ငါ လူသတ်ရတာကို သဘောကျတယ်
Vol. 81-85 Ch. 1271
“မင်းကို ဘယ်သူ ဝင်ခွင့်ပေးလဲ”
ထိုအော်သံက လီဝေ့အား မှင်တက်သွားစေသည်။ ထို့နောက် သူမ မသိမသာ နှုတ်ခမ်းစူသွားပြီး မျက်လုံးများက စိုစွတ်လာသည်။ သူမ ငိုကြွေးလုနီးပါး ဖြစ်သွားရသည်။ သူမ အရွယ်ရောက်လာပြီးနောက်ပိုင်း ယခုကဲ့သို့ ဆူပူခံရခြင်းက ပထမဆုံးအကြိမ် ဖြစ်လေသည်။
*လူတိုင်းက ကျွန်မကို လှတယ်၊ လှတယ်လို့ ချီးမွမ်းကြတာပဲ*
*ရှင် မျက်လုံးကို သေချာပြူးပြီး ကျွန်မကို သေချာကြည့်ပါလား*
ယဲ့ဖန်၏စကားက သူမ၏ မာနကို ထိခိုက်သွားလေသည်။ လီဝေ့၏ မျက်လုံးများ နီရဲကာ ငိုကြွေးလုနီးပါး ဖြစ်လာရတော့သည်။
ဤသည်ကိုမြင်ပြီး ပိုင်ရွှယ် နဖူးကြောများ ထောင်လာပြီး ယဲ့ဖန်ကို စိတ်ဆိုးမာန်ဆိုးဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမ လီဝေ့ထံသို့ လျှောက်သွားလေသည်။
“အစ်မ သူ့ကို စိတ်ထဲ ထည့်မနေနဲ့တော့၊ သူက အမြဲ အဲ့စိတ်ဓာတ်ပဲ”
လီဝေ့ မချိပြုံး ပြုံးလိုက်မိသည်။ သူမ ယခုအခါမှ အလွန် စိတ်ပျက်သလို ခံစားမိခဲ့သည်။ ဤလူ၏ မျက်လုံးထဲတွင် သူမသည် အရိုးစုသာသာမျှသာ ရှိပြီး အထင်သေးစရာကောင်းသည့်လူ ဖြစ်နေ၏။
“တကယ်တော့ ကျွန်မ လူကြီးမင်းယဲ့ကို ညစာဖိတ်ကျွေးဖို့ လာခဲ့တာပါ”
လီဝေ့ ပင့်သက်ရှိုက်ကာ ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ညစာစားပွဲအပြီး၌ လေလံပွဲတစ်ပွဲ ရှိနေသောကြောင့်ပင်။ သူမသည် ထိုအခွင့်အရေးကို အမိအရ အသုံးချ၍ သူမတို့အပေါ် ရှိနေသည့် ယဲ့ဖန်၏ မကောင်းသော ခံစားချက်များကို ဖယ်ရှားပစ်ချင်နေသည်။ သူမ မနေ့က တစ်ညလုံး စဉ်းစားပြီးနောက် ဤနည်းလမ်းက အသင့်တော်ဆုံး ဖြစ်မည်ဟု ခံစားမိလေသည်။
“အင်း ကောင်းတယ်၊ အတူတူ သွားကြမယ်လေ”
ယဲ့ဖန် မငြင်းနိုင်ခင် ပိုင်ရွှယ် သဘောတူလိုက်သည်။ သူမသည်လည်း ယဲ့ဖန်နှင့် လီဝေ့တို့၏ ဆက်ဆံရေးကို ပြန်လည် ပြုပြင်ပေးချင်နေခဲ့သည်။ ပိုင်ရွှယ်၏ အတွေးကို ယဲ့ဖန် နားလည်သဖြင့် ပခုံးသာတွန့်လိုက်ပြီး ဘာမှမ ပြောတော့ချေ။
