အခန်း (၁၆၅၉)
Vol. 119 Ch. 1659
ဟန်မူယဲ့၏ ဓားဖျားက ကြက်သွေးရောင်ကောင်းကင်၏ နဖူးပေါ်သို့ ကျဆင်းသွားသည်။
ပြိုင်ဘက်ကင်း ထက်ရှမှုက ကြက်သွေးရောင်ကောင်းကင်ကို ထိန်းချုပ်မရအောင် တုန်ယင်သွားစေသည်။
သူ၏ ဝိညာဉ်က အတိတ်၌ အာဏာရှင်အဆင့်သို့ တတ်လှမ်းခဲ့ပြီး ခြေလှမ်းဝက် ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်သို့ ရောက်ရှိခဲ့သော်လည်း ယခု သူက ဟန်မူယဲ့၏ ဓားဖျားအရှေ့မှာ ထိန်းချုပ်မရအောင် တုန်ယင်သွားသည်။
“ ဆရာ… ဒီတပည့်က ဆရာ့အတွက် မုန့်ကျားဘုံကို သိမ်းပိုက်ပေးပါမယ် ”
ကြက်သွေးရောင်ကောင်းကင်က ခေါင်းငုံ့လိုက်ပြီး ဟန်မူယဲ့ကို လေးနက်စွာ အရိုအသေပေးလိုက်သည်။
သူ၏ မျက်လုံးက ကြယ်များသဖွယ် ထိန်းလင်းတောက်ပနေသည်။
ဓားနတ်ဘုရားလမ်းစဉ်တွင် ဤလောက၏ ထက်ရှမှုအားလုံးက ခန္ဓာကိုယ်တစ်ခုတည်းမှာ စုဝေးသွားလိမ့်မည်။ ယင်းက အစွမ်းထက်ပညာရှင်တစ်ယောက်ကို မုန့်ကျားဘုံအား အလွယ်တကူ သိမ်းပိုက်နိုင်စေရန် ကူညီပေးလိမ့်မည်။
ထိုသို့ပညာရှင်တစ်ယောက်က သူ၏ နောက်ခံအဖြစ်ရှိနေလေရာ ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်ဖြစ်သည့် သူက မည်သည့်အရာကို ကြောက်နေရဦးမည်နည်း။
အတိတ်မှာ သူက မုန့်ကျားဘုံ၏ အသန်မာဆုံးပုဂ္ဂိုလ်ဖြစ်လာရန် ခြေတစ်လှမ်း ဝေးကွာခဲ့သည်။ နောက်ဆုံးအခိုက်အတန့်မှာ သူက စွမ်းအားမလုံလောက်မှုကြောင့် ကျဆုံးသွားခဲ့ရသည်။
သို့သော် ဤဘဝတွင် သူက ပိုပြီးမြင့်သော နေရာဆီသို့ တတ်လှမ်းနိုင်ရန် အခွင့်အရေးရရှိသွားသည်။
ကြက်သွေးရောင်ကောင်းကင်က ခေါင်းပြန်မော့လိုက်ပြီး သူ့အရှေ့၌ ကြောက်လန့်နေကြသော ရွာသားများနှင့် ကလေးများကို ကြည့်လိုက်သည်။
“ ငါက မိုချီ… ငါက ကြက်သွေးရောင်ကောင်းကင်လည်း ဟုတ်တယ် ”
“ တကယ်လို့ မင်းတို့ စိတ်မရှိဘူးဆိုရင် ငါ့ကို ကြက်သွေးရောင်မိစ္ဆာဂိုဏ်းမှာ လာရှာနိုင်တယ် ”
ထို့နောက် သူ၏ အကြည့်က စိုးရိမ်ကြောက်လန့်နေသော ကောင်လေးထံသို့ ရွှေ့ပြောင်းသွားသည်။ ကြက်သွေးရောင်ကောင်းကင်က လက်ဆန့်ထုတ်လိုက်ပြီး ကောင်လေး၏ ဦးခေါင်းကို ပုတ်လိုက်လေရာ ကောင်လေးက တုန်ယင်သွားသည်။
“ ခွေးကောင်လေး… မင်းက ဒီမိစ္ဆာဘုရင်ရဲ့ ဦးခေါင်းကို ရိုက်ရဲတယ် ”
ကြက်သွေးရောင်ကောင်းကင်က ကောင်လေးကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
စိတ်ခံစားမှုအရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထင်ဟပ်လာသည်။
