← Chapters

အခန်း (၁၆၆၂)

Vol. 119 Ch. 1662

အခန်း (၁၆၆၂)

Vol. 119 Ch. 1662

ဟန်မူယဲ့က ခေါင်းလှည့်လိုက်လေရာ ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က အဝေးမှ ချဉ်းကပ်လာနေကြောင်း မြင်သွားသည်။ ထိုသူမှာ မျက်လုံးသုံးလုံးနှင့် လက်လေးဖက်ရှိသည်။ သူ၏ အကြည့်က ယုချန်းပေါ်မှာ စွဲမြဲနေသည်။

“ ကျူးထောင်… နတ်ဝိညာဉ်အရှင်သခင်က မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်လို့ မင်းပြောချင်တာလား ”

ယုချန်းက လူသားအသွင်သို့ ပြောင်းလိုက်သည်။ သူ၏ မျက်နှာပေါ်မှာ အံ့ဩသောအမူအရာ ထွက်ပေါ်လာသည်။

နတ်ဘုရားအဆင့် ပညာရှင်များသည် အဆင့်မြင့်ဘုံတစ်ခု၏ မူလစွမ်းအားကို ထိန်းချုပ်နိုင်သော တည်ရှိမှုများ ဖြစ်ကြသည်။ သူတို့က ဘုံများထက် ကျော်လွန်သွားသူများ ဖြစ်ကြသည်။ ထိုသို့ပုဂ္ဂိုလ်တစ်ယောက်က မည်သို့ကြောင့် ဒဏ်ရာရရှိသွားသနည်း။

ကျူးထောင်အမည်ရသော ရွှေရောင်သံချပ်ကာဝတ် လူငယ်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူက စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သော်လည်း မည်သည့်ထူးခြားချက်မှ ရှာမတွေ့ပေ။ သို့တိုင် သူက ဟန်မူယဲ့ကို ပြုံးပြလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

ယုလင်းကောင်းကင်နဂါးကလန်မှ အာဏာရှင်အဆင့် ယုချန်းနှင့်အတူ လိုက်လာသည့် ပုဂ္ဂိုလ်က မည်သို့ကြောင့် သာမန်ဖြစ်နိုင်မည်နည်း။

“ ပြောကြတာတော့ အသင်္ချေအသူရာချောက်နက်ကို နတ်ဝိညာဉ်အရှင်သခင် စူးစမ်းရှာဖွေနေတဲ့အချိန် အစွမ်းထက် နတ်သူတော်သားရဲတစ်ကောင်ရဲ့ တိုက်ခိုက်ခံခဲ့ရတာတဲ့… ”

ကျူးထောင်က ပြောသည်။

“ အခု နတ်ဝိညာဉ်အရှင်သခင်က ဒဏ်ရာပြန်ကုသဖို့ အနယ်နယ်အရပ်ရပ်က ပညာရှင်တွေကို ဆင့်ခေါ်နေတယ် ”

ကျူးထောင်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ တောက်ပသော နတ်ဘုရားအလင်း ထွက်ပေါ်လာသည်။

“ ဟား ဟား… ယုချန်း မင်းက အတော် ဟန်ဆောင်ကောင်းတာပဲ… ဒီကိစ္စကို ဘာမှမသိသလို လုပ်နေသေးတယ် ”

သူ၏ အမြင်တွင် ယုချန်းက နတ်ဝိညာဉ်အရှင်သခင်၏ ဒဏ်ရာအကြောင်းကို သိထားပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူက ဆေးပညာရှင်တစ်ယောက်ကို ခေါ်ဆောင်လာခြင်း ဖြစ်သည်။

အစွမ်းထက်သော ဆေးပညာရှင်တစ်ယောက်သည် သွေးချီလည်ပတ်မှုနှင့် ဝိညာဉ်ကို ဆန္ဒရှိသလို ထိန်းချုပ်နိုင်သည်။ ထိုသို့ပုဂ္ဂိုလ်သာလျှင် သူ၏ စူးစမ်းလေ့လာမှုကို ဖုံးကွယ်နိုင်လိမ့်မည်။

“ ငါတကယ် မသိတာပါ ”

