← Chapters

နာမည်အသစ် တွင်စေမည်

Vol. 90 Ch. 1256

နာမည်အသစ် တွင်စေမည်

Vol. 90 Ch. 1256

မန်ဟိုသည် မျိုးနွယ်စုအိမ်သို့ တိတ်ဆိတ်စွာ ပြန်လှည့်လာ၏။ သူက ရောက်သောအခါ ယခုလေးတင် ကယ်ခဲ့သော လူငယ်ကို လူကြီးများလက်ထဲ ထည့်ပေးပြီးနောက် အဝတ်အစားများကို သပ်သပ်ရပ်ရပ်လုပ်၍ သူ့အဘွားအခန်းဆီ သွားလိုက်သည်။

သူက ချက်ချင်းမဝင်ဘဲ လက်ယှက်ပြီး လေးလေးနက်နက် အရိုအသေပေးပြီးနောက် ဦးညွတ်လျက် ရပ်နေသည်။

အတန်ကြာသော် တံခါးပွင့်လာပြီး သက်လတ်ပိုင်းအမျိုးသမီးသုံးယောက်က သူ့ကို စူးစမ်းနေသော အမူအရာများဖြင့် ကြည့်ရင်း ရှေ့ဆင့်နောက်ဆင့် ထွက်လာကြသည်။ ထို့နောက် ရှေးကျသောအသံတစ်သံက အခန်းအတွင်းထဲမှ ထွက်လာ၏။

“ဝင်လာခဲ့”

မန်ဟိုက နောက်တစ်ကြိမ် ဦးညွတ်ပြီးနောက် အထဲဝင်ကာ တံခါးကို ပြန်စေ့လိုက်သည်။

သူ ခေါင်းပြန်မော့လိုက်သည့်အခါ ကုလားထိုင်တွင် ထိုင်နေသည့် ဘွားဘွားမန်ကို မြင်လိုက်ရသည်။ သူမသည် သေမျိုးတစ်ယောက်ထက် အားနည်းနေပုံပေါက်သော်လည်း တစ်ချိန်တည်းမှာပင် တည်ကြည်လေးနက်နေပြီး မာန်အပြည့်ရှိနေ၏။ သူမမျက်ဝန်းများမှာ မှေးမှိန်နေသော်လည်း သူမ၏အကြည့် လူတစ်ယောက်အပေါ် ရောက်လာသည့်အခါ ရှိန်စဖွယ်ကောင်းသည်။

သူမ၏ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်နေသော အဘိုးအိုနှစ်ယောက်လည်း အတော်လေး သက်သာလာခဲ့သယောင်ပင်။ သူတို့က အပြုံးအရယ်ကင်းမဲ့သောအမူအရာများဖြင့် မန်ဟို့ကို ကြည့်နေကြသည်။

ပထမဆုံး စကားပြောလိုက်သူက သူ့အဘွားဖြစ်သည်။ သူမသည် သူ့ကို ကြည့်ကာ ဖြေးဖြေးချင်း မေး၏။ “မင်းက ဘယ်သူလဲ”

သူမအသံသည် သူမ၏ကျင့်ကြံခြင်းအခြေခံမှ အားဖြည့်ပေးခြင်း မခံထားရသော်ငြား ပတ်ဝန်းကျင်ရှိ သဘာဝနိယာမများကို တဖွေးဖွေးလှုပ်လာစေသည့် အစွမ်းတစ်မျိုးရှိဟန်တူသည်။ သူမအသံကို ကြားလိုက်ရသည့် မည်သူမဆို ၎င်းတွင် ပါဝင်နေသော လျှို့ဝှက်ဆန်းကြယ်ဖိအား၏ သက်ရောက်မှုကို ခံစားရလိမ့်မည်။

“ဂါဝရပြုပါတယ် ဘွားဘွားမန်၊ ဂါဝရပြုပါတယ် ဘိုးဘိုးလေးတို့။ ကျွန်တော်က မန်ဟိုပါ....” မန်ဟိုက ဒူးထောက်၍ ဦးခိုက်ဂါဝရပြုလိုက်သည်။

လူအိုကြီးများမှာ မန်ဟို အမေဘက်မှအမျိုးများအတွက် အခေါ်အဝေါ်များကို အသုံးပြုလိုက်ကြောင်း သဘောပေါက်လိုက်သဖြင့် သိသိသာသာ အံ့အားသင့်သွားကြလေသည်....

