အခန်း (၁၆၆၀)
Vol. 119 Ch. 1660
အားနည်းလိုက်တာ… ။
အဆင့်တူတွင် ဟွမ်ခြောက်က မည်သူ့ကိုမှ မကြောက်ပေ။
သူ၏ မိစ္ဆာကျင့်ကြံခြင်းအတတ်ပညာက အလွန်အမင်း ကြောက်စရာကောင်းသည်။
သူက အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး သူ၏ လက်ထဲတွင် ဤလောက၏ ထိပ်တန်းအဆင့် လှံကို ဆုပ်ကိုင်ထားသည်။
မုန့်ကျားဘုံသို့ သူစစရောက်ခဲ့စဉ်က ဘုံ၏ မူလစွမ်းအားဖြင့် ဖိနှိပ်ခံခဲ့ရသည်။ ထို့ကြောင့် သူ၏ တိုက်ပွဲစွမ်းအားက သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် မညီမျှခဲ့ပေ။
ယခု သူ၏ တိုက်ပွဲစွမ်းအားက သံသရာစက်ဝန်းအဆင့် သူ၏ ကျင့်ကြံခြင်းနှင့် ညီမျှသွားလေရာ နှစ်ယောက်တစ်ယောက် ရင်ဆိုင်ရမည်ကိုပင် သူမကြောက်တော့ချေ။
“ သေစမ်း ”
ဟွမ်ခြောက်က တိုးညင်းစွာ ဟိန်းဟောက်လိုက်လေရာ သူ့အနောက်မှ မိစ္ဆာပုံရိပ်က ပျောက်ကွယ်သွားသည်။ သူ၏ လှံရှည်က သံသရာစက်ဝန်းအဆင့် တာအိုကျင့်ကြံသူတစ်ယောက်၏ ဓားရှည်ဖြင့် ထိပ်တိုက် တွေ့ဆုံသွားသည်။
ဓားရှည်က ပြင်းထန်စွာ တုန်ယင်သွားပြီး ကျယ်လောင်သော မြည်သံဖြင့် ပေါက်ကွဲသွားသည်။ ဓားကိုင်ထားသော တာအိုပညာရှင်က မျက်နှာဖြူဖျော့သွားပြီး သူ၏ သွေးချီစွမ်းအားက ပရမ်းပတာ လှုပ်ခတ်သွားသည်။ သူ၏ ခန္ဓာကိုယ်က အနောက်သို့ ထိန်းချုပ်မရအောင် လွင့်စင်သွားသည်။
မူလစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ အမြန်ကုန်ဆုံးသွားလေရာ သူ၏ မျက်နှာက ပြာနှမ်းသွားသည်။
“ ငါ့ရဲ့ လှံတစ်ချက်ကိုတောင် မတောင့်ခံနိုင်ဘူးလား… သံသရာစက်ဝန်းအဆင့်ကို မင်းဘယ်လိုရောက်လာတာလဲ ငါသံသယဖြစ်မိတယ် ”
ဟွမ်ခြောက်က သရော်လှောင်ပြောင်စွာ ရယ်လိုက်သည်။ သူက လှံရှည်ကို အရှေ့သို့ ထိုးလွှတ်လိုက်သည်။
“ ကြည့်ရတာ မင်းတို့က ဘဝပေါင်းများစွာ ရှင်သန်နေခဲ့တဲ့ ကျင့်ကြံသူတွေ ဖြစ်ရမယ်… မင်းတို့က အတိတ်ဘဝက မှတ်ဉာဏ်တွေနဲ့ အတွေ့အကြုံတွေကို အသုံးပြုပြီး ဒီဘဝမှာ သံသရာစက်ဝန်းအဆင့်ကို တတ်လှမ်းခဲ့ကြတာမလား ”
သူ၏ စကားက ဓားကျိုးကိုင်ထားသော တာအိုပညာရှင်နှင့် မြင်းမြှီးတုတ်ကိုင်ထားသော တာအိုပညာရှင်ကို မျက်နှာသုန်မှုန်သွားစေသည်။
ဟွမ်ခြောက်၏ စကားက မမှားပေ။
သူတို့က ယခင်ဘဝများ၏ အတွေ့အကြုံများကို အသုံးပြု၍ ဤဘဝမှာ သံသရာစက်ဝန်းအဆင့်သို့ တတ်လှမ်းခဲ့ကြသည်။
