အခန်း (၁၆၅၇)
Vol. 119 Ch. 1657
ဟွမ်ခြောက်က သူ၏ လက်ထဲမှ လှံရှည်ကို အရှေ့သို့ ချိန်ရွယ်လိုက်သည်။ မိစ္ဆာချီက မိုးမြေကြားထဲမှာ တစ်ဟုန်ထိုး မြှောက်တတ်လာပြီး မိစ္ဆာစိတ်ဆန္ဒက နဂါးများသဖွယ် ဟိန်းဟောက်လိုက်ကြသည်။
သူ၏ အနောက်မှ နတ်မိစ္ဆာပုံရိပ်က မိုးကောင်းကင်ကို ဝါးမျိုပစ်နိုင်ဟန် ရ၏။
နောက်အခိုက်အတန့်မှာ အဆုံးမဲ့သော မူလစွမ်းအားက ပရမ်းပတာလှုပ်ခတ်သွားပြီး မုန့်ကျားဘုံတစ်ခုလုံး တုန်ယင်သွားသည်။
“ မိစ္ဆာဘုရင်လား… အဲ့လောက် အစွမ်းထက်တဲ့ မိစ္ဆာကျင့်ကြံသူက မုန့်ကျားဘုံမှာ ဘယ်တုန်းက ပေါ်လာတာလဲ ”
“ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းလား… အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်က ဖိနှိပ်ခံထားရတာ မဟုတ်ဘူးလား ”
“ မဟာကောင်းကင်မိစ္ဆာခန္ဓာကိုယ်ပဲ… ဒါဆို ကြက်သွေးရောင်မိစ္ဆာဂိုဏ်းက နောက်တစ်ကြိမ် မြင့်တတ်လာတော့မှာလား ”
ဟင်းလင်းပြင်ထဲတွင် အင်အားစုဒါဇင်ခန့်၏ နတ်ဘုရားစိတ်အာရုံများက အပြန်အလှန် ယှက်ထွေသွားကြပြီး လွင့်ပြယ်သွားကြသည်။
အဝေးမှ သွေးသမင်မြို့တော်ထဲတွင် ရွှေရောင်အလင်းတန်းများက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြပြီး အလင်းဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
တည်နေရာပြောင်းရွှေ့ခြင်းဝင်္ကပါ… ။
အစွမ်းထက်ပုဂ္ဂိုလ်များသည် တည်နေရာပြောင်းရွှေ့ခြင်းဝင်္ကပါကို အသုံးပြု၍ ဤနေရာသို့ ရောက်လာကြသည်။
ဟူကျွင်းက တုန်ယင်သွားပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။ ၎င်းက စိတ်လှုပ်ရှားစွာ ပြောသည်။
“ မိစ္ဆာဘုရင်… ဒီဘဝမှာ မိစ္ဆာဘုရင်ကို မြင်တွေ့ခွင့်ရတာ ဟူကျွင်းအတွက် အကောင်းဆုံး ကောင်းချီးပါပဲ ”
“ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းက အတိတ်တုန်းက ဒီနေရာမှာ ဖိနှိပ်ခံခဲ့ရပါတယ်… ဒါကြောင့် မဟာကောင်းကင်မိစ္ဆာခန္ဓာကိုယ်ကို ဘိုးဘေးတွေက လက်ဆင့်မကမ်းနိုင်ခဲ့ပါဘူး… အခု မုန့်ကျားဘုံက အစွမ်းထက်ပုဂ္ဂိုလ်တွေက ကြက်သွေးရောင်မိစ္ဆာဂိုဏ်းကို ဖိနှိပ်ဖို့ ရောက်လာကြပါပြီ… မိစ္ဆာဘုရင် ဒီကနေ အရင်ထွက်သွားသင့်ပါတယ် ”
အတိတ်၌ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းက ဖိနှိပ်ခံခဲ့ရပြီး ၎င်းတို့၏ မဟာကောင်းကင်မိစ္ဆာခန္ဓာကိုယ်အတတ်ပညာက အမွေအနှစ်ဖြတ်တောက်ခံခဲ့ရသည်။
