အခန်း (၁၆၆၄)
Vol. 119 Ch. 1664
နတ်ဘုရားအဆင့် ပညာရှင်တစ်ယောက်၏ လက်ဝါးပုံရိပ်… ။
ယင်းက သာမန်လက်ဝါးချက်တစ်ခုသာ ဖြစ်သော်လည်း လက်ဖဝါးပေါ်မှာ ကြယ်သန်းပေါင်းများစွာ စုဝေးရှိနေကြသည်။ ဤသည်မှာ ကြယ်တာရာတစ်ခုလုံး ပြိုကျလာသည့်အလားပင်။
နတ်ဘုရားအဆင့်၏ တိုက်ပွဲစွမ်းအားက သွေးချီစွမ်းအားနှင့် ဝိညာဉ်စွမ်းအားပေါ်မှာ မမူတည်ပေ။ ထို့အတူ ဖန်တီးခြင်းနှင့် ပေါင်းစည်းခြင်းပေါ်မှာလည်း မဟုတ်ပေ။ ယင်းအစား မူလစွမ်းအားပေါ်မှာ မူတည်သည်။
ဓားတာအိုအပေါ် ဟန်မူယဲ့၏ ဆင်ခြင်နားလည်မှုက နတ်ဘုရားအဆင့်သို့ ရောက်ရှိနေသည်။ အမှန်မှာ ယင်းက နတ်ဘုရားအဆင့်၏ နယ်နိမိတ်ထက်ပင် ကျော်လွန်နေသည်။ အဘယ့်ကြောင့်ဆိုသော် ဓားတာအိုအပေါ် သူ၏ မူလအုတ်မြစ်က တခြားအမွေအနှစ်များထက် ကျော်လွန်နေသောကြောင့် ဖြစ်သည်။
ထို့ပြင် ဟန်မူယဲ့က ဓားတာအိုနှင့်ပတ်သက်၍ သူ့ကိုယ်ပိုင်လမ်းစဉ်ကို စောစီးစွာ နားလည်ထားသည်။
“ ရှေးဟောင်းဝိညာဉ်နတ်သခင်ရဲ့ လက်ဝါးရိုက်ချက်ကို တောင့်ခံနိုင်တဲ့လူက အများကြီး မရှိဘူး… ”
တောင်တန်းများနှင့် မြစ်ချောင်းများကြားတွင် လူတချို့က တီးတိုးပြောလိုက်ကြသည်။
နတ်သခင်ကိုးပါးသည် တစ်ယောက်နှင့်တစ်ယောက် ကောင်းမွန်စွာ သိထားကြသည်။ ထို့ကြောင့် ထိုလက်ဝါးရိုက်ချက်ကို ထုတ်ဖော်ခဲ့သူက ရှေးဟောင်းဝိညာဉ်နတ်သခင်ဖြစ်ကြောင်း သူတို့သိကြသည်။
ဟန်မူယဲ့၏ ခေါင်းပေါ်မှ လက်ဝါးပုံရိပ်က ဖော်မပြနိုင်အောင် ခမ်းနားထည်ဝါသည်။
ထိုလက်ဝါးရိုက်ချက်ထဲမှ မူလစွမ်းအားက သူ၏ ရုပ်ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဖျက်ဆီးဝါးမျိုပစ်နိုင်သည်။
ယင်းက နတ်ဘုရားအဆင့် ဖြစ်သည်။
နတ်ဘုရားအဆင့် ပညာရှင်တစ်ယောက်ထံမှ သာမန်လက်ဝါးရိုက်ချက်တစ်ချက်က ထိုမျှကြောက်စရာကောင်းသည်။
