အခန်း (၁၆၆၅)
Vol. 119 Ch. 1665
နတ်ဘုရားနိဂုံး… ။
ယင်းက ကျင့်ကြံခြင်းအဆင့်တစ်ခု ဖြစ်သည်။
သို့သော်လည်း လူတချို့က ပြောကြသည်မှာ ယင်းက နောက်ဆုံးပန်းတိုင် ဖြစ်သည်။
ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ နတ်ဘုရားတစ်ပါးဖြစ်သော နန်းအန်နတ်သခင်၏ လက်နက်ထဲမှ မှတ်ဉာဏ်ကြောင့်မဟုတ်လျှင် ဟန်မူယဲ့က နတ်ဘုရားနိဂုံးကို စိတ်ကူးဝံ့လိမ့်မည် မဟုတ်ချေ။
နတ်ဘုရားအဆင့်၏ အထက်တွင် တစ်စုံတစ်ယောက်က သက်ရှိသက်မဲ့အရာများကို ဗလာနတ္ထိမှတဆင့် ဖန်တီးနိုင်သည်။ ထိုနယ်ပယ်က ထာဝရတည်ရှိမှုဖြစ်သည်။ ယင်းကို ထာဝရအဆင့် သို့မဟုတ် ဖန်ဆင်းရှင်အဆင့်ဟု ခေါ်ကြသည်။
ဖန်ဆင်းရှင်က ထာဝရမသေမျိုးဖြစ်သည်ဟု ပြောကြသည်။
သို့တိုင် ဖန်ဆင်းရှင်က စစ်မှန်သော ထာဝရမသေမျိုး မဟုတ်ပေ။
ဖန်ဆင်းရှင်တစ်ပါးက စွမ်းအားကုန်ခမ်းလာသည့်အခါ သို့မဟုတ် သူ၏ စွမ်းအားက တခြားတစ်ယောက်၏ ဝါးမျိုခံလိုက်ရသည့်အခါ ထိုဖန်ဆင်းရှင်၏ ကိုယ်ပိုင်စွမ်းအားက ပြိုကွဲသွားလိမ့်မည်။ ထို့နောက် သူတို့က နတ်ဘုရားနိဂုံးနယ်ပယ်သို့ ဝင်ရောက်သွားကြလိမ့်မည်။
ထို့ပြင် ဖန်ဆင်းရှင်တစ်ပါးက စွမ်းအားမြင့်တတ်သွားမည်ဆိုလျှင်လည်း သူက နောက်ပိုင်းမှာ နတ်ဘုရားနိဂုံးနယ်ပယ်သို့ ဝင်ရောက်သွားလိမ့်မည်။
မည်သို့ဖြစ်ပါစေ နတ်ဘုရားနိဂုံးက နောက်ဆုံးပန်းတိုင် ဖြစ်သည်။
ယင်းက ဖန်ဆင်းရှင်၏ နောက်ဆုံးပန်းတိုင် ဖြစ်သည်။ ဖန်ဆင်းရှင်တစ်ပါး၏ ဝိညာဉ်က အခြေအနေဆိုးဝါးလာမည်ဆိုလျှင် သူ၏ နတ်ဘုရားနိဂုံးက မရေမတွက်နိုင်သော ဘုံများနှင့် လောကများကို ဖျက်ဆီးပစ်လိမ့်မည်။
အရေးကြီးသည့်အချက်မှာ ထိုဖျက်ဆီးမှု၌ အဆုံးသတ်မရှိပေ။
ယင်းက အပျက်အစီးနယ်မြေများ၏ စကြာဝဠာကပ်ဘေးနှင့် မတူညီပေ။ အပျက်အစီးနယ်မြေများ၏ စကြာဝဠာကပ်ဘေးက ဝါးမျိုခြင်းပုံစံ ဖြစ်သော်လည်း နတ်ဘုရားနိဂုံးက အစစ်အမှန် ပျက်စီးခြင်း ဖြစ်သည်။ မည်သည့်အရာမှ ကျန်နေလိမ့်မည် မဟုတ်ချေ။
နတ်ဘုရားနိဂုံး… ။
ယင်းက ဖန်ဆင်းရှင်တစ်ပါး ပျက်စီးသွားခြင်းကြောင့် ဖြစ်လာခြင်းလော သို့မဟုတ် ဖန်ဆင်းရှင်တစ်ပါး နောက်တစ်ဆင့်သို့ တတ်လှမ်းသွားခြင်းကြောင့် ဖြစ်လာခြင်းလော မည်သူမှ မသိပေ။
နတ်ဘုရားအဆင့်က ထိုအရာကို နားမလည်နိုင်ပေ။
