တာအိုတရားဟောကြားခြင်း
Vol. 90 Ch. 1257
မန်ရူက မန်ဟို၏စကားကို ကြားလျှင် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းတဆတ်ဆတ် ညိတ်သည်။ ထို့နောက် မန်ဟိုသည် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သွေးခွေးကြီး ပျံထွက်လာ၏။ ၎င်းက ခေါင်းနောက်လှန်၍ ကျယ်လောင်စွာ ဟောင်ရင်း မန်ရူကို အဝေးသို့ သယ်ဆောင်သွားသည့် သွေးနီရောင်အလင်းတန်းအသွင် ပြောင်းသွားတော့သည်။
စောင့်ရှောက်ပေးမည့် သွေးခွေးကြီးရှိနေသရွေ့ မန်ရူ သူမ၏တာ၀န်အတိုင်း လုပ်ဆောင်နေစဉ် ဘယ်သူမှ သူမကို ပြဿနာရှာရဲမည်မဟုတ်ပေ။ မန်ဟိုက သွေးဆက်အိမ်တော်နှင့် စိတ်လှုပ်ရှားနေသော သူ၏အမျိုးများကို ကြည့်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်သည်။ ထို့နောက် တောက်ပသော အလင်းရောင်က သူ၏မျက်လုံးများတွင် ပေါ်လာ၏။ အချိန်သည် ရွှေဖြစ်သည့်အတွက် သူ့အနေဖြင့် သူ၏သွေးဆက် ဦးပြန်မော့လာနိုင်အောင် ကူညီဖို့ ဆုံးဖြတ်ထားပြီဆိုကတည်းက ရင်သပ်ရှုမောဖွယ် ပုံစံမျိုးဖြင့် လုပ်ဆောင်ပေးမည်။
မန်ရူနှင့် သွေးခွေးကြီးသည် မန်မျိုးနွယ်စု၏ ပင်မကုန်းမြေသို့ ပျံသွားပြီး ကျန်သွေးဆက်ကိုးဆက်၏ အမိန့်များကို လိုက်နာရုံမှတစ်ပါး ရွေးချယ်စရာ မရှိခဲ့သော သွေးဆက်များကို ပြန်ခေါ်လိုက်ကြသည်။
ထိုစဉ် ရွှီမျိုးနွယ်စု၏ အရန်ဌာနအမျိုးမျိုးရှိ ကျင့်ကြံသူတစ်ယောက်မကျန် ရုပ်ပျက်ဆင်းပျက် သေဆုံးသွားမှုကြောင့် ဘိုးဘေးစံအိမ်ထဲရှိ ရွှီမျိုးနွယ်စု၏ အစွမ်းထက်ပညာရှင်များကြားတွင် အုတ်အော်သောင်းနင်း ဖြစ်နေလေသည်။
လူတိုင်းသည် ဒေါသူပုန်ထနေပြီး နောက်ဆုံးတော့ ရှေးဆန်သောအသံတစ်သံက ရွှီမျိုးနွယ်စုဘိုးဘေးစံအိမ်ထဲမှ ဟိန်းထွက်လာ၏။
"အောက်တန်းကျတဲ့ သွေးဆက်တစ်ဆက်က အရင်ဂုဏ်ကျက်သရေကို ပြန်ယူဆောင်နိုင်မယ် ထင်နေတာလား။ တရားခံကို ကွပ်မျက်ပစ်လိုက်။ တစ်ယောက်ယောက် မင်းတို့လမ်းကို တားရင် သူတို့ကိုလည်း ကွပ်မျက်ပစ်လိုက်။ အဲ့ဒီက မသန်မစွမ်းလူအိုကြီးတွေ မင်းတို့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"
အသံက မိုးခြိမ်းသံကြီးသဖွယ် ထစ်ချုန်း၍ ကောင်းကင်ထက်တွင် ပြိုးပြိုးပြက်ပြက် လက်သွားစေပြီး မြေပြင်များအား တုန်ခါလာစေသည်။ ချက်ချင်းပင် အလင်းတန်းဒါဇင်ပေါင်းများစွာက လူရိပ်ရာချီနှင့်အတူ ဘိုးဘိုးမန်၏ သွေးဆက်တည်ရှိရာသို့ ဦးတည်သွားကြတော့သည်။