“ကောင်းပြီလေ၊ ဒါဆို ဒီည ခြောက်နာရီနော်၊ ငါ နင်တို့ကို အချိန်မှန် လာခေါ်မယ်”
လီဝေ့ အပျော်လွန်သွားပြီး ပြန်ထွက်သွားသည်။
…
ထိုညနေခင်း၌ ယဲ့ဖန်နှင့် ပိုင်ရွှယ်တို့သည် လီဝေ့နှင့်အတူ တန်ဖိုးကြီး ဟိုတယ်တစ်လုံးထံသို့ လိုက်လာခဲ့သည်။ မြို့ငယ်လေးတစ်မြို့၌ ဤသို့သော ကြယ်ငါးပွင့် ဟိုတယ်ထက် မနိမ့်သော ဟိုတယ်မျိုး ရှိနေလိမ့်မည်ဟု ယုံရခက်ပေသည်။
ထိုစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ထွက်လာ၏။ ထိုလူသည် ဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင် ထားပြီး မျက်နှာထား တည်ကြည်လေသည်။ သူ၏ မျက်နှာက စိတ်တိုနေခြင်း မဟုတ်သလို ထည်ဝါသော ဟန်ပန်မျိုး ရှိလေသည်။
“ဦးလေးစွန်း”
လီဝေ့က ရှေ့သို့လှမ်းသွားပြီး သူ့အား နွေးထွေးပျူငှာစွာ နှုတ်ဆက်လေသည်။ သူမရှေ့မှလူသည် သူမဖခင် မသေဆုံးခင်က မိတ်ဆွေဖြစ်ခဲ့သူ ဖြစ်ပြီး ဤဟိုတယ်၏ တာဝန်ခံလည်း ဖြစ်ပေသည်။ လီဝေ့ကိုမြင်သော် စွန်းရွင်တုံ ပြုံးလိုက်ပြီး တက်တက်ကြွကြွ ပြောလိုက်သည်.
“အမျိုးသမီးတွေက အသက်ဆယ့်ရှစ်နှစ်မှာ ကြီးကြီးမားမား ပြောင်းလဲကြတယ်လို့ လူတွေပြောတဲ့ စကားက အမှန်ပဲကိုး၊ ဘောင်းဘီတိုလေးနဲ့ ပြေးလွှားဆော့နေတဲ့ မင်းတောင် ဒီလို သေးသေးသွယ်သွယ်နဲ့ မိန်းမလှလေး ဖြစ်လာပြီပဲ”
သူ့စကားကိုကြားသော် လီဝေ့ ရယ်ရမလား၊ ငိုရမလား မသိတော့ချေ။ လူတိုင်းက သူမကို လှပသည်ဟု ပြောကြပြီး သူမက မိန်းမလှလေးဖြစ်ကြောင်း လူတိုင်း သိသော်လည်း ယဲ့ဖန်သာလျင် သူမအား မစင်သဖွယ် ရွံသလို ကြည့်တတ်သည်။
“ဦးလေးစွန်း မိတ်ဆက်ပေးရဦးမယ်၊ ဒီနှစ်ယောက်က ကျွန်မ မိတ်ဆွေတွေလေ၊ သူတို့ ဒီည ကျွန်မနဲ့အတူ ညစာစားပွဲကို တက်မှာ”
စွန်းရွင်တုံသည် ယဲ့ဖန်တို့ဘက်သို့ လှည့်ကြည့်လာသည်။ ယဲ့ဖန်ကို တွေ့သည်နှင့် သူ့အမူအရာက တုန်လှုပ်ဟန် ပေါ်လာပြီး ချက်ချင်း အံ့ဩဟန် ပြလာလေသည်။
ထို့နောက် သူသည် ယဲ့ဖန်ရှေ့၌ ချက်ချင်း ဒူးထောက်ချလိုက်ပြီး သရဲသဘက်ကို တွေ့လိုက်ရသည့် အမူအရာဖြင့် ယဲ့ဖန်ကို စိုက်ကြည့်လာသည်။
“ဦးလေးစွန်း ရှင် ဘာလုပ်တာလဲ”
