← Chapters

ရွှီမျိုးနွယ်စုကို အမြစ်ဖြုတ်သုတ်သင်ခြင်း

Vol. 90 Ch. 1258

ရွှီမျိုးနွယ်စုကို အမြစ်ဖြုတ်သုတ်သင်ခြင်း

Vol. 90 Ch. 1258

“အနုသုခုမရုပ်ခန္ဓာ၊ ရုပ်ခန္ဓာဆိုတဲ့အပိုင်းက ရုပ်သဘောကို ဆောင်တယ်။ အနုသုခုမဆိုတဲ့အပိုင်းကတော့ စိတ်နာမ်သဘောနဲ့ ဆက်စပ်တယ်။ အခုလက်ရှိ မင်းတို့ အသက်ရှူလေ့ကျင့်ခန်းကနေတစ်ဆင့် စုပ်ယူနေတဲ့အရာကတော့ သာမန်စိတ်ဝိညာဉ်စွမ်းအင်ထက် အများကြီးသာလွန်တဲ့ အင်မော်တယ်ချီပဲ.... သဘောတရားအရပြောရရင် အင်မော်တယ်ချီကြောင့် မင်းတို့အနေနဲ့ အနုသုခုမရုပ်ခန္ဓာအဆင့်ကို ပိုပြီးမြန်မြန် ဖြတ်ကျော်နိုင်သင့်တယ်" မန်ဟိုသည် စိတ်ဝိညာဉ်နယ်ပယ်နှင့်ပတ်သက်၍ သူ သိနားလည်ထားသမျှကို အေးဆေးတည်ငြိမ်စွာ ဆက်လက်ရှင်းပြနေ၏။

သူက ဤလူများ အင်မော်တယ်ချီကို စုပ်ယူစေနိုင်ဖို့ ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ဤဧရိယာကို ဖန်တီးဖို့ အင်မော်တယ်ကျောက်စိမ်းများစွာ အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။ တောင်ပင်လယ်လောကတစ်ခုလုံးတွင် ထိုကဲ့သို့လုပ်နိုင်သူ မရှိသလောက် ရှားသည်။ အမှန်တွင် တောင်ပင်လယ်သခင်များသာ ထိုသို့လုပ်နိုင်လိမ့်မည်။

တတ်နိုင်သည့်ဂိုဏ်းကြီးများပင်လျှင် ထိုသို့လုပ်မည်မဟုတ်၊ အဓိကအကြောင်းရင်းက ... မတန်၍ပင်။ ဂိုဏ်းများတွင် သူတို့၏အကျိုးစီးပွားအတွက်သာ စဉ်းစားသော အပြိုင်အဆိုင်အဖွဲ့များစွာ ရှိစမြဲဖြစ်ရာ ယခုလို သုံးဖို့ သဘောတူမည်မဟုတ်ပေ။

မန်ဟိုသည် ငွေကို ခင်တွယ်ကောင်း ခင်တွယ်လိမ့်မည်၊ ချမ်းသာဖို့သာ အမြဲ အိပ်မက်မက်ကောင်း မက်လိမ့်မည်။ သို့သော် သူ့အတွက် ခံယူချက်နှင့် သိက္ခာသည် အရေးပါ၏။ သူ့အတွက် မိသားစုလောက် မည်သည့်ငွေပမာဏကမှ တန်ဖိုးမရှိချေ။

ထို့ကြောင့် သူသည် ယခုလိုသုံးဖို့ ရင်မနာခြင်း ဖြစ်၏။ သူ့အဘိုး၏သွေးဆက် ဦးပြန်မော့နိုင်သရွေ့ တန်သည်။

သူ တရားဆက်ဟောနေစဉ် ပရိသတ်ထုထဲ၌ ကျင့်ကြံအဆင့်တက်ခြင်းများကို ကြုံတွေ့နေကြသည့် တချို့ ရှိလေသည်။ တစ်ချိန်တည်းမှာပင် ထစ်ချုန်းသံများ ကြားလိုက်ရသည်။ အနက်ရောင်မှင်စာများ ပြန်ရောက်လာသဖြင့် မန်ဟို့မျက်လုံးများက ထူးဆန်းစွာ တောက်ပသွားပြီး သူက မဆိုစလောက် ပြုံးလိုက်သည်။ ၎င်းတို့က လေလယ်တွင် အတန်ငယ်လှည့်ပတ်ပျံဝဲနေရင်း သိုလှောင်အိတ်များကို မြေကြီးပေါ် ပစ်ချပေးကြသည်။ မကြာမီ ၎င်းတို့က အလွန်များလှသည့်အတွက် မိုးရွာနေသည့်နှယ် ဖြစ်လာလေသည်....