ရွှီမျိုးနွယ်စုသည် သွေးဆက်အပေါ် အင်မတန် အမျက်ထွက်နေသည့်အတွက် စကားပင် ပြောမနေတော့ပေ။ သူတို့သည် ချက်ချင်း တိုက်ခိုက်မည်ဖြစ်ပြီး သူတို့ထုတ်လွှတ်နေသော အသတ်အဖြတ်အရှိန်အဝါများမှာ မယုံနိုင်လောက်အောင် အားကောင်းလေ၏။
တစ်ချိန်တည်းမှာပင် မန်မျိုးနွယ်စု၏ ပင်မဘိုးဘေးစံအိမ်ထဲတွင် မန်ဟို တာအိုရှာဖွေခြင်းကျင့်ကြံသူ၏ အရိုးများကို ချေမွ၍ အသားပြားကြီးအဖြစ် ပြောင်းလဲခဲ့သော ခြံ၀န်းထဲမှ ဒေါသတကြီး ဟိန်းဟောက်သံနောက်တစ်သံကို ကြားလိုက်ရသည်။ ထိုနေရာတွင် မျက်နှာတင်းတင်းနှင့် မျက်လုံးများ မီး၀င်း၀င်းတောက်နေသည့် အဘိုးအိုသုံးယောက်အား မြင်ရနိုင်၏။ သူတို့၏အနောက်တွင် ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေသည့် မျိုးနွယ်၀င်ဆယ်ယောက် ရှိလေသည်။
"အတင့်ရဲလိုက်တာ" အဘိုးအိုသုံးယောက်အနက် တစ်ယောက်က ပြောသည်။ “မျိုးပြုတ်တော့မလို အားနည်းနေတဲ့ သူတို့သွေးဆက်ကို ဘယ်သူက လိုအပ်မှာတုန်း။ အခုတော့ တမင်သက်သက် ရန်တောင် လာစတယ်ပေါ့လေ။ ဟေ့ကောင်တွေ မင်းတို့ ငါ့နောက်လိုက်ခဲ့။ ဒီသူပုန်တွေကို အခုချက်ချင်း မျိုးဖြုတ်ပစ်မယ်" ထို့နောက် အဘိုးအိုက သူ၏အင်္ကျီလက်စကို ခါပြီးနောက် လေပေါ်ပျံတက်လိုက်သည်။ သူတို့သည် ဘိုးဘိုးမန်၏မျိုးဆက်ရှိရာသို့ ဦးတည်လာကြသည့် ရောင်စုံအလင်းတန်းများအသွင် ပြောင်းသွား၏။
အင်အားကျဆင်းနေပြီဖြစ်သော မန်မျိုးနွယ်စုထံသို့ နိမိတ်လေမုန်တိုင်းများ တိုက်ခတ်လာရန် သိပ်မကြာလိုက်ပေ။ ထို့အပြင် ၎င်းတို့အားလုံးက မန်ဟို့ကြောင့်ဖြစ်သည်။
ထိုအရာများဖြစ်ပွားနေစဉ် မန်ဟိုက သွေးဆက်အိမ်တော်ထဲရှိ ကျောက်ဆောင်တစ်ခုအပေါ်တွင် ကျန်သွေးဆက်များဖြင့် ဝန်းရံလျက် တင်ပျဉ်ခွေထိုင်နေ၏။ သူတို့အားလုံးသည် လွန်စွာ စိတ်လှုပ်ရှားနေပုံပေါ်ပြီး အသက်ရှုလေ့ကျင့်ခန်းများ လုပ်ဆောင်နေသည့်ခုလတ်တွင် ဖြစ်သည်။ အများစုက အမျိုးသမီးများဖြစ်ပြီး သူတို့ကျင့်ကြံနေစဉ် သူတို့၏ကျင့်ကြံခြင်းအခြေခံများသည် ဖြည်းဖြည်းချင်း အဆင့်တက်လာနေ၏။
မန်ဟိုနှင့် အနီးဆုံးတွင် ထိုင်နေသည့်လူကတော့ မန်ဟို ယခုလေးတင် ကယ်ခဲ့သည့်လူငယ် မန်ဟန်ပင်။ သူက လေးစားအားကျနေသော မျက်၀န်းများဖြင့် မန်ဟို့ကို ရံဖန်ရံခါ ကြည့်တတ်လေသည်။