“ ရွှီး ”
ကျယ်လောင်သော ဓားဟိန်းသံက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှ ပဲ့တင်ထပ်လာသည်။
သူ့အပေါ်သို့ ကျဆင်းလာနေသော လက်ဝါးပုံရိပ်က ရုတ်တရက် တုန်ယင်သွားပြီး အနောက်ဆုတ်ရန် အမြန်ကြိုးစားလိုက်သည်။
သို့သော်လည်း အလွန်နောက်ကျသွားချေ၏။
ဓားအလင်းတစ်ခုက ဟန်မူယဲ့၏ အနောက်မှ ပျံသန်းထွက်လာပြီး လက်ဝါးပုံရိပ်ကို တိုက်ရိုက် ဖျက်ဆီးလိုက်သည်။
လက်ဝါးပုံရိပ်က ဆံခြည်မျှင်များသဖွယ် အသေးစိတ် ပိုင်းဖြတ်ခံလိုက်ရသည်။
ဖျက်ဆီးခံလိုက်ရသော လက်ဝါးပုံရိပ်၏ အနောက်တွင် တိုးညင်းသော အာမေဋိတ်သံ ထွက်ပေါ်လာသည်။
“ ဓားနတ်ဘုရား ”
“ သေစမ်း… အဲ့ဒါ ဓားကျင့်ကြံသူတစ်ယောက်ပဲ… ”
အာမေဋိတ်သံများ ပဲ့တင်ထပ်သွားပြီးနောက် ဘေးပတ်ဝန်းကျင်မှ တောင်တန်းများနှင့် မြစ်ချောင်းများက ချက်ချင်း လွင့်ပြယ်သွားကြသည်။ နောက်အခိုက်အတန့်မှာ ဤနေရာက အလွန်ကျယ်ပြောသော ခန်းမတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အသွင်သဏ္ဍာန်မတူညီသော ကျင့်ကြံသူများက ခန်းမထဲမှာ မတ်တတ်ရပ်နေကြသည်။
သူတို့ထဲမှ တစ်ယောက်က မုတ်ဆိတ်ဖြူရှိသော အဖိုးအိုဖြစ်ပြီး အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထူးခြားချက်အနေဖြင့် သူ၏ နဖူးပေါ်မှာ တတိယမျက်လုံး ရှိသည်။ အစိမ်းရောင်မြူခိုးက သူ၏ ဘေးပတ်ဝန်းကျင်မှာ ရစ်ပတ်နေသည်။
တခြားတစ်ယောက်က သံချပ်ကာဝတ်ဆင်ထားသော ဘီလူးတစ်ကောင်ဖြစ်ပြီး ၎င်းမှာ လက်လေးဖက်ရှိသည်။ ၎င်း၏ အနောက်တွင် ရွှေရောင်ဝါးလုံးတစ်လုံးက မြင်သာစွာ ထောင်မတ်နေသည်။
အရပ်ရှည်ပြီး ခန္ဓာကိုယ်ထွားကြိုင်းသော လူငယ်တစ်ယောက်က ကြယ်များသဖွယ် ထွန်းလင်းတောက်ပသော မျက်လုံးများဖြင့် မတ်တတ်ရပ်နေသည်။
…..