သွေးဆက်အိမ်တော်ထဲရှိ အမျိုးသမီးများမှာ ဖြစ်ပျက်နေသောအရာအားလုံးကို မျက်လုံးအဝိုင်းသားနှင့် ကြည့်နေကြသည်။

မန်ဟိုသည် အလွန်တည်ကြည်သောအမူအရာဖြင့် အမျိုးသမီးအားလုံးကို ပြန်လှည့်ကြည့်ပြီး စကားဆက်ပြော၏။

“မင်းတို့အားလုံး မှတ်ထားကြ။ ငါတို့ကျင့်ကြံသူတွေဟာ ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်တွေကို ဘယ်တော့မှ မဖြုန်းတီးရဘူး။ မင်းတို့ အပြင်ထွက်လို့ တစ်ခုခုတွေ့တာနဲ့ မကောက်လိုက်ဘူးဆိုရင်တော့ ဆုံးရှုံးလိုက်ရတာနဲ့ အတူတူပဲ။ အဲဒါက ငါတို့ရဲ့ ခံယူချက်၊ ငါတို့နှလုံးသားထဲမှာ အမြဲမှတ်သားထားရမယ့် အရေးအကြီးဆုံးစည်းမျဉ်းပဲ

“ငွေမဖြုန်းနဲ့၊ သူဌေးလိုမနေနဲ့။ အမြတ်ထွက်မယ့် အခွင့်အရေးသာ ရလာရင် စိတ်ဝိညာဉ်တစ်တုံးလေးတောင် မကျန်ခဲ့စေနဲ့” ပရိသတ်ကြီးသည် စိတ်အားထက်သန်၊ လေးစားကြည်ညိုသော မျက်လုံးများဖြင့် မန်ဟို့ကို မမှိတ်မသုန် ကြည့်နေကြ၏။ အမျိုးသမီးများက သူ့စကားကို ကြားလျှင်ချင်း စိတ်ထဲတွင် မှတ်ထားလိုက်ကြသည်။ ကြည့်ရသရွေ့ သူတို့၏ပင်ကိုယ်စရိုက်များပင် လွှမ်းမိုးခံလိုက်ရသည့်အလား ... တဖြေးဖြေး သူတို့၏မျက်လုံးများ စတင်တောက်ပလာကြတော့၏။

မန်ဟိုသည် သူတို့မျက်ဝန်းထဲရှိ အကြည့်များကို မြင်သောအခါ နှစ်ထောင်းအားရသွားသော်လည်း တစ်ဖွဲ့လုံး သူ့ပုံစံအတိုင်းဖြစ်လာခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များကို စဉ်းစားနေရန် အချိန်မရှိပေ.... မည်သို့ဆိုစေ ဤအဖွဲ့ကို သူ သဘောကျသထက် ကျလာသည်။

လူအိုသုံးယောက်မှာတော့ မန်ဟို့ကို မျက်လုံးအပြူးသားနှင့် ကြည့်နေကြသလို၊ မန်ဟို၏ ဦးလေးနှစ်ယောက်လည်း ထိုနည်းတူပင်။

“ဒါက....” မန်ဟို့ဘိုးဘိုးလေးတစ်ယောက်က ပြောသည်။

“လီလီနဲ့ သိပ်တူတာပဲ....” မန်ဟို့အဘွားက ခပ်ယဲ့ယဲ့ပြုံးကာ ဆိုသည်။ တခဏတွေးပြီးသော် သူမသည် လွှတ်ထားပေးရန် ဆုံးဖြတ်လိုက်၏။ “သူ ဒီမှာရှိနေသရွေ့... ငါတို့မန်မျိုးနွယ်စုတော့ အပြောင်းအလဲနည်းနည်း လုပ်ဖို့ လိုလိမ့်မယ်"

