← Chapters

အခန်း (၁၆၅၈)

Vol. 119 Ch. 1658

အခန်း (၁၆၅၈)

Vol. 119 Ch. 1658

လက်သီးကို ထိုးလွှတ်လိုက်သည့်အခါ လောကက တုန်ယင်သွားသည်။

ဟန်မူယဲ့အတွက်တော့ အစိမ်းရောင်တာအိုဝတ်စုံဝတ် ကျင့်ကြံသူထံမှ လက်သီးက မိုးမြေကို ကပြောင်းကပြန်ဖြစ်သွားအောင် ပြုလုပ်နိုင်သည်။

ထိုလက်သီးက အချင်းမိုင်တစ်သန်းဧရိယာထဲမှ မူလစွမ်းအားကို ဆွဲယူလိုက်သည်။ ထို့ကြောင့် ထိုလက်သီးချက်ထဲမှာ အဆုံးမဲ့သော ကြယ်တာရာကောင်းကင်နှင့် အကန့်အသတ်မဲ့သော တောင်တန်းက ကိန်းအောင်းနေသည်။

အရေးကြီးဆုံးမှာ ထိုလက်သီးက နှစ်သန်းပေါင်းသုံးဆယ်ကြာ စုဆောင်းထားခဲ့သော စွမ်းအား၏ စုဝေးမှု ဖြစ်သည်။

လက်သီးက အချိန်နှင့် လေဟာနယ်ကို ဖြတ်ကျော်သွားပြီး မိုးမြေတစ်လျှောက် ဖြန့်ကြက်သွားသည်။

ထိုလက်သီးက ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်ကို ဖိနှိပ်ရန်အလို့ငှာ ကောင်းကင်ဖိနှိပ်ဘုရားကျောင်းက စုဝေးထားသော အရာဖြစ်သည်။ ယင်းက မိစ္ဆာဘုရင်၏ ပြန်လည်မွေးဖွားမှုကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ထိုလက်သီးချက်က ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်အတွက် ရည်ရွယ်သည်။

သို့သော်လည်း နောင်တရစရာမှာ ယခု ရောက်ရှိလာသူက ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်မဟုတ်ဘဲ ဟန်မူယဲ့ ဖြစ်သည်။

အကယ်၍ ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင် ရောက်လာမည်ဆိုလျှင်ပင် သူက ထိုလက်သီးချက်ကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

သို့တိုင် ထိုလက်သီးချက်က ဟန်မူယဲ့ထံသို့ ကျရောက်လာသည်။

လက်သီးက ချဉ်းကပ်လာသည့်အခါ ဟန်မူယဲ့က သူ၏ လက်ကို သာမန်ကာလျှံကာ မြှောက်တင်လိုက်သည်။

သူ၏ အရှေ့တွင် မူလစွမ်းအင်အားလုံးက ထိုလက်ဝါးကြောင့် အေးခဲသွားကြသည်။

နှစ်သန်းပေါင်းသုံးဆယ်ကြာအောင် စုဝေးနေခဲ့တဲ့ မူလစွမ်းအားဖြစ်တော့ရော ဘာအရေးလဲ… ။

အချင်းမိုင်တစ်သန်းအတွင်းက မိုးမြေစွမ်းအားဖြစ်တော့ရော ဘာအရေးလဲ… ။

အကယ်၍ ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်က မုန့်ကျားဘုံမှာ မွေးဖွားလာပြီး ဘုံ၏ စွမ်းအားကို ချေးငှားသုံးမည်ဆိုလျှင် သူက သေချာပေါက် ဖိနှိပ်ခံရလိမ့်မည်။

သို့သော်လည်း ဟန်မူယဲ့က မုန့်ကျားဘုံမှာ မွေးဖွားလာသူ မဟုတ်သလို ဤဘုံမှ မူလစွမ်းအားကိုလည်း ချေးငှားမသုံးပေ။ ထို့ကြောင့် ဤနေရာမှ မူလစွမ်းအားက သူ့အပေါ် မည်သည့်သက်ရောက်မှုမှ မရှိပေ။

