အခန်း (၁၆၆၆)
Vol. 119 Ch. 1666
ယခု ခန်းမထဲသို့ ကျူးကျော်ဝင်လာသူက အသင်္ချေအသူရာချောက်နက်၏ အနက်ပိုင်းထဲရှိ ခေါင်းတလားထဲမှ နတ်ဘုရားနိဂုံးအဆင့် ပညာရှင်ဖြစ်သည်။
တစ်ဖက်လူက မည်သည့်အကြောင်းကြောင့် ရောက်လာသည်ဖြစ်စေ ဤအခိုက်အတန့်မှာ ထိုပုဂ္ဂိုလ်လှုပ်ရှားလိုက်သည့်အခါ သူတို့အားလုံး မည်သည့်အရာမှ မတတ်စွမ်းကြတော့ချေ။
နတ်ဘုရားနိဂုံးအဆင့် ပညာရှင်တစ်ယောက်၏ စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။ တစ်ဖက်လူ၏ တည်ရှိမှုအရှိန်အဝါကပင် သူတို့၏ ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
သူတို့က ဤနေရာသို့ နတ်ဝိညာဉ်ဖြင့် ဆင်းသက်လာကြခြင်း ဖြစ်သည်။ သူတို့က ဤနေရာမှာ သေဆုံးသွားကြမည်ဆိုလျှင်ပင် ကိစ္စမရှိပေ။
သို့သော်လည်း တစ်ဖက်လူက နတ်ဘုရားနိဂုံးအဆင့်မှာ ဖြစ်သည်။ အကယ်၍ နတ်ဘုရားနိဂုံးစွမ်းအားက ဝိညာဉ်မှတဆင့် သူတို့၏ အစစ်အမှန်ခန္ဓာကိုယ်ပေါ် သက်ရောက်လာမည်ဆိုလျှင် သူတို့က နတ်ဝိညာဉ်အရှင်သခင်ကဲ့သို့ တူညီသော အကျိုးရလဒ်ကို တွေ့ကြုံကြရလိမ့်မည် မဟုတ်ပါလော။
ယခုလေးတင် နတ်ဝိညာဉ်အရှင်သခင်၏ ဝိညာဉ်က သူတို့အားလုံး၏ အရှေ့မှာ ပျက်စီးသွားခဲ့သည်။
တခြားနတ်သခင်များက တုန်လှုပ်ချောက်ချားသွားကြစဉ် ဟန်မူယဲ့က ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။
ထိုဝိညာဉ်ထံမှ စွမ်းအားက သူ၏ ခန္ဓာကိုယ်ကို တစ်စစီ ဆုတ်ဖြဲပစ်နိုင်ဟန် ရ၏။
“ နတ်ဘုရားနိဂုံး… ”
ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ အဆုံးမဲ့သော နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူ၏ ဓားတာအိုက နတ်ဘုရားအဆင့်၏ အထက်မှာ ဖြစ်သည်။ သူ၏ ဝိညာဉ်သည်လည်း နတ်ဘုရားအဆင့်မှာ ဖြစ်သည်။ သို့သော်လည်း သူ၏ စွမ်းအားက ဟန်ချက်မညီသေးပေ။ သို့တိုင် သူ၏ အမြင်က ဤခန်းမထဲမှ တခြားနတ်သခင်များနှင့် ခြားနားသည်။
သူ့အရှေ့မှ နတ်ဘုရားနိဂုံးစွမ်းအားက အလွန်အမင်း သန်မာသည်။ ဤသည်မှာ ထိုစွမ်းအားက သူ့ကို ဝါးမျိုဖျက်ဆီးပစ်နိုင်သည့်အလားပင်။ သို့သော် ယင်းက သူမခုခံနိုင်သော အဆင့်မှာ မဟုတ်ပေ။