အမှန်က သူတစ်ယောက်တည်းမဟုတ်။ အိမ်တော်ထဲရှိ လူတိုင်းနီးပါး မန်ဟို့ကို ထိုကဲ့သို့ ကြည့်နေကြလေသည်။ စိတ်အားထက်သန်မှုက သူတို့၏မျက်လုံးထဲတွင် တဟုန်းဟုန်း တောက်လောင်နေ၏။ နောက်ဆုံးတော့ သူတို့တွင် မျှော်လင့်ချက်ရှိလာခဲ့ပြီမဟုတ်လော။ သူတို့ကြည့်နေသော ဤလူတွင် သူတို့ထက် များစွာမြင့်မားသော ကျင့်ကြံခြင်းအခြေခံ ရှိ၏။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူက အင်မော်နယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည့် ပထမဆုံးလူလည်း ဖြစ်ပေသည်။
"ကျင့်ကြံအားထုတ်တဲ့အခါမှာ စိတ်ဝိညာဉ်၊ အင်မော်တယ်၊ ရှေးဟောင်း၊ တာအိုဆိုတဲ့ နယ်ပယ်လေးခုကို ဖြတ်သန်းရတယ်။ အဲ့ဒီနယ်ပယ်တစ်ခုစီတိုင်းက မင်းတို့ကို မတူကွဲပြားတဲ့ စွမ်းအားတွေကို ပေးအပ်တဲ့အပြင် နယ်ပယ်တစ်ခုစီထဲမှာ အဆင့်ငယ်တွေ ရှိသေးတယ်
"ရှုပ်ထွေးတဲ့ပုံပေါ်ပေမယ့် တစ်လှမ်းချင်းသာ လှမ်းသွားရုံပဲ။ အဲဒီလမ်းပေါ်မှာ မင်းတို့ ဝေးဝေးလျှောက်နိုင်လေလေ အစွမ်းပိုထက်လာလေလေ ဖြစ်မယ်
"စိတ်ဝိညာဉ်နယ်ပယ်ကို စဦးချီစုစည်းမှု၊ အခြေချီတည်၊ အမြုတေဖြစ်တည်မှု၊ အနုသုခုမရုပ်ခန္ဓာ၊ တာအိုရှာဖွေခြင်း၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်းနဲ့ တာအိုတက်လှမ်းခြင်းအဆင့်ဆိုပြီးတော့ ခွဲခြားထားတယ်
"မင်းတို့အများစုက အမြုတေဖြစ်တည်မှုအဆင့်မှာဆိုတာ ငါ မြင်နေရတယ်။ နည်းနည်းပါးပါးက အနုသုခုမရုပ်ခန္ဓာအဆင့်ဖြစ်ပြီး စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူတွေတော့ မရှိတဲ့ပုံပဲ" မန်ဟိုက တိုးညှင်းစွာ ပြောနေသော်လည်း သူ့အသံတွင် ထူးဆန်းသော စွမ်းအားတစ်ရပ်ပါ၀င်နေဟန် ရှိ၏။ ၎င်း သွေးဆက်အိမ်တစ်အိမ်လုံးတွင် ပဲ့တင်ထပ်နေစဉ် သူ၏သွေးဆက်အမျိုးအားလုံးက စိတ်၀င်တစား နားထောင်နေကြလေသည်။
သူ၏သွေးဆက်အမျိုးတစ်ချို့က မထောက်ပြဘဲ မနေနိုင်တော့ပေ။ "အစ်ကိုကြီးမန်ချိန်။ အစ်မချောင်အာက စိတ်ဝိညာဉ်နယ်ပယ်အဆင့်ဆိုတာ မမေ့နဲ့ဦး။ ပြီးတော့ အစ်မရွမ်ရောပဲ"
"အစ်မဟုန်က တာအိုရှာဖွေခြင်းအဆင့်မှာ"
မန်ဟိုက ခေါင်းညိတ်ပြီး ဆက်ပြောသည်။
“အမြုတေဖြစ်တည်မှုအဆင့်က အတွင်းအမြုတေတစ်ခုကို ဖော်ဆောင်ရာကို အာရုံစိုက်တယ်။ အဲဒီအမြုတေနဲ့ အနုသုခုမရုပ်ခန္ဓာသန္ဓေတည်ဖို့ အသုံးပြုရတဲ့ မင်းတို့ရဲ့ကိုယ်ပိုင်ချီကို စုစည်းရမယ်။ ငါကတော့ အမြုတေဖြစ်တည်မှုအဆင့်မှာတုန်းက ဓာတ်ငါးပါးကို ငါ့ရဲ့အခြေခံအဖြစ် အသုံးပြုရင်း နောက်ပိုင်း ငါ့ရဲ့ ဓာတ်ငါးပါးအနုသုခုမရုပ်ခန္ဓာဖြစ်လာတဲ့ ဓာတ်ငါးပါးရွှေအမြုတေကို ဖန်တီးခဲ့တာပဲ....