အစိမ်းရောင်တာအိုဝတ်စုံဝတ် ကျင့်ကြံသူ၏ လက်သီးက ဟန်မူယဲ့၏ အရှေ့မှာ ရပ်တန့်သွားသည်။

မိုးမြေကြားတွင် မူလစွမ်းအားက တစ်ဟုန်ထိုး မြှောက်တတ်လာပြီး အချင်းမိုင်တစ်သိန်းအတွင်း၌ လေနှင့် တိမ်တိုက်များက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။

ဟန်မူယဲ့က သူ၏ လက်ဝါးကို ဆုပ်လိုက်သည်။

အစိမ်းရောင်တာအိုဝတ်စုံ ဝတ်ဆင်ထားသော ကျင့်ကြံသူက တုန်ယင်သွားသည်။ သူ၏ မျက်နှာပေါ်မှာ နောင်တရသောအရိပ်အယောင် ထွက်ပေါ်လာသည်။

“ ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်ရဲ့ ပစ္စည်းက နောက်ဆုံးတော့ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းဆီပဲ ပြန်ရောက်သွားတယ်… ”

တာအိုပညာရှင်က တီးတိုးရေရွတ်လိုက်လေရာ သူ၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ထို့နောက် သုံးပေရှည်လျားသော ခြေသုံးချောင်းမီးဖိုတစ်လုံးက ထိုနေရာမှာ ထွက်ပေါ်လာသည်။

အစိမ်းရောင်ဝတ်စုံဝတ် တာအိုပညာရှင်က ခြေသုံးချောင်းမီးဖို၏ ဒြပ်ထည်ဖွဲ့စည်းမှုသာ ဖြစ်သည်။

ကောင်းကင်ဖိနှိပ်မီးဖို… ။

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး မီးဖိုပေါ်သို့ ဖိချလိုက်သည်။

အဆုံးမရှိသော မှတ်ဉာဏ်များက မီးဖိုထဲမှ ပေါ်လျှိုးလာပြီး သူ၏ အသိစိတ်ထဲသို့ တိုးဝင်လာသည်။

ဤမီးဖိုသည် မုန့်ကျားဘုံ၏ မိုးမြေမူလစွမ်းအားမှ မွေးဖွားလာသော အထွတ်အမြတ်ရတနာတစ်ခု ဖြစ်သည်။

နောက်ပိုင်းတွင် ထိုရတနာက အနက်ရောင်သံချပ်ကာဝတ် စစ်သည်တော်တစ်ယောက်၏ လက်ထဲသို့ ကျရောက်သွားသည်။ ထိုစစ်သည်တော်က မိစ္ဆာမီးတောက်များ ထိန်းချုပ်ခြင်းအတတ်ပညာကို ကျွမ်းကျင်သည်။

မိစ္ဆာမီးတောက်ချည်းသာ မဟုတ်ပေ။

ထိုစစ်သည်တော်က မီးဖိုထဲသို့ နတ်ဘုရားမီးတောက်အမျိုးမျိုးကို ထည့်သွင်းခဲ့ပြီး ယင်းတို့ကို မိစ္ဆာအလင်းဖြင့် ပေါင်းစည်းခဲ့သည်။

နှစ်ပေါင်းသန်းတစ်ရာကြာပြီးနောက် မီးဖိုက မိစ္ဆာပစ္စည်းတစ်ခုဖြစ်လာပြီး မီးဖိုထဲမှ နတ်ဘုရားမီးတောက်များက မိစ္ဆာမီးတောက်များအဖြစ် ဆင့်ကဲပြောင်းလဲသွားကြသည်။

ယင်းက မဟာမူလဘုံထံမှ နတ်ဆိုးမီးတောက်စုဝေးခြင်းနှင့် နတ်ဆိုးမီးတောက်ဆင့်ကဲပြောင်းလဲခြင်း၏ လုပ်ငန်းစဉ်နှင့် ဆင်တူသည်။