ဟန်မူယဲ့ကို အစောနက ပညာစမ်းခဲ့သော ရှေးဟောင်းဝိညာဉ်နတ်သခင်သည် အသက်ငါးဆယ်ခန့်ရှိသော အဖိုးအိုတစ်ယောက် ဖြစ်သည်။ သူက လက်ဖဝါးကို ဆုပ်ကိုင်လျက် မတ်တတ်ရပ်နေသည်။ သူက ခန္ဓာကိုယ်အလွန်ပိန်ပါးလေရာ အရိုးများကို မြင်တွေ့လုနီးပါးပင်။
တူညီသော အချက်တစ်ချက်မှာ ထိုကျင့်ကြံသူများက ဤခန်းမထဲမှာ စုဝေးရှိနေကြသော်လည်း သူတို့၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်ဖြစ်သည်။
ယင်းက နတ်ဝိညာဉ်ဆင်းသက်လာမှု ဖြစ်၏။
နတ်ဘုရားအဆင့် ထိုအစွမ်းထက်ကျင့်ကြံသူများသည် ဤနေရာသို့ သူတို့၏ အစစ်အမှန်ခန္ဓာကိုယ်ဖြင့် ရောက်မလာကြချေ။
ဟန်မူယဲ့၏ ဓားတာအိုက နတ်ဘုရားအဆင့်ထက် ကျော်လွန်သွားပြီ ဖြစ်သည်။ ထို့ပြင် သူ၏ နတ်ဝိညာဉ်က အလွန်သန်မာသည်။ ထို့ကြောင့် နတ်သခင်များ၏ နတ်ဝိညာဉ်များကို ရင်ဆိုင်ရခြင်းက ဟန်မူယဲ့အတွက် ခက်ခဲသောအရာ မဟုတ်ပေ။
သူက ၎င်းတို့ကို ဓားတစ်ချက်တည်းဖြင့် အလွယ်တကူ တိုက်ခိုက်နိုင်သည်။
အကယ်၍ တစ်ဖက်လူက အစစ်အမှန်ခန္ဓာကိုယ်ဖြင့် ဆင်းသက်လာပြီး အစွမ်းကုန် တိုက်ခိုက်မည်ဆိုလျှင် သူ့အတွက် လွယ်ကူလိမ့်မည် မဟုတ်ချေ။
ယင်ယန်အဆင့်၊ သေခြင်းရှင်ခြင်းအဆင့်၊ ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်၊ ကမ္မအဆင့်နှင့် သံသရာစက်ဝန်းအဆင့် ယင်းတို့က အာဏာရှင်အဆင့်၏ အောက်အဆင့်များ ဖြစ်ကြသည်။ အာဏာရှင်အဆင့်၏ အထက်က ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ဖြစ်သည်။ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်၏ အထက်အဆင့်က မြင်တွေ့ရခဲသော နတ်ဘုရားအဆင့်ဖြစ်သည်။
နတ်ဘုရားအဆင့်က မရေမတွက်နိုင်သော ဘုံများ၏ အထွတ်အထိပ်တည်ရှိမှု ဖြစ်သည်။
ဘုံများကို အဆင့်အတန်း ခွဲခြားထားသည်။
အာဏာရှင်တစ်ပါးကို ပျိုးထောင်ပေးနိုင်သော ဘုံတစ်ခုကို အဆင့်မြင့်ဘုံဟု ခေါ်သည်။ အဆင့်မြင့်ဘုံတစ်ခုက အဆင့်နိမ့်ဘုံတစ်ထောင်ကို ထိန်းချုပ်နိုင်သည်။
ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်ရှိသော ဘုံကို ထိပ်တန်းအဆင့််ဘုံဟု ခေါ်သည်။ ထိပ်တန်းအဆင့်ဘုံတစ်ခုက မရေမတွက်နိုင်သော ဘုံများကို လွှမ်းမိုးဖိနှိပ်နိုင်သည်။
နတ်ဘုရားအဆင့် ပုဂ္ဂိုလ်တစ်ယောက် စောင့်ကြပ်နေသော ဘုံကို အထူးဘုံဟု ခေါ်သည်။ ထိုသို့ဘုံများက အထွတ်အမြတ်တည်ရှိမှုများ ဖြစ်ကြသည်။