“.... စိတ်ဝိညာဉ်ခွဲထွက်ခြင်းရဲ့ အဓိပ္ပါယ်အစစ်အမှန်က စိတ်ဝိညာဉ်ထဲမှာ မဟုတ်ဘူး၊ ခွဲထွက်ခြင်းဆိုတဲ့ အထဲမှာ
“တာအိုတွေလည်း ဖြစ်တဲ့ ခွဲထွက်ခြင်းသုံးကြိမ်ရှိတယ်။ ခွဲထွက်ခြင်းသုံးကြိမ်၊ တာအိုသုံးခုပေါ့။ အဲဒီနောက်မှာတော့ မင်းတို့ဟာ နောက်တစ်ဆင့် တာအိုရှာဖွေခြင်းအဆင့်ကို တက်လှမ်းဖို့ အဖြေတွေကို မင်းတို့ရဲ့ကိုယ်တွင်းမှာ ရှာရမယ်
“အင်မော်တယ်အဆင့် တက်လှမ်းတာကတော့ တကယ်တမ်း ရိုးရှင်းတယ်။ မင်းတို့တစ်ယောက်မှ စိတ်ပူနေစရာမလိုဘူး။ ဒီတိုင်း ဘိုးဘေးတွေကို တုပပြီး အတုအယောင်အင်မော်တယ် ဖြစ်လာလိုက်ရုံပဲ” သူ၏သွေးဆက်တူများအား စိတ်ဝိညာဉ်နယ်ပယ်၏ အဓိပ္ပါယ်ကို အသေးစိတ် အကျယ်တဝင့် ရှင်းပြနေစဉ် မန်ဟို၏အသံသည် ဟိန်းထွက်လျက်ရှိ၏။
ဘိုးဘိုးမန်၏သွေးဆက်များသည် ဈာန်ဝင်စားမိန်းမောနေကြသည့်အလား နားထောင်ကြ၏။ သူတို့အတွက် ယခင်က တွေဝေရှုပ်ထွေးနေခဲ့သော နေရာများစွာမှာ ယခုတွင် ရှင်းလင်းပြတ်သားစွာ ရှင်းပြခံနေရလေပြီ။ ထိုမျှသာမက မန်ဟို၏ရှင်းပြဟောပြောမှုသည် သူတို့နားထောင်ခဲ့ဖူးသော မည်သည့်ရှင်းပြဟောပြောချက်မဆိုထက် နက်နဲသိမ်မွေ့၏။
မန်ဟိုအသံတွင်လည်း သူ့သွေးဆက်များ၏ ခန္ဓာကိုယ်အတွင်း၌ အစေ့တစ်စေ့ တစတစ ဖြစ်ပေါ်လာစေသော ထူးဆန်းစွမ်းအား ပါရှိနေသည်။ ၎င်းက တာအိုသစ်စေ့တစ်စေ့ ဖြစ်ချေသည်၊ လောကပါလတာအိုအင်မော်တယ်သွေးဆက်၏ တာအိုသစ်စေ့တော့ မဟုတ်..... မန်ဟို ကျင့်ကြံခြင်းနှင့်ပတ်သက်၍ ရရှိခဲ့သော ဉာဏ်အလင်းများ၊ စိတ်ဝိညာဉ်နယ်ပယ်တွင်ရှိစဉ်က သူ၏အတွေ့အကြုံများမှ .... အစေ့တစ်စေ့၊ စိတ်ဝိညာဉ်သစ်စေ့တစ်စေ့ ဖြစ်လေသည်။
မန်ဟိုသည် စိတ်ဝိညာဉ်နယ်ပယ်မှာတုန်း တောင်ပင်လယ်လောကတွင် ဖီးနစ်ငှက်မွှေးနှင့် ချီလင်ချိုပမာ ရှားပါးသော စိတ်ဝိညာဉ်နယ်ပယ်အဆင့် အခြေခံတစ်ခုကို ပိုင်ဆိုင်ခဲ့၏။ စိတ်ဝိညာဉ်နယ်ပယ်အပေါ် သူ၏နားလည်မှုမှာ မည်သူမဆိုထက် သာလွန်မြင့်မားသည်ဟု ပြောလျှင်ပင် ချဲ့ကားရာမရောက်ပေ။ ထိုနယ်ပယ်တွင် မည်သူမှ သူ့လို မစုဆောင်းခဲ့သလို၊ အစစ်အမှန်အင်မော်တယ်တစ်ဦးဖြစ်လာဖို့ စေ့စေ့စပ်စပ် မပြင်ဆင်ခဲ့ဖူးပေ။ သူသည် တောင်ပင်လယ်လောကတစ်ခုလုံးကို တုန်လှုပ်ခဲ့စေသူမဟုတ်ပါလော။
