အခန်း (၁၆၆၃)
Vol. 119 Ch. 1663
နတ်သခင်တစ်ပါးကို သတ်ဖြတ်ရန် ဝိုင်းရံတိုက်ခိုက်ခြင်း… ။
ယင်းက ကျယ်ပြောလှသော ဧရိယာအပေါ် သက်ရောက်မှုရှိလိမ့်မည်။
ယွင်ထျန်းမြို့တော်ထဲတွင် အစွမ်းထက်ပုဂ္ဂိုလ်များကြားမှ တိုက်ပွဲကို ဖြေရှင်းနိုင်သော မဟာဝင်္ကပါတစ်ခု ရှိသည်။ သို့သော်လည်း ယင်းက နတ်ဘုရားအဆင့် ပညာရှင်တစ်ယောက်၏ တိုက်ခိုက်မှုကို အပြည့်အဝ မတားဆီးပေးနိုင်ပေ။ နတ်ဘုရားတစ်ပါးထံမှ စွမ်းအားအကြွင်းအကျန်က မြို့တစ်ခုလုံးအပေါ် သက်ရောက်မှုရှိနိုင်သည်။
ထို့ပြင် နတ်ဝိညာဉ်အရှင်သခင်က ဒဏ်ရာအပြင်းအထန်ရရှိထားပြီး သေလုနီးပါးအခြေအနေမှာရှိနေသည်။ သူက နောက်ထပ် တိုက်ခိုက်နိုင်သေးသလော မည်သူမှ မသိနိုင်ပေ။
နတ်ဝိညာဉ်အရှင်သခင်က သေလုနီးပါး အားနည်းနေသည်ဆိုလျှင်ပင် နတ်သခင်တစ်ပါး၏ နောက်ဆုံးအချိန် ရုန်းကန်မှုက သာမန်ကျင့်ကြံသူများ ခုခံနိုင်သောအရာ မဟုတ်ပေ။
“ စီနီယာအကိုဟန်… မင်းရဲ့ သဘောထားက ဘယ်လိုလဲ ”
ယုချန်းက ဟန်မူယဲ့ကို ကြည့်လိုက်သည်။
တခြားလူများ၏ အရှေ့တွင် သူက ဟန်မူယဲ့ကို စီနီယာအကိုတစ်ယောက်အဖြစ် သဘောထားလိမ့်မည်။ ယုလင်းကောင်းကင်နဂါးကလန်မှ ပညာရှင်တစ်ယောက်က တခြားလူကို ဆရာဟု ခေါ်ဆိုခြင်းက အလွန်ထိတ်လန့်စရာကောင်း၏။
“ နတ်ဝိညာဉ်အရှင်သခင် မကိုင်တွယ်နိုင်တဲ့ ဒဏ်ရာက ဘယ်လိုလဲဆိုတာ ငါတစ်ချက်သွားကြည့်ကြည့်မယ် ”
ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ထိုအလင်းက စူးစမ်းလိုသောအရိပ်အမြွက် ဖြစ်သည်။
နတ်ဘုရားအဆင့် စွမ်းအားသည် နတ်ဘုရားအဆင့်အောက်မှ ပုဂ္ဂိုလ်များ နားလည်နိုင်သောအရာ မဟုတ်ပေ။
နတ်ဝိညာဉ်အရှင်သခင်ကို ထိုမျှကူကယ်ရာမဲ့စေပြီး သူ့တပည့်ကို ပုန်ကန်စေသည့် ထိုဒဏ်ရာက မည်သည့်အရာဖြစ်ကြောင်း ဟန်မူယဲ့ စူးစမ်းသိချင်သည်။
အသင်္ချေအသူရာချောက်နက်ထဲမှ မည်သည့်အရာက နတ်သခင်တစ်ပါးကို ထိုမျှဒဏ်ရာရသွားစေခဲ့သနည်း။
“ သူက ဘယ်သွားတာလဲ ”
“ ဆင့်ခေါ်မခံရဘဲ ဝင်သွားတယ်… အတင့်ရဲလှချည်လား ”
ခန်းမ၏ အရှေ့တွင် သံသရာစက်ဝန်းအဆင့် သွေးချီစွမ်းအားကို ထုတ်လွှတ်နေသော ပုံရိပ်နှစ်ခုက မတ်တတ်ရပ်နေကြသည်။ သူတို့က လက်ဆန့်ထုတ်လိုက်ပြီး ဟန်မူယဲ့ပေါ်သို့ ဖိချလိုက်ကြသည်။