မဟာပန်သွန်ဘုံနှင့် ဘုံတချို့က အထွတ်အမြတ်တည်ရှိမှုများ ဖြစ်ကြသည်။
“ တာအိုရောင်းရင်း… မင်းရဲ့ စွမ်းအားက တကယ်အံ့မခန်းပဲ… မင်းက အသင်္ချေအသူရာချောက်နက်ကိစ္စမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီတယ် ”
ဟန်မူယဲ့၏ အရှေ့မှ မုတ်ဆိတ်ဖြူအဖိုးအိုက ပြောသည်။
ထိုသူက အစောနက လက်ဝါးရိုက်ချက်ကို ထုတ်ဖော်ခဲ့သော ရှေးဟောင်းဝိညာဉ်နတ်သခင် ဖြစ်သည်။ သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ ဓားနတ်ဘုရားက ဒီလောကမှာ အရမ်းရှားပါးတယ်… ပြီးတော့ အဲ့ဒီတိုက်ပွဲစွမ်းအားက အရမ်းသန်မာတယ် ”
“ မင်းက အသင်္ချေအသူရာချောက်နက်ကိစ္စမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီတယ် ”
ကျင့်ကြံခြင်းလောကတွင် ခွန်အားက အရေးကြီးဆုံး ဖြစ်သည်။ မည်သည့်နေရာမှာမဆို ခွန်အားဖြင့် အရာရာကို ဆုံးဖြတ်သည်။
တစ်စုံတစ်ယောက်မှာ အလုံအလောက် သန်မာသော ခွန်အားမရှိလျှင် စကားပြောရန် အခွင့်အရေးရရှိလိမ့်မည် မဟုတ်ချေ။
ဟန်မူယဲ့၏ ဓားချက်ကြောင့်မဟုတ်လျှင် သူ့အရှေ့မှ နတ်သခင်ကိုးပါးက သူ့အား အသင်္ချေအသူရာချောက်နက်ကိစ္စထဲမှာ ပါဝင်ခိုင်းလိမ့်မည် မဟုတ်ချေ။
“ ဝီး ”
ထိုစဉ် ပုံရိပ်တစ်ခုက အောက်သို့ ဆင်းသက်လာသည်။ ထိုသူက ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော ယွင်ကျိနတ်သခင် ဖြစ်သည်။
နတ်သခင်ဆယ်ပါး… ။
ထိုမျှများပြားသော နတ်သခင်များက အထူးဘုံတစ်ခုကို ဆန့်ကျင်ရန် လုံလောက်ပေသည်။
“ တာအိုရောင်းရင်းဟန်က မဟာပန်သွန်ဘုံကမလား… ကျုပ် မဟာပန်သွန်ဘုံကို ရောက်ဖူးတယ်… ခင်ဗျားဆီကနေ မဟာပန်သွန်ဘုံရဲ့ အမှတ်အသားကို ကျုပ်အာရုံခံမိတယ် ”
ယွင်ကျိနတ်သခင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြုံးသည်။
“ မဟာပန်သွန်ဘုံလို အထူးဘုံတစ်ခုကပဲ ဓားနတ်ဘုရားတစ်ပါးကို မွေးထုတ်ပေးနိုင်လိမ့်မယ် ”
ဘုံများမှာ အမှတ်အသားကိုယ်စီ ရှိကြသည်။ ဟန်မူယဲ့၏ ကိုယ်ပေါ်မှာ မဟာပန်သွန်ဘုံ၏ အမှတ်အသား အမှန်တကယ် ရှိသည်။
သို့သော်လည်း သူက မဟာပန်သွန်ဘုံမှာ မွေးဖွားခဲ့သောကြောင့် ထိုသို့အမှတ်အသားရှိနေခြင်း မဟုတ်ပေ။ ယင်းက မဟာပန်သွန်ဘုံမှ သူ့အပေါ် ဖိနှိပ်ထားသော ချိပ်တံဆိပ် ဖြစ်သည်။ ဟန်မူယဲ့က ထိုချိပ်တံဆိပ်ကို စုပ်ယူလိုက်သည့်အခါ မဟာပန်သွန်ဘုံ၏ အမှတ်အသားက သူ၏ ခန္ဓာကိုယ်နှင့် တဖြည်းဖြည်း ပေါင်းစည်းသွားသည်။