သူက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ဓားသမားတစ်ယောက်သည် ဓားမဆွဲထုတ်ရသေးဘဲ မည်သည့်အခါမှ အညံ့ခံလိမ့်မည် မဟုတ်ချေ။
အကယ်၍ သူ၏ ဓားက ကျိုးသွားပြီး သူ၏ အသက်ဓာတ်က ခမ်းခြောက်သွားမည်ဆိုလျှင်ပင် ယင်းက သူ၏ ခွန်အားမလုံလောက်မှုကြောင့် ဖြစ်သည်။
ဓားမဆွဲထုတ်ဝံ့သော လူက ဓားသမားဖြစ်ရန် မထိုက်တန်ပေ။
“ ငါ့ဆီမှာ ဓားရှိတယ် ”
ဟန်မူယဲ့၏ အသံက ပျံ့လွင့်သွားသည်။
သူ၏ စကားသံ ထွက်ပေါ်လာသည့်အခိုက် သူ၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး ထိုနေရာမှာ အစိမ်းရောင်ဓားတစ်လက် ထွက်ပေါ်လာသည်။
ဓားအလင်းက မှိန်ဖျော့နေပြီး ဓားပေါ်မှာ သံချေးအရာများ ရှိသည်။
သို့သော်လည်း ထိုသံချေးအရာများက မည်သည့်အခါမှ သူမမေ့သွားမည့်အရာ ဖြစ်သည်။
အမှတ်အသားတစ်ခုစီက ဓားကျင့်ကြံခြင်း၏ အမွေအနှစ်တစ်ခုကို ကိုယ်စားပြုသည်။
ထိုဓားက ဟန်မူယဲ့၏ ဤဘဝ ဓားကျင့်ကြံခြင်းအတွေ့အကြုံ ဖြစ်သည်။
“ ဘိုးဘေးတွေ ငါ့ရဲ့ ဓားကို မျက်မြင်သက်သေပြုပေးပါ ”
သူ၏ စကားသံ ထွက်ပေါ်လာသည်နှင့် ဓားဖျားက အရှေ့သို့ ချိန်ရွယ်လိုက်သည်။
နောက်အခိုက်အတန့်မှာ သုံးပေရှည်လျားသော ဓားက အရှေ့သို့ ပျံသန်းထွက်သွားပြီး ရွှေရောင်အလင်းမြူခိုးနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။
ထိုဓားက ဟန်မူယဲ့၏ ဝိညာဉ်စွမ်းအားအကုန် ဖြစ်သည်။
ထိုဓားက ဟန်မူယဲ့၏ ဤဘဝတစ်လျှောက် ဓားတာအိုကျင့်ကြံခြင်း ဖြစ်သည်။
ထိုဓားထဲမှာ သူ၏ ဓားတာအိုနယ်ပယ် ပါဝင်နေပြီး ဤဘဝ၌ သူ၏ ကျင့်ကြံခြင်းစိတ်အားထက်သန်မှု ကိန်းအောင်းနေသည်။
စိတ်အားထက်သန်မှု… ။
မှန်ပေသည်။ ယင်းက စိတ်အားထက်သန်မှု ဖြစ်သည်။
ဓားပျံသန်းထွက်သွားသည့်အခိုက် ဟန်မူယဲ့၏ နှလုံးသားက သလင်းကျောက်ပမာ ရုတ်တရက် ကြည်လင်သွားသည်။
သူက လူသားတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ပြီး ကျင့်ကြံနိုင်သော အခွင့်အရေးကို ပိုင်ဆိုင်နိုင်ခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်၏ နှလုံးသားထဲမှာ စိတ်အားထက်သန်မှုမရှိလျှင် သူက အောင်မြင်မှုကို မည်သို့သိမ်းပိုက်နိုင်မည်နည်း။