“မင်းက...” မန်ဟို၏အဘွားမှာ မှင်သက်သွားပုံရသည်။ သူမသည် တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး မယုံနိုင်ဖြစ်သွားဟန်ရှိ၏။ မန်ဟိုက ထရပ်လိုက်ပြီး ထိုသို့ထရပ်လိုက်စဉ် သူ၏မျက်နှာသည် မန်ချိန်၏မျက်နှာမှ သူ့မျက်နှာအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။

ထို့နောက် သူက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ပြား ထုတ်ကာ သူ့အဘွားအား တရိုတသေ ကမ်းပေးလိုက်သည်။ ထို့နောက် ကျောက်စိမ်းပြားထဲသို့ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအား ထည့်သွင်းလိုက်သည့်အခါ ၎င်းမှ မှန်သားပြင်တစ်ခုအား လေပေါ်သို့ ဖြန့်ကျက်လိုက်သည်။ ထိုမှန်သားပြင်ထက်တွင် အမျိုးသမီးတစ်ယောက်၏မျက်နှာ ရှိသည်၊ ၎င်းကား ... မန်ဟို့အမေမှတစ်ပါး အခြားမဟုတ်ပေ။

ထို့နောက် လူအိုကြီးသုံးယောက် ကြည့်နေစဉ် သူသည် လျှာထိပ်ကို ကိုက်၍ သွေးစက်တစ်စက်အား ကျောက်စိမ်းပြားအပေါ် ကျစေလိုက်၏။ ကျောက်စိမ်းပြားကို ၎င်းကို စုပ်ယူရင်း သွေးရောင်ပြောင်းလာသည်။

ဤကျောက်စိမ်းပြားကို သူ့အမေမှ သူ ထွက်မသွားခင် ပေးခဲ့ခြင်းဖြစ်သည်။ သူ့အမေသည် သူမမိသားစုဘက်မှ အမျိုးများနှင့် တိုက်တိုက်ဆိုက်ဆိုင် ဆုံတွေ့ခဲ့သည်ရှိသော် သူ မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြဖို့ ၎င်းကို သုံးရန် မှာကြားခဲ့လေသည်။

မန်ဟို့အဘွားမှာ တသိမ့်သိမ့်တုန်လာပြီး သူမ၏ဘေးတစ်ဖက်တစ်ချက်ရှိ အဘိုးအိုနှစ်ယောက်မှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားလာပုံရသည်။ အမှန်တွင် သူတို့၏တစ်ဘဝလုံးတွင် ဤမျှစိတ်လှုပ်ရှားဖူးသည့် အကြိမ်အရေအတွက်အား လက်ချိုးရေ၍ပင် ရလေသည်။

“လီလီ... မင်းက .... မင်းက လီလီရဲ့သားလေး ဖန်-မန်ဟိုလား....” သူ့အဘွားသည် မောဟိုက်စွာ အသက်ရှူရင်း သူ့ကို ကြည့်နေသည်။ ရုတ်တရက် တစ်စုံတခုဖြစ်သွားသည့်အလား သူမတစ်ကိုယ်လုံး တုန်ရီသွား၏။ “သားရဲ့အမေ အဆင်ပြေရဲ့လား...”

မန်ဟိုက ချက်ချင်း ရှေ့တက်၍ သူ့အဘွားကို ကူထူပေးလိုက်သည်။ “ဘွားဘွားမန်၊ အမေက နဝမတောင်ပင်လယ်မှာ ကျန်းကျန်းမာမာနဲ့ ဘေးမသီရန်မခ ရှိနေပါတယ်”