မှန်ပေသည်။ ဟန်မူယဲ့က ထိုအကြောင်းကို ရှင်းပြနေလိမ့်မည် မဟုတ်ချေ။
ထိုသို့နားလည်မှုလွဲခြင်းက သူ့အတွက် ကောင်းမွန်သောကိစ္စ ဖြစ်သည်။ အနည်းဆုံးတော့ သူက မဟာပန်သွန်ဘုံမှ ရောက်လာကြောင်း တခြားနတ်သခင်များ ကြားသွားသောအခါ သူ့အပေါ်ထားသော သူတို့၏ သဘောထားက အများကြီး ပြောင်းလဲသွားသည်။ သူတို့၏ အကြည့်က ယခင်ကထက် အများကြီး ပိုနူးညံ့သွားသည်။
“ ကျုပ်တို့နတ်သခင်တွေ ဒီနေရာမှာ စုဝေးနေကြတာက နတ်ဝိညာဉ်အရှင်သခင်ရဲ့ အစစ်အမှန်ခန္ဓာကိုယ် အသင်္ချေအသူရာချောက်နက်ထဲမှာ ပိတ်မိနေလို့ပဲ ”
ထိုသို့ပြောပြီးနောက် ယွင်ကျိနတ်သခင်က ဟန်မူယဲ့ကို တခြားနတ်သခင်များနှင့် မိတ်ဆက်ပေးသည်။
သူတို့တစ်ယောက်စီက အထူးဘုံတစ်ခု၏ အထွတ်အမြတ်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
“ နတ်ဝိညာဉ်အရှင်သခင်ရဲ့ ဒဏ်ရာက ဘာကိုပြောချင်တာလဲ ”
ဟန်မူယဲ့က လူတိုင်းကို ခေါင်းညိတ်ပြလိုက်ပြီး မေးသည်။
ယွင်ကျိနတ်သခင်က သက်ပြင်းချလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။
ခန်းမအပေါ်မှ ရွှေရောင်ခေါင်းတလားတစ်ခုပေါ်တွင် ရွှေရောင်အလင်းက တောက်ပသွားသည်။ ထို့နောက် အစိမ်းရောင်တာအိုဝတ်စုံ ဝတ်ဆင်ထားသော အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ယောက်၏ မျက်နှာက ရွှေရောင်အလင်းထဲမှာ ထွက်ပေါ်လာသည်။
“ ကျုပ်နတ်ဝိညာဉ်အရှင်သခင်က တာအိုရောင်းရင်းတို့ကို ဟာသဖြစ်စေမိပြီ ”
ခေါင်းတလားထဲမှ တာအိုပညာရှင်က ရှက်ရွံ့သော အမူအရာဖြင့် ပြောသည်။
ထိုခေါင်းတလားသည် ဤလောကတွင် ရှားပါးရတနာတစ်ခု ဖြစ်သည်။ ယင်းက နတ်ဝိညာဉ်လွင့်ပြယ်သွားခြင်းကို ကာကွယ်ပေးနိုင်ပြီး နတ်ဘုရားအဆင့်အောက်မှ တိုက်ခိုက်မှုများကို ခုခံကာကွယ်နိုင်သည်။
ထိုတာအိုပညာရှင်က နတ်ဝိညာဉ်အရှင်သခင်၏ ဝိညာဉ်မှ ခွဲထုတ်ထားသော အမျှင်တန်းတစ်ခု ဖြစ်သည်။ အကယ်၍ နတ်ဝိညာဉ်အရှင်သခင်၏ အစစ်အမှန်ခန္ဓာကိုယ် မတော်တဆဖြစ်သွားလျှင် ထိုဝိညာဉ်အမျှင်တန်းက သီးခြားလွတ်လပ်သွားပြီး ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။