သူတို့က နတ်ဝိညာဉ်အရှင်သခင်အပေါ် သစ္စာစောင့်သိသော အစောင့်စစ်သည်များ ဖြစ်ကြသည်။
နတ်သခင်တစ်ပါး၏ အခြေခံအုတ်မြစ်က မသေးငယ်ပေ။ သို့ဖြစ်၍ သူ့ဆီမှာ သစ္စာစောင့်သိသော အစောင့်စစ်သည်များက မရှားပါးချေ။
သံသရာစက်ဝန်းအဆင့် ပညာရှင်တစ်ပါး လှုပ်ရှားလိုက်သည့်အခါ အချင်းဆယ်မိုင်အတွင်းမှ လေဟာနယ်ထဲ၌ မူလစွမ်းအားဖြင့် ပြည့်နှက်သွားသည်။ သံသရာစက်ဝန်းအဆင့်သို့ မရောက်ရှိသေးသော ကျင့်ကြံသူများက ထိုလေဟာနယ်ထဲမှာ လှုပ်ရှားနိုင်ကြလိမ့်မည် မဟုတ်ချေ။
သူတို့က ဟန်မူယဲ့ကို တိုက်ရိုက် သတ်ဖြတ်ရန် မရည်ရွယ်ပေ။ ဤနေရာမှာ နတ်ဝိညာဉ်အရှင်သခင်ကို ကုသပေးရန် ရောက်လာကြသော ပညာရှင်များရှိနေသည်။ သူတို့အပေါ် အပြစ်ပြုမိခြင်းက ကောင်းမွန်သောအရာ မဟုတ်ပေ။
ထို့ကြောင့် သူတို့က ဟန်မူယဲ့ကို အကျဉ်းချထားရန်သာ ရည်ရွယ်သည်။ သူ့ကို နောက်ပိုင်းမှ ဖြေရှင်းမည်။
သံသရာစက်ဝန်းအဆင့် ပညာရှင်များသည် အာဏာရှင်အဆင့်အောက်တွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
မဟာပန်သွန်ဘုံထဲမှာပင် သံသရာစက်ဝန်းအဆင့် ပညာရှင်တစ်ယောက်က ကုန်းမြေတစ်ခုကို အုပ်ချုပ်နိုင်ပေသည်။
“ စီနီယာအကိုဟန် ”
အေးစက်စက်အလင်းက ယုချန်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် သူက လှမ်းအော်လိုက်သည်။ သူက ချက်ချင်း ရွေ့လျားသွားပြီး ဟန်မူယဲ့၏ အရှေ့မှာ ရပ်လိုက်သည်။
နေရာမှာ ရပ်နေသော ကျူးထောင်က မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏ အကြည့်ထဲမှာ လေးနက်သောအဓိပ္ပာယ် ထွက်ပေါ်လာသည်။
“ စိတ်ဝင်စားစရာပဲ… ယုလင်းကောင်းကင်နဂါးရဲ့ အာဏာရှင်တစ်ပါးက ဒီလူအပေါ် ရိုသေလေးစားနေတယ်… အဲ့ဒီလူရဲ့ နောက်ခံက ဘာများလဲ ”
“ ဒါမှမဟုတ် သူ့မှာ ထူးခြားချက်တစ်ခု ရှိနေတာများလား ”
ရွှေရောင်နဂါးပုံရိပ်က ယုချန်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည့်အခါ အစောင့်စစ်သည်နှစ်ယောက်က အဝေးသို့ လွင့်စင်သွားကြသည်။
တစ်ချိန်တည်းမှာ အချင်းဆယ်မိုင်အတွင်းမှ လေဟာနယ်က ပုံရိပ်ယောင်အဖြစ် ပျောက်ကွယ်သွားသည်။
သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်နှစ်ယောက်က တစ်ချက်တည်းဖြင့် လွင့်စင်သွားကြသည်။ ယင်း၏ အဓိပ္ပာယ်မှာ အစောနက လှုပ်ရှားလိုက်သူက သံသရာစက်ဝန်းအဆင့်၏ အထက်မှာ ဖြစ်သည်။