ထိုသို့နည်းလမ်းကြောင့် သူတို့က သံသရာစက်ဝန်းအဆင့် ကျင့်ကြံသူများဖြစ်သော်လည်း သံသရာစက်ဝန်းအဆင့်၏ စွမ်းအားတစ်ဝက်ကိုသာ ထုတ်လွှတ်နိုင်ကြသည်။
ထို့ကြောင့် ယခု သူတို့က ဟွမ်ခြောက်နှင့် ထိပ်တိုက် ရင်ဆိုင်ရသောအခါ လှံတစ်ချက်ကိုပင် မခုခံနိုင်ကြချေ။
“ ဘယ်လိုတောင် မောက်မာတာလဲ… မိစ္ဆာသုတ်သင်စစ်ပွဲက စတင်နေပြီ… မကြာခင် မင်းနဲ့ မင်းရဲ့ အမျိုးတွေအားလုံး ငရဲပြည်သွားကြရလိမ့်မယ် ”
မြင်းမြှီးတုတ်ကိုင်ထားသော တာအိုပညာရှင်က ဒေါသတကြီး အော်ပြောသည်။ သူက အမြန်အနောက်ဆုတ်သွားပြီး ဓားကျိုးကိုင်ထားသော တာအိုပညာရှင်ကို ဒိုင်းကာအဖြစ် အသုံးပြုလျက် ထွက်ပြေးသည်။
ဟွမ်ခြောက်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူက ထိုနှစ်ယောက်ကို လိုက်မဖမ်းပေ။ ယင်းအစား သူက ဘေးပတ်ဝန်းကျင်မှ တာအိုပညာရှင်များကို လှည့်ကြည့်လိုက်သည်။ မိစ္ဆာအလင်းတန်းက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
ထိုတာအိုပညာရှင်များ၏ ကျင့်ကြံခြင်းက သံသရာစက်ဝန်းအဆင့်၏ အောက်မှာ ဖြစ်ကြသည်။ သို့ဖြစ်လေရာ သူတို့က ဟွမ်ခြောက်ထံမှ တိုက်ခိုက်မှုတစ်ခုကိုပင် မတောင့်ခံနိုင်ကြချေ။
ဟွမ်ခြောက်က သူ၏ လှံရှည်ကို ဝှေ့ယမ်းလိုက်ပြီး မိုးမြေကြားမှ မူလစွမ်းအားကို ဆွဲယူလိုက်သည်။ သူ၏ လှံချက်အောက်မှာ အချင်းမိုင်တစ်ထောင်အတွင်းမှ လေဟာနယ်က အကျဉ်းချခံလိုက်ရသည်။
“ ငါက မကြာသေးခင်ကမှ သံသရာစက်ဝန်းအဆင့်ကို တတ်လှမ်းထားတာ… ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံအုတ်မြစ် တည်ငြိမ်ဖို့အတွက် မိုးမြေစွမ်းအားကို ဝါးမျိုဖို့ လိုအပ်တယ်… အဲ့ဒီတော့ မင်းတို့ကို ငါဝါးမျိုရမလား ဒါမှမဟုတ် ငါ့ဆီမှာ အညံ့ခံမလား ”
ဝါးမျိုခံမည်လော သို့မဟုတ် အညံ့ခံမည်လော… ။
သူတို့မှာ ရွေးချယ်စရာရှိသေးသလော… ။
မုတ်ဆိတ်ဖြူတာအိုပညာရှင်တစ်ယောက်က သက်ပြင်းရှည်ကြီးချလိုက်ပြီး အရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ အဆုံးမဲ့သော အင်မော်တယ်အလင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ ဤသည်မှာ သူက ပေါက်ကွဲသွားတော့မည့်အလားပင်။
“ စီနီယာအကိုကြီး ”
“ စီနီယာအကိုကြီး… မင်းမလုပ်ရဘူး ”
သူ့အနောက်မှ တခြားတာအိုပညာရှင်များက အထိတ်တလန့် အော်ပြောလိုက်ကြသည်။