ခြားနားချက်တစ်ခုမှာ နတ်ဆိုးမီးတောက်က မီးတောက်မူလစွမ်းအားမှ ခွဲထွက်သွားသောအရာဖြစ်ပြီး မိစ္ဆာမီးတောက်က နတ်ဘုရားမီးတောက်အမျိုးမျိုး၏ ပေါင်းစည်းမှုရလဒ် ဖြစ်သည်။

အကယ်၍ ထိုအတိုင်းဆက်သွားမည်ဆိုလျှင် ကောင်းကင်ဖိနှိပ်မီးဖို၏ စွမ်းအားက မိုးမြေတစ်ခုလုံးကို မိစ္ဆာစွမ်းအားအဖြစ် ပြောင်းလဲပစ်လိမ့်မည်။ ထိုအခါကျလျှင် ဘုံတစ်ခုလုံးက မိစ္ဆာကုန်းမြေအဖြစ် ဆင့်ကဲပြောင်းလဲသွားလိမ့်မည်။

ထို့နောက် ကောင်းကင်ဖိနှိပ်မီးဖိုက ဤဘုံ၏ အစစ်အမှန်ရတနာတစ်ခု ဖြစ်လာလိမ့်မည်။ မီးဖို၏ စွမ်းအားက ဘုံတစ်ခုလုံး၏ မူလစွမ်းအားထက် သာလွန်သွားလိမ့်မည်။

ပုံရိပ်ယောင်ဖျက်ဆီးခြင်း… ။

မှန်ပေသည်။ ယင်းက ဟင်းလင်းပြင်ချိုးဖြတ်ရတနာတစ်ခု ဖြစ်လာလိမ့်မည်။

ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်သည် ကောင်းကင်ဖိနှိပ်မီးဖို၏ စွမ်းအားကို အသုံးပြု၍ မိုးမြေ၏ အတားအဆီးများကို ချိုးဖြတ်ကာ ဤမုန့်ကျားဘုံ၏ နတ်ဘုရားတစ်ပါးဖြစ်လာရန် ကြံစည်ခဲ့သည်။

သို့သော်လည်း စိတ်မကောင်းစရာမှာ ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်က ကောင်းကင်ဖိနှိပ်မီးဖိုကို အပြည့်အဝ မသန့်စင်နိုင်ခဲ့ပေ။ အဆိုးဆုံးမှာ မိစ္ဆာမီးတောက်များကို မူလမီးတောက်အဖြစ် အပြည့်အဝ သူမသန့်စင်နိုင်မီ မိစ္ဆာသုတ်သင်ခြင်းစစ်ပွဲက စတင်လာခဲ့သည်။

ရလဒ်အနေဖြင့် မိစ္ဆာသုတ်သင်ခြင်းစစ်ပွဲအတွင်းမှာ အာဏာရှင်အဆင့် ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်၏ အစစ်အမှန်ခန္ဓာကိုယ်က ပျက်စီးသွားခဲ့ပြီး သူ၏ ဝိညာဉ်က မိုးမြေကြားထဲမှာ လွင့်ပြယ်သွားခဲ့သည်။

သူသန့်စင်ခဲ့သော မိစ္ဆာမီးတောက်များက အင်အားစုအသီးသီးကြား၌ ပြန့်ကျဲသွားသည်။

ကောင်းကင်ဖိနှိပ်မီးဖိုက မိစ္ဆာသုတ်သင်ခြင်းစစ်ပွဲ၏ နောက်ဆုံးအခိုက်အတန့်မှာ ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်ကို သစ္စာဖောက်ခဲ့သောကြောင့် လွတ်မြောက်ရန် အခွင့်အရေးတစ်ခု ရရှိသွားသည်။ နောက်ဆုံးမှာ ကောင်းကင်ဖိနှိပ်မီးဖိုသည် မိစ္ဆာဘုရင်၏ ပြန့်ကျဲနေသော ဝိညာဉ်ကို ဖိနှိပ်ရန် တာဝန်ပေးအပ်ခံလိုက်ရသည်။