ခြံဝင်း၏အပြင်တွင် မန်ဟိုက လက်ကို ဝှေ့ယမ်းရင်း သိုလှောင်အိတ်များအား မျိုးနွယ်ဝင်တစ်ယောက်စီ၏အရှေ့သို့ စေစားလိုက်သည်။ နောက်ဆုံးတော့ တစ်ယောက်လျှင် အိတ်ပေါင်းများစွာ ရရှိသွား၏။

“ကောင်းပြီ။ ဒီသိုလှောင်အိတ်တွေကို အရင်ယူထားကြဦး။ ငါ ကျင့်ကြံခြင်းအရင်းမြစ်နည်းနည်း ထပ်ရအောင် အပြင်ခဏထွက်လိုက်ဦးမယ်” ထို့နောက် မန်ဟိုက ထရပ်၍ ရှေ့တစ်လှမ်းလှမ်းကာ ပျောက်သွားသည်။ သူ ပြန်ပေါ်လာသောအခါ အပြင်ရှိ မြူခိုးများအထဲ ရောက်နေလေပြီ။ အနက်ရောင်မှင်စာများက အလွန်ရိုကျိုးစွာဖြင့် သူ့ကို လှည့်ပတ်ပျံသန်းနေကြသည်။ မန်ဟိုက ၎င်းတို့ကို သိမ်းရန် အင်္ကျီလက်စ ခါပြီးနောက် နောက်တစ်လှမ်းလှမ်းကာ ကောင်းကင်အမြင့်ထက်တွင် ပေါ်လာသည်။ ပင်မကုန်းမြေ၏အလယ်ရှိ ... ရွှီမျိုးနွယ်စုကို လှမ်းကြည့်လိုက်သည့်အခါ သူ၏မျက်လုံးများသည် သွေးအေးသွား၏။

အစတုန်းက မျိုးနွယ်စုတစ်စုလုံးကို သုတ်သင်ရန် သူ ရည်ရွယ်ထားခဲ့သော်လည်း သူ့အဘွား နိုးထလာခဲ့၍ နှောင့်နှေးသွားခဲ့သည်။ သို့သော် မှင်စာများ မြူအပြင်ရှိ ကျင့်ကြံသူများကို သုတ်သင်နေခဲ့တုန်းက မန်ဟိုသည် သေသေချာချာ စောင့်ကြည့်နေခဲ့၏။

“ငါ့အဘိုးသွေးဆက်နဲ့ ရန်ငြိုးရှိတဲ့ ဘယ်သူမဆို ငါနဲ့ ရန်ငြိုးရှိတာနဲ့ အတူတူပဲ” သူက အေးစက်စက် ပြောသည်။ ထို့နောက် ရွှီမျိုးနွယ်စုထံ တဟုန်ထိုး ထွက်သွားသည့် အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားလေသည်။

ရွှီမျိုးနွယ်စု ဘိုးဘေးစံအိမ်၏အတွင်းပိုင်းထဲက အခန်းတစ်ခန်းထဲတွင် ဆံပင်နီကြောင်ကြောင်အဘိုးအိုတစ်ဦး တင်ပျဉ်ခွေထိုင်နေသည်။ ရုတ်တရက် သူ၏မျက်လုံးများ ပွင့်လာပြီး သူ့မှာ ကျောချမ်းလာလေသည်။ ကပ်ဘေးကြီးတစ်ခု သူ့ဆီ လာနေသကဲ့သို့ သူ့တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထလာ၏။

သူ၏ကျင့်ကြံခြင်းအခြေခံသည် ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့်ထက် ကျော်လွန်ပြီး တာအိုနယ်ပယ်သို့ ခြေလှမ်းတစ်ဝက်ပင် ရောက်နေခဲ့လေပြီ။ အမှန်တွင် ထိုခြေလှမ်းတစ်ဝက်အား အချိန်မရွေး လှမ်းနိုင်သည်။ သို့သော် သူ၏အခြေအနေက မန်ဟို နဝမတောင်ပင်လယ်၏ ဂြိုဟ်သိမ်ဈေးတစ်ဈေးတွင် ဆုံတွေ့ခဲ့သော မိုးတိမ်ဂုရုကြီးနှင့်တူ၍ ထိုခြေလှမ်းကို လှမ်းဖို့ ယုံကြည်ချက်အပြည့်အဝမရှိပေ။