ထို့နောက် ယုချန်းက တစ်စုံတစ်ခုကို သတိရသွားသည့်အလား ရုတ်တရက် မေးသည်။

“ နတ်ဝိညာဉ်အရှင်သခင်က ဒဏ်ရာကုသဖို့ လူရှာနေတယ်ဆိုတော့ ဆုလာဘ်က ဘာလဲ ”

နတ်ဘုရားအဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်၏ ဒဏ်ရာကို ကုသပေးနိုင်သည့် ပုဂ္ဂိုလ်များက အများကြီး မရှိပေ။

သူ့စကားကို ကြားသောအခါ ကျူးထောင်၏ မျက်နှာပေါ်မှ အပြုံးက ပိုပြီးထင်ရှားလာသည်။

“ နတ်ဝိညာဉ်အရှင်သခင်က ဝိညာဉ်စုစည်းဘုံကို ထိန်းချုပ်ထားတယ်… အဲ့ဒီဘုံထဲမှာ မရေမတွက်နိုင်တဲ့ ရတနာတွေ ရှိတယ်… အဲ့ဒါကို မင်းဘယ်လိုထင်လဲ ”

“ ပြီးတော့ နတ်ဝိညာဉ်အရှင်သခင်က အသင်္ချေအသူရာချောက်နက်ဆီ သွားနိုင်တဲ့ လမ်းညွှန်ဝိညာဉ်အဆောင်ကိုလည်း လက်ဆောင်ပေးဦးမှာတဲ့ ”

“ အသင်္ချေအသူရာချောက်နက်ထဲ ဝင်ပြီး အသင်္ချေကောင်းကင်ဝိညာဉ်သားရဲတွေကို အမဲလိုက်နိုင်ဖို့က နတ်ဘုရားအဆင့်အောက်က ပုဂ္ဂိုလ်တွေအတွက် ဖော်မပြနိုင်တဲ့ အခွင့်အရေးပဲ… အသင်္ချေကောင်းကင်ဝိညာဉ်သားရဲတွေကို နတ်ဘုရားမူလစွမ်းအားနဲ့ လဲလှယ်နိုင်တယ် ”

နတ်ဘုရားမူလစွမ်းအား… ။

ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့ကဲ့သို့ပင် နတ်ဘုရားမူလစွမ်းအားက နတ်ဘုရားအဆင့်အောက်မှ ပုဂ္ဂိုလ်များကို နတ်ဘုရားအဆင့်သို့ အမြန်တတ်လှမ်းနိုင်စေရန် ကူညီပေးနိုင်သည်။

ထိုသို့ရတနာကို သာမန်ဘုံများတွင် မည်သို့ရှာဖွေနိုင်မည်နည်း။

“ အသင်္ချေအသူရာချောက်နက်… အဲ့ဒီနေရာက ပြန်လမ်းမဲ့နေရာလို့ နာမည်ကျော်ကြားတဲ့ ဟင်းလင်းပြင်နယ်မြေမလား ”

ပြန်လမ်းမဲ့နေရာ… ။

ယင်းက နတ်ဘုရားအဆင့်သို့ မရောက်နိုင်သော ဟင်းလင်းပြင်ချိုးဖြတ်အဆင့် ပညာရှင်များ၏ နောက်ဆုံးအနားယူရာ နေရာဖြစ်သည်။

အသင်္ချေအသူရာချောက်နက်ထဲ၌ နတ်ဘုရားအဆင့်သို့ တတ်လှမ်းနိုင်မည့် အခွင့်အရေးကို ရှာဖွေခြင်းက သူတို့၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်သည်။

“ တာအိုရောင်းရင်းက ပြန်လမ်းမဲ့နေရာအကြောင်းကိုတောင် သိတယ်ဆိုတော့ ပေါ့သေးသေးမဟုတ်ဘူးပဲ ”

ကျူးထောင်က တည်ငြိမ်စွာ ပြောသည်။

ပြန်လမ်းမဲ့နေရာဟူသော စကားလုံးကို အာဏာရှင်အဆင့်အောက်မှ ကျင့်ကြံသူများက သိနိုင်လိမ့်မည် မဟုတ်ချေ။