“အဲဒီကလေးမ ကျန်းမာနေဖို့ အန္တရာယ်ဖို့က အရေးအကြီးဆုံးပါကွယ်....” သူ့အဘွားက မျက်ရည်များစီးကျနေလျက် ခပ်တိုးတိုးလေး ပြောသည်။ သူမသည် နွေးထွေးကြင်နာသောမျက်ဝန်းများဖြင့် မန်ဟို့ကို ကြည့်ရင်း တုန်ရီနေသော သူမ၏လက်ကို မြှောက်၍ မန်ဟို့ပါးကို ဖြစ်သည်။ “မြေးလေးက သိပ်လိမ္မာတဲ့ကလေးလေးပါလား။ ဘာလို့ ဒီကိုရောက်လာတာလဲ။ မန်ချိန်လေးရော”

မန်ဟိုက သက်ပြင်းချပြီးနောက် သူ အဋ္ဌမတောင်ပင်လယ်သို့ မည်သို့ရောက်လာခဲ့ပုံ၊ မန်ချိန်နှင့် မည်သို့ဆုံတွေ့ခဲ့ရပုံတို့ကို ရိုးရိုးရှင်းရှင်း ပြောပြလိုက်သည်။

သူ့အဘွားနှင့် ဘိုးဘိုးလေးနှစ်ယောက်သည် သူ ဝိညာဉ်နက်အဖွဲ့အစည်းအား အမြစ်ဖြုတ်၍ တာအိုသခင်များနှင့် အစွမ်းထက်ပညာရှင်များအား မည်ကဲ့သို့ သုတ်သင်ခဲ့ကြောင်း ကြားလျှင် မျက်လုံးများ ပြူးကုန်ကြတော့၏။

ထို့နောက် မန်ချိန်၏ နောက်ဆုံးစကားများကို ကြားသောအခါ သူတို့၏မျက်လုံးများ မှေးမှိန်သွားကြသည်။

“ချိန်အာလည်း သိပ်လိမ္မာတဲ့ကလေးလေးတစ်ယောက်ပါ....”

တခဏကြာ တိတ်ဆိတ်သွားပြီးနောက် မန်ဟိုက အဘိုးအဘွားများကို ကြည့်၍ မေးသည်။ “ဘွားဘွားမန် ဘိုးဘိုးလေးတို့၊ ဘာတွေ ဒီမှာဖြစ်ပျက်ခဲ့တာလဲ ကျွန်တော် သိပ်သိချင်မိပါတယ်။ ဘာ့ကြောင့် ကျွန်တော်တို့ သွေးဆက်က အခုလိဆင်းရဲနေတာလဲ။ အဘိုးအဘွားတို့ကိုယ်ထဲက အဲဒီဆူးနက်တွေက ဘာတွေလဲ။ ပြီးတော့... ဘယ်သူက အဘွားတို့ကို အဆိပ်ခတ်ခဲ့တာလဲ။ ကျန်တဲ့စီနီယာမျိုးဆက်တွေရော ဘယ်ရောက်သွားလဲ”

သူတို့က တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာ ကြည့်ပြီးနောက် မန်ဟို့ဘိုးဘိုးလေးနှစ်ယောက်အနက်မှ တစ်ယောက်က သက်ပြင်းချပြီး ရှင်းပြလေသည်။

“မင်းရဲ့ ဘိုးဘိုးမန်က နဝမတောင်ပင်လယ်ကို သွားပြီးတဲ့နောက်ပိုင်း ပြန်ရောက်မလာခဲ့ဘူး။ ဘိုးဘိုးတို့ သတင်းရတာဆိုလို့ အဲဒီကိစ္စက ပတ်သက်နေတယ်ဆိုတာပဲရှိတယ်။ အဲဒီနောက်မှာ မင်းရဲ့ဘိုးဘိုးဖန်နဲ့ သူလည်း ပျောက်သွားတယ်တဲ့