နန်းအန်နတ်သခင်၏ လက်နက်ထဲမှ မှတ်ဉာဏ်ထဲမှာ ထိုအကြောင်း ပါရှိနေရခြင်းက အတိတ်မှာ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်က နတ်ဘုရားနိဂုံး၏ စွမ်းအားဖြင့် သက်ရောက်ခံခဲ့ရသည်။ သူတို့က မျိုးနွယ်စုတစ်ခုလုံးကို ရွှေ့ပြောင်းပြီး မရေမတွက်နိုင်သော ဘုံများထံ ထွက်ပြေးခဲ့ကြသော်လည်း နတ်ဘုရားနိဂုံး၏ စွမ်းအားသက်ရောက်မှုအောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
ထိုစွမ်းအားက အသွားနှစ်ဖက်ရှိသော ဓားဖြစ်သည်။ ယင်းက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ကို ပိုပြီးအစွမ်းထက်စေခဲ့သလို သူတို့၏ မျိုးနွယ်ဝင်အရေအတွက်ကိုလည်း လျော့ချပစ်ခဲ့သည်။
ထို့ကြောင့် သူတို့က မရေမတွက်နိုင်သော ဘုံများကို ဆက်တိုက် ဝါးမျိုပြီး မူလစွမ်းအားအမျိုးမျိုးကို လုယက်ခဲ့ကြသည်။ သူတို့၏ ရည်ရွယ်ချက်က နတ်ဘုရားနိဂုံး၏ စွမ်းအားကို ခုခံတားဆီးရန် ဖြစ်သည်။
ထိုအကြောင်းကို ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ နတ်ဘုရားအဆင့် ပုဂ္ဂိုလ်များသာလျှင် သိကြသည်။ တခြားမျိုးနွယ်ဝင်များသည်တော့ ယင်းက သူတို့၏ မျိုးဆက်သွေးစွမ်းအားဖြစ်သည်ဟု ယုံကြည်နေကြသည်။
အမှန်မှာ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်က နတ်ဘုရားနိဂုံးထံမှ ထွက်ပြေးနေသော သနားစရာမျိုးနွယ်တစ်ခု ဖြစ်သည်။
“ အဲ့ဒါ နတ်ဘုရားနိဂုံးလား ”
ယွင်ကျိနတ်သခင်က မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ နက်နဲသိမ်မွေ့သောအလင်း ထွက်ပေါ်လာသည်။
“ နတ်ဘုရားနိဂုံး ”
ရှေးဟောင်းဝိညာဉ်နတ်သခင်က အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး အနက်ရောင်စွမ်းအားကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ကြောက်ရွံ့မှုတစ်စွန်းတစ်စ ထွက်ပေါ်လာသည်။
“ မဖြစ်နိုင်တာ… မဖြစ်နိုင်တာ… ဒီနေရာက ယွင်ထျန်းမြို့တော်… နတ်ဘုရားနိဂုံးနဲ့ ဟင်းလင်းပြင်ဘီလီယံနဲ့ချီ ကွာဝေးတယ်… ပြီးတော့ နတ်ဘုရားနိဂုံးက အချိန်တွေအများကြီး ကုန်ဆုံးသွားခဲ့ပြီ… ဒီနေရာမှာ နတ်ဘုရားနိဂုံး ကျန်ရှိနေသေးတာက မဖြစ်နိုင်ဘူး… ”
သူက စကားပြောနေရင်း မျက်နှာဖြူဖျော့သွားသည်။
တခြားနတ်သခင်များသည်လည်း တုန်လှုပ်ချောက်ချားသွားကြသည်။
“ နတ်ဘုရားနိဂုံးလား ”
ခေါင်းတလားထဲမှ နတ်ဝိညာဉ်အရှင်သခင်က မျက်နှာသုန်မှုန်သွားပြီး ခါးသီးစွာ ရယ်လိုက်သည်။
“ မထူးဆန်းတော့ပါဘူး… နတ်ဘုရားနိဂုံးကပဲ ငါ့ကို အလောင်းတောင်မကျန်စေဘဲ ဖျက်ဆီးပစ်နိုင်တာ… ”
