များ ပြည့်နေလျက် သတိလစ်နေသော လူငယ်တစ်ယောက်အား သူနှင့်အတူ ခေါ်ရင်း ထွက်လာသည်။ ထိုလူငယ်သည် တစ်ကြိမ်လေးပင် အသနားမခံခဲ့သည့်အလား အံကို တင်းတင်းကြိတ်ထား၏။

ဤမျှလူလေးလက်ဆုပ်သာ သတ်ရခြင်းက မန်ဟို၏အမျက်အား နည်းနည်းလေးမှ ပြေမသွားစေပေ။ သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ရင်း ရွှီမျိုးနွယ်စု၏ အရန်သွေးဆက်နောက်ဆက်ကို တွေ့သွားပြီး ထိုနေရာသို့ ထွက်သွားသည်။

တစ်ဆက်၊ နှစ်ဆက်၊ သုံးဆက် .... မန်ဟိုသည် အရန်သွေးဆက်စုစုပေါင်း ၁၆ ဆက်သို့ သွားရောက်ခဲ့၏။ ထိုနေရာများရှိ ကျင့်ကြံသူတစ်ယောက်မှ သူ့မျက်နှာကို မမြင်လိုက်ရဘဲ ပေါက်ကွဲကုန်ကြလေသည်။

ထို့နောက် မန်ဟိုက ကုန်းမြေတစ်ခုလုံး၏ အလယ်ဗဟိုရှိ ရွှီမျိုးနွယ်ဘိုးဘေးစံအိမ်ကို ကြည့်သည်။ သူသည် အေးစက်စက် နှာမှုတ်ရင်း ရွှီတစ်မျိုးနွယ်လုံးအား သုတ်သင်တော့မည့်အချိန် ရုတ်တရက် မျက်နှာရိပ်ခနဲ ဖြစ်သွားပြီး သူ့အဘိုး၏သွေးဆက်ရှိရာသို့ လှည့်ကြည့်လိုက်သည်။

ဘွားဘွားမန် နိုးလာခဲ့လေပြီ။

All Chapters