ဟွမ်ခြောက်၏ ကျင့်ကြံခြင်းနည်းစနစ်က မိစ္ဆာလမ်းစဉ်ကို ပြန်လည်နိုးထလာစေသည်။ ယင်းကို မုန့်ကျားဘုံမှ ထိပ်တန်းပုဂ္ဂိုလ်များက အာရုံခံမိသွားသည့်အခါ သူတို့က ဤနေရာသို့ အမြန်ရောက်လာကြသည်။
ကြက်သွေးရောင်မိစ္ဆာဂိုဏ်း၏ အင်အားသည် မသေးငယ်ပေ။ သို့သော်လည်း မိစ္ဆာဂိုဏ်းသည် မုန့်ကျားဘုံ၏ အထွတ်အထိပ်အင်အားစုများကို မယှဉ်ပြိုင်နိုင်ပေ။
ဟူကျွင်းက ဟွမ်ခြောက်ကို ထွက်သွားခိုင်းခြင်းမှာ မဟာကောင်းကင်မိစ္ဆာခန္ဓာကိုယ်အတတ်ပညာ၏ အမွေအနှစ်မပြတ်တောက်သွားရန် ဖြစ်သည်။
“ ထွက်သွားရမယ်ဟုတ်လား ”
ဟွမ်ခြောက်က ပြုံးလိုက်သည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး အနောက်လှည့်၍ ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ ညီလေးဟန် မင်းဘာပြောမလဲ ”
ဟန်မူယဲ့သည် ဟွမ်ခြောက်၏ အကျင့်စရိုက်ကို အတော်လေး ရင်းနှီးသည်။ ထိုအကောင်သည် မိုးကောင်းကင်ကို အပေါက်ဖောက်ရန် တုံ့ဆိုင်းနေမည့်လူ မဟုတ်ပေ။
ယခု သူက သံသရာစက်ဝန်းအဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားမှတော့ မည်သို့ကြောင့် ထွက်ပြေးလိမ့်မည်နည်း။
“ ဘာမှမစိုးရိမ်ပါနဲ့ အကိုဟွမ်… တိုက်ကြတာပေါ့ ”
ဟန်မူယဲ့က ပေါ့ပါးစွာ ရယ်လိုက်သည်။
ဟန်မူယဲ့သည်လည်း ထိုအတိုင်း ထွက်သွားရန် ဆန္ဒမရှိပေ။
မုန့်ကျားဘုံသို့ သူရောက်လာရသည့် အဓိကရည်ရွယ်ချက်က ဤဘုံကို အသုံးပြု၍ ကမ္ဘာဦးဘုံနှင့် ဆက်သွယ်ရန် ဖြစ်သည်။ ဟန်မူယဲ့က ကမ္ဘာဦးဘုံ အသူရာကောင်းကင်ဘုံအား မြန်ဆန်စွာ ဝါးမျိုနိုင်စေရန် ကူညီပေးချင်သည်။ ထို့နောက် သူက ကမ္ဘာဦးဘုံမှ ကျင့်ကြံသူများကို အဆင့်မြင့်ဘုံများ၌ ကျင့်ကြံနိုင်စေရန် ကူညီပေးမည်။
မုန့်ကျားဘုံသည် မဟာပန်သွန်ဘုံထက် အများကြီး အားနည်းသော်လည်း ယင်းက အဆင့်နိမ့်ဘုံများမှ ကျင့်ကြံသူများ ကိုယ်ရည်သွေးရန် အထူးသင့်တော်သည်။
အကယ်၍ ကမ္ဘာဦးဘုံမှ ကျင့်ကြံသူများက မဟာပန်သွန်ဘုံဆီသို့ တိုက်ရိုက် ဝင်ရောက်မည်ဆိုလျှင် သူတို့က မိုးမြေမူလစွမ်းအား၏ ကြီးမားသော ဖိနှိပ်မှုကို ခံကြရလိမ့်မည်။ ယင်းက သူတို့အတွက် အကျိုးမရှိပေ။
ထို့ကြောင့် မုန့်ကျားဘုံသည် ကမ္ဘာဦးဘုံမှ ကျင့်ကြံသူများအတွက် သင့်တော်ပေသည်။
ဟန်မူယဲ့၏ အန္တိမရည်မှန်းချက်က မုန့်ကျားဘုံ၏ စွမ်းအားကို အသုံးပြု၍ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ လက်အောက်မှ ဘုံများကို ထိန်းချုပ်ရန် ဖြစ်သည်။
ကျောက်စိမ်းမိုးမခဘုံကို သိမ်းပိုက်ပြီး ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ အင်အားဖြင့် ပေါင်းစည်းခြင်းက ကမ္ဘာဦးဘုံ၏ စွမ်းအားကို အဆပေါင်းများစွာ တိုးမြှင့်သွားစေလိမ့်မည်။