အမှန်မှာ မည်သူမှ ထိုမီးဖိုကို မသိမ်းယူဝံ့ကြချေ။

ပထမတစ်ချက်မှာ မည်သူမှ ထိုမီးဖိုကို မသန့်စင်နိုင်ကြပေ။ ဒုတိယတစ်ချက်မှာ ထိုမီးဖိုက ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်ကိုပင် သစ္စာဖောက်ခဲ့လေရာ မည်သူက ၎င်းကို ယုံကြည်ပေးနိုင်မည်နည်း။

ထို့ကြောင့် ကောင်းကင်ဖိနှိပ်မီးဖိုသည် ဤနေရာ၌ နှစ်သန်းပေါင်းသုံးဆယ်ကြာအောင် စောင့်ကြပ်နေခဲ့သည်။

ဟန်မူယဲ့က မီးဖိုကို သူ၏ လက်ဖဝါးပေါ်၌ ဆုပ်ကိုင်လိုက်သည်။

ထို့နောက် သူ၏ အကြည့်က ဘေးပတ်ဝန်းကျင်သို့ ကျရောက်သွားသည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်လေရာ မိစ္ဆာမီးတောက်အစုအဝေးက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။

မိစ္ဆာမီးတောက်က မီးဖိုထဲသို့ ဝင်ရောက်သွားသည့်အခါ မီးဖိုက ချက်ချင်း အနီရောင်ပြောင်းသွားသည်။

အနီရောင်မီးဖိုသည် ဟန်မူယဲ့ကို သယ်ဆောင်လျက် အဝေးသို့ ရွေ့လျားသွားသည်။

အမှန်မှာ ကောင်းကင်ဖိနှိပ်မီးဖိုက ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်ကို သစ္စာမဖောက်ခဲ့ပေ။ ယင်းအစား ၎င်းက နောက်ဆုံးအခိုက်အတန့်မှာ မိစ္ဆာဘုရင်၏ နတ်ဝိညာဉ်အမြူတေကို ထိန်းသိမ်းပေးခဲ့သည်။ သို့မှသာ မိစ္ဆာဘုရင်က ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။

ထိုနှစ်များတွင် ကောင်းကင်ဖိနှိပ်မီးဖိုသည် ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်နောက်သို့ လိုက်ခဲ့စဉ် နတ်ဘုရားအဆင့်သို့ ဝင်ရောက်ပြီး နတ်ဘုရားအဆင့် ရတနာတစ်ခုဖြစ်လာရန် အခွင့်အရေးရရှိခဲ့သည်။

အမှန်မှာ ရတနာများသည် အလွန်မြင့်သော အဆင့်တစ်ခုသို့ ရောက်ရှိသွားသည့်အခါ သက်မဲ့ပစ္စည်းအဖြစ် မသတ်မှတ်နိုင်တော့ပေ။

မိစ္ဆာမီးတောက်၏ လမ်းညွှန်မှုအောက်မှာ ဟန်မူယဲ့က မိုင်သုံးသန်းအကွာအဝေးသို့ လွတ်လပ်စွာ ရွေ့လျားသွားသည်။ မကြာမီ သူက သာမန်ရွာတစ်ရွာသို့ ရောက်ရှိသွားသည်။

ရွာ၏ မြေကွက်လပ်တစ်ခုတွင် ကလေးငယ်ဒါဇင်ခန့်က စုဝေးနေကြပြီး အတူတူ ဆော့ကစားနေကြသည်။

“ တစ်ကလုတ်… တစ်ကလုတ် ”

“ ဟေ့မြင်း သွားစမ်း ”

အရပ်ရှည်ပြီး ခန္ဓာကိုယ်ဖွံ့ထွားသော ကောင်လေးတစ်ယောက်က ပိန်ပါးသော ကောင်လေးတစ်ယောက်ကို မြင်းလုပ်၍ စီးနေသည်။

တခြားကလေးများက ဘေး၌ မတ်တတ်ရပ်နေကြပြီး အော်ဟစ်အားပေးနေကြသည်။

ဟန်မူယဲ့၏ အကြည့်က မြင်းလုပ်စီးခံနေရသော ကောင်လေးပေါ်သို့ ကျရောက်သွားသည်။

“ မိုချီ… မင်းသွားတာ လိပ်လို နှေးလိုက်တာ… ဒီအတိုင်းဆို မင်းက ငါ့မြင်းလုပ်ဖို့ အရည်အချင်းပြည့်မီတော့မှာ မဟုတ်ဘူး ”