“ ဘန်း ”
ရွှေရောင်အလင်းက ဓားရှည်ကို ဝါးမျိုလိုက်သည်။
ရှေးဟောင်းဝိညာဉ်နတ်သခင်နှင့် တခြားလူများက ထိုမြင်ကွင်းကို မြင်သွားသောအခါ စိတ်မကောင်းသော အရိပ်အမြွက်က သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ နတ်ဘုရားနိဂုံးကို နတ်ဘုရားတစ်ပါးက ဘယ်လိုလုပ် ခုခံတားဆီးနိုင်မှာလဲ ”
ထိုနှစ်ခုကြားမှ ကွာခြားမှုက ကျင့်ကြံခြင်းအဆင့်ဖြင့် ဖော်ပြနိုင်သောအရာ မဟုတ်ပေ။
“ သူက ဓားနတ်ဘုရားဖြစ်ရင်တောင်မှ ဘယ်လိုလုပ်… အို ဘုရားရေ ”
ရှေးဟောင်းဝိညာဉ်နတ်သခင်၏ စကားမဆုံးခင်မှာ သူ၏ မျက်လုံးက ပြူးကျယ်သွားသည်။ သူမြင်လိုက်ရသည်မှာ ရွှေရောင်နတ်ဘုရားအလင်းက ဓားအလင်းကြောင့် အက်ကွဲသွားသည်။
ဓားက နတ်ဘုရားအလင်းကို ဖောက်ထွင်းသွားပြီး တိမ်မြူအလွှာများဆီသို့ ပျံတတ်သွားသည်။
ထို့နောက် ဓားရှည်က ဟန်မူယဲ့အဖြစ် ပြန်ပြောင်းလဲသွားသည်။ သူ၏ လက်ဖဝါးထဲမှာ မဟူရာရွှေမီးတောက်တစ်ခုကို ဆုပ်ကိုင်ထားသည်။
ထိုမီးတောက်သည် နတ်ဝိညာဉ်အရှင်သခင်၏ ဝိညာဉ်ပေါ်မှာ ကပ်တွယ်နေခဲ့သော နတ်ဘုရားနိဂုံးစွမ်းအားမှလွဲ၍ တခြားမဟုတ်ပေ။
ဓားတစ်ချက်ဖြင့် နတ်ဘုရားနိဂုံးနယ်ပယ်၏ အတတ်ပညာကို ဖျက်ဆီးပစ်နိုင်သည်လော။
“ ကောင်လေး… မင်းမှာ အရည်အချင်းရှိတယ်… မင်းရဲ့ ဓားတာအိုကို ဒီဘုရင် ဟိုးအရင်တုန်းက မြင်ခဲ့ဖူးတယ်… အဲ့ဒါ လောကခေတ်တွေ မရေမတွက်နိုင်အောင် အတော်ကြာခဲ့ပြီ ”
လေထဲ၌ ပြန့်ကျဲသွားသော ရွှေရောင်အလင်းက ပြန်စုဝေးသွားစဉ် တခြားနတ်သခင်များကို ဖိနှိပ်ထားသော အနက်ရောင်မြူခိုးက ပြန်ရုပ်သိမ်းသွားသည်။ နောက်အခိုက်အတန့်မှာ ရွှေရောင်နှင့် အနက်ရောင်အလင်းထဲတွင် ဝတ်စုံနက်ဝတ်ထားသော လူငယ်တစ်ယောက်က ထွက်ပေါ်လာသည်။ သူ၏ ဦးခေါင်းပေါ်တွင် ရွှေရောင်သရဖူရှိသည်။
“ ဒီဘုရင်က လောကအစကတည်းက တည်ရှိနေခဲ့တာ… ပြီးတော့ ဖန်ဆင်းရှင်အဆင့်ကို လွန်ခဲ့တဲ့ လောကခေတ်စက်ဝန်း(၃၀၀၀)မှာ ရရှိခဲ့တယ် ”
“ လောကခေတ်တစ်ခေတ်က နှစ်(၃၃)သန်း ကြာမြင့်တယ်… ဒီတော့ ဒီဘုရင်က ကိစ္စအတော်များများကို မေ့ပျောက်သွားခဲ့ပြီ ”