ထို့ပြင် သူကိုယ်တိုင်သည်လည်း အဆင့်မြင့်ဘုံတစ်ခု၏ မူလစွမ်းအားကို အသုံးပြု၍ နတ်ဘုရားအဆင့်သို့ တိုက်ရိုက် တတ်လှမ်းနိုင်လိမ့်မည်။
လက်ရှိတွင် ဟန်မူယဲ့က နတ်ဘုရားအဆင့် ဓားတာအိုစွမ်းအားနှင့် နတ်ဘုရားအဆင့် ဝိညာဉ်ကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း သူက နတ်ဘုရားအဆင့် မူလစွမ်းအားကို မစုစည်းနိုင်သေးပေ။
ယင်းက သူတစ်ယောက်တည်း လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။ ထိုအတွက် ဘုံတစ်ခုထံမှ မိုးမြေစွမ်းအား၏ ပူးပေါင်းမှုကို လိုအပ်သည်။
အကယ်၍ သူက မဟာပန်သွန်ဘုံမှာ နေထိုင်မည်ဆိုလျှင် မဟာပန်သွန်ဘုံ၏ မူလစွမ်းအားကို အသုံးပြု၍ ထိုအဆင့်ကို ပြီးမြောက်နိုင်လိမ့်မည်။
သို့သော်လည်း သူက ထိုသို့လုပ်ဆောင်ရန် ဆန္ဒမရှိပေ။
မဟာပန်သွန်ဘုံသည် အလွန်အမင်း သန်မာသည်။ အကယ်၍ သူက မဟာပန်သွန်ဘုံမှာ နတ်ဘုရားအဆင့်သို့ တတ်လှမ်းမည်ဆိုလျှင် သူက မဟာပန်သွန်ဘုံနှင့် ထာဝရ ပေါင်းစည်းသွားလိမ့်မည်။
ယင်းက အနာဂတ်မှာ သူနှင့် မဟာပန်သွန်ကြားမှ ဆက်သွယ်မှုများကို ဖြတ်တောက်နိုင်ရန် ခဲယဉ်းစေလိမ့်မည်။
ဟန်မူယဲ့၏ နှလုံးသားထဲတွင် သူ၏ အခြေခံအုတ်မြစ်က ကမ္ဘာဦးဘုံ ဖြစ်သည်။
“ ဟား ဟား… ဒါဆို တိုက်ကြတာပေါ့ ”
ဟွမ်ခြောက်က ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။
သူ၏ အနောက်မှ မိစ္ဆာပုံရိပ်က ကောင်းကင်နှင့် ထိစပ်လုနီးပါး ကြီးမားသွားသည်။ သူက ခြေတစ်လှမ်းဖြင့် သွေးသမင်မြို့တော်၏ ဂိတ်တံခါးအရှေ့သို့ ရောက်ရှိသွားသည်။
ရွှေရောင်အကာအကွယ်အလွှာတစ်ခုက သွေးသမင်မြို့တော်၏ အပေါ်မှာ ထွက်ပေါ်လာသည်။
ဟွမ်ခြောက်က သူ၏ လှံရှည်ကို ထိုးလွှတ်လိုက်သည်။
“ ဘန်း ”
ရွှေရောင်အလင်းအကာအကွယ်က ပေါက်ကွဲသွားပြီး ပုံရိပ်နှစ်ခုက အဝေးသို့ လွင့်စင်သွားကြသည်။ ထို့ပြင် မြို့တံတိုင်းတစ်ဝက်ခန့်က တိုက်ရိုက် ပြိုကွဲပျက်စီးသွားသည်။
“ ရန်သူတွေ တိုက်ခိုက်နေပြီ ”
“ မိစ္ဆာတွေ ကျူးကျော်ဝင်လာပြီ… ကောင်းကင်ဖိနှိပ်ခေါင်းလောင်းကို ထိုးကြ ”
အော်သံများက လူတစ်ယောက်ပြီးတစ်ယောက်ထံမှ ထွက်ပေါ်လာသည်။
ဟွမ်ခြောက်၏ အရှေ့တွင် တာအိုဝတ်စုံ ဝတ်ဆင်ထားသော ဧရာမပုံရိပ်သုံးခု ထွက်ပေါ်လာကြသည်။ သူတို့အားလုံးက ကျန်းတစ်ရာရှည်လျားကြသည်။