“ နတ်ဝိညာဉ်အရှင်သခင်… အသင်္ချေအသူရာချောက်နက်ရဲ့ အောက်ခြေမှာ ကြောက်စရာကောင်းတဲ့ ရန်သူတစ်ယောက်နဲ့ ခင်ဗျားတွေ့ခဲ့တယ်လို့ သတင်းပို့ခဲ့တယ်… အဲ့ဒီအန္တရာယ်က ဒီလောကထဲက မရေမတွက်နိုင်တဲ့ သက်ရှိတွေအပေါ် သက်ရောက်နိုင်တယ်ဆို… ကျင့်ကြံသူတွေတောင်မှ မလွတ်မြောက်နိုင်ဘူး… ဆိုတော့ အဲ့ဒါက ဘာလဲဆိုတာ ကျုပ်တို့ကို ရှင်းရှင်းလင်းလင်း ပြောနိုင်မလား ”
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကူကျွယ်နတ်သခင်က ပြောသည်။
တခြားနတ်သခင်များသည်လည်း ခေါင်းတလားထဲမှ နတ်ဝိညာဉ်အရှင်သခင်ကို အလေးအနက် စိုက်ကြည့်လိုက်ကြသည်။
နတ်ဝိညာဉ်အရှင်သခင်က လက်မြှောက်လိုက်သည်။ ရွှေရောင်အလင်းပုံရိပ်တစ်ခုက လူတိုင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။
အလင်းအမှောင်ထဲတွင် အမှောင်လောကတစ်ခုက အစဉ်အမြဲ ပြောင်းလဲနေသည်။
ထိုနေရာက အသင်္ချေအသူရာချောက်နက် ဖြစ်သည်။ နတ်သခင်တစ်ပါးသည်ပင် ထိုမြင်ကွင်းထဲမှ အရာများကို ရှင်းလင်းစွာ မဖော်ထုတ်နိုင်ပေ။
ထိုနေရာက တိတ်ဆိတ်ငြိမ်သက်မှု၏ ဇစ်မြစ်ဖြစ်သည်။
“ ကျီး ”
အလင်းအမှောင်ထဲတွင် မျက်နှာချွန်ပြီး ဆယ်ပေရှည်လျားသော ခြေလက်များရှိသည့် ပုံရိပ်တစ်ခုက အလွန်မြန်ဆန်စွာ ရွေ့လျားသွားနေသည်။ ၎င်းရွေ့လျားသွားသည့်အခါတိုင်း အမြှီးရှည်က လှုပ်ယမ်းသွားသည်။
“ နတ်သူတော်ကောင်းကင်သားရဲ ”
“ အဲ့ဒါ နတ်ဘုရားတွေကိုတောင် သတ်ပစ်နိုင်တဲ့ အသင်္ချေအသူရာချောက်နက်ထဲက နတ်သူတော်ကောင်းကင်သားရဲပဲ ”
အော်သံများက ခန်းမထဲမှာ ထွက်ပေါ်လာသည်။ သူတို့၏ အသံထဲမှာ ကြောက်ရွံ့မှုတစ်စွန်းတစ်စ ကိန်းအောင်းနေသည်။
ဟန်မူယဲ့က အလင်းအမှောင်ထဲမှ နတ်သူတော်ကောင်းကင်သားရဲကို စိုက်ကြည့်လိုက်သည်။ ၎င်းက အလွန်မြန်ဆန်သည်။ ၎င်းရွေ့လျားသည့်အခါတိုင်း ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က ပြိုကွဲသွားသည်။
နတ်သူတော်ကောင်းကင်သားရဲနှင့် တွေ့ဆုံသွားသော နတ်ဝိညာဉ်အရှင်သခင်ဆီမှာ ၎င်းကို တန်ပြန်တိုက်ခိုက်နိုင်သော အင်အားမရှိပေ။ ထို့ကြောင့် သူက အဆက်မပြတ် ထွက်ပြေးရုံသာ တတ်စွမ်းပေသည်။
အသင်္ချေအသူရာချောက်နက်၏ အောက်ခြေ၌ မူလစွမ်းအား၏ ဖိနှိပ်မှုက အလွန်ကြီးမားသည်။ ထို့ကြောင့် နတ်ဝိညာဉ်အရှင်သခင် ယူဆောင်သွားသော ရတနာများက နတ်သူတော်ကောင်းကင်သားရဲအပေါ် မည်သည့်ဒဏ်ရာမှ မပေးနိုင်ပေ။