အဘယ့်ကြောင့်ဆိုသော် အာဏာရှင်အဆင့် ပုဂ္ဂိုလ်များက ထိုအကြောင်းကို အသံပို့လွှတ်၍သာ ပြောကြလေ့ရှိသည်။

ယုချန်းက ခေါင်းလှည့်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ အဲ့ဒီနေရာအကြောင်း ငါနည်းနည်း စိတ်ဝင်စားတယ် ”

ဟန်မူယဲ့က မထူးမခြားနား ပြောသည်။

အသင်္ချေအသူရာချောက်နက်ထဲမှာ နတ်ဘုရားအဆင့်ထက် သာလွန်သော လျှို့ဝှက်ချက်များရှိသည်ဟု ကောလဟာလများ ရှိသည်။

ထို့ပြင် အသင်္ချေအသူရာချောက်နက်ထဲ၌ သေဆုံးသွားကြသော နတ်ဘုရားအဆင့် ပညာရှင်များနှင့် ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ပညာရှင်များ၏ မိုးမြေစကြာဝဠာများက ထိုနေရာမှာ အကြွင်းအကျန်များအဖြစ် ကျန်ရှိနေကြသည်။

ယင်းက ကမ္ဘာဦးဘုံတွင် ဟန်မူယဲ့မြင်ခဲ့ဖူးသော အပျက်အစီးနယ်မြေနှင့် အတော်လေး ဆင်တူသည်။

သို့သော်လည်း အပျက်အစီးနယ်မြေနှင့် နှိုင်းယှဉ်လျှင် အသင်္ချေအသူရာချောက်နက်၏ စွမ်းအားက ဖော်မပြနိုင်အောင် မြင့်မားသည်။

ဟန်မူယဲ့၏ ကျင့်ကြံခြင်းစွမ်းအားက ယခု တည်ငြိမ်နေသည်။ သို့သော်လည်း သူ့အား ပိုပြီးမြင့်မားသော အဆင့်များဆီသို့ တွန်းတင်ပေးနိုင်မည့် အရင်းအမြစ်များက ကုန်ဆုံးလုနီးပါးရှိနေ၏။

အကယ်၍ သူက နတ်ဘုရားအဆင့်ထက် ပိုပြီးမြင့်သော နယ်ပယ်ကို ဆင်ခြင်နားလည်ချင်သည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းကို နတ်ဘုရားအဆင့်သို့ အရင်မြှင့်တင်ရမည်။ ထိုအတွက် သူ့မှာ နတ်ဘုရားအဆင့်နှင့်ပတ်သက်သော ကျင့်ကြံခြင်းအရင်းအမြစ်များ ရှိရမည်။

မဟာပန်သွန်ဘုံတွင် ထိုသို့အရင်းအမြစ်များ ရှိသည်။ သို့သော်လည်း သူက ကောင်းကင်ဘုံစစ်ပွဲပြီးဆုံးသွားမှသာ တိုက်ပွဲအကျိုးပြုအမှတ်များဖြင့် ထိုအရင်းအမြစ်များကို လဲလှယ်နိုင်လိမ့်မည်။

ဟန်မူယဲ့က ထိုသို့စောင့်ဆိုင်းရန် ဆန္ဒမရှိပေ။

ဟန်မူယဲ့၏ စကားကို ကြားသောအခါ ယုချန်းက ခေါင်းညိတ်လိုက်ပြီး ကျူးထောင်ကို ကြည့်လိုက်သည်။

“ ငါတို့ အတူတူသွားကြမလား ”

ကျူးထောင်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ နတ်ဘုရားအလင်းက သူ့ကို လွှမ်းခြုံသွားသည့်အခါ သူက ဝက်နှာခေါင်းနှင့် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။

“ ကျောက်စိမ်းဝိညာဉ်ကောင်းကင်နဂါး… သူတို့ရဲ့ သွေးမျိုးဆက်က ရတနာတွေ ရှာဖွေဖို့ အထူးသင့်တော်တယ် ”

ယုချန်းက ပြောသည်။

ဟန်မူယဲ့သည်လည်း ကျောက်စိမ်းဝိညာဉ်ကောင်းကင်နဂါးအကြောင်း သိသည်။

ကျောက်စိမ်းဝိညာဉ်ကောင်းကင်နဂါးများသည် ရတနာများကို ရှာဖွေနိုင်ရုံသာမက ဒဏ်ရာများကိုလည်း ကုသနိုင်ကြသည်။

…..