ထို့နောက် သူက အနောက်လှည့်လိုက်လေရာ သူ၏ အရှိန်အဝါက တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။ သူ၏ ဘေးပတ်ဝန်းကျင်၌ မိစ္ဆာချီက ကောင်းကင်ပေါ်ထိ ပျံတတ်သွားသည်။
မိစ္ဆာမီးတောက်များက တဟုန်းဟုန်း လောင်ကျွမ်းသွားသည့်အခါ ပေတစ်သောင်းရှည်လျားသော မိစ္ဆာပုံရိပ်က သူ့အနောက်မှာ ထွက်ပေါ်လာသည်။ ဤသည်မှာ ထိုမိစ္ဆာပုံရိပ်က မိုးမြေကို ဆုတ်ဖြဲပစ်တော့မည့်အလားပင်။
မိစ္ဆာပုံရိပ်မှာ လက်ရှစ်ဖက်ရှိပြီး သူ၏ လက်ရှစ်ဖက်စလုံးမှာ ဓားတိုများ၊ ဓားရှည်များနှင့် လှံများကို ဆုပ်ကိုင်ထားသည်။
ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်… ။
“ ဆရာ… ကြက်သွေးရောင်မိစ္ဆာဂိုဏ်းဆီ ပြန်သွားရအောင် ”
ကြက်သွေးရောင်ကောင်းကင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ရိုသေစွာ ပြောသည်။
သူက အနောက်သို့ လှည့်လိုက်လေရာ ဤလောကတွင် မိုချီမရှိတော့ပေ။ ကြက်သွေးရောင်ကောင်းကင်သာ ရှိတော့၏။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး အလင်းစီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။
ကြက်သွေးရောင်ကောင်းကင်က မိစ္ဆာအလင်းတန်းအဖြစ် ပြောင်းလဲလိုက်ပြီး ဟန်မူယဲ့အနောက်မှ နီးကပ်စွာ လိုက်သွားသည်။
“ ငါ ကြက်သွေးရောင်ကောင်းကင်က ဒီနေ့ ပြန်လာပြီ… ငါ့ရဲ့ ရန်သူအားလုံး ရန်ကြွေးပြန်ပေးဆပ်ရမယ်… ”
“ ငါ့ရဲ့ မိတ်ဆွေဟောင်းအားလုံး… ငါအလည်လာတာကို စောင့်နေကြ… ”
ကြက်သွေးရောင်ကောင်းကင်၏ အသံက မိုင်သန်းပေါင်းများစွာ အကွာအဝေးထိ ပဲ့တင်ထပ်သွားသည်။ အသံလှိုင်း ပဲ့တင်ထပ်မှုကြောင့် တိမ်တိုက်များက လွင့်ပြယ်သွားကြသည်။
မြေပြင်ပေါ်တွင် မိုမိသားစုရွာထဲမှ ရွာသားများနှင့် ကလေးငယ်များသည် ထိုမြင်ကွင်းကြောင့် အံ့ဩထိတ်လန့်သွားကြပြီး မျက်လုံးပြူးကျယ်သွားကြသည်။
“ မိစ္ဆာဘုရင်… သူက မိစ္ဆာဘုရင် ”
“ ရွာသူကြီး… မိုချီက မိစ္ဆာဘုရင်… ”
ရွာသားများအားလုံးက ရွာသူကြီးထံသို့ လှည့်ကြည့်လိုက်ကြသည်။
ရွာသူကြီးက သက်ပြင်းချလိုက်ပြီး ဘေးပတ်ဝန်းကျင်မှ လူများကို ဝေ့ဝိုက်ကြည့်လိုက်သည်။
“ အားလုံးပဲ အထုပ်အပိုးတွေ သွားပြင်ကြ… ကြက်သွေးရောင်မိစ္ဆာဂိုဏ်းဆီ ငါတို့သွားကြမယ် ”
“ အဲ့ဒီမှာ ငါတို့သေသွားမယ်ဆိုရင်တောင် အနည်းဆုံးတော့ အခုလိုသေမျိုးဘဝထက် သာလိမ့်မယ် ”
…..