ခန္ဓာကိုယ်ထွားကြိုင်းသော ကောင်လေးက သူ့အောက်မှ ကောင်လေး၏ ဦးခေါင်းကို ပြင်းထန်စွာ ရိုက်လိုက်သည်။

မိုချီဟူသော ကောင်လေးက တုန်ယင်သွားပြီး လဲကျသွားသည်။

“ ကြက်သွေးရောင်ကောင်းကင် ”

ဟန်မူယဲ့က အော်ပြောလိုက်သည်။

ကလေးအားလုံးက ခေါင်းမော့လိုက်ကြသည်။ သူတို့က မည်သည့်အချိန်ကမှန်းမသိ ရောက်နေသော ဟန်မူယဲ့ကို မြင်သွားသောအခါ အံ့ဩထိတ်လန့်သွားကြသည်။

ဟန်မူယဲ့၏ အရှေ့မှ ကြောက်စရာကောင်းသော အနီရောင်မိစ္ဆာမီးတောက်ကို မြင်သွားသောအခါ သူတို့က အနောက်သို့ ချက်ချင်း ဆုတ်သွားကြသည်။

“ မင်း… မင်းဘယ်သူလဲ ”

“ ငါတို့ရဲ့ မိုမိသားစုက အပြင်လူတွေကို မကြိုဆိုဘူး ”

ကလေးများက ကြောက်လန့်စွာ အော်ပြောလိုက်ကြပြီး အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးသွားကြသည်။

မြေပြင်ပေါ်မှာ လဲကျနေသော ကလေးက မတ်တတ်ရပ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူ၏ အကြည့်က ဟန်မူယဲ့၏ မိစ္ဆာမီးတောက်များအပေါ်သို့ ကျရောက်သွားသည့်အခါ ဇဝေဇဝါဖြစ်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ဒီမီးတောက်က မင်းရဲ့ ဟာပဲ ”

ဟန်မူယဲ့က မထူးမခြားနား ပြောသည်။

“ မင်းအဲ့ဒါကို ပြန်ယူနိုင်တယ် ”

ကလေးက တစ်ခဏ တုံ့ဆိုင်းနေပြီးနောက် သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။

မိစ္ဆာမီးတောက်က သူ၏ လက်ဖဝါးပေါ်သို့ ကျဆင်းသွားသည့်အခါ သိမ်မွေ့နူးညံ့သွားသည်။

“ အဲ့ဒါက ငါ့ကို တိုက်ခိုက်ဖို့ ကူညီပေးနိုင်လား ”

“ အဲ့ဒါနဲ့ဆိုရင် ညီအကိုတွေက ငါနဲ့အတူတူ ကစားပေးမှာလား ”

မိုချီဟူသော ကလေးက တီးတိုးရေရွတ်လိုက်သည်။ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ သူတို့က မင်းကို အနိုင်ကျင့်တယ်… မင်းသူတို့ကို မမုန်းဘူးလား ”

ဟန်မူယဲ့က အဝေး၌ ရပ်နေကြသော တခြားကလေးများကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

မိုချီက ခေါင်းယမ်းလိုက်သည်။

“ သူတို့က ငါနဲ့ ကစားပေးတယ် ”

“ သူတို့မရှိရင် ငါတစ်ယောက်တည်း ကစားနေရမှာ ”

ရွာသားများက အဝေးမှ ချဉ်းကပ်လာနေကြကြောင်း ဟန်မူယဲ့မြင်သောအခါ သူက မိုချီကို ပြန်ကြည့်လိုက်သည်။

အကယ်၍ မိစ္ဆာမီးတောက်၏ လမ်းညွှန်မှုကြောင့်မဟုတ်လျှင် သူက ပြန်လည်မွေးဖွားလာသော ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်ကို ရှာဖွေနိုင်လိမ့်မည် မဟုတ်ချေ။