“မင်းဘိုးဘိုးပျောက်သွားတာက မျိုးနွယ်စုအပေါ် သက်ရောက်မှုတချို့တော့ ရှိပေမယ့် ပျက်စီးစေလောက်တဲ့အထိတော့ မဟုတ်ဘူး။ အဲဒီတုန်းက မင်းဘိုးဘိုးအပါအဝင် ဘိုးဘိုးညီအစ်ကို ခုနစ်ယောက် ရှိခဲ့တဲ့အပြင် သားတွေ၊ မြေးတွေလည်း အများကြီးပဲ။ တစ်ယောက်မှ တာအိုနယ်ပယ်အဆင့်မဟုတ်ခဲ့ပေမယ့် ရှေးဟောင်းနယ်ပယ်အဆင့်တော့ တော်တော်များများ ရောက်ထားကြတယ်။ ဘိုးဘိုးတို့သာ မျိုးနွယ်စုခေါင်းဆောင်နေရာအတွက် မယှဉ်ပြိုင်ရင် မျိုးနွယ်စုမှာ ပဋိပက္ခတွေ မဖြစ်လောက်ဘူးလို့ ထင်ခဲ့တာပေါ့လေ။ ဘယ်သူက တစ်ညတည်းနဲ့ အကုန်ပြောင်းလဲသွားလိမ့်မယ်လို့ ထင်ခဲ့မှာလဲကွယ်

“အဲဒီည မျိုးနွယ်စုထဲမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေက သတင်းပြန့်မသွားခဲ့ပေမယ့် ... အဲဒီညဟာ မန်မျိုးနွယ်စု အမြင့်ကနေ ထိုးကျသွားခဲ့တဲ့ အခိုက်အတန့်ပဲ...

“လျှို့ဝှက်ဆန်းကြယ်တဲ့ကျင့်ကြံသူတွေက မျိုးနွယ်စုထဲက သစ္စာဖောက်တွေနဲ့အတူ ကျူးကျော်တိုက်ခိုက်ခဲ့ကြတယ်။ တိုက်ပွဲက ကြီးမားတဲ့အပြင် ဘိုးဘိုးတို့ရဲ့ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးနှစ်ယောက် အသတ်ခံလိုက်ရတယ်။ ကျန်တဲ့နှစ်ယောက်လည်း ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး အခုထိတောင် အရှင်းမသက်သာသေးဘူး

“ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူအများကြီး သေဆုံးကြရပြီး အင်မော်တယ်နယ်ပယ်မျိုးနွယ်ဝင်အားလုံးနီးပါး အသတ်ခံခဲ့ကြရတယ်....

“ဘိုးဘိုးတို့ သွေးဆက်ကတော့ ဒီနေရာကို ကပ်သီလေး လွတ်အောင် ပြေးလာနိုင်ခဲ့ပေမယ့် ... ဒီရောက်တော့ လျှို့ဝှက်ဆန်းကြယ်တဲ့ပညာရှင်ကိုးယောက်က ဘိုးဘိုးတို့အတွက် သီးသန့်စောင့်နေခဲ့ကြတယ်လေ။ ဘိုးဘိုးတို့ရဲ့ ညီအစ်ကိုအားလုံး သေသွားပြီး မင်းရဲ့ဦးလေးအများစုလည်း အသတ်ခံခဲ့ရတယ်။ မိန်းမတွေနဲ့ ကလေးတွေပဲ ကျန်ခဲ့ကြတာပေါ့.....

“အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်ကိုးယောက် ဘိုးဘိုးတို့သွေးဆက်ကို တစ်ယောက်မကျန် သုတ်သင်ချင်တဲ့အပြင် ဘိုးဘိုးတို့ကို သတ်တဲ့ပုံက ကျန်တဲ့အရန်သွေးဆက်တွေထက် အများကြီးပိုရက်စက်တယ်။ ပြောရရင် ဘိုးဘိုးတို့သွေးဆက်ကို အစကတည်းက ပစ်မှတ်ထားခဲ့သလိုပဲ

“အဲဒီလိုသေရေးရှင်ရေးဖြစ်နေတဲ့အချိန်၊ တစ်ယောက်မကျန် အသတ်ခံရတော့မယ့်အချိန် ... ဘိုးဘေးရုပ်တုကြီးက တောက်ပလာပြီး ဖိအားတစ်ခုကို ထုတ်လွှတ်ခဲ့တယ်။ ဖိအားက လျှို့ဝှက်ဆန်းကြယ်တဲ့ပညာရှင်ကိုးယောက်ကို ထွက်သွားဖို့ ပြောနေတဲ့ အော်သံကြီးအဖြစ် ပြောင်းလဲသွားခဲ့တယ်။ သူတို့က မောင်းအထုတ်မခံရခင် ဆူးကိုးဆူးအသွင်ပြောင်းဖို့ သူတို့အသက်ကိုသူတို့ ပြန်သတ်ဖို့တောင် ဝန်မလေးခဲ့ကြဘူး။ အဲဒီဆူးတွေက ပွားလာပြီးတော့ ဘိုးဘိုးတို့ရဲ့ ကျင့်ကြံခြင်းအခြေခံတွေကို ချိတ်ပိတ်ထားရင်း ခန္ဓာကိုယ်မှာ စိုက်နေခဲ့ကြတာပဲ