လူငယ်က ခန်းမထဲမှ လူတိုင်းကို ဝေ့ဝိုက်ကြည့်လိုက်သည်။
“ ဖန်ဆင်းရှင်အဆင့်အောက်က လူတွေနဲ့ ငါမတွေ့တာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာခဲ့ပြီ ”
ထိုစကားကို ကြားသောအခါ ခန်းမထဲမှ လူတိုင်းက ကြည်ညိုလေးစားသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။
ယခုကဲ့သို့ နတ်ဘုရားနိဂုံးအဆင့် ပညာရှင်တစ်ယောက်နှင့် မျက်နှာချင်းဆိုင်တွေ့ရခြင်းက အခွင့်အရေးတစ်ခုဖြစ်နိုင်သလို ကပ်ဘေးတစ်ခုလည်း ဖြစ်နိုင်သည်။ မည်သို့ဖြစ်ပါစေ ယင်းက ဖြစ်တောင့်ဖြစ်ခဲကိစ္စ ဖြစ်သည်။
“ ဒီဘုရင်က ဖန်ဆင်းရှင်အဆင့်ရဲ့ အထွတ်အထိပ်မှာ လောကခေတ်(၂၀၀၀)ကြာအောင် ရပ်တန့်နေခဲ့တယ် ”
“ အဲ့ဒီနောက် ငါစိုးရိမ်လာတယ် ”
“ အဲ့ဒီနောက် နတ်ဘုရားနိဂုံးဆီ ငါဝင်ရောက်သွားတယ် ”
စိုးရိမ်တယ်… ။
နတ်ဘုရားနိဂုံးဆီ ဝင်ရောက်တယ်… ။
အဲ့ဒါက နတ်ဘုရားနိဂုံးလား… ။
အထွတ်အထိပ် ဖန်ဆင်းရှင်တစ်ပါးတောင် မောပန်းနိုင်တာလား… ။
ဟန်မူယဲ့က သူ့အရှေ့မှ လောကဖန်ဆင်းရှင်ကို ကြည့်လိုက်သည်။ ရုတ်တရက် သူ၏ နှလုံးက တုန်ယင်သွားသည်။
အစောနက ငါ့ရဲ့ ဓားက နတ်ဘုရားနိဂုံးရဲ့ စွမ်းအားကို ဖြတ်တောက်နိုင်ခဲ့တယ်… အဲ့ဒါ ဘာလို့လဲဆိုတော့ ငါ့ရဲ့ နှလုံးသားထဲမှာ စိတ်အားထက်သန်မှုရှိနေလို့ပဲ…
ဒီတော့ ဆန့်ကျင်ဘက်ပြောရရင်… အဲ့ဒီလောကဖန်ဆင်းရှင် နတ်ဘုရားနိဂုံးဆီ ဝင်ရောက်သွားခဲ့တာက သူ့မှာ စိတ်အားထက်သန်မှု မရှိတော့လို့လား…
“ ဒါဆိုရင် နတ်ဘုရားနိဂုံးက အပြင်ဘက်ကနေ ဝင်ရောက်လာတာ မဟုတ်ဘူး… အဲ့ဒီအစား အတွင်းစိတ်ထဲကနေ မွေးဖွားလာတာပဲ ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည်။
ဟန်မူယဲ့ ထိုသို့ပြောလိုက်သည့်အခါ လောကဖန်ဆင်းရှင်၏ မျက်လုံးထဲ၌ တောက်ပသောအလင်း ထွက်ပေါ်လာသည်။
“ တကယ့်ကို ရှားပါးတယ်… မင်းရဲ့ ဆင်ခြင်နားလည်နိုင်စွမ်းက အဆင့်တူမှာ ပြိုင်ဘက်ကင်းပဲ ”
လောကဖန်ဆင်းရှင်က ဟန်မူယဲ့ကို ချီးမွမ်းလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက မထူးမခြားနား ဆက်ပြောသည်။