မုတ်ဆိတ်ဖြူတာအိုပညာရှင်က ခေါင်းခါလိုက်သည်။ သူက တည်ငြိမ်သော အမူအရာဖြင့် ဟွမ်ခြောက်ဆီသို့ ချဉ်းကပ်သွားသည်။
“ ငါ့ရဲ့ ကျောက်စိမ်းတာအိုဂိုဏ်းက ခေတ်အဆက်ဆက် ရှင်သန်ခဲ့ပြီး မရေမတွက်နိုင်တဲ့ အမွေအနှစ်တွေကို ဖြန့်ကြက်ခဲ့တယ်… ငါတို့ဂိုဏ်းက မုန့်ကျားဘုံရဲ့ ရှေးအကျဆုံး ဂိုဏ်းတွေထဲက တစ်ခုဖြစ်တယ် ”
“ ငါ ယုမင်ဇီက နှစ်သန်းပေါင်းရှစ်ဆယ်ကြာ ကျင့်ကြံခဲ့ပြီး ကမ္မအဆင့်ကို ရောက်ခဲ့တယ်… ဒီလောကရဲ့ အရာအားလုံးမှာ အကြောင်းနဲ့ အကျိုးရှိတယ်ဆိုတာကို ငါနားလည်ခဲ့တယ် ”
သူက လမ်းလျှောက်နေခြင်းကို ရပ်လိုက်ပြီး သူ့အပေါ်မှ နတ်မိစ္ဆာပုံရိပ်ကို မော့ကြည့်လိုက်သည်။ ထို့နောက် ယုမင်ဇီ၏ ခန္ဓာကိုယ်ပေါ်မှ အင်မော်တယ်အလင်းက မှေးမှိန်သွားသည်။ သူက အင်္ကျီကို မလိုက်ပြီး မြေကြီးပေါ်မှာ ဒူးထောက်လိုက်သည်။
“ ဒီနေ့ ငါယုမင်ဇီက အဲ့ဒီကမ္မကို ခံယူမယ် ”
“ ငါအညံ့ခံပါတယ် ”
အညံ့ခံတယ်လား… ။
အနောက်မှ တာအိုပညာရှင်များသည် မြေကြီးပေါ်မှာ ဒူးထောက်နေသော ယုမင်ဇီကို ကြည့်နေရင်း ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
သူတို့တွေးထားကြသည်မှာ သူတို့၏ စီနီယာအကိုကြီးက…
ကောင်းပြီ… ။
ဒါဆို အညံ့တာပေါ့… ။
သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ပြိုင်နက် အရိုအသေပေးလိုက်ကြသည်။
ယခုအချိန်မှ အညံ့မခံလျှင် သူတို့က မည်သည့်အချိန်မှ အညံ့ခံမည်နည်း။ စီနီယာအကိုကြီး၏ ဦးဆောင်မှုက အကောင်းဆုံး အကြောင်းပြချက် မဟုတ်ပါလော။
ကျောက်စိမ်းတာအိုဂိုဏ်း ခေတ်အဆက်ဆက် တည်ရှိနိုင်ရသည့် အကြောင်းအရင်းမှာ သူတို့၏ လိုက်လျောညီထွေနေနိုင်သော စွမ်းရည်ကြောင့် မဟုတ်ပါလော။
တာအိုပညာရှင်များက သူ့အရှေ့မှာ ဒူးထောက်လိုက်ကြောင်း မြင်သောအခါ ဟွမ်ခြောက်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ ထို့နောက် မိစ္ဆာအလင်းတန်းများက ထိုတာအိုပညာရှင်များကို လွှမ်းခြုံသွားသည်။
“ ဘာမှမစိုးရိမ်ကြနဲ့… ငါ့ရဲ့ ကောင်းကင်မိစ္ဆာတာအိုလမ်းစဉ်က မင်းတို့ကို တာအိုကျင့်ကြံခြင်းထက် ပိုပြီးသာလွန်တဲ့ အနာဂတ်ကို ပေးလိမ့်မယ် ”
“ ငါ့ရဲ့ အမွေအနှစ်တွေကို လက်ခံမယ်ဆိုရင် မင်းတို့တွေ သံသရာစက်ဝန်းအဆင့်ကို တတ်လှမ်းနိုင်ကြလိမ့်မယ်… အမှန်တော့ မင်းတို့ဆီမှာ အာဏာရှင်အဆင့်ကို တတ်လှမ်းနိုင်ဖို့ အခွင့်အရေးတောင် ရှိလိမ့်မယ် ”
သူက အခိုင်အမာ ပြောကြားသည်။
…..