“အဲဒီနေ့ကစပြီး မန်မျိုးနွယ်စုဟာ အင်အားဆုတ်ယုတ်လာခဲ့ပြီး ဘိုးဘိုးတို့သွေးဆက်ကတော့ ကျင့်ကြံသူအားလုံး ဆုံးရှုံးလိုက်ရတယ်။ ဘိုးဘေးစံအိမ်ကို ပြန်ချင်ကြပေမယ့် အခုလက်ရှိ မန်မျိုးနွယ်စုရဲ့ သွေးဆက်ကိုးဆက်က အဲ့ဒီနေရာကို သိမ်းပိုက်ထားနှင့်ပြီးပြီ

“အဲဒါနဲ့ ဘိုးဘိုးတို့လည်း ဒီနေရာမှာ အခြေချပြီး ကျင့်ကြံခြင်းအခြေခံတွေကို ကုစားဖို့ကလွဲလို့ ရွေးစရာမရှိခဲ့ဘူး။ ဒါပေမဲ့ ကံဆိုးချင်တော့ တစ်ရက်ပြီးတစ်ရက် အားနည်းလာခဲ့ကြတယ်။ တစနဲ့တစ လူတွေ သေလာကြပြီး မကြာခင် မသေရဖို့ မျက်လုံးတောင်မပိတ်ဘဲ တောင့်ခံနိုင်တယ်ဆိုရုံကလေးပဲ တောင့်ခံနိုင်တော့တယ်။ အကြီးပိုင်းမျိုးဆက်တစ်ဆက်လုံး အနိုင်ကျင့်ခံ၊ အရှက်ခွဲခံရရင်းနဲ့ အသက်မနည်းဆက်နေရတော့ အသက်ရှင်ကျန်ခဲ့တဲ့ မင်းရဲ့ဦးလေးနှစ်ယောက်ခမျာလည်း အဲဒီစိတ်တွေနဲ့ လုံးပါးပါးနေခဲ့တာပဲ”

ဇာတ်လမ်းကို နားထောင်ပြီးနောက် မန်ဟိုသည် တိတ်ဆိတ်စွာ ရပ်နေ၏။ အဖြေက ရှင်းသလို၊ ဖြစ်ရပ်တစ်ခုလုံး မည်မျှဝမ်းနည်းဖွယ်ကောင်းကြောင်း သူ ခံစားကြည့်နိုင်သည်။

“ဘွားဘွားမန် ကျွန်တော် ဘွားဘွားရဲ့ဒဏ်ရာတွေကို ကုစားပေးနိုင်မယ် ထင်တယ်။ ဒါမဲ့ အချိန်တော့ နည်းနည်းလိုတယ်” ရုတ်တရက် သူက တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ဆက်မေးသည်။ “အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူကိုးယောက်က မဟုတ်မှ စစ်ပုဆိန်တစ်လက်ကို ဆင့်ခေါ်တဲ့ ပူးပေါင်းမှော်သိုင်းကွက်မျိုး သုံးတာလား”

ချက်ချင်းဆိုသလို သူ့ဘွားဘွားနှင့် ဘိုးဘိုးလေးတို့သည် သူ့ကို ထိတ်လန့်စွာ ကြည့်၏။

“ဟုတ်တယ် အဲဒီမှော်သိုင်းကွက်မျိုးကို သူတို့ သုံးခဲ့ကြတယ်" သူ့ဘွားဘွားက ဖြေသည်။ “ဒါပေမဲ့ စစ်ပုဆိန်တစ်လက်တည်း မဟုတ်ဘူး။ သုံးလက်ဆင့်ခေါ်ခဲ့တာ။ မြေးလည်း အဲဒီလိုအရာမျိုး မြင်ခဲ့ဖူးတာလား”