နတ်ဘုရားနိဂုံး၏ စွမ်းအားက ခုခံရန် မဖြစ်နိုင်ပေ။
ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
အချိန်တစ်ခဏကြာပြီးနောက် ယွင်ကျိနတ်သခင်က ခေါင်းယမ်းလိုက်ပြီး ပြောသည်။
“ တကယ်ပဲ အဲ့ဒါက နတ်ဘုရားနိဂုံးဆိုရင် ကျုပ်တို့တွေ အသင်္ချေအသူရာချောက်နက်ဆီ သွားလို့ မဖြစ်ဘူး… အဲ့ဒီအစား ဘယ်လိုထွက်ပြေးရမလဲ ကျုပ်တို့တွေ စီစဉ်သင့်တယ် ”
သူတို့က နတ်ဝိညာဉ်အရှင်သခင်၏ အစစ်အမှန်ခန္ဓာကိုယ်ကို ပြန်ကယ်ဆယ်ရန် ဖိတ်ခေါ်ခံထားကြရခြင်း ဖြစ်သည်။
နတ်ဝိညာဉ်အရှင်သခင်ပေးသော ဆုလာဘ်က သူတို့အတွက် မက်လောက်စရာကောင်း၏။
သို့သော်လည်း ယင်းက နတ်ဘုရားနိဂုံးဖြစ်နိုင်သည်ဟု ဟန်မူယဲ့ပြောသည့်အခါ သူတို့က အသင်္ချေအသူရာချောက်နက်ဆီသို့ မသွားဝံ့ကြတော့ချေ။ နတ်ဘုရားနိဂုံးက မရေမတွက်နိုင်သော ဘုံများနှင့် လောကများကို မည်သည့်အစအနမှမကျန်အောင် ဖျက်ဆီးပစ်နိုင်သည်။
သူတို့က အသင်္ချေအသူရာချောက်နက်ဆီသို့ မသွားဝံ့ကြတော့သည့်အပြင် အဝေးသို့ ထွက်ပြေးရန် စတင်စဉ်းစားလိုက်ကြသည်။
သူတို့က မူလဌာနေကိုပင် စွန့်လွှတ်ရန် စဉ်းစားလိုက်ကြသည်။
ဤအခိုက်အတန့်မှာ နတ်သခင်များက အခက်တွေ့သွားကြသည်။
သူတို့၏ အနောက်မှာ အထူးဘုံတစ်ခု သို့မဟုတ် အစွမ်းထက် အင်အားစုတစ်ခု ရှိသည်။ ယင်းတို့ကို စွန့်လွှတ်ခြင်းက ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်။
သို့တိုင် အကယ်၍ သူတို့က ယင်းတို့ကို မစွန့်လွှတ်ဘဲ နတ်ဘုရားနိဂုံးဖြင့် ရင်ဆိုင်ရမည်ဆိုလျှင် မည်သည့်အရာကို သူတို့လုပ်နိုင်မည်နည်း။
“ နတ်ဝိညာဉ်အရှင်သခင်… ယွင်ထျန်းမြို့မှာ ခင်ဗျားဆက်နေလို့ မရတော့ဘူး ကျုပ်ထင်တယ် ”
ယွင်ကျိနတ်သခင်က ခေါင်းတလားကို မော့ကြည့်လိုက်ပြီး တောင်းပန်သော လေသံဖြင့် ပြောသည်။
“ အဟွတ် အဟွတ်… နတ်ဝိညာဉ်အရှင်သခင် တကယ်လို့ အဲ့ဒါက နတ်ဘုရားနိဂုံးဆိုရင် ခင်ဗျားရဲ့ ဝိညာဉ်တောင် မလွတ်မြောက်နိုင်မှာ ကျုပ်စိုးရိမ်တယ် ”
လစန္ဒာနတ်သခင်က အလေးအနက် ပြောသည်။
တခြားနတ်သခင်များက စကားမပြောသော်လည်း သူတို့၏ အမူအရာက တစ်ပုံစံတည်း တူညီသည်။
အကယ်၍ နတ်ဝိညာဉ်အရှင်သခင်၏ ဝိညာဉ်က နတ်ဘုရားနိဂုံး၏ စွမ်းအားဖြင့် စွန်းထင်ခံလိုက်ရသည်ဆိုလျှင် သူက အသက်ရှင်နိုင်တော့မည် မဟုတ်သလို ဤနေရာမှာလည်း ဆက်နေနိုင်တော့မည် မဟုတ်ချေ။
“ ကျုပ်သိပါတယ် ”