ခန်းမဂိတ်တံခါး၏ အရှေ့တွင် လူတိုင်း၏ အကြည့်က ယုချန်းပေါ်သို့ ကျရောက်သွားသည်။
“ အဲ့ဒါ ကျောက်စိမ်းတောအုပ်အင်မော်တယ်ဘုရင် ”
“ အို ဘုရားရေ… အဲ့ဒါ ယုလင်းကောင်းကင်နဂါးကလန်က ယုချန်းပဲ… သူက ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်ပေါ်မှာ ရှိနေတာမဟုတ်ဘူးလား ”
ယုချန်းက ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်၌ နှစ်ပေါင်းမရေမတွက်နိုင်အောင် စောင့်ကြပ်နေခဲ့သော်လည်း လူအများအပြားက သူ့ကို မှတ်မိနေကြဆဲပင်။
“ အဲ့ဒီလူက ဘာလုပ်ချင်နေတာလဲ ”
“ မဟုတ်မှ ယုလင်းကောင်းကင်နဂါးကလန်က နတ်ဝိညာဉ်အရှင်သခင်ကို ကုသချင်နေတာများလား ”
ယုချန်းက ခန်းမဂိတ်တံခါးဆီသို့ ဦးတည်သွားနေကြောင်း မြင်သွားသောအခါ လူတချို့က တီးတိုးပြောလိုက်ကြသည်။
လူအများစုက ချက်ချင်း အနောက်ဆုတ်လိုက်ကြသည်။
ယုချန်းက အာဏာရှင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။
ထို့ပြင် သူ၏ အနောက်မှာ အလွန်အားကောင်းသော ယုလင်းကောင်းကင်နဂါးကလန် ရှိသည်။
“ ယုချန်း… မင်းက နတ်ဝိညာဉ်အရှင်သခင်ရဲ့ ရန်သူဖြစ်ချင်တာလား ”
ပုံရိပ်တစ်ခုက ခန်းမထဲမှ ထွက်လာသည်။
သူက အရပ်ရှည်ပြီး ပိန်ပါးသည်။ သူ၏ မျက်လုံးက ရွှေရောင်ထွန်းလင်းနေစဉ် မီးတောက်မီးလျှံများက သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်နေသည်။
ခန်းမထဲမှ ထွက်လာသော ထိုကျင့်ကြံသူက အာဏာရှင်အဆင့်မှာဖြစ်ကြောင်း ထင်ရှားပေသည်။ ထို့ပြင် သူက မီးတောက်မူလစွမ်းအားကို ပိုင်ဆိုင်ထားသော အာဏာရှင်တစ်ပါး ဖြစ်သည်။
“ သူက နတ်ဝိညာဉ်အရှင်သခင်ရဲ့ တပည့် အာဏာရှင်တုဟဲ ”
အံ့ဩသော အော်သံများက ခန်းမအပြင်ဘက်၌ ထွက်ပေါ်လာသည်။
အာဏာရှင်တုဟဲသည် နတ်ဝိညာဉ်အရှင်သခင်နောက်သို့ နှစ်ပေါင်းသန်းတစ်ထောင် လိုက်ခဲ့သူဖြစ်သည်။ သူက နတ်ဝိညာဉ်အရှင်သခင်၏ သစ္စာအရှိဆုံး တပည့်များအနက် တစ်ယောက် ဖြစ်သည်။
ယင်းက နတ်သခင်တစ်ပါး၏ အခြေခံအုတ်မြစ် ဖြစ်သည်။
သူက နတ်ဘုရားမူလစွမ်းအားကို ထိန်းချုပ်နိုင်သည့်အပြင် မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများက သူ့နောက်လိုက်ရန် ဆန္ဒရှိကြသည်။