မန်ဟိုလည်း မန်မျိုးနွယ်စုနှင့်အတူ ပြန်လာခဲ့တုန်းက အဖြစ်အပျက်ကို ပြောပြလိုက်သည့်အခါ လူအိုသုံးယောက်၏မျက်နှာများ ရိပ်ခနဲဖြစ်သွားကြတော့သည်။

“သူတို့ ပြန်လာနေကြပြီပေါ့လေ....” သူ့ဘွားဘွားက ပြောသည်။

သူတို့၏မျက်နှာအမူအရာများကို မြင်လျှင် မန်ဟိုသည် မချုပ်တည်းနိုင်တော့ဘဲ မေးလိုက်၏။

“ဘွားဘွားမန်၊ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အနက်ဝတ်လူတွေ... ဘယ်ကလာတာလဲ ဘွားဘွားသိလား”

စစချင်း လူအိုသုံးယောက်က မဖြေ။ နောက်ဆုံးတော့ သူ့အဘွားက သက်ပြင်းချပြီး ပြောသည်။ “သတ္တမတောင်ပင်လယ်”

စကားလုံးများ သူ့နားထဲ ဝင်ရောက်လာသည်နှင့် မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူသည် သူ့အဘွားနှင့် သူမမျက်နှာပေါ်ရှိ လေးနက်သောအမူအရာကို ကြည့်ရင်း အတွေးများဖြတ်ပြေးသွား၏။ နောက်ဆုံးတော့ အရာအားလုံးက စာလုံးငါးလုံးအဖြစ် ပြောင်းလဲသွားသည်.....

“တောင် ပင် လယ် စစ် ပွဲ ...” သူက တစ်လုံးချင်း ပြောလိုက်၏။

လူအိုကြီးသုံးယောက်မှာ ဆိတ်ဆိတ်သာ နေနေကြသည်။

မန်ဟို့စိတ်နှလုံး တုန်ရီသွားလေသည်။ သူသည် တောင်ပင်လယ်များအကြား စစ်ဖြစ်လာနိုင်ခြေကို တွေးမိလျှင်ချင်း ပြောလိုက်၏။ "ဘွားဘွားမန်၊ ဘိုးဘိုးတို့။ နဝမတောင်ပင်လယ်မှာ ဖန်မျိုးနွယ်စုက အင်မတန် အင်အားကြီးလာခဲ့ပါပြီ။ ကျွန်တော် ဘိုးဘိုးတို့ကို နဝမတောင်ပင်လယ်ဆီ ခေါ်သွားပြီး အဲဒီနေရာမှာ ဦးပြန်မော့နိုင်အောင် ကူညီပေးနိုင်ပါတယ်”

“ဟိုအာ” သူ့အဘွားက ပြောသည်။ “မြေးရဲ့ ရည်ရွယ်ချက်က ကောင်းမွန်ပေမယ့် မန်မျိုးနွယ်စုက ဘွားဘွားတို့ရဲ့ အိမ်ပဲ၊ ဘွားဘွားတို့ လက်မလျှော့နိုင်ဘူး”

သူ့ဘိုးဘိုးလေးနှစ်ယောက်သည်လည်း သံမဏိကိုပင် ဖြတ်တောက်နိုင်လောက်အောင် ပြတ်သားသောလေသံဖြင့် ပြောသည်။ “ငါတို့က ဒီမှာမွေးတာ၊ ဒီမှာပဲ သေမယ်”

မန်ဟိုက ဘာမှထပ်ပြောပေ။ သူက လက်ယှက်အရိုအသေပေးရင်း မန်ချိန်အဖြစ် ပြန်ပြောင်းလိုက်သည်။ ထွက်သွားခါနီးအချိန်တွင် သူသည် တည်ငြိမ်စွာ ပြောလိုက်၏။ "ဘွားဘွားမန်၊ အကယ်၍ တောင်ပင်လယ်စစ်ပွဲသာ ဖြစ်လာခဲ့ရင် ကျွန်တော်က ဘွားဘွားတို့ကို အတတ်နိုင်ဆုံး ကာကွယ်ပေးမှာပါ။ ဒါပေမဲ့ ကျွန်တော် မကာကွယ်ပေးနိုင်ရင်တော့ ကျွန်တော့်အကြံအတိုင်း ကျေးဇူးပြုပြီး ဒီနေရာကနေ ထွက်သွားကြပါ။ ပြန်လာဖို့ သင့်တော့်မယ်အခွင့်အရေးကို စောင့်ပေးပါ”