လီဝေ့ ချက်ချင်း အံ့ဩသွားသည်။
*သူ ဘာလို့ ဒူးထောက်တာလဲ*
သို့သော် စွန်းရွင်တုံက သူမစကားကို မကြားသယောင်ပြုပြီး ယဲ့ဖန်ကိုသာ စိုက်ကြည့်ကာ တံတွေးမျိုချလိုက်ပြီး စိုးရိမ်တကြီး ပြောလေသည်။
“သခင်ကြီး … ခင်ဗျား … ခင်ဗျား ဘာလို့ ဒီကို ရောက်နေတာလဲ”
လီဝေ့ ကြက်သေ သေသွားရသည်။ သူမ၏ ဦးလေးစွန်းက ယဲ့ဖန်ကို သခင်ကြီးဟု တကယ် ခေါ်လိုက်လေသလား။ သူမ၏ ဦးလေးစွန်း အဆင့်အတန်းနှင့် နောက်ကွယ်မှ အင်အားစုအရ ကျောက်မိသားစုတောင်မှ သူ့ကို ရှောင်ဖယ်သွားရပြီး ဝူချီဖုန်းပင် အလွယ်တကူ အာမခံဝံ့ကြောင်း သူမ သိလေသည်။
ရှုကျိုးနယ်မြေတွင် သူသည် ခေါင်းမော့ရင်ကော့၍ သွားလာနိုင်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။ သို့ရာတွင် ထိုသို့သော ပုဂ္ဂိုလ်က ယဲ့ဖန်ရှေ့၌ ဒူးထောက်သတဲ့လား။ ထို့အပြင် သခင်ကြီးဟုပါ ခေါ်လိုက်သေးသည်။
*မယုံနိုင်စရာပဲ၊ ဒီမှာ ဘာတွေဖြစ်ကုန်တာလဲ*
ဤနေရာ၌ သူ့ကိုသိသောလူတစ်ယောက်နှင့် ဆုံလိမ့်မည်ဟု ယဲ့ဖန် ထင်မထားမိပါ။ ထို့ကြောင့် သူ မျက်မှောင် ကြုတ်၍ မေးလိုက်သည်။
“မင်း ငါ့ကို သိသလား”
“သခင်ကြီးကို ပြန်ဖြေပါတယ်၊ ကျွန်တော်က ထန်မိသားစုရဲ့ ပြည်ပြေးမန်နေဂျာပါ၊ ဒီဟိုတယ်က ထန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ခုပါ၊ ကျွန်တော် သခင်ကြီးကို တစ်ခါ မြင်ဖူးပါတယ်”
စွန်းရွင်တုံ အမှန်အတိုင်း ဖြေလိုက်သည်။ သို့သော် သူ့အသံက မတုန်ဘဲ မနေနိုင်ပေ။ ယဲ့ဖန်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးစဉ်က အထင်မကြီးခဲချေ။ ယဲ့ဖန်အား သူ၏ သူဌေးတစ်ယောက်မျှသာ သဘောထားခဲ့သည်။
သို့သော် ဒုတိယအကြိမ်အဖြစ် နဂါးမြို့တော်ရှေ့၌ ယဲ့ဖန် ရပ်နေသည်ကို သူ မြင်လိုက်ရသလို တစ်ယောက်တည်း မြို့အား တိုက်ခိုက်ခဲ့သည်ကို မြင်ခဲ့ရသည်။
ထို့နောက်တွင် ဤလူ၏ ပြိုင်ဘက်ကင်းသော အပြုအမူက သူ့အတွေးနှင့် ရင်ထဲသို့ ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။ ထိုအခိုက်တွင် သူ ယဲ့ဖန်ကို နတ်ဘုရားတစ်ပါးဟု မှတ်ယူသွားလေသည်.