ဟန်မူယဲ့၏ တိုက်ပွဲစွမ်းအားက နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေပြီး သူ၏ လက်ထဲမှာ နတ်ဘုရားမူလစွမ်းအား ရှိနေသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရားအဆင့်သို့ အမှန်တကယ် မရောက်ရှိသေးပေ။
ထို့ကြောင့် သူ့မှာ နတ်သခင်တစ်ပါး၏ အခြေခံအုတ်မြစ် မရှိပေ။ ယင်းက သူနှင့် အစစ်အမှန်နတ်ဘုရားတစ်ပါးကြားမှ ကြီးမားသော ကွာခြားချက်ဖြစ်သည်။
ထိုအကြောင်းကြောင့် ဟန်မူယဲ့က ကမ္ဘာဦးဘုံဆီသို့ မပြန်ဝံ့ခြင်း ဖြစ်သည်။ မဟာပန်သွန်ဘုံ၏ အင်အားက လက်ရှိ သူယှဉ်ပြိုင်နိုင်သောအရာ မဟုတ်ပေ။
အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်၏ စစ်မှန်သော အခြေခံအုတ်မြစ်က ခွန်အားတစ်ခုတည်းပေါ်မှာ မမူတည်ပေ။ ယင်းက အဖွဲ့အစည်းတစ်ခု၏ အင်အားဖြစ်သည်။
“ စီနီယာအကိုဟန်က နတ်ဝိညာဉ်အရှင်သခင်ရဲ့ ဒဏ်ရာကို စစ်ဆေးကြည့်ပေးဖို့ ဆန္ဒရှိတယ်… ကျေးဇူးပြုပြီး နတ်ဝိညာဉ်အရှင်သခင်ကို အကြောင်းကြားပေးပါ ”
ယုချန်းက သူ့အရှေ့မှ တုဟဲကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။
အကယ်၍ တကယ်မလိုအပ်လျှင် သူက အာဏာရှင်တစ်ပါးနှင့် မတိုက်ခိုက်ချင်ပေ။
ထို့ပြင် ယခုက တိုက်ခိုက်ရန် လိုအပ်သော အခြေအနေ မဟုတ်ပေ။
တုဟဲက ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
သူစကားပြောတော့မည့်အချိန် တိုးညင်းသော အသံက ခန်းမထဲမှ ပျံ့လွင့်လာသည်။
“ သူတို့ကို ဝင်လာခိုင်းလိုက်ပါ ”
အသံက အားနည်းနေပုံပေါ်သည်။
သို့သော်လည်း ထိုအသံထဲမှာ မငြင်းဆန်နိုင်သော ဝိညာဉ်ဖိနှိပ်မှုအရှိန်အဝါက ကိန်းအောင်းနေသည်။
ယုချန်း၏ ဘေးပတ်ဝန်းကျင်တွင် ရွှေရောင်နတ်ဘုရားအလင်း ထွက်ပေါ်လာပြီး ဝိညာဉ်ဖိနှိပ်မှုကို ခုခံတားဆီးလိုက်သည်။
တုဟဲ၏ အကြည့်က ယုချန်းပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် ဟန်မူယဲ့ကို လှည့်ကြည့်လိုက်လေရာ သူ၏ တစ်ကိုယ်လုံး တုန်ယင်သွားသည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့က မလှုပ်မယှက်ရှိနေသည်။ သူက ဝိညာဉ်ဖိနှိပ်မှုဖြင့် လုံးဝ သက်ရောက်မခံရသည့်အလားပင်။
အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ။
အဲ့ဒါ နတ်ဘုရားတစ်ပါးဆီက ဝိညာဉ်ဖိနှိပ်မှု မဟုတ်ဘူးလား… ။
ဖြစ်နိုင်တာက သူ့အရှေ့က လူကလည်း နတ်ဘုရားတစ်ပါးလား… ။