ထို့နောက် မန်ဟိုသည် အခန်းထဲမှ လမ်းလျှောက်ထွက်ပြီး အိမ်ဝင်းထဲရှိ သွေးဆက်တူမျိုးနွယ်ဝင်များကို ကြည့်လိုက်၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးဆက်ဘိုးဘေးအိမ်နှင့် ၎င်းပတ်ပတ်လည်ရှိ မြေကြီးများသည် တည်ရှိနေခဲ့သော ကုန်းမြေထံမှ ခွဲထုတ်ခံလိုက်ရသဖြင့် တဝုန်းဝုန်းမြည်သံများ ထွက်လာသည်။

မန်ဟိုက မီတာသုံးသောင်းအကျယ်အဝန်းကို ခွဲထုတ်ပြီးနောက် သူ၏သိုလှောင်အိတ်ကို ပုတ်၍ အင်မော်တယ်ကျောက်စိမ်းတစ်တုံးပြီးတစ်တုံးအား ပျံထွက်သွားစေသည်။ ၎င်းတို့ကို လေလယ်တွင် စီတန်းရင်း သူသည် မုဒြာလက်ကွက်တစ်ကွက်ဖော်၍ လက်ညှိုးထိုးလိုက်ရာ အင်မော်တယ်ကျောက်စိမ်းများသည် မြေကြီးထဲ ထိုးဝင်သွားကြ၏။

မြေကြီးကို ထိလိုက်သော ကျောက်စိမ်းတစ်တုံးတိုင်း ကြေမွသွားကာ အဆုံးမဲ့အင်မော်တယ်ချီများကို မိုးပေါက်များသဖွယ် ဖွားခနဲ ထွက်သွားစေသည်။ မျက်စိတစ်မှိတ်အတွင်း ဧရိယာတစ်ခုလုံးကား အံ့မခန်းလိလိ သိပ်သည်းနေသော အင်မော်တယ်ချီများဖြင့် ပြည့်နှက်သွားလေပြီ။

ထို့နောက် မန်ဟိုသည် လက်ကို မြှောက်၍ ဖမ်းဆုပ်သည့်ဟန် လုပ်လိုက်သည်။ ဝုန်း...... မည်သည့်အင်မော်တယ်ချီမှ စိမ့်ထွက်မသွားအောင် ဧရိယာတစ်ခုလုံး ချိတ်ပိတ်ခံလိုက်ရသည်။

ဤအခြင်းအရာက သူ့သွေးဆက်၏ ပိုင်နက်ဧရိယာကို အင်မော်တယ်ဗိမာန်သဖွယ် ဖြစ်လာစေသည်။

ကျင့်ကြံသူများအတွက် ဤနေရာတွင် ကျင့်ကြံအားထုတ်ခြင်းအားဖြင့် အတိုင်းအဆမဲ့သော အကျိုးအမြတ်များကို ရရှိလိမ့်မည်။ ဤနေရာတွင် တစ်ရက် တရားထိုင်ခြင်းသည် အပြင်တွင် တစ်လထိုင်ခြင်းနှင့် ညီမျှပေသည်။ သို့သော် မန်ဟိုကား မကျေန်ပသေး။ သူက သူ၏သိုလှောင်အိတ်ကို ပုတ်ကာ ပို၍ပင်များပြားသော အင်မော်တယ်ကျောက်စိမ်းများ ထုတ်လိုက်သည်။ ကျောက်စိမ်းတုံးများ ကြေမွသွားတိုင်း အင်မော်တယ်ချီ၏အရည်အသွေးသည် ပိုမိုမြင့်တက်လာ၏။