ထို့ကြောင့် သူ၏နားလည်မှုနှင့် သူ၏ရှင်းပြဟောပြောချက်က သူ၏သွေးဆက်တူမျိုးနွယ်ဝင်အားလုံးအတွက် မဖော်ပြနိုင်လောက် နက်ရှိုင်း၍ အဓိပ္ပါယ်ရှိလေသည်။
ထိုအရာအားလုံးအပြင် ပတ်ဝန်းကျင်တွင် ပေါများသောအင်မော်တယ်ချီသည် သာမန်စိတ်ဝိညာဉ်စွမ်းအင်ထက် များစွာအရည်အသွေးမြင့်မား၏။ ရလဒ်အနေဖြင့် သူ၏အမျိုးအများစုသည် နက်ရှိုင်းသထက် နက်ရှိုင်းသော ဉာဏ်အလင်းကို ဆင်ခြင်သုံးသပ်နိုင်လာကြတော့သည်။
မန်ဟို့အဘွားနှင့် ဘိုးဘိုးလေးတို့မှာ ဖြစ်ပျက်နေသောအရာကို တအံ့တဩ ကြည့်နေကြပြီးနောက် စိတ်လှုပ်ရှားနေသောအရိပ်အယောင်များကား သူတို့၏မျက်နှာပေါ်တွင် ဖုံးဖိမရတော့ပေ။ မန်ဟို့ဦးလေးနှစ်ယောက်သည်လည်း ဂျူနီယာမျိုးဆက်များ၏ တိုးတက်နေမှုကြောင့်သာမက အင်မော်တယ်ချီက သူတို့အား ကျင့်ကြံအားထုတ်မရသော အခြေအနေမှ ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးနေသည့်အတွက် စိတ်လှုပ်ရှားလွန်း၍ မျက်နှာများနီမြန်းနေကြသည်။
သက်လတ်ပိုင်းအမျိုးသမီးသုံးယောက်လည်း တူညီသောအရာကို တွေ့ကြုံနေကြရသည်။
ကြည့်ရခြင်းအားဖြင့် မန်ဟို့ပတ်ဝန်းကျင်ရှိ သွေးဆက်တူအမျိုးအားလုံး ... ဖြည်းဖြည်းချင်း ပြောင်းလဲလာနေကြသယောင်ပင်။
မန်ဟိုက ဈာန်ဝင်စားနေသော လူတိုင်းကို မျက်လုံးဝေ့ကြည့်လိုက်ရင်း သူ့အကြည့်သည် ရွှီမျိုးနွယ်စုမှ သူ ကယ်ခဲ့သော လူငယ်လေးမန်ဟန်အပေါ် ကျရောက်သွား၏။
မန်ဟန့်တွင် အခြားလူများထက် ထက်သန်သောပါရမီရှိပြီး သူ့ကျင့်ကြံခြင်းအခြေခံက အမြုတေဖြစ်တည်မှုအဆင့်သာ ဖြစ်သော်လည်း အဆင့်တက်တော့မည့်အခိုက်အတန့်သို့ ရောက်နေကြောင်း မန်ဟို ပြောနိုင်သည်။
အပြုံးတစ်စသည် မန်ဟို့မျက်နှာတွင် ဖြစ်ထွန်းလာ၏။ ယခုတွင် နှစ်အနည်းငယ်အတွင်း သူ့အဘိုး၏သွေးဆက် ယခင်ဂုဏ်ကျက်သရေကို ပြန်လည်ဆောင်ကြည်းနိုင်လိမ့်မည်ဟု သူ ယုံကြည်ချက်ရှိသွားသဖြင့် သူ့နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုတို့ လှိုင်းထန်လာတော့သည်။ ဤအခိုက်အတန့်တွင် သူက ကောင်းကင်ကို ရုတ်တရက် မော့ကြည့်လိုက်ကာ မျက်လုံးများသွေးအေးသွား၏။
သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏သိုလှောင်အိတ်ထဲမှ အနက်ရောင်အစေ့များ ပျံထွက်သွားသည်။ ၎င်းတို့က အသတ်အဖြတ်အရှိန်အဝါများကို ထုတ်လွှတ်လျက် အဝေးသို့ ချက်ချင်း ပျံထွက်သွားကြလေသည်။ ၎င်းတို့သည် ပျံသန်းနေစဉ် တဖောက်ဖောက်မြည်သံများ ထွက်လာပြီး သွားချွန်ချွန်များပြည့်နေသည့် ပါးစပ်ပြဲပြဲကြီးများဖြင့် အနက်ရောင်မှင်စာများဖြစ်လာကြ၏။
“ဂီးးးးးးးးးး” အနက်ရောင်မှင်စာများက စူးစူးဝါးဝါးအော်ရင်း အဝေးထွက်သွားကြလေသည်။
လောလောဆယ်တွင် မန်ဟို လက်ရှိထိုင်နေသော မီတာသုံးသောင်းဧရိယာအပြင်၌ ကျင့်ကြံသူရာပေါင်းများစွာသည် အသတ်အဖြတ်အရှိန်အဝါနှင့် သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်ရင်း ပျံသန်းလာနေကြ၏။ ခေါင်းဆောင်နေရာရှိ ကျင့်ကြံသူတစ်ဒါဇင်ကျော်တွင် ရှေးဟောင်းနယ်ပယ်အဆင့် ကျင့်ကြံခြင်းအခြေခံများ ရှိသော်လည်း အားလုံးအထဲ အစွမ်းထက်ဆုံးကား ရှေးဟောင်းနယ်ပယ် အလယ်အလတ်ဆင့်၌သာ ဖြစ်သည်။ သို့သော် ယခုလိုအုပ်စုတစ်စုအား လျှော့တွက်မရသည့်အပြင် ရွှီမျိုးနွယ်စု၏ စုစုပေါင်းအင်အားမှ တစ်ဝက်ခန့် ပါဝင်နေသည်။
အုပ်စုအနက် သုံးဆယ်ရာခိုင်နှုန်းခန့်က အင်မော်တယ်အဆင့်ဖြစ်ပြီး ကျန်ရှိသူများကတော့ .... စိတ်ဝိညာဉ်နယ်ပယ်အဆင့်ဖြစ်သည်။ ရွှီမျိုးနွယ်စုသည် မန်မျိုးနွယ်အတွင်းရှိ အရန်မျိုးနွယ်စုရှစ်စုအနက်မှ တစ်စုသာ ဖြစ်သည်မဟုတ်ပါလော။ ဆိုလိုသည်ကား သူတို့အနေဖြင့် ကြောက်မခန်းလိလိ အင်အားကြီးနေမည်မဟုတ်ပေ။ သို့ပင်ငြား အစွမ်းထက်ကျင့်ကြံသူများစွာတော့ ပိုင်ဆိုင်ထားသေး၏။
သူတို့ မြင်လိုက်ရသည်မှာ သိပ်သည်းထူထဲသော မြူခိုးများ ဝေနေသည့် ဧရိယာအကြီးကြီးတစ်ခုဖြစ်ပြီး ထိုမြူများထဲမှ အတားအဆီးတစ်ခုခုရှိနေကြောင်း သူတို့ ခံစားလိုက်ရသည်။ ထိုအတားအဆီးက ရွှီမျိုးနွယ်စုမှ ရှေးဟောင်းနယ်ပယ် အလယ်အလတ်အဆင့်ကျင့်ကြံသူ၏ မျက်လုံးများကို ဝိုင်းစက်ပြူးကျယ်သွားစေသည်။ သူ့မှာ ပင့်သက်ရှိုက်လိုက်ရပြီး ရင်တဒိန်းဒိန်းခုန်လာတော့သည်။
သူပင်လျှင် ထိုအတားအဆီးကို ချိုးဖျက်နိုင်ပါ့မလားဟု သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်ရပြီး ၎င်းအနားရောက်လာသည့်အခါ မြူအတွင်းထဲတွင် ရှိနေသည်ကား .....