မိုင်ပေါင်းသန်းတစ်ရာထွက်ပြေးပြီးနောက် နတ်ဝိညာဉ်အရှင်သခင်က နောက်ဆုံးမှာ နတ်သူတော်ကောင်းကင်သားရဲကို မျက်ခြေဖြတ်နိုင်သွားသည်။
သို့သော်လည်း သူခေါင်းလှည့်လိုက်သည့်အခါ လုံးဝ ဆွံ့အသွားသည်။
“ အဲ့ဒါဘာကြီးလဲ ”
“ ဘုံရဲ့ မူလစွမ်းအားကို ဝါးမျိုနေတယ်… အဲ့ဒါ ဘုံဝါးမျိုကလန်ပဲ… အဲ့ဒါ ဒဏ္ဍာရီထဲမှာ ဖော်ပြထားတဲ့ ဘုံတွေကို အဆုံးသတ်ခဲ့တဲ့ တည်ရှိမှုမဟုတ်လား ”
အလင်းအမှောင်ထဲတွင် ခြေလေးချောင်းရှိသော ဧရာမသားရဲတစ်ကောင်က ကျယ်လောင်စွာ ပါးစပ်ဟထားသည်။ ၎င်း၏ အရွယ်အစားက ဘုံတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။
ထိုသားရဲက ကျယ်လောင်စွာ ပါးစပ်ဟထားရင်း အချင်းမိုင်တစ်သိန်းအတွင်းမှ မိုးမြေအစိတ်အပိုင်းအားလုံးကို တစ်လုပ်တည်း ဝါးမျိုလိုက်သည်။
နောက်အခိုက်အတန့်မှာ အလင်းစီးကြောင်းတစ်ခုက နတ်ဝိညာဉ်အရှင်သခင်၏ ခန္ဓာကိုယ်ကို အကျဉ်းချလိုက်သည်။
အနက်ရောင်အရှိန်အဝါက သူ့၏ ခန္ဓာကိုယ်ထဲသို့ သံချောင်းသဖွယ် စိုက်ဝင်သွားသည်။
“ အဲ့ဒါ အရိုးကပ်တွယ်ဒဏ်ရာပဲ… ဒဏ်ရာက အစစ်အမှန်ခန္ဓာကိုယ်အပေါ် သက်ရောက်ရုံတင်မကဘဲ ငါခွဲထုတ်ထားတဲ့ ဝိညာဉ်အမျှင်တန်းကတောင် မလွတ်မြောက်နိုင်ခဲ့ဘူး… ”
ခေါင်းတလားထဲ၌ နတ်ဝိညာဉ်အရှင်သခင်က သူ၏ လက်ကို မြှောက်ပြလိုက်သည်။
အနက်ရောင်နတ်ဆိုးစွမ်းအားက သူ၏ လက်မောင်းကို ရစ်ပတ်နေသည်။
မိုးမြေ၏ ရှားပါးရတနာတစ်ခုဖြစ်သော ခေါင်းတလားထဲမှာ အိပ်စက်နေသည့် ဝိညာဉ်အမျှင်တန်းသည်ပင် ထိုသက်ရောက်မှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ယင်းက မည်သို့အတတ်ပညာနည်း။
ခန်းမထဲ၌ နတ်သခင်အားလုံးက မျက်နှာတည်ကြည်သွားကြသည်။
သူတို့ထဲမှ မည်သူမှ ထိုသို့ဒဏ်ရာကို မခုခံနိုင်ကြပေ။
သူတို့က ထိုနည်းလမ်းကို ကြားဖူးကြသော်လည်း ယင်းကို ဖြေရှင်းနိုင်သော နည်းလမ်းကို မသိကြချေ။
“ အရိုးကပ်တွယ်ဒဏ်ရာ… ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည်။ နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူက ထို့သို့ဒဏ်ရာကို ရှေးခေတ်လက်နက်တစ်ခု၏ မှတ်ဉာဏ်များထဲ၌ မြင်ဖူးသည်။
“ နတ်ဘုရားနိဂုံးကို ခင်ဗျားတို့ ကြားဖူးကြလား ”
ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး ပြောသည်။