ယခုတွင် ဤနေရာ၌ တစ်ရက်တရားထိုင်ခြင်းက အပြင်တွင် နှစ်လထိုင်ခြင်းနှင့် ညီမျှသွားလေပြီ။

ပတ်ပတ်လည်ရှိ သွေးဆက်တူမျိုးနွယ်ဝင်များမှာ လုံးလုံးလျားလျား အံ့အားသင့်နေကြတော့သည်။ အခန်းထဲရှိ လူအိုသုံးယောက်အပြင် သက်လတ်ပိုင်းအမျိုးသမီးသုံးဦးလည်း ပါးစပ်အဟောင်းသားနှင့် မန်ဟို့အား ကြည့်နေကြသည်။ ထို့နောက် မန်ဟို၏ဘွားဘွားနှင့် ဘိုးဘိုးလေးနှစ်ယောက်သည် ဝိညာဉ်နက်ခေါင်းဆောင်ကြီးနှင့် တာအိုနယ်ပယ်ပညာရှင်များအား သတ်ခဲ့ကြောင်း သူ ပြောပြခဲ့သည်ကို ပြန်တွေးပြီး အကြွင်းမဲ့ ယုံကြည်သွားကြတော့၏။

အနီးနားရှီ အခန်းနှစ်ခန်းက ရုတ်တရက် ပွင့်လာပြီး ယောက်ျားနှစ်ယောက် လမ်းလျှောက်ထွက်လာသည်။ သူတို့သည် သိပ်မအိုသေးသော်လည်း အသားရေခြောက်ကပ်နေသလို မျက်လုံးများလည်း မှေးမှိန်နေရာ အလွန်အိုသည့်ပုံပေါက်နေတော့သည်။ နှစ်ယောက်လုံး နေ့အလင်းရောင်ထဲ ရက်ပေါင်းများစွာ ထွက်မလာခဲ့သကဲ့သို့ ပိန်ချုံးချုံးနှင့်အားနည်းနေပြီး အရက်နံ့ပင် ထွက်နေသည်။ လောလောဆယ်တွင် သူတို့သည် အင်မော်တယ်ချီများကို ငူငူကြီး ကြည့်နေကြ၏။

ဤနှစ်ယောက်ကား မန်ဟို့ဦးလေးများ... သွေးဆက်၏ ဒုတိယစီနီယာမျိုးဆက်မှ အသက်ရှင်ကျန်ခဲ့သူများ ဖြစ်လေသည်။

“မန်ရူ” မန်ဟိုက အေးစက်သောမျက်ဝန်းများဖြင့် တည်ငြိမ်စွာ ပြောသည်။ “တခြားအိမ်တွေမှာ အစေခံလုပ်နေတဲ့ ငါတို့သွေးဆက်ရဲ့ မျိုးနွယ်ဝင်အားလုံးကို သွားရှာချည်။ သူတို့ကို ပြောလိုက်... အိမ်ပြန်လာတော့လို့။ တစ်ယောက်ယောက် ညီမလေးကို တားရင် ငါ့ကို ချက်ချင်း ပြော” သတ္တမတောင်ပင်လယ်မှ ကျင့်ကြံသူများ၏ ပေါ်ပေါက်လာမှုက တောင်ပင်လယ်စစ်ပွဲတစ်ပွဲ အစပျိုးနေပြီဟု ဆိုလိုသည်။ ထိုအခြင်းအရာက မန်ဟို၏အစီအစဉ်များကို ပြောင်းလဲသွားစေ၏။ သူသည် သူ့အဘိုး၏သွေးဆက်ကို အရိပ်များအောက်မှ ဦးပြန်မော့လာနိုင်အောင် ဦးဆောင်တော့မည်မဟုတ်။ ထို့အတွက် အချိန်မရှိပေ။

သူ၏ဆုံးဖြတ်ချက်အသစ်က မည်သူမှ ဤသွေးဆက်ကို မထိပါးရဲအောင် ကျယ်လောင်စွာ ကြေညာဖို့၊ အဓိကဇာတ်ဆောင်ဖြစ်လာဖို့ပင်။

နာမည်အသစ်တွင်ဖို့ အချိန်ကား ကျရောက်လာခဲ့လေပြီ။

All Chapters