“အင်မော်တယ်ချီတွေ... အင်မော်တယ်ချီတွေ အများကြီးပဲ.... သိပ်သည်းနေလိုက်တာ။ ချီတွေကို မျက်စိနဲ့တောင် မြင်နေရပါလား။ ဒီဧရိယာက အင်မော်တယ်ကမ္ဘာကြီးအတိုင်း ဖြစ်နေတာပါလား
“ဒါပေမဲ့ ... ဘယ်သူက ဒီလိုလုပ်ပေးနိုင်တာလဲ” သူ့မှာ အံ့အားသင့်နေသော်လည်း သူ၏မျိုးနွယ်များကတော့ သဲလွန်စတစ်ခုမှ သတိထားမိဟန်မတူဘဲ သတ်ဖြတ်လိုစိတ်များ ဆူပွက်နေဆဲပင်။
အမျက်တချောင်းချောင်း ထွက်နေလျက် ရွှီမျိုးနွယ်ကျင့်ကြံသူတချို့က အော်ဟစ်ကြသည်။ “မန်မျိုးနွယ်တွေ အခုချက်ချင်း ထွက်လာတာ ကောင်းမယ်နော်”
ရှေးဟောင်းနယ်ပယ်အလယ်အလတ်အဆင့် ကျင့်ကြံသူအတွက် တားဖို့ အချိန်မရလိုက်သည်အထိ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့၍ သူ မျက်စိမျက်နှာပျက်နေစဉ် မြူထဲမှ ခပ်စူးစူးအသံတစ်သံ ထွက်လာသည်။
“ဂီးးးးးးးးးး.....” အသံနောက်မှ လိုက်ပါလာသည်ကတော့ လျှပ်စီးလို လျင်မြန်စွာ ရွေ့လျားလာသည့် အနက်ရောင်မှင်စာအုပ်ကြီးပင်။ ထိုမှင်စာတစ်ကောင်ချင်းစီက ရှေးဟောင်းနယ်ပယ်အလယ်အလတ်အဆင့်နှင့် ညီမျှသော ဖိအားကို ထုတ်လွှတ်နေလေသည်။
“ပြေး.... ဒီကပြေးကြ” ရှေးဟောင်းနယ်ပယ်အလယ်အလတ်အဆင့် ကျင့်ကြံသူမှာ ခေါင်းနပန်းကြီးသွားတော့သည်။ ဤအနက်ရောင်မှင်စာများကို သူ တစ်ခါမှ မကြုံတွေ့ခဲဖူးသော်လည်း ၎င်းတို့ မည်မျှကြောက်စရာကောင်းကြောင်း ပြောနိုင်၍ သူ့ရင်ထဲတွင် သေရတော့မည့်အန္တရာယ်ကို ခံစားလာရသည်။
သူက တစ်ချိုးတည်းထွက်ပြေးလေရာ သူ၏မျိုးနွယ်တူများမှာ မှင်သက်သွားကြတော့သည်။ သူတို့အတွက် ကံဆိုးစွာနှင့် မြန်မြန်မပြေးနိုင်၍ မှင်စာများ၏ ခုန်အုပ်ခြင်း ခံလိုက်ရသည်။
ကြည့်ရသရွေ့ မှင်စာများသည် ဤလူများကို ပူးကပ်လိုစိတ် မရှိသယောင်ပင်။ ၎င်းတို့က သူတို့၏ခန္ဓာကိုယ်များကို ထိုးဖောက်ပြီး အစိမ်းလိုက်စားကြ၏။ ချက်ချင်းဆိုသလို ရွှီမျိုးနွယ်ကျင့်ကြံသူများထံမှ ကြောက်လန့်တကြားအော်သံများ ဆူညံလာတော့သည်။