သွေးသမင်မြို့တော်… ။
ဟွမ်ခြောက်သည် သူတစ်ယောက်တည်းအားဖြင့် ခြေလှမ်းဝက် သံသရာစက်ဝန်းအဆင့် ကျင့်ကြံသူများ၊ သံသရာစက်ဝန်းအဆင့် အစွမ်းထက်ကျင့်ကြံသူနှစ်ယောက်ဖြင့် ရင်ဆိုင်တိုက်ခိုက်နေသည်။
မုန့်ကျားဘုံ၏ မူလစွမ်းအားက အာဏာရှင်အဆင့်ထိ ထောက်ပံ့ပေးနိုင်သည်။ သို့သော်လည်း အာဏာရှင်အဆင့်ထက် သာလွန်သော ကျင့်ကြံခြင်းအဆင့်များကိုတော့ မုန့်ကျားဘုံက လက်မခံနိုင်ပေ။
သို့ဖြစ်၍ မုန့်ကျားဘုံတွင် သံသရာစက်ဝန်းအဆင့်က အစွမ်းထက်ဆုံးဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုံတစ်ခုလုံးတွင် သံသရာစက်ဝန်းအဆင့် အစွမ်းထက်ကျင့်ကြံသူများက တစ်ရာမကျော်ပေ။
ဤသို့အချိန်တိုလေးအတွင်းမှာ သံသရာစက်ဝန်းအဆင့် အစွမ်းထက်ကျင့်ကြံသူနှစ်ယောက်က မိစ္ဆာသုတ်သင်စစ်ပွဲအတွက် သွေးသမင်မြို့တော်ဆီသို့ ရောက်လာကြလေရာ သူတို့က ဤကိစ္စအပေါ် မည်မျှအလေးအနက်ထားနေကြောင်း မြင်နိုင်ပေသည်။
“ ဗုန်း ”
ဟွမ်ခြောက်က သူ၏ လှံကို လွှဲယမ်းလိုက်ပြီး ဖူချန်းတာအိုပညာရှင်၏ မီးခိုးရောင်မြင်းမြှီးတုတ်ကို ခုခံတားဆီးလိုက်သည်။
မြင်းမြှီးတုတ်၏ ဘေးပတ်ဝန်းကျင်၌ မိုးမြေကို ဖျက်ဆီးပစ်နိုင်သော မီးခိုးရောင်အလင်းက ရစ်ခွေသွားသည်။ မူလစွမ်းအားက သိပ်သည်းသွားပြီး မဟာတာအိုစွမ်းအားက ပေါ်လျှိုးထွက်လာသည်။
မြင်းမြှီးတုတ်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည့်အခါ ဟွမ်ခြောက်၏ ခန္ဓာကိုယ်က အနောက်သို့ လွင့်စင်သွားပြီး လေထဲမှာ ရပ်တန့်သွားသည်။
သူ၏ အနောက်မှ လက်ရှစ်ဖက်နတ်မိစ္ဆာပုံရိပ်၏ အကူအညီဖြင့်ပင် ဟွမ်ခြောက်က ရန်သူ၏ မြင်းမြှီးတုတ်ကို မချိုးဖြတ်နိုင်ပေ။
“ ငါက အစွမ်းထက်မိစ္ဆာဘုရင်တစ်ပါး ထွက်ပေါ်လာတာလို့ ထင်နေတာ… အခုကျတော့လည်း ဘာမှမဟုတ်ပါလား ”
မြင်းမြှီးတုတ်ကိုင်ထားသော ဖူချန်းတာအိုပညာရှင်က သရော်လှောင်ပြောင်စွာ ပြောသည်။ ထို့နောက် သူက အေးတိအေးစက် ပြုံးလိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
“ မဟာမူလတာအိုကို တာဝန်ယူထားကြတဲ့ အဲ့ဒီလူတွေက ချဲ့ကားပြောရတာကို ကြိုက်ပြီး သူရဲဘောကြောင်ကြတယ်… သူတို့က မိစ္ဆာလမ်းစဉ် ပြန်လည်နိုးထလာပြီး မုန့်ကျားဘုံကို ဝါးမျိုသွားမှာကို ကြောက်နေကြတယ်… တကယ် အဲ့ဒီအတိုင်းပဲ ”
“ သူရဲဘောကြောင်တဲ့ သောက်အဖိုးကြီးတွေ… ဒီလိုမိစ္ဆာကျင့်ကြံသူတစ်ယောက်ကိုတောင် မရင်ဆိုင်ရဲကြဘူး ”
ဖူချန်းတာအိုပညာရှင်က သူ၏ မြင်းမြှီးတုတ်ဖြင့် ဟွမ်ခြောက်ကို ချိန်ရွယ်လိုက်ပြီး အော်ရယ်လိုက်သည်။
“ မင်းကို ငါဖမ်းဆီးပြီး ဂိုဏ်းကြီးတွေဆီ ပို့ဆောင်ပစ်မယ်… မိစ္ဆာကျင့်ကြံသူက ဘာမှမဟုတ်ဘူးဆိုတာ သူတို့တွေကို ငါသက်သေပြမယ် ”