ယွင်ထျန်းမြို့တော်… ။

မိုင်တစ်သန်းကျယ်ပြောသော ဟင်းလင်းပြင်ကို မိုးမြေအလွှာကိုးလွှာက ဖုံးလွှမ်းထားကြသည်။

ယင်းက နတ်ဘုရားအဆင့် ပညာရှင်များ၏ နောက်ခံရှိသော မြို့တစ်မြို့ဖြစ်သည်။ ထိုနေရာမှာ မရေမတွက်နိုင်သော ကျင့်ကြံသူများက ကုန်သွယ်ကြသည်။

ထိုမြို့တော်ကို အနီးနားဝန်းကျင်မှ မရေမတွက်နိုင်သော ဘုံများမှ အစွမ်းထက်ပုဂ္ဂိုလ်များက ကာကွယ်စောင့်ရှောက်နေကြသည်။

ဟန်မူယဲ့၊ ယုချန်းနှင့် ကျူးထောင်က အဌမမြောက် မိုးမြေအလွှာဆီသို့ ဝင်ရောက်သွားကြသည်။

ထိုနေရာတွင် ပေတစ်ထောင်ကျယ်ပြောသော ခန်းမကြီးတစ်ခုရှိပြီး ပုံရိပ်အများအပြားက ခန်းမထဲသို့ ဆင်းသက်လာနေကြသည်။

ဤနေရာသို့ ရောက်လာကြသော ပုဂ္ဂိုလ်အားလုံးက အစွမ်းထက် သွေးချီအရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ ရှင်းလင်းစွာပင် သူတို့က နာမည်ကျော်ကြားသော အထွတ်အမြတ်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သူတို့ထဲမှ အများစုက ထူးဆန်းသော မူလစွမ်းအားကို ထုတ်လွှတ်နေကြသည်။

“ အာ… ဒီလိုဒဏ်ရာကို ဘယ်လိုလုပ် ကုသနိုင်မှာလဲ ”

ဝတ်စုံနက် ဝတ်ဆင်ထားသော လက်ရှစ်ဖက်အဖိုးအိုတစ်ယောက်က နောင်တရသော မျက်နှာဖြင့် ခန်းမထဲမှ ထွက်လာသည်။

“ ဟုတ်တယ်… အဲ့ဒါ အရိုးအဆစ်ဒဏ်ရာပဲ… ဒဏ်ရာက အတွင်းပိုင်းထဲထိ ရောက်နေပြီ… တစ်ခုတည်းသော ဖြေရှင်းနည်းက ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ဝင်ပြီး အစက‌နေ ပြန်ကျင့်ကြံဖို့ပဲ… ဒါပေမဲ့ နတ်ဝိညာဉ်အရှင်သခင်က… ”

တခြားခေါင်းဖြူအဖိုးအိုတစ်ယောက်က ခေါင်းယမ်းလိုက်သည်။

နတ်ဘုရားအဆင့် ပညာရှင်တစ်ယောက်က အစမှ ပြန်ကျင့်ကြံရမည်လော။

မည်သူက ထိုသို့လုပ်ဝံ့မည်နည်း။

မည်သူက ထိုသို့လုပ်ချင်မည်နည်း။

မည်သို့ဖြစ်ပါစေ သူက နတ်ဘုရားအဆင့်မှာ ဖြစ်သည်။

နတ်ဘုရားအဆင့် ပညာရှင်တစ်ယောက်၏ ကြွယ်ဝချမ်းသာမှုနှင့် ဩဇာအာဏာကို ဘုံများဖြင့် တိုင်းတာနိုင်သည်။

သူက ထိုအရာအားလုံးကို စွန့်လွှတ်ပြီး အစမှ ပြန်ကျင့်ကြံမည်လော။

အကယ်၍ သူ့မှာ တခြားရွေးချယ်စရာရှိနေသေးလျှင် ထိုလမ်းကို နောက်ဆုံးအချိန်ထိ သူရွေးချယ်လိမ့်မည် မဟုတ်ချေ။