ခေါင်းတလားထဲမှ နတ်ဝိညာဉ်အရှင်သခင်၏ ဝိညာဉ်က ပြောသည်။ သူ၏ မျက်လုံးထဲမှာ နောင်တဖြင့် ပြည့်နှက်နေသည်။
“ အစက ကျုပ်တွေးထားတာက ကျုပ်ရဲ့ အစစ်အမှန်ခန္ဓာကိုယ် ပြန်မလာနိုင်ဘူးဆိုရင်တောင် အနည်းဆုံးတော့ ကျုပ်ရဲ့ ဝိညာဉ်က လွတ်မြောက်နိုင်ပြီး ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ဝင်နိုင်လိမ့်မယ်… အခုတော့… ”
နတ်ဘုရားတစ်ပါးက ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ မဝင်နိုင်တော့သည်အထိ ကူကယ်ရာမဲ့သွားသည်။
ဤနေရာမှာ ရှိနေကြသော နတ်သခင်အားလုံးက နတ်ဝိညာဉ်အရှင်သခင်ကို စိတ်မကောင်းဖြစ်စွာ ကြည့်လိုက်ကြသည်။ သူတို့က နတ်ဝိညာဉ်အရှင်သခင်၏ သောကကို မျှဝေခံစားနိုင်ကြသည်။
နတ်ဘုရားအဆင့်သို့ ရောက်ပြီးနောက် သူတို့က မည်သူ့ကိုမှ မကြောက်ဘဲ နှစ်သန်းပေါင်းမြောက်များစွာ ရှင်သန်နေထိုင်ခဲ့ကြသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူတို့အားလုံး ကူကယ်ရာမဲ့သွားကြသည်။
“ နတ်ဝိညာဉ်အရှင်သခင်… အစောနက မြင်ကွင်းကို ကျုပ်ကို နောက်တစ်ကြိမ် ထပ်ပြပေးနိုင်မလား ”
ထိုစဉ် ဟန်မူယဲ့က ပြောသည်။
နောက်တစ်ကြိမ် ပြရမယ်လား… ။
နတ်ဝိညာဉ်အရှင်သခင်၏ မျက်နှာပေါ်မှာ ဇဝေဇဝါဖြစ်သော အမူအရာ ထွက်ပေါ်လာသည်။
တခြားနတ်သခင်များသည်လည်း ဟန်မူယဲ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။
“ ဝီး ”
ခေါင်းတလားအရှေ့တွင် ရွှေရောင်အလင်းလွှာက ထပ်မံ ထွက်ပေါ်လာသည်။ ထို့နောက် အလင်းလွှာပေါ်မှာ မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းထဲတွင် လိုက်ဖမ်းခံနေရသော နတ်ဝိညာဉ်အရှင်သခင်၏ ပုံရိပ် ထွက်ပေါ်လာသည်။
အချိန်တစ်ခဏကြာပြီးနောက် အရွယ်အစား အလွန်ကြီးမားသော ဘုံဝါးမျိုသားရဲက ထွက်ပေါ်လာသည်။ ထို့နောက် အနက်ရောင်မြူခိုးက နတ်ဝိညာဉ်အရှင်သခင်၏ ခန္ဓာကိုယ်တစ်ဝိုက်ကို ရစ်ပတ်သွားသည်။
“ အဲ့ဒီမှာ ”
ဟန်မူယဲ့က အနက်ရောင်မြူခိုး ထွက်ပေါ်လာသော နေရာဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။ သူ၏ မျက်လုံးက ထွန်းလင်းတောက်ပသွားသည်။
ထိုအခိုက်အတန့်မှာ မြင်ကွင်းက ရပ်တန့်သွားသည်။
“ အဲ့ဒီကို ကြည့်… အဲ့ဒါက ဘာလဲ ”
ဟန်မူယဲ့က နူးညံ့စွာ ပြောသည်။
အဲ့ဒီမှာလား… ။
လူတိုင်းက အဝေးမှ ပုံရိပ်တစ်ခုကို ကြည့်လိုက်ကြသည်။
“ နဂါးတစ်ကောင်လား ”
“ အဲ့ဒါက… ”
“ အဲ့ဒါ ဒဏ္ဍာရီလာ ဖန်ဆင်းရှင်အဆင့်… ”