“ ဟုတ်တယ်… နတ်ဘုရားနိဂုံးက စိုးရိမ်စိတ်ကနေ စတင်လာတာပဲ ”
ဖန်ဆင်းရှင်တစ်ပါး မောပန်းလာသည့်အခါ သူက နတ်ဘုရားနိဂုံးဆီသို့ ဝင်ရောက်သွားလိမ့်မည်။ ထို့ကြောင့် ဖန်ဆင်းရှင်အဆင့်က ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်ဖြစ်ပြီး နတ်ဘုရားနိဂုံးက ဆုတ်ယုတ်မှု၏ အစဖြစ်သည်။
သို့သော်လည်း နတ်ဘုရားနိဂုံးအဆင့်တွင် တစ်စုံတစ်ယောက်က ဖန်ဆင်းရှင်ထက် သာလွန်သော စွမ်းအားကို ပိုင်ဆိုင်နိုင်လိမ့်မည်။
ဝါးမျိုခြင်း၊ စိမ့်ဝင်ခြင်း၊ ဖျက်ဆီးခြင်း… ။
အဲ့ဒါက အန္တိမသံသရာလား… ။
ဟန်မူယဲ့သည် ထိုစွမ်းအားကို ခွဲခြမ်းမစိတ်ဖြာနိုင်ပေ။
သူတစ်ယောက်တည်း မဟုတ်ပေ။ ဤအခိုက်အတန့်မှာ တခြားနတ်သခင်များသည်လည်း မျက်နှာဖြူဖျော့သွားကြသည်။ သူတို့က စကားမပြောဝံ့ကြချေ။
သူတို့က လောကဖန်ဆင်းရှင်ပြောသော အဆင့်ကို နားလည်ရန် အရည်အချင်းမပြည့်မီကြချေ။
“ နောက်ထပ် မစဉ်းစားနဲ့တော့… နတ်ဘုရားနိဂုံးက လာသင့်တဲ့အချိန်ကျရင် ရောက်လာလိမ့်မယ် ”
“ မင်းတို့က နတ်ဘုရားနိဂုံးကို တွေ့ကြုံခံစားချင်တယ်ဆိုရင် ဖန်ဆင်းရှင်အဆင့်ကို အရင်ရောက်အောင် လုပ်ပါ ”
လောကဖန်ဆင်းရှင်က ခန်းမထဲမှ လူများကို ကြည့်လိုက်ပြီး ပေါ့ပါးစွာ ရယ်လိုက်သည်။
“ ဒါပေမဲ့ မင်းတို့ရဲ့ ပါရမီနဲ့ အရင်းအမြစ်တွေအရ မင်းတို့ထဲက ဘယ်သူမှ ဖန်ဆင်းရှင်အဆင့်ကို မရောက်နိုင်ဘူး ”
ထိုနောက် လောကဖန်ဆင်းရှင်၏ အကြည့်က ဟန်မူယဲ့ပေါ်သို့ ကျရောက်သွားသည်။ သူက ပြုံးလိုက်ပြီး ပြောသည်။
“ မင်းမှာ အခွင့်အရေးနည်းနည်း ရှိတယ်… ဒါပေမဲ့ အဲ့ဒါက အရမ်းနည်းတယ် ”
နတ်သခင်ဆယ်ပါးဆီမှာ ဖန်ဆင်းရှင်ဖြစ်လာရန် အခွင့်အရေးလုံးဝ မရှိပေ။
ဟန်မူယဲ့မှာတော့ အခွင့်အရေးနည်းနည်း ရှိသည်။
ယင်းက နတ်သခင်ဆယ်ပါးနှင့် ဟန်မူယဲ့ကြားမှ ကွာဟမှု ဖြစ်သည်။
ထိုစကားကြောင့် ဟန်မူယဲ့အပေါ် ကြည့်သော နတ်သခင်ဆယ်ပါး၏ အမြင်က ပြောင်းလဲသွားသည်။
“ အရေးမပါတဲ့ ကိစ္စတွေကို နောက်ထပ် မပြောကြရအောင် ”
“ ဒီဘုရင်က မင်းတို့ရဲ့ အကူအညီကို လိုအပ်တယ် ”