သူသည် အချိန်အတော်ကြာစဉ်ကတည်းက ဤနေရာ၌ နေထိုင်စားသောက်၍ ခေါင်းချရန် တွေးတောခဲ့သည်။ သူ့တစ်ဘဝလုံး ထိုသို့နေမည်ဟု စဉ်းစားခဲ့သည်။
သို့သော် သူ ယဲ့ဖန်နှင့် တွေ့ပြီးချိန်မှစ၍ သူ့စိတ် ပြောင်းလဲသွားသည်။ ယခင်ထက် အဆပေါင်းများစွာ ပိုအလုပ် ကြိုးစားပြီး သူ၏ စွမ်းဆောင်ရည် တိုးတက်လာစေရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ သူ ပိုမြင့်သော နေရာသို့ တက်လှမ်းနိုင်ရန် အစွမ်းကုန် ကြိုးစားလေသည်။
ထိုသို့ပြုလုပ်မှာသာလျင် သူ ဌာနချုပ်သို့ ပြောင်းနိုင်မည်ဖြစ်ပြီး ယဲ့ဖန်နှင့် ပိုနီးစပ်သော နေရာ၌ ခစားနိုင်မည်ဟု မှတ်ယူထားသောကြောင့်ပင်။
သို့သော် သူ ယဲ့ဖန်နှင့် မြန်မြန်ဆန်ဆန် ဆုံရလိမ့်မည်ဟု ထင်မထားမိပေ။ ယဲ့ဖန်က သူ့မျက်စိရှေ့၌ ထင်ထင်ရှားရှား ရပ်နေသဖြင့် သူ့အတွက် မယုံနိုင်ဖွယ်ကောင်းနေ၏။
ယဲ့ဖန်၊ ယဲ့ဘုရင်၊ သူ၏ ရင်ထဲမှ နတ်ဘုရားက ဤမြို့သို့ ရောက်နေသည် မဟုတ်ပါတကား။
“ထပါ”
ယဲ့ဖန်က မပြောင်းလဲသော အမူအရာနှင့် ပြောလိုက်သည်။
“ငါ ဒီရောက်နေတာကို အခြားသူတွေ မသိစေချင်သလို ငါ ဘယ်သူလဲဆိုတာကို အခြားသူတွေကို မသိစေချင်ဘူး၊ မင်း နားလည်လား”
“နားလည်ပါတယ်၊ စိတ်မပူပါနဲ့ သခင်ကြီး ကျွန်တော် လျှို့ဝှက်ထားပါ့မယ်”
စွန်းရွင်တုံက ဆန်ကောက်စားနေသော ကြက်တစ်ကောင်သဖွယ် တဆတ်ဆတ် ညိတ်နေပြီး အလွန် လေးစား နှိမ့်ချစွာ ပြောဆိုလေသည်။ တစ်ဖက်မှ လီဝေ့မှာမူ အလွန် အံ့အားသင့်နေပြီး ယဲ့ဖန်အား ထိတ်လန့်တကြား ကြည့်နေ၏။
*ဒီလူ … သူ့ပုံစံက ဘာလဲ*
စွန်းရွင်တုံက ထန်မင်လီ၏ လူမှန်း သူမ သိထားပါသည်။ ရှုကျိုးတစ်ခွင်၌ ဝူချီဖုန်းတောင်မှ သူ့အား မလေးမစား မလုပ်ရဲပေ။ ထိုသို့သောလူမျိုးက ယဲ့ဖန် ရောက်လာသည်နှင့် ချက်ချင်း ဒူးထောက်ကာ အရိုအသေ ပေးနေသည်။
*သူ့နောက်ခံက ဘယ်လောက်တောင် ကြောက်စရာကောင်းနေလို့ စွန်းရွင်တုံလို လူမျိုးကတောင် ခေါင်းညိတ်ပြီး ဦးညွှတ်နေရတာလဲ*
ယဲ့ဖန်နှင့် ပတ်သက်၍ လီဝေ့ ပိုပိုသိချင်လာသည်။ သူမရှေ့မှ အမျိုးသားသည် မြူခိုးသဖွယ် ဘာကိုမှ မမြင်ရအောင် ဆန်းကြယ်၍ ဆွဲဆောင်မှု ရှိကာ လူအများအား သူ့အကြောင်း ပိုသိချင်လာစိတ် ပေါ်လာစေသည်။
လီဝေ့ ယဲ့ဖန်ကို ပွဲခန်းမထဲသို့ ခေါ်သွားလေသည်။ ခန်းမထဲတွင် လူများစွာ စုဝေးနေပြီး ထိုလူအများစုမှာ ယနေ့ လေလံပွဲအတွက် ရောက်လာခြင်း ဖြစ်လေသည်။