ပုံရိပ်အများအပြားက ခေါင်းယမ်းလိုက်ကြပြီး ခန်းမထဲမှ ပြန်ထွက်သွားကြသည်။

“ မဖြစ်နိုင်တာ… ဒဏ်ရာက အဲ့လောက်တောင် ဆိုးဝါးတာလား”

ကျူးထောင်၏ မျက်နှာပေါ်မှာ ဇဝေဇဝါဖြစ်သော အမူအရာ ထွက်ပေါ်လာသည်။

ယုချန်းသည်လည်း တုံ့ဆိုင်းသွားပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ အတွင်းပိုင်းထဲထိ ရောက်နေတဲ့ အရိုးအဆစ်ဒဏ်ရာ… ဒဏ်ရာက မူလဇစ်မြစ်ထဲ ဝင်ရောက်နေပြီး မူလစွမ်းအားကို စွန်းထင်နေပြီ ”

“ အဲ့လိုဒဏ်ရာက သီအိုရီအရ ကုသဖို့ မဖြစ်နိုင်ဘူး ”

ဟန်မူယဲ့က တီးတိုးပြောသည်။ ဝိညာဉ်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဒါပေမဲ့ အဲ့ဒါက လုံးဝ မကုသနိုင်တာ မဟုတ်ဘူး ”

အဝေးတစ်နေရာတွင် ဝတ်စုံနက်ဝတ်ထားသော အကြီးအကဲတစ်ယောက်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ပြောသည်။

“ ဒီလောကမှာ ရှေးဟောင်းကျောက်စိမ်းချင်မျိုးနွယ်ပဲ အဲ့ဒီလိုရောဂါကို ကုသနိုင်တယ် ”

“ စိတ်မကောင်းစရာက ကျောက်စိမ်းချင်ဘုံက မဟာပန်သွန်ဘုံရဲ့ ဝါးမျိုခံလိုက်ရပြီ… ပြီးတော့ ကျောက်စိမ်းချင်မျိုးနွယ်က ရှေးခေတ်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ”

ဘုံတစ်ခု ပြိုကွဲသွားခြင်း သို့မဟုတ် ၎င်းက တခြားဘုံတစ်ခု၏ ဝါးမျိုခံလိုက်ရမည်ဆိုလျှင် ၎င်း၏ မူလစွမ်းအားက ပျောက်ကွယ်သွားလိမ့်မည်။

ထို့အတူ ၎င်း၏ မျိုးနွယ်စုသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည်။

အကယ်၍ သူတို့က မူလစွမ်းအားကို စွန့်လွှတ်ပြီး တခြားစွမ်းအားတစ်ခုကို ပြောင်းလဲကျင့်ကြံမည်ဆိုလျှင် အသက်ရှင်နိုင်ခြေ ရှိလိမ့်မည်။

“ ကျောက်စိမ်းချင်မျိုးနွယ်ဖြစ်မှ ကုသနိုင်မယ်လို့ မဆိုလိုဘူး ”

အခြားတစ်ဖက်တွင် ဦးခေါင်းနှစ်လုံးရှိသော လူငယ်တစ်ယောက်က မထူးမခြားနား ပြောသည်။

“ တကယ်လို့ မင်းက နတ်ဝိညာဉ်အရှင်သခင်ရဲ့ မူလစွမ်းအားထက် သာလွန်မယ်ဆိုရင် အဲ့ဒီဒဏ်ရာကို ဖိနှိပ်နိုင်လိမ့်မယ် ”

သို့သော်လည်း နတ်ဘုရားအဆင့် ပညာရှင်တစ်ယောက်၏ မူလစွမ်းအားကို ဖိနှိပ်ခြင်းသည် ပျောက်ဆုံးသွားသော ကျောက်စိမ်းချင်မျိုးနွယ်ကို ရှာဖွေခြင်းထက် ပိုပြီးခက်ခဲသည်။