လောကဖန်ဆင်းရှင်က ခန်းမထဲမှ လူတိုင်းကို ကြည့်လိုက်ပြီး မထူးမခြားနား ပြောသည်။
သူက အကူအညီလိုသည်ဟု ပြောနေသော်လည်း သူ၏ မျက်နှာအမူအရာနှင့် စကားအရ သူက အကူအညီတောင်းခံနေခြင်း မဟုတ်ပေ။ ယင်းအစား သူက အမိန့်ပေးနေခြင်း ဖြစ်သည်။
“ လောကဖန်ဆင်းရှင်… ကျေးဇူးပြုပြီး ကျုပ်တို့ကို အမိန့်ပေးလိုက်ပါ ”
ယွင်ကျိနတ်သခင်က ချက်ချင်း အရှေ့သို့ လျှောက်သွားပြီး လောကဖန်ဆင်းရှင်ကို အရိုအသေပေးလိုက်သည်။
သူက မငြင်းဆန်ဝံ့ပေ။
မည်သို့ဖြစ်ပါစေ ဤနေရာက ယွင်ထျန်းမြို့တော်ဖြစ်ပြီး သူ၏ မူလဇစ်မြစ် တည်ရှိသောနေရာ ဖြစ်သည်။
လောကဖန်ဆင်းရှင်၏ သာမန်လက်ဝှေ့ယမ်းမှုက ယွင်ထျန်းမြို့တော်ကို ချက်ချင်း ဖျက်ဆီးပစ်နိုင်သည်။
“ အသင်္ချေအသူရာချောက်နက်ဆီ နတ်ဘုရားတွေအများကြီး ရောက်လာဖို့ မင်းတို့ရဲ့ လမ်းညွှန်ပေးမှုကို ဒီဘုရင် လိုအပ်တယ် ”
လောကဖန်ဆင်းရှင်၏ မျက်လုံးထဲမှာ နက်နဲသိမ်မွေ့သောအလင်း ထွက်ပေါ်လာသည်။ မှိန်ဖျော့သော ရွှေရောင်အလင်းက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ရစ်ပတ်သွားသည်။
ဤအခိုက်အတန့်မှာ ခန်းမတစ်ခုလုံး တုန်ယင်သွားသည်။
“ အသင်္ချေအသူရာချောက်နက်က ထာဝရကောင်းကင်ဘုံဆီ ဦးတည်သွားတဲ့ လမ်းကြောင်းပဲ… တစ်စုံတစ်ယောက်က အဲ့ဒါကို ဖြတ်ကျော်နိုင်မယ်ဆိုရင် ထာဝရအရှင်သခင် နေထိုင်တဲ့ နေရာဆီ ဝင်ရောက်နိုင်လိမ့်မယ် ”
“ အဲ့ဒီမှာ နတ်ဘုရားနိဂုံးအဆင့် သက်ရှိအားလုံးရဲ့ ကံကြမ္မာတွေ ရှိတယ် ”
“ ဒါမှမဟုတ် အဲ့ဒါက အစလို့ ငါပြောရမလား ”
လောကဖန်ဆင်းရှင်က နတ်သခင်တစ်ယောက်စီကို ဝေ့ဝိုက်ကြည့်လိုက်လေရာ သူတို့က မျက်နှာဖြူဖျော့သွားကြသည်။ ရွှေရောင်အလင်းက လောကဖန်ဆင်းရှင်၏ မျက်လုံးထဲမှ ထွက်ပေါ်လာပြီး သံကြိုးဆယ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။
ရွှေရောင်သံကြိုးများက နတ်သခင်ဆယ်ပါးအပေါ်သို့ ကျဆင်းသွားကြသည်။
ယွင်ကျိနတ်သခင်ဖြစ်စေ သို့မဟုတ် ရှေးဟောင်းဝိညာဉ်နတ်သခင်ဖြစ်စေ သို့မဟုတ် တခြားနတ်သခင်များဖြစ်စေ သူတို့ထဲမှ မည်သူမှ ထိုသံကြိုးများကို မခုခံနိုင်ကြချေ။