သူ၏ စကားဆုံးသွားသည်နှင့် မြင်းမြှီးတုတ်မှ ချည်မျှင်များက အဆုံးမဲ့စွာ ရှည်လျားသွားကြပြီး ဟွမ်ခြောက်၏ ခန္ဓာကိုယ်ကို ဝန်းရံလိုက်ကြသည်။
အရေအတွက် အကန့်အသတ်မဲ့သော ချည်မျှင်များက ဟွမ်ခြောက်ကို ရစ်ပတ်သွားနေကြောင်း မြင်သောအခါ ကမ္မအဆင့် တခြားကျင့်ကြံသူများက ခပ်ရေးရေး ပြုံးလိုက်ကြသည်။
အစိမ်းရောင်သံချပ်ကာ ဝတ်ဆင်ထားသော သံသရာစက်ဝန်းအဆင့် တခြားကျင့်ကြံသူက သူ၏ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ အပြုံးရိပ်ယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ချည်မျှင်များက ဟွမ်ခြောက်ကို ရစ်ပတ်သွားသည်နှင့် ရွှေရောင်အလင်းပိုးအိမ်တစ်ခုအဖြစ် ချက်ချင်း ဖွဲ့စည်းသွားသည်။
“ မိစ္ဆာဘုရင်ကို ကာကွယ်ကြ ”
“ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းရဲ့ အမွေအနှစ် ဒီနေ့ အဆုံးသတ်သွားမယ်ဆိုရင်တောင် သေတဲ့အထိ ငါတို့တိုက်ခိုက်ကြမယ် ”
သွေးသမင်မြို့တော်၏ ဘေးပတ်ဝန်းကျင်မှ ကောင်းကင်ယံတွင် မိစ္ဆာချီက တစ်ဟုန်ထိုး မြှောက်တတ်လာပြီး အော်သံများက ပဲ့တင်ထပ်သွားသည်။
ဟူကျွင်းဦးဆောင်လာသော ကြက်သွေးရောင်မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများက အရှေ့သို့ အမြန်ချီတတ်လာနေကြသည်။ ၎င်းတို့ထံမှ မိစ္ဆာစိတ်ဆန္ဒနှင့် သွေးချီက အဆုံးစွန်ထိ မြှောက်တတ်သွားသည်။
သံသရာစက်ဝန်းအဆင့် အစွမ်းထက်ကျင့်ကြံသူများနှင့် ထိပ်တိုက် ရင်ဆိုင်ခြင်းက ကိုယ့်ဘာသာ သေလမ်းရှာခြင်းဖြစ်ကြောင်း ၎င်းတို့သိကြသည်။
သို့တိုင် ၎င်းတို့က နောက်ဆုံးအချိန်ထိ အသေခံတိုက်သွားရန် ဆန္ဒရှိကြသည်။
“ ကြက်သွေးရောင်မိစ္ဆာဂိုဏ်း ပုန်းလျှိုးနေတာ အချိန်အတော်ကြာသွားပြီ… ဒီနေ့လို တိုက်ပွဲမှာ သေရတာက ငါတို့အတွက် ဂုဏ်ယူစရာပဲ… ”
“ ဟီး ဟီး… မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေက ရက်စက်ကြမ်းကြုတ်တယ် မောက်မာထောင်လွှားတယ်လို့ သူတို့ပြောကြတယ်… တကယ်တော့ ငါတို့မိစ္ဆာကျင့်ကြံသူတွေက သေရမှာကို မကြောက်တဲ့ စစ်မှန်တဲ့ မဟာတာအိုကျင့်ကြံသူတွေပဲ ”
မိစ္ဆာပုံရိပ်များက သွေးသမင်မြို့တော်ဆီသို့ ချီတတ်သွားကြသည်။ သို့သော်လည်း ၎င်းတို့က မြို့တော်အနားသို့ မချဉ်းကပ်နိုင်ကြချေ။ ၎င်းတို့က မြို့တော်အပြင်ဘက်မှ ရွှေရောင်အလင်းအကာအကွယ်ဖြင့် တားဆီးခံလိုက်ကြရသည်။
တာအိုပညာရှင်ရှစ်ယောက်က လေထဲမှာ မတ်တတ်ရပ်နေရင်း အလွန်အားကောင်းသော သွေးချီစွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့က အချင်းမိုင်တစ်ထောင်အတွင်းမှ မူလစွမ်းအားကို ဆွဲယူလိုက်ပြီး အကာအကွယ်အလွှာတစ်ခုအဖြစ် ဖွဲ့စည်းထားကြသည်။
ထိုအကာအကွယ်အလွှာက ဟူကျွင်းနှင့် တခြားလူများကို တားဆီးရုံသာမက သူတို့၏ ခန္ဓာကိုယ်ကိုလည်း အကျဉ်းချလိုက်သည်။