ဟန်မူယဲ့က ကြက်သွေးရောင်ကောင်းကင်နှင့် ပြန်ရောက်လာသည့်အခါ မိစ္ဆာအလင်းက သွေးသမင်မြို့တော်ကို ဖုံးလွှမ်းနေကြောင်း သူမြင်သွားသည်။
ဟွမ်ခြောက်၊ ဟူကျွင်းနှင့် အချင်းမိုင်တစ်သောင်းအတွင်းမှ မိစ္ဆာကျင့်ကြံသူအားလုံးက သွေးသမင်မြို့တော်ထဲမှာ စုဝေးနေကြပြီး သူတို့၏ မိစ္ဆာအတတ်ပညာများကို တစ်မြို့လုံးဆီသို့ လက်ဆင့်ကမ်းပေးကြသည်။
မြို့တော်၏ ကောင်းကင်တစ်ခွင်လုံးမှာ မိစ္ဆာမီးတောက်များဖြင့် ပြည့်နှက်နေသည်။ ယင်းကို မြင်သောအခါ ဟန်မူယဲ့က ခေါင်းခါလိုက်သည်။
သူ့အတွက်တော့ သွေးသမင်မြို့တော်က မိစ္ဆာမြို့တော်အဖြစ် ပြောင်းလဲသွားခြင်းက အရေးမကြီးပေ။
သူက မုန့်ကျားဘုံကို ကမ္ဘာဦးဘုံအား အဆင့်မြှင့်တင်နိုင်မည့် ခြေနင်းကျောက်တုံးအဖြစ် အသုံးပြုရန် စီစဉ်ထားသည်။
ကမ္ဘာဦးဘုံကို သူ၏ မဟာပန်သွန်ကိုယ်ပွားက သယ်ဆောင်ထားခြင်းမှာ ရေရှည်ပြဿနာဖြေရှင်းနည်း မဟုတ်ပေ။
သူက ကမ္ဘာဦးဘုံကို ၎င်းဘာသာ ရပ်တည်နိုင်သည်အထိ အင်အားကြီးမားစေချင်သည်။
ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်၏ ပြန်ရောက်လာမှုကြောင့် ကြက်သွေးရောင်မိစ္ဆာဂိုဏ်းထဲမှာ အော်ဟစ်ချီးမြှောက်သံများဖြင့် ပြည့်နှက်သွားသည်။
ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်က ကလေးပုံစံဖြင့် ဆက်ရှိနေသေးပြီး ဟန်မူယဲ့ကို “ ဆရာ ”ဟု ခေါ်နေကြောင်း ဟွမ်ခြောက်မြင်သောအခါ မိစ္ဆာဘုရင်အား သတ်ပစ်မည့် သူ၏ အတွေးကို စွန့်လွှတ်လိုက်သည်။
“ ဘာမှမစိုးရိမ်နဲ့… မင်းသာ သေချာကျင့်ကြံမယ်ဆိုရင် မင်းရဲ့ ဆရာဦးလေးက မင်းကို တစ်ကွက်နှစ်ကွက်လောက် သင်ကြားပေးမှာပါ ”
ဟွမ်ခြောက်က ကြက်သွေးရောင်ကောင်းကင်မိစ္ဆာဘုရင်၏ ပခုံးကို ပုတ်လိုက်ပြီး ပြောသည်။
ကြက်သွေးရောင်ကောင်းကင်က အမြန်ဦးညွတ်လိုက်ပြီး သဘောတူလိုက်သည်။
သူ့မှာ တခြားရွေးချယ်စရာမရှိပေ။
ဤအခိုက်အတန့်မှာ သူက အတိတ်မှ တိုက်ပွဲစွမ်းအားကို ပြန်မရရှိသေးသလို သူက ဟွမ်ခြောက်၏ ပြိုင်ဘက်မဟုတ်သေးပေ။
ထို့ပြင် ဟွမ်ခြောက်က သူ့ဆရာကို ညီလေးဟန်ဟု ခေါ်နေသည်။
ဟန်မူယဲ့ ထုတ်ဖော်ပြခဲ့သော နတ်ဘုရားအဆင့် ဓားချက်က သူ့အား အရိုးခိုက်ခိုက်တုန်အောင် ချမ်းစိမ့်စေခဲ့သည်။
…..