အဝေးတွင် ပုံရိပ်တစ်ခုက ဝေဝါးနေသော်လည်း မြင်သာပေသည်။ ခေါင်းတလားတစ်လုံးက အဆုံးမဲ့စွာ ကျယ်ပြောလှသော ကြယ်တာရာနှင့် ကောင်းကင်ဘုံများထံမှ ဆင်းသက်လာသည်။
အနက်ရောင်ခေါင်းတလားပေါ်တွင် ရွှေရောင်နှင့် အနက်ရောင်အလင်းက ယှက်ထွေနေသည်။
အလင်းက မှေးမှိန်နေသော်လည်း ယင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် နတ်သခင်များ၏ ဝိညာဉ်က အပြင်းအထန် တုန်ယင်သွားသည်။
ခေါင်းတလား၏ အရှေ့တွင် နဂါးကိုးကောင်ရှိကြသည်။ နဂါးတစ်ကောင်စီက မိုင်ပေါင်းဘီလီယံနှင့်ချီ ရှည်လျားကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်ကို ရွှေရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းထားသည်။ ၎င်းတို့က ကြီးကျယ်မြင့်မြတ်ပြီး ခမ်းနားထည်ဝါကြသည်။
၎င်းတို့က ဘိုးဘေးကောင်းကင်နဂါးများ ဖြစ်ကြသည်။ ၎င်းတို့က ခေတ်အဆက်ဆက်တွင် နတ်ဘုရားဘုံကို လှည့်ပတ်စောင့်ကြပ်နေသူများ ဖြစ်ကြသည်။
ဘိုးဘေးကောင်းကင်နဂါးတစ်ကောင်က အရွယ်ရောက်လာလျှင် ဖန်ဆင်းရှင်စွမ်းအားကို ပိုင်ဆိုင်သွားလိမ့်မည်။ ၎င်းတို့က မရေမတွက်နိုင်သော ဘုံများကို ဖန်ဆင်းနိုင်သော သက်ရှိများဖြစ်ကြသည်။
၎င်းတို့၏ ခြေတစ်လှမ်းက ကြယ်များကို ဖန်ဆင်းပေးနိုင်ပြီး မရေမတွက်နိုင်သော ဘုံများကို မွေးဖွားစေလိမ့်မည်။
ဤအခိုက်အတန့်မှာ ဘိုးဘေးကောင်းကင်နဂါးကိုးကောင်၏ လည်ပင်းကို သံကြိုးများဖြင့် ရစ်ပတ်ထားကြောင်း လူတိုင်း မြင်လိုက်ကြရသည်။ သံကြိုးများက အသင်္ချေအသူရာချောက်နက်၏ အနက်ပိုင်းထဲသို့ ဆန့်တန်းနေသည်။
အနီရောင်နတ်ဘုရားအလင်းက ဘိုးဘေးကောင်းကင်နဂါးကိုးကောင်၏ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံနေရသည်။ ကြည့်ရသည်မှာ ၎င်းတို့၏ စွမ်းအားက ခေါင်းတလားထဲသို့ စုပ်ယူခံနေရဟန် ရ၏။
ထိုမြင်ကွင်းက လူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။
“ အဲ့ဒါ နတ်ဘုရားနိဂုံး… ”
ယွင်ကျိနတ်သခင်က အံ့ဩစွာ ရေရွတ်လိုက်သည်။
ဘိုးဘေးကောင်းကင်နဂါးကိုးကောင်က ခေါင်းတလားတစ်ခုကို ဆွဲနေကြသည်။ ယင်းက နတ်ဘုရားနိဂုံးဖြစ်သည်။
ထိုသို့စွမ်းအားသည် နတ်ဘုရားအဆင့်မှ ပုဂ္ဂိုလ်များ မော်ကြည့်ရုံသာ တတ်စွမ်းသောအရာ ဖြစ်သည်။
ထိုစွမ်အားကို မည်သူက ခုခံတားဆီးနိုင်မည်နည်း။
“ အဲ့ဒါ နတ်ဘုရားနိဂုံးမဟုတ်ဘူး ”