“ မင်းတို့ပုရွက်ဆိတ်တွေက ကောင်းကင်ဘုံကို အန်တုချင်နေတာလား ”
“ ဒီနေ့ ငါတို့တွေ မိစ္ဆာတွေကို သုတ်သင်ပစ်ကြမယ်… ကြက်သွေးရောင်မိစ္ဆာဂိုဏ်းကို ဒီလောကကနေ ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ် ”
မိုးမြေကို ဖုံးလွှမ်းထားသော အကာအကွယ်အလွှာက ရွှေရောင်ချိပ်တံဆိပ်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး အောက်သို့ ကျဆင်းလာသည့်အခါ အော်သံများ ထွက်ပေါ်လာသည်။
သို့သော်လည်း ထိုချိပ်တံဆိပ် ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် ကြက်သွေးရောင်ကောင်းကင်၏ အော်သံက မိုးမြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
“ ငါ ကြက်သွေးရောင်ကောင်းကင်က အတိတ်က ရန်ကြွေးတွေကို ပြန်ဆပ်ဖို့ ပြန်လာပြီ ”
“ ငါ့ရဲ့ မိတ်ဆွေဟောင်းတွေ ငါအလည်ရောက်လာတာကို စောင့်နေကြ ”
ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင် ပြန်ရောက်လာပြီ… ။
ကမ္ဘာတုန်ဟီးစေသော ဟိန်းသံက သွေးသမင်မြို့တော်ထဲမှ အစွမ်းထက်ကျင့်ကြံသူများကို မျက်နှာပျက်ယွင်းသွားစေသည်။
သူတို့က ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်နှင့် တစ်ခါမှ မျက်နှာချင်းမဆိုင်ဖူးသော်လည်း အတိတ်၌ ထိုမိစ္ဆာဘုရင်က သူတစ်ယောက်တည်းဖြင့် မုန့်ကျားဘုံတစ်ခုလုံးကို သိမ်းပိုက်ရန် ကြံစည်ခဲ့ဖူးကြောင်း သူတို့သိကြသည်။
ထိုသို့အစွမ်းထက်ပုဂ္ဂိုလ်သည် သံသရာစက်ဝန်းအဆင့်သို့ မရောက်ရှိသေးသော သူတို့ ခုခံတားဆီးနိုင်သောအရာ မဟုတ်ပေ။
“ အမြန် အနောက်ဆုတ်ကြဟေ့ ”
တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။ သူတို့က မိစ္ဆာဘုရင်ကို ထိပ်တိုက် မရင်ဆိုင်ဝံ့ကြချေ။
“ အားလုံးပဲ စိတ်အေးအေးထားကြ… ငါတို့တွေ အတူပူးပေါင်းပြီး ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်ကို သတ်ပစ်မယ်… သူက အခုမှ ပြန်ရောက်လာတာ… အတိတ်တုန်းကလို အစွမ်းထက်ဦးမှာ မဟုတ်ဘူး ”
ဓားရှည်ကိုင်ထားသော သံသရာစက်ဝန်းအဆင့် တာအိုပညာရှင်က ဟူကျွင်းနှင့် တခြားလူများထံသို့ ဓားချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။
ထိုဓားချက်က မိစ္ဆာကျင့်ကြံသူများကို တိုက်ရိုက် သတ်ပစ်နိုင်သည်။
“ မင်းရဲ့ ပြိုင်ဘက်က ငါလေ ”
ရုတ်တရက် အော်သံတစ်သံက သူ့အနောက်မှ ထွက်ပေါ်လာသည်။
လူတိုင်းက တုန်ယင်သွားကြသည်။ သူတို့က အနောက်သို့ လှည့်ကြည့်လိုက်လေရာ ဟွမ်ခြောက်ကို မြင်သွားကြသည်။ ဟွမ်ခြောက်သည် သူတို့သတိမထားမိဘဲ အကန့်အသတ်မဲ့သော အလင်းချည်မျှင်ပိုးအိမ်ထဲမှ မည်သည့်အချိန်ကမှန်းမသိ ရုန်းထွက်နိုင်ခဲ့သည်။