ထို့နောက် တာအိုပညာရှင်သုံးယောက်က လက်မြှောက်လိုက်ကြပြီး ဟွမ်ခြောက်ပေါ်သို့ ဖိချလိုက်ကြသည်။ ထိုအခါ အဆုံးမဲ့သော မိုးကြိုးနှင့် တိမ်တိုက်များက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားပြီး ဟွမ်ခြောက်ပေါ်သို့ ကျဆင်းလာသည်။
ဟွမ်ခြောက်က သူ၏ လှံကို အပေါ်သို့ မြှောက်တင်လိုက်သည်။
လှံပေါ်မှ ရောင်ခြည်တန်းက ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော မိုးကြိုးကို ဖျက်ဆီးလိုက်သည်။
သူက လှံကို ထပ်မံ ဝှေ့ယမ်းလိုက်ပြီး တာအိုပညာရှင်သုံးယောက်ကို တိုက်ခိုက်လိုက်သည်။
ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားက ပရမ်းပတာ လှုပ်ခတ်သွားသည်။ အစွမ်းထက်ပုဂ္ဂိုလ်များအတွက်တော့ သူတို့၏ လှုပ်ရှားမှုတိုင်းက မိုးမြေစွမ်းအားကို ဆွဲခေါ်နိုင်သည်။ သေခြင်းရှင်ခြင်းက စက္ကန့်ပိုင်းအတွင်းမှာ အဖြေပေါ်သွားနိုင်သည်။
မိုးကြိုးတိမ်တိုက်များ အက်ကွဲသွားသည့်အခါ လျှပ်စီးတန်းများက သွေးသမင်မြို့တော်ပေါ်သို့ ကျဆင်းလာကြသည်။
သွေးသမင်မြို့တော်ထဲတွင် မူလစွမ်းအား၏ အကာအကွယ်မရှိသော ပုံရိပ်များက ချက်ချင်း သေဆုံးသွားကြသည်။
“ သံသရာစက်ဝန်းအဆင့် အစွမ်းထက်မိစ္ဆာကျင့်ကြံသူ… မဟာမိစ္ဆာဖြစ်လာဖို့ ခြေတစ်လှမ်းပဲ ဝေးကွာတော့တယ် ”
“ အရမ်းသန်မာတယ်… ကြက်သွေးရောင်မိစ္ဆာဂိုဏ်းက ကောင်းကင်မိစ္ဆာဘုရင်ရဲ့ အဆင့်ကို ရောက်ဖို့ ဆံခြည်မျှင်တစ်မျှင်စာပဲ လိုတော့တယ် ”
“ အဲ့ဒီလူက ပြန်လည်မွေးဖွားလာတဲ့ ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင် ဖြစ်ရမယ်… သူက မိစ္ဆာလမ်းစဉ်ကို ပြန်ထွန်းကားအောင် လုပ်ချင်နေတာပဲ ”
တာအိုပညာရှင်နှစ်ယောက်က ဟွမ်ခြောက်၏ မိစ္ဆာအလင်းကို မြင်သွားသောအခါ မျက်နှာတည်ကြည်သွားကြသည်။
ထိုသို့စွမ်းအားက သူတို့ရပ်တန့်နိုင်သောအရာ မဟုတ်ပေ။
ဟွမ်ခြောက်၏ အပြုံးက မပျောက်ကွယ်သွားပေ။ သူက လှံရှည်ကို နောက်တစ်ကြိမ် ထိုးလွှတ်လိုက်သည်။
မဟာမိစ္ဆာပုံရိပ်က တာအိုပညာရှင်နှစ်ယောက်၏ ခန္ဓာကိုယ်ကို ဝါးမျိုသွားသည်။
မိစ္ဆာအလင်းရောင် ပျောက်ကွယ်သွားသည့်အခါ ခြေလှမ်းဝက် ကမ္မအဆင့် တာအိုကျင့်ကြံသူနှစ်ယောက်က မိစ္ဆာချီဖြင့် သက်ရောက်ခံလိုက်ကြရသည်။
“ မိစ္ဆာဘုရင်ကို ကျုပ်တို့အရိုအသေပေးပါတယ် ”
သူတို့နှစ်ယောက်က တုံ့ဆိုင်းမနေဘဲ ဟွမ်ခြောက်ကို ဦးညွတ်လိုက်ကြသည်။
“ ဒေါင် ”
“ ဒေါင် ”
သွေးသမင်မြို့တော်ထဲ၌ ကောင်းကင်ဖိနှိပ်ခေါင်းလောင်းသံက မိုးမြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