ထို့ကြောင့် တာအိုနယ်ပယ်သို့ တက်လှမ်းနိုင်သည်ဟု ပြောမည့်အစား တစ်ဝက်တစ်ပျက်တာအိုအဆင့်သို့ အချိန်မရွေးတက်လှမ်းနိုင်သည်ဟု ဆိုလျှင် ပိုမှန်လိမ့်မည်။

ဤလူကား ရွှီမျိုးနွယ်စု၏ ခေါင်းဆောင် ရွှီယွီရှန်း ဖြစ်ပေသည်။ သူ၏ကျင့်ကြံအဆင့်က သူ့ကို မျိုးနွယ်စုခေါင်းဆောင်ဖြစ်စေသည့် အကြောင်းရင်းဖြစ်သလို၊ ရွှီမျိုးနွယ်စု မန်မျိုးနွယ်စုထဲတွင် လက်အောက်ခံမျိုးနွယ်စုတစ်စု ဖြစ်လာခဲ့ပြီး ကုန်းမြေတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည့် အကြောင်းရင်းဆိုလည်း မမှားပေ။

“ဘာတွေဖြစ်နေတာလဲ...မဟုတ်မှ... မန်မျိုးနွယ်စုရဲ့ အဲဒီသွေးဆက်လား” ဆံပင်နီကြောင်ကြောင် အဘိုးကြီး၏မျက်လုံးများ လင်းလက်လာပြီး သူက မျက်မှောင်ကြုတ်လိုက်သည်။

“မဖြစ်နိုင်ဘူး။ အဲဒီသွေးဆက်က မျိုးပြုတ်လုနီးပါး ဖြစ်နေတာလေ။ အဲ့ဒါကြောင့်ပဲ သူတို့ ချက်ချင်း တစ်ယောက်မကျန် အသုတ်သင်ခံရမယ့်အစား တဖြေးဖြေးမျိုးပြုတ်သွားတာကို မျက်စိဒေါထောက်ကြည့်နေဖို့ ငါ့ကို ဒီမှာ တာဝန်ချထားတာ။ နောက်နှစ်အနည်းငယ်လောက်နေရင် အဲဒီတာဝန်က ပြီးမြောက်တော့မှာ”

တခဏကြာ ထိုင်တွေးနေပြီးနောက် သူ့မျက်နှာသည် ရိပ်ခနဲ ဖြစ်သွား၏။ ထိုလူက တွန့်ဆုတ်မနေတော့ဘဲ ကျောက်စိမ်းပြားတစ်ပြားကို ချိုးပြီးနောက် ပျောက်ကွယ်သွားလေသည်။

သူ ပျောက်ကွယ်သွားသောအခိုက်အတန့်မှာပင် မိုးမြေပြိုစေနိုင်သော ပေါက်ကွဲမှုကြီးက အရာအားလုံးကို ပြင်းပြင်းထန်ထန် လှုပ်ခါလာစေ၏။

လက္ခဏာများကိုပင် မြင်ရလောက်အောင် အလွန်အသက်ဝင်နေသော မီတာသုံးသောင်းအရွယ် ဧရာမလက်ကြီးတစ်ဖက်က အပေါ်မှ ကျဆင်းလာနေသည်။ ၎င်းက မီးတောက်များပွင့်လာသည့်တိုင်အောင် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် မြေကြီးအား ရိုက်ချရန် ကျဆင်းလာနေလေပြီ။

၎င်းကျဆင်းလာနေစဉ် ဖိအားကြောင့် ရွှီမျိုးနွယ်စုဘိုးဘေးစံအိမ်ထဲရှိ စေတီအမြောက်အမြား ပြိုကျကုန်သည်။ အဆောက်အဦးများ အက်ကွဲ၍ မီးထတောက်လာသဖြင့် ရွှီမျိုးနွယ်ဘိုးဘေးစံအိမ်ထဲရှိ ကျင့်ကြံသူအားလုံး အထိတ်တလန့် မော့ကြည့်လိုက်ကြသည်။ သူတို့အတွက် ကမ္ဘာပျက်ကိန်း ဆိုက်ရောက်လာခဲ့သည့်အလားပင်။