“လီဝေ့ မကြာသေးခင်ကမှ မင်းအဖေ ဆုံးသွားတယ်လို့ ငါ ကြားလိုက်တယ်”
ထိုအခိုက်တွင် ခနိုးခနဲ့အသံတစ်သံက လီဝေ့၏ နားစည်သို့ ရိုက်ခတ်လာ၏။ လီဝေ့ အသံလာရာသို့ လှမ်းကြည့် လိုက် သောအခါ လူတစ်ယောက်က သူဌေးသားတစ်သိုက်ကို ဦးဆောင်ပြီး လှောင်ပြုံးပြုံး၍ လာနေသည်ကို တွေ့လိုက်ရသည်။
“ကျူးချန်ယု နင့်ပါးစပ်ပိတ်ထား၊ မဟုတ်လို့ကတော့ ငါ့ကို ရိုင်းတယ်လို့ အဆိုးမဆိုနဲ့”
လီဝေ့ မျက်နှာသာပေးခြင်း မရှိဘဲ ပြောလိုက်သည်။ ဤကျူးချန်ယုသည် သူမကို ပိုးပန်းခဲ့သူ တစ်ယောက် ဖြစ်သည်။ သူမ သူ့ကို ငြင်းလိုက်ပြီးနောက်ပိုင်း ထိုသူက အငြှိုးထားကာ မြို့ထဲ၌ တွေ့သည်နှင့် ခနဲ့စကား ပြောလိုက်သည်။
သူမ၏ ခန္ဓာကိုယ်က နံစော်သည်ဟု ပြောသလို သူမကို ခွေးမဟုလည်း ပြောခဲ့သည်။ ထို့အပြင် သူမအား တစ်ညအတွင်း ယောက်ျားပေါင်းများစွာနှင့် အိပ်ခဲ့သည်ဟုလည်း သမုတ်သေးသည်။ အလွန် အပုတ်ချ စော်ကား သည့်သူပင်။
“မင်းက ငါ့ကို ကြိုဆိုနေတာလား၊ မင်း ဘာလို့ ငါ့ကို လာရိုင်းနေတာလဲ၊ မင်းအဖေက သေပြီနော်၊ မင်းကို အခြား ဘယ်သူက ကာပေးနိုင်ဦးမယ်လို့ ထင်နေတာလဲ”
ကျူးချန်ယုက ခနဲ့လိုက်သည်။ လီဝေ့၏ဖခင်ကို သူ ကြောက်ခဲ့သည်။ ထိုသို့သာ မကြောက်ခဲ့ပါက လီဝေ့ သူ့ကို ငြင်းလိုက်ကတည်းက မကောင်းကြံမှာ ဖြစ်ပေသည်။ ယခု လီဝေ့၏ ဖခင် သေသွားပြီ ဖြစ်သဖြင့် သူ လက်စား ချေမည့် အချိန် ရောက်လာလေပြီ။
“ဒူးထောက်ပြီး ငါ့ဖိနပ် သန့်သွားအောင် လျက်ပေးစမ်း”
ကျူးချန်ယု ဂုဏ်ယူစွာ ပြောလိုက်ပြီးနောက် ယဲ့ဖန်တို့ နှစ်ယောက်ကိုလည်း ပြိုင်တူ ကြည့်လိုက်သည်။
“မင်းတို့ရောပဲ”
ယဲ့ဖန်၏ မျက်လုံးတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။
“မင်း ဘာပြောလိုက်တာလဲ”
တစ်ဖက်လူက လီဝေ့တစ်ဦးတည်းကိုသာ ပစ်မှတ်ထားလျင် သူ အရေးလုပ်မည် မဟုတ်ပါ။ သို့သော် ထိုသူက သူတို့ကိုပါ ဆွဲထည့်နေ၏။
“ဟိုးဟိုး … မင်းက ငြင်းရဲတာလား”
ကျူးချန်ယုက ယဲ့ဖန်ကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ငါ မင်းကို သတိပေးလိုက်မယ်၊ ဒီနေ့ မင်း ငါ့ကို ဒူးမထောက်ရင် ဒီကနေ ထွက်သွားဖို့ မစဉ်းစားနဲ့”
“ဟေ့ကောင် မင်း သိအောင် ပြောရဦးမယ်၊ ငါတို့ သခင်လေးကျူးက မန်နေဂျာစွန်းရဲ့ မွေးစားသားနော်၊ ပြီးတော့ သူ့နောက်ခံက အင်အားကြီးတယ်”