သွေးသမင်မြို့တော်ထဲတွင် မိစ္ဆာအလင်းက ကောင်းကင်ပေါ်ထိ မြှောက်တတ်နေသည်။ အချင်းမိုင်တစ်သောင်းဧရိယာထဲမှ မိစ္ဆာလမ်းစဉ်အားလုံးက သွေးသမင်မြို့တော်ထဲမှာ စုဝေးသွားကြသည်။
အချင်းမိုင်တစ်သောင်းဧရိယာ၏ အပြင်ဘက်တွင် စစ်ပွဲမီးလျှံများက တောင်တန်းများနှင့် မြစ်ချောင်းများထံမှ မြှောက်တတ်လာနေသည်။
ယင်းက မိစ္ဆာသုတ်သင်စစ်ပွဲအတွက် ပြင်ဆင်နေသော လက္ခဏာဖြစ်သည်။
မုန့်ကျားဘုံထဲတွင် တစ်ခါမှ မဖြစ်ဖူးသော မဟာစစ်ပွဲတစ်ပွဲ ဖြစ်လာရန် တာဆူနေသည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့သည် ဟဲယန်စွန်းနှင့် တခြားလူများကို သယ်ဆောင်လျက် မှော်ယာဉ်ပျံတစ်စင်းနှင့်အတူ မုန့်ကျားဘုံထဲမှ တိတ်တဆိတ် ထွက်သွားသည်။
ဟန်မူယဲ့အတွက်တော့ မုန့်ကျားဘုံ၏ မိုးမြေအတားအဆီးအလွှာက ဘာမှမဟုတ်ပေ။
“ စီနီယာအကိုဟန်… မုန့်ကျားဘုံရဲ့ ဘေးပတ်ဝန်းကျင်မှာ ကြယ်သုံးထောင်နဲ့ ကမ္ဘာငယ်ငါးထောင့်သုံးရာ ရှိပါတယ်… အဆင့်နိမ့်ဘုံတွေက ရှစ်ရာကျော်ရှိပါတယ် ”
မှော်ယာဉ်ပျံပေါ်တွင် ဟဲယန်စွန်းက စိတ်ခံစားချက်ပြင်းပြစွာ ပြောသည်။
“ ကမ္ဘာဦးဘုံရဲ့ စွမ်းအားက အဲ့ဒီအဆင့်နိမ့်ဘုံရှစ်ရာထဲက ဘယ်ဘုံနဲ့မဆို တန်းတူညီမျှပါတယ် ”
အကယ်၍ တစ်စုံတစ်ယောက်က တခြားဘုံများထံသို့ ခြေမချဖူးလျှင် မိုးမြေ၏ ကျယ်ပြောမှုကို မည်သည့်အခါမှ မြင်နိုင်လိမ့်မည် မဟုတ်ချေ။
ယခု သူက အပြင်လောကသို့ ရောက်ဖူးသွားသည့်အခါ ကမ္ဘာဦးဘုံဖြစ်စေ သို့မဟုတ် အသူရာကောင်းကင်ဘုံဖြစ်စေ ယင်းတို့က မိုးမြေ၏ အသင်္ချေဘုံများထဲမှ ဖုန်မှုန့်တစ်ခုသာဖြစ်ကြောင်း သူနားလည်သွားသည်။
“ ကမ္ဘာဦးဘုံက မင်းထင်နေသလို အားမနည်းဘူး ”
ဟန်မူယဲ့က ခေါင်းယမ်းလိုက်သည်။
သို့သော်လည်း သူက အများကြီး မပြောပေ။
ဤလောကထဲတွင် အဆက်မပြတ် ကြီးထွားနိုင်ပြီး တခြားဘုံများ၏ စွမ်းအားကို စုစည်းနိုင်သော နေရာများက အလွန်ရှားပါးသည်။
ကမ္ဘာဦးဘုံသည် အဆက်မပြတ် ဆင့်ကဲပြောင်းလဲနိုင်သော်လည်း တစ်ခါမှ မပြိုကွဲသွားခဲ့ပေ။ ထိုသို့ဘုံများက အလွန်အမင်း ရှားပါးသည်။
ကမ္ဘာဦးဘုံမှာ အဆင့်မြင့်ဘုံများနှင့် တန်းတူရပ်နိုင်မည့် အခွင့်အရေးရှိသည်။ အမှန်မှာ ယင်းက မဟာပန်သွန်ဘုံထက်ပင် သာလွန်နိုင်ခြေရှိသည်။