“အဲဒါဘာကြီးလဲ”

“ချုံခိုတိုက်ခိုက်မှုလား”

“အဲ..အဲဒီလက်က ဘယ်သူ့လက်ကြီးလဲ။ ဘုရားရေ...” ရွှီမျိုးနွယ်ဘိုးဘေးစံအိမ်ထဲရှိ ကျင့်ကြံသူများမှာ လုံးလုံးလျားလျား အံ့အားသင့်ကုန်ကြပြီး သူတို့အပေါ် ဖိစီးနေသော သုတ်သင်ခြင်းစိတ်ဆန္ဒကြောင့် တုန်ရီလာကြသည်။

မျက်စိတစ်မှိတ်အတွင်း လက်ကြီးက ဘိုးဘေးစံအိမ်ကို ဖိရင်း မရေမတွက်နိုင်သော အဆောက်အဦများကို ခြေမွကာ တုန်ခါလှိုင်းလုံးကြီးတစ်လုံးအား အရပ်လေးမျက်နှာသို့ ဖြာထွက်သွားစေသည်။ မြေကြီးများမှာ မိုးကြိုးပစ်ချခံနေရသကဲ့သို့ တသိမ့်သိမ့်တုန်လာကြပြီး ရွှီမျိုးနွယ်စုတစ်စုလုံး ချက်ချင်း ပျက်စီးပြိုကျကာ ဧရာမလက်ဝါးရာကြီးဖြင့် အစားထိုးခံလိုက်ရသည်။

မီးတောက်များက အရာအားလုံးကို မည်းခြစ်သွားသည်အထိ မီးလောင်တိုက်သွင်းပစ်လိုက်သည်။

သို့သော်လည်း ကျင့်ကြံသူများများစားစား မသေခဲ့ကြပေ။ မန်ဟိုသည် သွေးအေးလူသတ်သမားတစ်ဦး မဟုတ်၍ လက်ဝါးထဲရှိ နတ်ဘုရားအာရုံသည် သူ့အဘိုး၏သွေးဆက်ကို ပျက်စီးစေလိုစိတ်ရှိသည့် ရွှီမျိုးနွယ်ဝင်များကို ပစ်မှဝ်ထားခဲ့၏။

ထိုလူယုတ်မာကျင့်ကြံသူအားလုံး အသတ်ခံလိုက်ရသဖြင့် သွေးပျက်ဖွယ်အော်သံများသည် မီးတောက်မီးလျှံများအတွင်းမှ ပွက်လောရိုက်လာတော့၏။ ကျန်ကျင့်ကြံသူများကိုမူ မီးတောက်များက သူတို့ကို အန္တရာယ်မပြုဘဲ ကျင့်ကြံခြင်းအခြေခံများကိုသာ ချိတ်ပိတ်လိုက်သည်။

သို့သော် မြေကြီးများမှာ ပြင်းပြင်းထန်ထန် တုန်ခါနေဆဲဖြစ်ပြီး မြေကြီးထဲရှိ ဧရာမလက်ဝါးရာကြီးက အဆုံးစွန်အထိ ချောက်ချားဖွယ် ကောင်းလှလေသည်။

အပျက်အစီးများအတွင်း၌ ရွှီမျိုးနွယ်စုခေါင်းဆောင်ကြီး ဘွားခနဲ ပေါ်လာသည်။ သူက ပေါ်လာလျှင်ချင်း သွေးတစ်ပွက်အန်လိုက်ရသည်။ သူသည် မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် အသက်ရှင်ကျန်ခဲ့သော မျိုးနွယ်ဝင်များကို ကြည့်ပြီးနောက် အပျက်အစီးများကို လှည့်ပတ်ကြည့်လိုက်၏။ ထို့နောက် ခေါင်းနောက်လှန်၍ ခံပြင်းပူဆွေးစွာ အော်ဟစ်လိုက်လေသည်။