အဝေးမှ ကုန်းမြေထဲတွင် ရွှေရောင်မူလစွမ်းအားအမျှင်တန်းများက ပေါ်လျှိုးလာကြပြီး သွေးသမင်မြို့တော်၏ ဆင့်ခေါ်မှုကို တုံ့ပြန်လိုက်ကြသည်။
မိုင်သန်းပေါင်းများစွာ ဝေးကွာသော နေရာတွင် ရွှေရောင်အလင်းထောင့်တိုင်(၇၂)ခုက ထွက်ပေါ်လာကြပြီး ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြသည်။
ဤအခိုက်အတန့်မှာ အချင်းမိုင်ဆယ်သန်းအတွင်း၌ မိုးမြေမူလစွမ်းအားက ပိုပြီးသိပ်သည်းလာပြီး တင်းကြပ်လာကြောင်း လူတိုင်း ခံစားမိသွားကြသည်။ မူလစွမ်းအားကို ထိန်းချုပ်ရန် မလွယ်ကူတော့ပေ။
“ မိစ္ဆာတွေကို သတ်ဖြတ်မယ့် စစ်ပွဲ စတင်တော့မယ် ”
“ နှစ်သန်းပေါင်းသုံးဆယ်ကြာပြီးနောက် မုန့်ကျင်းဘုံရဲ့ တာအိုကျင့်ကြံသူတွေက မိစ္ဆာကျင့်ကြံသူတွေနဲ့ နောက်တစ်ကြိမ် စစ်ပွဲစတော့မယ် ”
“ အတိတ်မှာ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းက ဖိနှိပ်ခံခဲ့ရတယ်… ဒီနေ့မှာလည်း သူတို့က ထပ်ပြီး ဖိနှိပ်ခံရတော့မှာလား ”
တီးတိုးစကားသံများက ဘေးပတ်ဝန်းကျင်၌ ထွက်ပေါ်လာသည်။ ထို့နောက် အဝေးမှ တောင်တန်းများပေါ်တွင် မီတာတစ်ရာရှည်လျားသော ဧရာမပုံရိပ်များ ထွက်ပေါ်လာကြသည်။
ဟူကျွင်းနှင့် ကြက်သွေးရောင်မိစ္ဆာဂိုဏ်းမှ သေခြင်းရှင်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူများက အဝေးမှ ထိုပုံရိပ်များကို မြင်သွားသောအခါ စိတ်ပျက်အားလျော့သွားကြသည်။
ဤသို့အခြေအနေမျိုးမှာ ကြက်သွေးရောင်မိစ္ဆာဂိုဏ်း၏ အမွေအနှစ်က ဆက်လက် တည်မြဲနိုင်ပါဦးမည်လော။
“ ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင် ပြန်ရောက်လာပြီဆိုရင်တောင် သူက အတိတ်တုန်းက စွမ်းအားကို ပိုင်ဆိုင်နိုင်ဦးမှာ မဟုတ်ဘူး… ”
ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်သည်။ အစိမ်းရောင်မီးတောက်က သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။
အစောနက မိုးမြေကြားတွင် ထိုမျှကြီးမားသော မူလစွမ်းအားလှုံ့ဆော်မှု မထွက်ပေါ်ခဲ့သောကြောင့် ယင်းကို သူအာရုံမခံနိုင်ခဲ့ပေ။ သို့တိုင် မိစ္ဆာမီးတောက်က တုံ့ပြန်မှုတချို့ကို ဖော်ပြခဲ့သည်။
ယခု မိုးမြေကြားတွင် ကြီးမားသော မူလစွမ်းအားလှုံ့ဆော်မှု ထွက်ပေါ်လာသည့်အခါ ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်က အသက်ရှင်နေသေးကြောင်း ဟန်မူယဲ့ အာရုံခံမိသွားသည်။
“ ဟွမ်ခြောက်… မင်းအရင် ပျော်နေလိုက်ဦး… ငါမကြာခင် ပြန်လာခဲ့မယ် ”