ဟန်မူယဲ့က ထိုမြင်ကွင်းကို သေချာကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ခေါင်းတလားထဲက တည်ရှိမှုက နတ်ဘုရားနိဂုံးစွမ်းအားကို တွန်းလှန်နေတဲ့ ဖန်ဆင်းရှင်တစ်ပါးဖြစ်ရမယ် ”
“ ကြည့်ရတာ အထွတ်အထိပ် ဖန်ဆင်းရှင်တွေတောင် နတ်ဘုရားနိဂုံးဆီ ဝင်ရောက်လုနီးပါးဖြစ်နိုင်တယ် ”
“ အဲ့ဒီဖန်ဆင်းရှင်က သူ့ကိုယ်ပိုင်စွမ်းအားနဲ့ နတ်ဘုရားနိဂုံးကို မတွန်းလှန်နိုင်ဘူး… ဒါကြောင့် သူက ဘိုးဘေးကောင်းကင်နဂါးကိုးကောင်ရဲ့ စွမ်းအားကို အသုံးပြုပြီး နတ်ဘုရားနိဂုံးကို တွန်းလှန်နေတာ… အဲ့ဒီနောက် သူက အသင်္ချေအသူရာချောက်နက်ထဲမှာ နစ်မြုပ်သွားတာ ဖြစ်မယ် ”
ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့အရှေ့မှ နတ်ဝိညာဉ်အရှင်သခင်ကို ကြည့်လိုက်သည်။
“ တကယ်လို့ ဒီဂျူနီယာရဲ့ အထင် မမှားဘူးဆိုရင် စီနီယာက ကျုပ်တို့ဆီကနေ တစ်ခုခုလိုချင်နေတာမလား ”
“ နတ်ဘုရားနိဂုံးနယ်ပယ်က တည်ရှိမှုတစ်ယောက်က နတ်ဝိညာဉ်အရှင်သခင်ရဲ့ ဝိညာဉ်ကို မဖျက်ဆီးနိုင်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
စီနီယာ… ။
ဘယ်သူ့ကို ပြောတာလဲ… ။
ခန်းမထဲမှ နတ်သခင်အားလုံးက တုန်လှုပ်ချောက်ချားသွားကြသည်။ သူတို့က ခေါင်းတလားထဲမှ နတ်ဝိညာဉ်အရှင်သခင်၏ ဝိညာဉ်ကို ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။
နတ်ဝိညာဉ်အရှင်သခင်၏ မျက်နှာပေါ်မှာ ဇဝေဇဝါဖြစ်သော အမူအရာ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ ဝိညာဉ်ခန္ဓာကိုယ်က ပြိုကွဲသွားပြီး ရွှေရောင်အလင်းမြူခိုးအဖြစ် ပြောင်းလဲသွားသည်။
“ ဘန်း ”
နတ်ဘုရားအဆင့်အောက်မှ မည်သည့်တိုက်ခိုက်မှုကိုမဆို ခံနိုင်ရည်ရှိသော ခေါင်းတလားက ပေါက်ကွဲသွားသည်။
ရွှေရောင်မြူခိုးက ဟန်မူယဲ့ပေါ်သို့ တိုက်ရိုက် ဖိကျလာသည်။ တစ်ချိန်တည်းမှာ အနက်ရောင်မြူခိုးက ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
“ မင်းက ငါရောက်လာဖို့ ထိုက်တန်လားဆိုတာ အရင်ပြ… ”
အသံတစ်သံက အဆုံးမဲ့သော မိုးမြေအလွှာများကြားထဲမှ ထွက်ပေါ်လာသည်။ ထိုအသံထွက်ပေါ်လာသည့်အခိုက် ခန်းမထဲမှ လူတိုင်း၏ ဝိညာဉ်က တုန်ယင်သွားသည်။ ဤသည်မှာ သူတို့၏ ဝိညာဉ်က အချိန်မရွေး ပြိုကွဲသွားတော့မည့်အလားပင်။
ခန်းမထဲ၌ ဟန်မူယဲ့အပါအဝင် နတ်သခင်အားလုံးက မလှုပ်ရှားနိုင်ကြတော့ချေ။
“ နတ်ဘုရားနိဂုံး ”
ယွင်ကျိနတ်သခင်က အထိတ်တလန့် ရေရွတ်လိုက်သည်။