တုဟဲက အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ဟန်မူယဲ့နှင့် ယုချန်းက ခန်းမထဲသို့ ဝင်သွားနေသည်ကို ကြည့်လိုက်သည်။ ထို့နောက် သူက သတိကြီးစွာထား၍ အနောက်မှ လိုက်သွားသည်။
ဟန်မူယဲ့က ခန်းမထဲသို့ ရောက်သွားသည်နှင့် သူ့အရှေ့မှ စင်မြင့်ပေါ်မှာ ထိုင်နေသော ပုဂ္ဂိုလ်ကို မော့ကြည့်လိုက်သည်။
ထိုသူက တာအိုဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်သည်။ ရွှေရောင်အလင်းက သူ၏ ဘေးပတ်ဝန်းကျင်မှာ ရစ်ပတ်နေသည်။
“ ယုချန်းက နတ်ဝိညာဉ်အရှင်သခင်ကို အရိုအသေပေးပါတယ် ”
ယုချန်းက တလေးတစား ဦးညွတ်လိုက်သည်။
ယင်းက နတ်သခင်တစ်ပါးအပေါ် သူ၏ ရိုသေလေးစားမှု ဖြစ်သည်။
ဟန်မူယဲ့က စင်မြင့်ပေါ်မှာ ထိုင်နေသော ပုဂ္ဂိုလ်ကို ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။
“ တကယ်လို့ မိတ်ဆွေက ဒဏ်ရာအပြင်းအထန် ရထားပြီး ကုသမှုလိုအပ်နေတယ်ဆိုရင် ခင်ဗျားရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို ထုတ်ပြသင့်တယ် ”
“ ဒါမှမဟုတ် ခင်ဗျားရဲ့ အစစ်အမှန်ခန္ဓာကိုယ်က အသင်္ချေအသူရာချောက်နက်ထဲမှာ ပိတ်မိနေတာကြောင့် ဒီကို မလာနိုင်တာလား ”
သူ့စကားဆုံးသွားသည်နှင့် ခန်းမထဲ၌ အဆုံးမဲ့သော ရွှေရောင်အလင်းဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် ကြီးမားသော ဖိအားက ဟန်မူယဲ့၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာသည်။
ဟန်မူယဲ့၏ အရှေ့တွင် အဌမမြောက်မိုးမြေအလွှာ၏ လက်ထောက်ခေါင်းဆောင်ဖြစ်သော နှင်းဘုရင်က ထွက်ပေါ်လာပြီး လက်သီးတစ်လုံး ထိုးလွှတ်လိုက်သည်။
ထိုလက်သီးချက်ထဲမှာ မိုးမြေကို ဖျက်ဆီးပစ်နိုင်သော စွမ်းအား ပါဝင်နေသည်။ ထို့ပြင် ခန်းမ၏ အကာအကွယ်ဝင်္ကပါက အသက်ဝင်လာပြီး ဟန်မူယဲ့ကို တိုက်ရိုက် ဖိနှိပ်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ထိုလက်သီးက ဟန်မူယဲ့၏ အရှေ့တွင် ရပ်တန့်သွားသည်။ ယင်းက တစ်လက်မပင် အရှေ့သို့ ဆက်မတိုးနိုင်ပေ။
“ ခြေလှမ်းဝက် အာဏာရှင်အဆင့်… အဲ့ဒါက မလုံလောက်သေးဘူး ”
ဟန်မူယဲ့က ခေါင်းယမ်းလိုက်သည်။ သူက စင်မြင့်ပေါ်မှာ ထိုင်နေသော ပုဂ္ဂိုလ်ကို ပြန်ကြည့်လိုက်သည်။