သူသည် မော့ကြည့်လိုက်သည့်အခါ ပြင်းထန်သော အအေးဓာတ်ကို ထုတ်လွှတ်လျက် လေလယ်တွင် ပျံဝဲနေသည့် မန်ဟို့ကို မြင်လိုက်၏။ လက်ဝါးလေးတစ်ချက်တည်းဖြင့် လုပ်ခဲ့သောအရာကို ထည့်တွက်ပါက သူကား ကြောက်မက်ဖွယ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း သိသာပေသည်။ ရွှီမျိုးနွယ်ခေါင်းဆောင်ကြီးက ခါးသီးစွာ ရယ်ရင်း မေးသည်။ “မင်းက ဘယ်သူလဲ”

တစ်ချိန်တည်းမှာပင် သူက ကျင့်ကြံခြင်းအဆင့်တက်ရန် တွန့်ဆုတ်မနေပေ။

“ငါက မန်ချိန်” မန်ဟိုက အေးတိအေးစက် ပြန်ဖြေသည်။ မန်ဟို့အနေဖြင့် ကောင်းကင်နတ်ဘုရားမဟာမိတ်နှင့် သူ၏ပြဿနာတောကြီးအတွင်းသို့ မန်မျိုးနွယ်စုအား ဆွဲမသွင်းချင်သည့်အတွက် မန်ဟိုဆိုသည် သူ၏နာမည်ကို မသုံးရန် ဆုံးဖြတ်ခဲ့သည်။

ရွှီမျိုးနွယ်ခေါင်းဆောင်ကြီးက ခါးသီးစွာ ရယ်သည်။ မန်ဟို့ကို နည်းနည်းလေးမှ မယုံသော်လည်း အရေးမကြီး။ သူ့ကျင့်ကြံခြင်းအခြေခံသည် တဟုန်ထိုး မြင့်တက်လာပြီး တာအိုနယ်ပယ်ပြစ်ဒဏ် စတင်ကျဆင်းလာသဖြင့် တိမ်တိုက်များ ဖြစ်ပေါ်လာသည်။

ကျဆင်းလာနေသည့် တာအိုပြစ်ဒဏ်ကြောင့် မန်ဟို၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ ထို့နောက် သူက ညာလက်ခလယ်ကို ဝှေ့ယမ်းလိုက်ကာ လေထုအား ပုံပျက်ရှုံ့တွသွားစေပြီး လှိုင်းဂယက်မျာအား ဖြာထွက်သွားစေသည်။ လှိုင်းဂယက်များက အလွန်ဩဇာကြီးမားသော ဧရာမဝံပုလွေကြီးတစ်ကောင်အသွင် တဖြေးဖြေး ပြောင်းလာ၏။ ထို့နောက် ၎င်းက ဟိန်းဟောက်ရင်း ရွှီမျိုးနွယ်ခေါင်းဆောင်ကြီးထံ ပြေးဝင်သွားသည်။

၎င်းက တာအိုနယ်ပယ်ပြစ်ဒဏ် ကျဆင်းမလာခင် သူ့အပေါ် မျက်စိတစ်မှိတ်အတွင်း ရောက်လာခဲ့လေပြီ။ ရွှီမျိုးနွယ်ခေါင်းဆောင်ကြီးက အသည်းအသန် ပြန်တိုက်ခိုက်သော်လည်း ဧရာမဝံပုလွေကြီး၏ ပါးစပ်တစ်လုပ်တည်းဖြင့် အမြိုချခံလိုက်ရတော့သည်။

တာအိုနယ်ပယ်ပြစ်ဒဏ်မှာ ပစ်မှန်ကို ရှာမတွေ့တော့၍ တစတစ မှေးမှိန်လာပြီး ပေါ်လာခဲ့သော လမ်းလည်း ပျောက်သွားခဲ့လေပြီ။

မန်ဟိုက အင်္ကျီလက်စကို ခါလိုက်သည်။ သူသည် အောက်ရှိအရာအားလုံးကို လျစ်လျူရှုရင်း လှည့်၍ ပျောက်ကွယ်သွား၏။