ဟွမ်ခြောက်၏ ဘေးပတ်ဝန်းကျင်တွင် ပုံရိပ်ယောင်အလင်းစီးကြောင်းတစ်ခု လှည့်ပတ်နေသည်။ ထိုအလင်းစီးကြောင်းဖြင့် ထိတွေ့သွားသော အရာအားလုံးက ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားကြသည်။
“ ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအား… ညီလေးဟန်က ဒီလိုအရာကိုတောင် အလွယ်ထုတ်ပေးနိုင်တယ် ”
ဟွမ်ခြောက်က နှုတ်ခမ်းသပ်လိုက်သည်။ သေခြင်းရှင်ခြင်းအခက်အခဲမှ လွတ်မြောက်လာပြီး အဆင့်တတ်သွားသော ခံစားချက်ကို သူနှစ်ချိုက်သည်။
ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကို သူလျော့တွက်ခဲ့မိသည်။
ဟန်မူယဲ့ပေးခဲ့သော ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့က သူ့အား သံသရာစက်ဝန်းအဆင့်သို့ တိုက်ရိုက် တတ်လှမ်းသွားစေသည်။
သူက မြင်းမြှီးတုတ်ကိုင်ထားသော တာအိုပညာရှင်နှင့် ဓားရှည်ကိုင်ထားသော တာအိုပညာရှင်ကို စူးစိုက်ကြည့်လိုက်သည်။
ထိုနှစ်ယောက်က သံသရာစက်ဝန်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
“ မင်းတို့နှစ်ယောက်စလုံး ငါ့ဆီ တစ်ပြိုင်တည်း တတ်လာခဲ့ကြ ”
“ မင်းတို့ကို ရုန်းကန်ဖို့ အခွင့်အရေးတစ်ခု ငါပေးမယ် ”
ဟွမ်ခြောက်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏ အနောက်တွင် နတ်မိစ္ဆာပုံရိပ်က ပေါက်ကွဲသွားပြီး အနက်ရောင်မိစ္ဆာနဂါးအဖြစ် အသွင်ပြောင်းလဲသွားကာ ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။
သံသရာစက်ဝန်းအဆင့်… ။
ဟွမ်ခြောက်က သူ၏ လှံကို အရှေ့သို့ ထိုးစိုက်လိုက်လေရာ ရွှေရောင်နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဘယ်လိုသေရမလဲ ငါမင်းတို့ကို သင်ပေးမယ် ”
ဓားရှည်ကိုင်ထားသော တာအိုပညာရှင်နှင့် မြင်းမြှီးတုတ်ကိုင်ထားသော တာအိုပညာရှင်က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် သူတို့က တစ်ပြိုင်နက် ရွေ့လျားလိုက်ကြပြီး ဟွမ်ခြောက်ဆီသို့ ပြေးသွားကြသည်။
သူတို့က နှစ်ယောက်တစ်ယောက် တိုက်ခိုက်ရန် ဆန္ဒမရှိကြချေ။ ယင်းက သူတို့၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေလိမ့်မည်။ သို့သော် ဟွမ်ခြောက်ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက အလွန်အားကောင်းလေရာ သူတို့မှာ ပူးပေါင်းရုံမှလွဲ၍ တခြားရွေးချယ်စရာ မရှိပေ။
တိုက်ပွဲအတွင်းမှာ မိစ္ဆာကျင့်ကြံသူတစ်ယောက်က ကမ္မအဆင့်မှ ချိုးဖြတ်သွားပြီး သံသရာစက်ဝန်းအဆင့်သို့ ဝင်ရောက်သွားသည်။ ထိုသို့ထူးဆန်းသော ပုံပြင်က ယခု အမှန်တကယ်ဖြစ်လာသည်လော။
သံသရာစက်ဝန်းအဆင့် ကျင့်ကြံသူနှစ်ယောက်က သူ့ဆီသို့ ပျံသန်းလာနေကြောင်း မြင်သောအခါ ဟွမ်ခြောက်က စိတ်လှုပ်ရှားစွာ အော်ရယ်လိုက်သည်။ သူက လက်ထဲမှ လှံရှည်ကို အကြမ်းပတမ်း လွှဲယမ်းလိုက်သည်။
“ အားနည်းလိုက်တာ ”
“ အရမ်းအားနည်းတာပဲ ”