“ ကျုပ်တို့တွေ ကျောက်စိမ်းတောအုပ်ကမ္ဘာကို ဖြတ်ပြီး လာခဲ့ကြတာ… ဒီကို လာဖို့အတွက် ဟင်းလင်းပြင်ဖြတ်သန်းဝင်္ကပါကို အသုံးပြုခဲ့ရတယ်… ”
“ ကျောက်စိမ်းတောအုပ်ကမ္ဘာထဲမှာ သံသရာစက်ဝန်းအဆင့် ကျင့်ကြံသူတစ်ယောက် ရှိတယ်… ပြီးတော့ ကမ္မအဆင့် ကျင့်ကြံသူတွေ ဒါဇင်ခန့်ရှိတယ်… ဟင်းလင်းပြင်ဖြတ်သန်းဝင်္ကပါကို အသုံးပြုတဲ့အခါတိုင်း သွေးချီကျောက်တုံးတွေကို ပေးချေရတယ် ”
“ မုန့်ကျားဘုံကို ကုန်သွယ်ဖို့ ရောက်လာကြတဲ့ လူတိုင်းက သူတို့ရဲ့ အရင်းအမြစ်တစ်ဝက်လောက်ကို ကျောက်စိမ်းတောအုပ်အင်မော်တယ်ဘုရင်ဆီ ပေးရတယ် ”
ဟဲယန်စွန်းက ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
ကျောက်စိမ်းတောအုပ်အင်မော်တယ်ဘုရင်က ကျောက်စိမ်းတောအုပ်ကမ္ဘာကို ထိန်းချုပ်သူ ဖြစ်သည်။
ဟန်မူယဲ့က မှော်ယာဉ်ပျံ၏ ကုန်းပတ်ပေါ်မှာ မတ်တတ်ရပ်နေသည်။ သူ၏ အမူအရာက တည်ငြိမ်ပြီး မှိန်ဖျော့သော ဓားအလင်းက သူ့အရှေ့မှာ ဝင်းလက်သွားသည်။
“ မင်းက တခြားတစ်ယောက်ရဲ့ စကြာဝဠာထဲကို ဝင်ထွက်နေတယ်… ဒါပေမဲ့ တစ်ဖက်လူက မင်းကို အကျဉ်းမချသလို မင်းကို မဝါးမျိုခဲ့ဘူး… အဲ့ဒါက အရမ်းကြင်နာလွန်းရာရောက်နေပြီ… ဘာလို့ သွေးချီကျောက်တုံးအနည်းငယ်ကို တွက်ကပ်နေတာလဲ ”
သူက စကားပြောလိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
“ မဟုတ်ဘူးလား ကျောက်စိမ်းတောအုပ်တာအိုပညာရှင် ”
ဟန်မူယဲ့က မထူးမခြားနား ပြောသည်။
သူထိုသို့ပြောလိုက်သည်နှင့် သူ၏ ဘေးပတ်ဝန်းကျင်မှ အဆုံးမဲ့သော ဟင်းလင်းပြင်က မတည်မငြိမ် လှုပ်ခါသွားသည်။ မိုင်သန်းပေါင်းများစွာ ကျယ်ပြောသော မိုးမြေဧရိယာက ထွန်းလင်းတောက်ပသွားသည်။
ကြယ်များမှာ အဘယ်နည်း… ။
ကမ္ဘာများမှာ အဘယ်နည်း… ။
ယင်းတို့အားလုံးက ပုံရိပ်ယောင်တစ်ခုထက် မပိုပေ။
အရှေ့၌ အဆုံးမဲ့စွာ ကျယ်ပြောသော ဟင်းလင်းပြင်ထဲမှာ ဧရာမအနက်ရောင်နဂါးတစ်ကောင်က ကျယ်လောင်စွာ ပါးစပ်ဟ၍ လဲလျောင်းနေသည်။ နတ်ဘုရားအလင်းက ၎င်း၏ မျက်လုံးထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။