အချိန်တွေ ကုန်လွန်သွားသည်။ ညနေစောင်းအချိန်တွင် မန်ဟို့အဘိုး၏သွေးဆက်အနားရှိ မြေပြင်များအထက်တွင် ပို၍များပြားသော အလင်းတန်းများပေါ်လာသည်။ ဤလူများက ရွှီမျိုးနွယ်ကျင့်ကြံသူများမဟုတ်ဘဲ မန်မျိုးနွယ်ကျင့်ကြံသူများ ဖြစ်ကြ၏။

သူတို့က မန်မျိုးနွယ်စု၏ သွေးဆက်ကိုးဆက်ထဲမှ အင်အားကြီးသော အုပ်စုတစ်စုဖြစ်သည့် ခုနစ်ဆက်မြောက်သွေးဆက်ပင်။ သို့သော်လည်း လူနည်းစုသာ ရောက်လာခဲ့၏။ တစ်ယောက်က ရှေးဟောင်းနယ်ပယ်မဟာစက်၀န်းအဆင့်၊ တစ်ယောက်က ရှေးဟောင်းနယ်ပယ်နှောင်းပိုင်းအဆင့်၊ နှစ်‌ယောက်က ရှေးဟောင်းနယ်ပယ်အလယ်အလတ်အဆင့်၊ လေးယောက်က ရှေးဟောင်းနယ်ပယ်စဦးပိုင်းအဆင့်ဖြစ်ပြီး အတော်များများက အင်မော်တယ်များ ဖြစ်ကြလေသည်။

ထိုကဲ့သို့ အင်အားစုတစ်စုသည် အမှန်ပင် အင်အားကြီးမားသည်။ တာအိုနယ်ပယ်ပညာရှင်တစ်ယောက် မပေါ်လာ‌သရွေ့ သူတို့သည် စစ်ပွဲတစ်ပွဲအား ဆင်နွှဲနိုင်၏။ လောလောဆယ်တွင် အရှေ့မှဦးဆောင်နေသော အဘိုးကြီးက အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် အမျက်တချောင်းချောင်းထွက်နေလျက် ပျံသန်းနေလေသည်။

ထိုအုပ်စု ပျံသန်းလာနေစဉ် မိုးကောင်းကင်၌ အရောင်အဝါများ ပြိုးပြိုးပျက်ပျက် လက်လာပြီး လေမုန်တိုင်းများ ထန်လာသည်။ ရုတ်တရက် အဘိုးအို၏ ဒေါသထွက်နေသောအသံက ဟိန်းထွက်လာ၏။

"ရွှီယွီရှန်း ခုချက်ချင်း ထွက်လာခဲ့စမ်း"

အသံကြီးက တုံ့ပြန်လူးလာ ပဲ့တင်ထပ်သွားရာ အသံပေါင်းများစွာ အော်နေသည့်အသံ ပေါက်နေသည်။ အားကောင်းသော လေပြင်းတစ်ချက်က မြေပြင်များကို ရိုက်ခတ်ရင်း ကောင်းကင်ရှိ တိမ်တိုက်များကို တွန်းထုတ်၍ အရာအားလုံးအား တုန်ခါနေစေတော့သည်။

အဘိုးကြီးက မောက်မာတင်စီးသော အမူအရာဖြင့် လေလယ်တွင် ပျံဝဲနေသည်။ သူ၏အမြင်တွင် ဤအခြေအနေကို ကိုင်တွယ်ဖို့ အသင့်တော်ဆုံးနည်းလမ်းက ဤနေရာကို စောင့်ရှောက်နေသည့် အစေခံမျိုးနွယ်စုခေါင်းဆောင်ကို ခေါ်၍ မျိုးပြုတ်တော့မည့် သစ္စာဖောက်သွေးဆက်ကို သုတ်သင်ခိုင်းခြင်းဖြစ်သည်။

(အပြင်ထွက်လို့ တစ်ခုခုတွေ့တာနဲ့ မကောက်လိုက်ဘူးဆိုရင်တော့ ဆုံးရှုံးလိုက်ရတာနဲ့ အတူတူပဲ - ဆိုတဲ့ စကားကို မန်လီက မန်ဟို့ကို အပိုင်း ၁၁၆၇ မှာ ပြောခဲ့ဖူးပါတယ်)

All Chapters