“ နတ်ဝိညာဉ်အရှင်သခင်ရဲ့ အစစ်အမှန်ခန္ဓာကိုယ်က ပြန်မရောက်လာတာ မဟုတ်ရင် အဲ့ဒီမှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်က နတ်ဝိညာဉ်အရှင်သခင် မဟုတ်နိုင်ဘူး… ခင်ဗျားက မြို့အရှင်သခင် မဟုတ်လား ”
ယွင်ထျန်းမြို့တော်၏ အရှင်သခင် ယွင်ကျိနတ်သခင်… ။
ဟန်မူယဲ့၏ စကားက သူ့ဘေးမှ ယုချန်းကို မျက်လုံးပြူးကျယ်သွားစေသည်။
ခန်းမ၏ အရှေ့တွင် အလင်းက ပုံပျက်တွန့်လိမ်သွားသည်။ တာအိုဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားက အနီရောင်မီးတောက်ဝတ်စုံ ဝတ်ဆင်ထားသော မုတ်ဆိတ်နက်အဖိုးအိုတစ်ယောက်အဖြစ် အသွင်ပြောင်းလဲသွားသည်။
ထိုအဖိုးအိုသည် အမှန်တကယ်ပင် ယွင်ကျိနတ်သခင်ဖြစ်ပြီး ယွင်ထျန်းမြို့တော်၏ အရှင်သခင်ဖြစ်သည်။
မြို့တော်အရှင်သခင်က မည်သို့ကြောင့် ဤနေရာမှာ ရှိနေသနည်း။
သို့ဆိုလျှင် နတ်ဝိညာဉ်အရှင်သခင်က မည်သည့်နေရာမှာလဲ။
ယုချန်း၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်သွားသည်။
အာဏာရှင်တစ်ပါးအနေဖြင့် ဤလောက၌ သူ့အား အံ့ဩထိတ်လန့်စေနိုင်သော အရာများက အနည်းအကျဉ်းသာ ရှိ၏။ သို့သော်လည်း ယခု သူက ပါးစပ်အဟောင်းသားဖြစ်သွားသည်။
“ ဒီမြို့အရှင်သခင်ရဲ့ သရုပ်မှန်ကို အကြည့်တစ်ချက်တည်းနဲ့ ထွင်းဖောက်မြင်နိုင်တယ်ဆိုတော့ ဒီက မိတ်ဆွေက ခန်းမထဲမှာ စုဝေးရှိနေဖို့ အရည်အချင်းပြည့်မီတယ် ”
ယွင်ကျိနတ်သခင်က စကားပြောနေရင်း လက်ဝှေ့ယမ်းလိုက်သည်။
ဘေးပတ်ဝန်းကျင်မှ လောကက အသွင်ပြောင်းလဲသွားသည်။ နောက်အခိုက်အတန့်မှာ ခန်းမက ပျောက်ကွယ်သွားပြီး အလွှာကိုးလွှာရှိသော ကုန်းမြေတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ကုန်းမြေပေါ်တွင် တိမ်တိုက်နှင့် ထိစပ်နေသော တောင်တန်းများ၊ အဆုံးမဲ့စွာ စီးဆင်းနေသော မြစ်ချောင်းများ ရှိသည်။
ထိုတောင်တန်းများနှင့် မြစ်ချောင်းများကြားထဲ၌ နတ်ဘုရားအလင်းတန်းများက ထိန်ထိန်လင်းစွာ တောက်ပနေသည်။
နတ်ဘုရားအဆင့်… ။
နတ်ဘုရားအဆင့် ပညာရှင်ကိုးယောက်က ဤကုန်းမြေထဲမှာ စုဝေးရှိနေကြသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။
“ အသစ်ရောက်လာသူလား ”
အသံတစ်သံက ထွက်ပေါ်လာသည်။
“ ဒါဆို စမ်းသပ်မှုလေးတစ်ခု လုပ်ရအောင် ”
နောက်အခိုက်အတန့်မှာ လက်ဝါးတစ်ခုက ဟန်မူယဲ့အပေါ်သို့ ကျဆင်းလာသည်။