လူတစ်ရာကျော်လောက် အော်ဟစ်နေကြသဖြင့် မြင်ကွင်းတစ်ခုလုံး ပွက်လောရိုက်နေသည်။ ထို့နောက် သူတို့၏ခန္ဓာကိုယ်များသည် အသားအစအနများအဖြစ် ပေါက်ကွဲကုန်ကြ၏။ တခြားလူများမှာမူ ဖြူဖပ်ဖြူလျော်ဖြင့် ဖနောင့်နှင့်တင် တစ်သားတည်းကျအောင် ထွက်ပြေးကြတော့သည်။
မျက်စိတစ်မှိတ်အတွင်း အနက်ရောင်မှင်စာများက ချောက်ချားဖွယ်အမူအရာများဖြင့် အသားစထဲမှ ထိုးထွက်လာကြပြီး ဆက်လက်တိုက်ခိုက်ကြသည်။ ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရသဖြင့် မချိတင်ကဲအော်သံများ ဟိန်းထွက်နေလေသည်။ အနက်ရောင်မှင်စာများသည် အသက်များကို နုတ်ယူဖို့ ငရဲမှ ထွက်လာခဲ့သည့် ယမမင်းများအလားပင်။
ရှေးဟောင်းနယ်ပယ်အဆင့် ရွှီမျိုးနွယ်ကျင့်ကြံသူများပင် ထွက်မပြေးနိုင်ကြပေ။ သူတို့ မည်မျှပြန်တိုက်ခိုက်စေကာမူ အနက်ရောင်မှင်စာများက သူတို့၏ကလီစာများ၊ အသားများစို အပြောင်ရှင်းစားသုံးလိုက်ကြသဖြင့် ခန္ဓာကိုယ်များ ခြောက်ကပ်သေဆုံးသွားခြင်းနှင့်သာ အဆုံးသတ်ကုန်ကြသည်။
သူတို့အထဲ အစွမ်းထက်ဆုံး ရှေးဟောင်းနယ်ပယ်အလယ်အလတ်အဆင့် အဘိုးအိုက ဒေါသတကြီး ဟိန်းဟောက်ရင်း သူ့ကိုယ်သူ ကာကွယ်ဖို့ နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်များအား ထုတ်လွှတ်နေသည်။ သို့သော်လည်း အချည်းနှီးသာ။ မကြာမီ မှင်စာတစ်ကောင်က သူ့အသားထဲ ဖောက်ဝင်သွား၏။ သူ့မှာ နာကျင်စွာ အော်ဟစ်ပြီးနောက် ... ဖောင်းခနဲ ပေါက်ကွဲသွားတော့သည်။
အနိဋ္ဌာရုံမြင်ကွင်းမှာ အတန်ကြာမရှုမလှဖြစ်နေသည်။ ကျင့်ကြံသူရာချီ သေသွားကြ၍ သွေးညှီနံ့တထောင်းထောင်း ထနေသည်။ အနက်ရောင်မှင်စာများကမူ အကျည်းတန်စွာ ပြုံးပြီးနောက် ကြောက်မက်ဖွယ်ဟိန်းဟောက်သံများကို ထုတ်လွှတ်လိုက်ကြ၏။
နောက်ဆုံးတော့ ၎င်းတို့သည် မြူထဲ ပြန်လည်ဝင်ရောက်ပျောက်ကွယ်သွားသော အနက်ရောင်တိမ်တိုက်အသွင် ပြန်ပြောင်းသွား၏။
“ဂီးးးးးးးးး…”