နတ်ဘုရားအဆင့်ထက် သာလွန်သော တည်ရှိမှု… ။

ထိုသို့ပုဂ္ဂိုလ်များက ဤလောကမှာ တကယ်ရှိသည်ဟု ဒဏ္ဍာရီများထဲမှာ ဖော်ပြထားသော်လည်း မည်သူမှ ၎င်းတို့ကို အပြင်မှာ မမြင်ဖူးကြချေ။

ကျူးထောင်က သူ၏ နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။

“ ကြည့်ရတာ ငါ့ရဲ့ ကျောက်စိမ်းဝိညာဉ်ကောင်းကင်နဂါးကလန်က ဒီတစ်ကြိမ်တော့ နာမည်ပျက်တော့မယ် ထင်တယ် ”

သူတို့၏ ကျောက်စိမ်းဝိညာဉ်ကောင်းကင်နဂါးကလန်က ဒဏ်ရာကုသခြင်းဖြင့် နာမည်ကျော်ကြားသည်။ ကြည့်ရသည်မှာ ဤတစ်ကြိမ်တွင် သူတို့က နတ်ဝိညာဉ်အရှင်သခင်၏ ဒဏ်ရာကြောင့် ကူကယ်ရာမဲ့တော့မည်။

ယုချန်း၏ အကြည့်ထဲမှာ ထူးဆန်းသော အလင်း ထွက်ပေါ်လာသည်။

သူ၏ ဆရာက နတ်ဝိညာဉ်အရှင်သခင်ထက် သာလွန်နိုင်မည်လော။

“ ဗုန်း ”

အဝေးတွင် မိုးပျံရထားလုံးတစ်လုံးက ဆင်းသက်လာသည်။ ထို့နောက် ရွှေရောင်သံချပ်ကာဝတ် စစ်ဗိုလ်ချုပ်တစ်ဦးက ခန်းမထဲသို့ မြန်မြန်သုတ်သုတ် ပြေးသွားသည်။

စစ်ဗိုလ်ချုပ်၏ သွေးချီအနှစ်သာရက ပရမ်းပတာ လှုပ်ခတ်နေလေရာ သူက ခြေလှမ်းဝက် အာဏာရှင်အဆင့်မှာဖြစ်ကြောင်း ထင်ရှားပေသည်။

“ အဲ့ဒါ အဌမမြောက် မိုးမြေအလွှာရဲ့ လက်ထောက်ခေါင်းဆောင် နှင်းဘုရင်ပဲ ”

“ နှင်းဘုရင်က နတ်ဝိညာဉ်အရှင်သခင်နဲ့ အရမ်းရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ပဲ… သူက ဘာကိစ္စကြောင့် ဒီကိုရောက်လာတာလဲ ”

စူးစမ်းလိုသော တီးတိုးစကားသံများက ဘေးပတ်ဝန်းကျင်၌ ထွက်ပေါ်လာသည်။

ထိုစဉ် နတ်ဘုရားအလင်းက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။

ယုချန်း၏ ဘေးမှ ကျူးထောင်က နတ်ဘုရားအလင်းကို ဖမ်းဆုပ်လိုက်သည်။

အချိန်တစ်ခဏကြာပြီးနောက် ကျူးထောင်က မျက်လုံးပြူးကျယ်သွားပြီး အံ့ဩသွားသည်။

“ နတ်ဝိညာဉ်အရှင်သခင်ရဲ့ တပည့် ကိုင်လင်က ပုန်ကန်ပြီ… အခု မြို့ထဲက အာဏာရှင်အဆင့် ပညာရှင်အများစုက နတ်ဝိညာဉ်အရှင်သခင်ကို ဝိုင်းရံတိုက်ခိုက်ဖို့ ပြင်ဆင်နေကြတယ် ”

“ သူတို့က ယွင်ထျန်းမြို့တော်ရဲ့ အရှင်သခင် ယွင်ကျီနတ်သခင်ရဲ့ စကားကို စောင့်ဆိုင်းနေကြရုံပဲ ”

ကျူးထောင်က ခေါင်းလှည့်လိုက်ပြီး ယုချန်းနှင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ မင်းတို့နှစ်ယောက်… ဒီမှာ ဆက်နေမှာလား ထွက်သွားမှာလား ”

All Chapters