ဟန်မူယဲ့က အော်ပြောလိုက်ပြီး အပြာရောင်ပုတီးစေ့တစ်လုံးကို ဟွမ်ခြောက်ဆီသို့ ပစ်ပေးလိုက်သည်။
ဟွမ်ခြောက်က ပုတီးစေ့ကို ဖမ်းယူလိုက်လေရာ သူ၏ မျက်လုံးက စူးရှတောက်ပသွားသည်။
ယင်းက ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့မှလွဲ၍ တခြားမဟုတ်ပေ။
ဟွမ်ခြောက်၏ လက်ရှိ ကျင့်ကြံခြင်းစွမ်းအားက ကမ္မအဆင့်၏ အထွတ်အထိပ်မှာ ဖြစ်သည်။ သူက သံသရာစက်ဝန်းအဆင့်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သံသရာစက်ဝန်းအဆင့်က မုန့်ကျားဘုံ၏ အသန်မာဆုံးအဆင့် ဖြစ်သည်။
ယခု သူက ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့ကို ပိုင်ဆိုင်သွားလေရာ အချိန်မရွေး အဆင့်ချိုးဖြတ်နိုင်ပေသည်။
“ ညီလေးဟန်က အရင်တုန်းကလို အရိပ်ထဲကနေ ထိန်းချုပ်ရတာကို သဘောကျနေတုန်းပဲ ”
“ အရင်ဆုံး တိုက်ခိုက်မယ်… ပြီးသွားမှ တိုက်ခိုက်နေရင်း အဆင့်ချိုးဖြတ်မယ်… အဲ့ဒါ ငါဟွမ်ကျန်းရှုံး အကြိုက်ဆုံးအရာပဲ ”
ဟွမ်ခြောက်က ပေါ့ပါးစွာ ရယ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ တိုက်ပွဲစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားသည်။
“ ဟူကျွင်း… ကြက်သွေးရောင်မိစ္ဆာဂိုဏ်းက လူအားလုံးကို ဆင့်ခေါ်လိုက်… သွေးသမင်မြို့တော်ကို မိစ္ဆာအင်အားစုအဖြစ် ပြောင်းလဲပစ်မယ် ”
“ မိစ္ဆာတွေကို သတ်ဖြတ်မယ့် စစ်ပွဲမှာ ငါဟွမ်ကျန်းရှုံးက မိစ္ဆာဖြစ်လာမယ်… ဘယ်ကောင် ငါ့ကို သတ်ရဲလဲ ငါကြည့်မယ် ”
ဟွမ်ခြောက်ထံမှ အသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။
ဟူကျွင်းနှင့် တခြားလူများက တုံ့ဆိုင်းမနေဘဲ ချက်ချင်း ထွက်သွားကြသည်။
…..
ဟန်မူယဲ့က မိုင်တစ်သောင်းအဝေးသို့ ပျံသန်းသွားပြီးနောက် တာအိုဘုရားကျောင်းတစ်ခု၏ အရှေ့မှာ ရပ်လိုက်သည်။
တာအိုဘုရားကျောင်းက ရိုးရှင်းပြီး ယိုယွင်းပျက်စီးနေသည်။ ကြည့်ရသည်မှာ ဘုရားကျောင်းက လေဒဏ်မိုးဒဏ်ကို နှစ်ပေါင်းများစွာကြာအောင် ကြုံတွေ့ခဲ့ရပုံပေါ်သည်။
“ ကောင်းကင်ဖိနှိပ်ဘုရားကျောင်းဆီ ဧည့်သည်ရောက်မလာတာ နှစ်ပေါင်းဆယ်သန်းကျော် ကြာသွားပြီ… ”
ဘုရားကျောင်း၏ အရှေ့တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော တာအိုပညာရှင်က စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ အခု ကောင်းကင်ဖိနှိပ်မီးဖိုရဲ့ စွမ်းအားကို အသက်သွင်းဖို့ အချိန်ကျပြီ ”
တာအိုပညာရှင်က စကားဆုံးသည်နှင့် လက်မြှောက်လိုက်ပြီး ဟန်မူယဲ့ထံသို့ လက်သီးတစ်လုံး ထိုးလွှတ်လိုက်သည်။