သူ၏ နတ်ဝိညာဉ်က အလွန်အားနည်းနေသည်။ ထို့ကြောင့် သူက အတိတ်ဘဝမှ မှတ်ဉာဏ်များကို ပြန်မနိုးထနိုင်သေးပေ။

နတ်ဝိညာဉ်က သံသရာစက်ဝန်းကို အကြိမ်ပေါင်းများစွာ ဖြတ်ကျော်ခဲ့သောကြောင့် ထိုသို့အားနည်းနေခြင်း ဖြစ်သည်။

ထို့ကြောင့် ယခု သူက သာမန်သေမျိုးတစ်ယောက်နှင့် မခြားပေ။

ကံကောင်းစွာဖြင့် ဟန်မူယဲ့သည် မိစ္ဆာမီးတောက်များနှင့် ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်၏ ဝိညာဉ်အမြူတေရှိသော ကောင်းကင်ဖိနှိပ်မီးဖိုကို သူနှင့်အတူ ယူဆောင်လာခဲ့သည်။

“ မင်းဘယ်သူလဲ ”

“ ငါတို့ရဲ့ မိုမိသားစုက အပြင်လူတွေကို မကြိုဆိုဘူး ”

“ မိုချီကို ထိခိုက်အောင် မလုပ်နဲ့… မိုချီ ဒီလာခဲ့ ”

ရွာသားတချို့က အော်ပြောလိုက်ကြသည်။ သို့သော်လည်း သူတို့က ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှ အလင်းစီးကြောင်းနှင့် မိုချီ၏ လက်ထဲမှ မီးတောက်ကို မြင်သွားသောအခါ အနားသို့ မချဉ်းကပ်ဝံ့ကြချေ။

ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။

ကောင်းကင်ယံတွင် ရွှေရောင်အလင်းတန်းများက ရွေ့လျားနေကြသည်။

မိစ္ဆာသုတ်သင်စစ်တပ်များ ရောက်လာကြပြီ ဖြစ်သည်။

မိုချီသည်လည်း ခေါင်းမော့လိုက်သည်။ ဇဝေဇဝါဖြစ်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းက အမြစ်ဖြတ်သုတ်သင်ခံရတော့မယ်… မင်း ပြန်မသွားဘူးလား ”

ဟန်မူယဲ့က မိုချီကို ပြောသည်။

“ ကြက်သွေးရောင်မိစ္ဆာဂိုဏ်း… ”

မိုချီက တီးတိုးရေရွတ်လိုက်သည်။ သူ၏ မျက်နှာက ပိုပြီးဇဝေဇဝါဖြစ်သွားသည်။

“ အဲ့ဒီနာမည်က ငါနဲ့ ရင်းနှီးနေတယ်… ”

ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ ကောင်းကင်ဖိနှိပ်မီးဖိုက သူ၏ လက်ထဲမှ ပျံသန်းထွက်လာသည်။

ကောင်းကင်ဖိနှိပ်မီးဖိုက မိုချီကို ထိမှန်သွားသည့်အခါ မီးဖိုက လေထဲမှာ ပျောက်ကွယ်သွားသည်။

ထို့နောက် ရွှေရောင်မီးတောက်အစုအဝေးက မိုချီ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။

“ မင်းဘာလုပ်နေတာလဲ ”

“ ဆရာ… ကလေးက အပြစ်ကင်းပါတယ်… ကျေးဇူးပြုပြီး ရပ်လိုက်ပါ ”

မီးတောက်က မိုချီကို ဝန်းရံသွားသည့်အခါ ရွာသားများက အော်ပြောလိုက်ကြသည်။

“ မိစ္ဆာကောင်… မိုချီကို ငါတို့ဆီ ပြန်ပေး ”

မိုချီကို မြင်းလုပ်စီးခဲ့သော ကောင်လေးက ဟန်မူယဲ့ဆီသို့ ပြေးသွားသည်။

“ ရှဲ ရှဲ ”