ထိုသံကြိုးများ သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အခါ နတ်သခင်များက တုန်ယင်သွားကြပြီး မျက်လုံးပြူးသွားကြသည်။
“ ဘာမှစိတ်မပူနဲ့… ငါမင်းတို့ကို မသေခိုင်းပါဘူး ”
“ အဲ့ဒီသံကြိုးတွေက ဖန်ဆင်းရှင်အဆင့်ကို မင်းတို့မရောက်ခင်အထိ မင်းတို့ရဲ့ ကျင့်ကြံခြင်းစွမ်းအားကို အမြန်ဆုံး မြှင့်တင်ပေးလိမ့်မယ် ”
“ ဒါပေါ့… တကယ်လို့ မင်းတို့က ဒီဘုရင်ကို ကူညီပေးဖို့ ဆန္ဒမရှိဘူးဆိုရင် မင်းတို့ရဲ့ မူလစွမ်းအားက ဒီဘုရင်အတွက် အာဟာရဓာတ်ဖြစ်လာလိမ့်မယ် ”
လောကဖန်ဆင်းရှင်၏ အကြည့်က ဟန်မူယဲ့အပေါ်သို့ ကျရောက်သွားသည့်အခါ သူက ပေါ့ပါးစွာ ရယ်လိုက်သည်။
“ မင်းကတော့ အဲ့ဒီသံကြိုးကို မလိုအပ်ဘူး ”
“ ဒါပေမဲ့ ငါတို့တွေ သဘောတူညီမှုတစ်ခု လုပ်ရအောင် ”
“ မင်းငါ့ကို ကူညီပေးမယ်ဆိုရင် ဒီဘုရင် ထာဝရကောင်းကင်ဘုံဆီ တတ်လှမ်းတဲ့အခါ ဘိုးဘေးကောင်းကင်နဂါးကိုးကောင်ထဲက တစ်ကောင်ကို မင်းကို ပေးမယ် ”
“ ဒါပေါ့… မင်းလိုချင်တဲ့ တစ်စုံတစ်ခုကိုလည်း တောင်းဆိုနိုင်တယ် ”
လောကဖန်ဆင်းရှင်၏ ရှိန်လောက်ဖွယ်ကောင်းသော စွမ်းအားက ဟန်မူယဲ့အပေါ်သို့ ကျရောက်သွားစဉ် သူက ထပ်လောင်း ပြောသည်။
“ မင်း ငြင်းဆန်နိုင်တယ် ”
တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ဟန်မူယဲ့က လောကဖန်ဆင်းရှင်ကို မော့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ စီနီယာက အဲ့ဒီသံကြိုးကို ကျွန်တော်မလိုအပ်ဘူးလို့ ပြောခဲ့ပါတယ်… ဘာဖြစ်လို့ပါလဲ ”
သူ၏ မေးခွန်းက လောကဖန်ဆင်းရှင်ကို သဘောကျစွာ ရယ်မောသွားစေသည်။
“ ဓားတာအိုနဲ့ နတ်ဘုရားတစ်ပါးဖြစ်လာတဲ့လူက ထာဝရကောင်းကင်ဘုံရဲ့ နာမည်နဲ့ ထာဝရကောင်းကင်ဘုံဆီ ဦးတည်နေတဲ့ ဂိတ်တံခါးအကြောင်းကို ကြားပြီးတဲ့နောက် ဘယ်လိုလုပ် အဲ့ဒီကို မသွားဘဲ နေမှာလဲ ”
“ အဲ့ဒါ ဓားကျင့်ကြံသူတွေရဲ့ လုပ်ရိုးလုပ်စဉ်ပဲမလား ”
ထိုသို့ပြောပြီးနောက် လောကဖန်ဆင်းရှင်၏ အသံက ရပ်တန့်သွားသည်။
“ ငါအခု မှတ်မိသွားပြီ… အတိတ်တုန်းက အဲ့ဒီဓားရူးကလည်း တူညီတဲ့ စကားကို ပြောခဲ့ဖူးတယ် ”
“ အဲ့ဒီဓားရူးရဲ့ နာမည်က လုယွဲ့ ”