မီးတောက်လောင်ကျွမ်းသံက ပဲ့တင်ထပ်သွားသည်။

ထို့နောက် မိုချီက မီးတောက်များကြားထဲမှ ထွက်ပေါ်လာသည်။

သူ၏ ခန္ဓာကိုယ်က မပြောင်းလဲသွားပေ။ သို့သော်လည်း ရွှေရောင်မီးတောက်အမှတ်အသားတစ်ခုက သူ၏ နဖူးပေါ်မှာ ထွက်ပေါ်လာသည်။

“ ကြက်သွေးရောင်ကောင်းကင်က ဆရာကို နှုတ်ဆက်ပါတယ် ”

မိုချီက ဟန်မူယဲ့၏ အရှေ့မှာ ဒူးထောက်လိုက်ပြီး လေးနက်စွာ အရိုအသေပေးလိုက်သည်။

“ ဆရာရဲ့ ကျေးဇူးကြောင့်မဟုတ်ရင် ကြက်သွေးရောင်ကောင်းကင်က ဘယ်တော့မှ ပြန်နိုးလာနိုင်မှာ မဟုတ်ပါဘူး ”

“ ဆရာက ကောင်းကင်ဖိနှိပ်မီးဖိုကို သိမ်းပိုက်နိုင်တယ်ဆိုတော့ သေချာပေါက် ဟင်းလင်းပြင်ချိုးဖြတ်အဆင့်ရဲ့ အထက်မှာ ဖြစ်ရပါမယ်… ကြက်သွေးရောင်ကောင်းကင်က ဆရာ့ဆီမှာ အမှုထမ်းဖို့ ဆန္ဒရှိပါတယ် ”

ဟန်မူယဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

“ ကြက်သွေးရောင်ကောင်းကင်… မုန့်ကျားဘုံကို သိမ်းပိုက်ဖို့ ငါမင်းကို တာဝန်ပေးမယ်… မင်းလုပ်နိုင်လား ”

မုန့်ကျားဘုံကို သိမ်းပိုက်ရမယ်လား… ။

ကြက်သွေးရောင်ကောင်းကင်က ခေါင်းမော့လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ ထိတ်လန့်သောအမူအရာ ထွက်ပေါ်လာသည်။

“ ဆရာ… ဆရာက နတ်ဘုရားအဆင့်မှာလား ”

“ နတ်ဘုရားအဆင့်စွမ်းအားမရှိရင် မုန့်ကျားဘုံရဲ့ မူလစွမ်းအားကို ဖိနှိပ်ဖို့ မဖြစ်နိုင်… ”

သူ၏ စကားမဆုံးခင်မှာ ဓားအလင်းတစ်ခုက ဟန်မူယဲ့၏ အရှေ့မှာ ထွန်းလင်းတောက်ပသွားသည်။

ထိုဓားအလင်း ပျံသန်းထွက်သွားသည့်အခါ မိုးမြေက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားသည်။

လျှပ်တစ်ပြက်အတွင်းမှာ မိုးမြေက ဝေဝါးသွားသည်။

မုန့်ကျားဘုံ၏ မူလစွမ်းအားက ထိုဓားအောက်မှာ ပါးလွှာသော စက္ကူတစ်ရွက်နှင့် မခြားပေ။ ယင်းက ဓားတစ်ချက်ကိုပင် မခုခံနိုင်ပေ။

“ လောကရဲ့ အထက်ရှဆုံးစွမ်းအား ”

ကြက်သွေးရောင်ကောင်းကင်က မျက်လုံးပြူးကျယ်သွားပြီး အံ့ဩထိတ်လန့်မှုက သူ၏ မျက်လုံးထဲ၌ ပြည့်နှက်သွားသည်။

“ ဓားတာအိုနဲ့ နတ်ဘုရားတစ်ပါးဖြစ်လာတဲ့လူ ဒီလောကမှာ ရှိနေတာလား ”

“ ဒီလိုသတ်ဖြတ်ခြင်းစွမ်းအားနဲ့ဆိုရင် ဘယ်သူက ခုခံနိုင်မှာလဲ… ”

“ ဓားနတ်ဘုရား… အဲ့ဒါ တကယ်ပဲလား ”

All Chapters