“ဟုတ်တယ်၊ ယဲ့ဘုရင်က မန်နေဂျာစွန်းရဲ့ နောက်ကွယ်ကလူဆိုတာ မင်း သိလား၊ အဲ့တော့ မင်း မသေချင်ရင် ဒူးထောက်ပြီး ဖိနပ်ကို လျက်လိုက်”
“ကျူးသခင်လေး သူ့ဘေးက ကလေးမလေးက မဆိုးဘူး၊ ကျုပ်တို့ ကစားလို့ရအောင် ပေးပါလား”
ကျူးချန်ယု၏ အနောက်မှ သူဌေးသားများက မခိုးမခန့် မျက်နှာပေးဖြင့် ပြောလိုက်သည်။ ကျူးချန်ယုက ပြုံးနေပြီး ယဲ့ဖန်အား အန္တရာယ်ပေးလိုဟန်ဖြင့် စူးစိုက်ကြည့်နေသည်။
“တော်လောက်ပြီ”
လီဝေ့ ချက်ချင်း ငေါက်ငမ်း၍ ပြောလိုက်သည်။
“ကျူးချန်ယု နင့်ကို မြန်မြန်ထွက်သွားဖို့ပဲ ပြောချင်တယ်၊ လူကြီးမင်းယဲ့က နင် ပြဿနာရှာနိုင်တဲ့ လူစားမျိုး မဟုတ်ဘူး၊ နင် သူ့ကို ရန်စလိုက်ရင် နင့်မွေးစားအဖေတောင် နင့်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး”
ယဲ့ဖန်ရှေ့၌ စွန်းရွင်တုံ၏ ရိုကျိုးမှုကို သူမ သေချာ မြင်ထားပြီးသား ဖြစ်သည်။ သူသည် ဦးနှောက်မရှိသော မြာသမား ကျူးချန်ယု ရန်စနိုင်သည့် ပုဂ္ဂိုလ် မဟုတ်ပေ။
“ငါ သူ့ကို ရန်စလို့မရဘူး၊ ဟားဟားဟား မင်း လာနောက်နေတာလား၊ ရှုကျိုးက ငါတို့မျိုးဆက်ထဲမှာ ငါဆိုတဲ့ ရှုကျန်းယု ရန်စလို့ မရနိုင်တဲ့လူ ရှိသေးလို့လား”
ကျူးချန်ယုသည် ဟာသကြီးတစ်ပုဒ်ကို ကြားလိုက်ရသည်ဟု မှတ်ယူပြီး ခွက်ထိုးခွက်လန် ရယ်မောလေသည်။ ရှုကျိုးတစ်ခွင်၌ ကျူးချန်ယု၏ မွေးစားဖခင်က စွန်းရွင်တုံ ဖြစ်ကြောင်း မည်သူ မသိဘဲ ရှိမည်နည်း။
သူ့ကိုထိရဲလျင် ယဲ့ဘုရင်၏ အသိုင်းအဝိုင်းနှင့် ပတ်သက်ရပေမည်။ အင်ပါယာတစ်ခုလုံးရှိ မည်သူ့တွင် ထိုသို့သော သတ္တိမျိုး ရှိနိုင်မည်နည်း။
“နင် ရူးနေလား၊ ငါတို့ နင့်ကို ရန်မလုပ်ဘူး၊ ဘာလို့ နင် ငါတို့ကို အနိုင်ကျင့်တာလဲ”
ပိုင်ရွှယ်သည်လည်း စိတ်ပျက်သွားသည်။ သူတို့ ဘာမှမလုပ်သော်လည်း ကျူးချန်ယုက သူတို့ကို အကြောင်းပြချက် မရှိ စော်ကားလာသည်။ ထူးဆန်းလွန်းသည် မဟုတ်ပါလော။
“ဘာလို့လဲ ဟုတ်လား၊ ဘာလို့လဲဆိုတော့ ငါ သဘောကျလို့လေ၊ ငါ သူများကို နှိပ်စက်နေရတာကို ပျော်လို့”
ကျူးချန်ယု အထက်စီးဆန်စွာ ပြောလိုက်သည်။ ရှုကျိုးတစ်ခွင်၌ သူ အနိုင်ကျင့်ချင်သည့်သူကို ဘာအကြောင်း ပြချက်မှ မရှိလဲ အနိုင်ကျင့်မှာပင်။
“မင်း သဘောကျလို့ ဟုတ်လား၊ မင်း သဘောကျတာနဲ့ပဲ အခြားသူတွေကို အနိုင်ကျင့်မယ်ပေါ့ ဟုတ်လား”
တစ်ဖက်လူ၏ စကားကြောင့် ယဲ့ဖန် ရယ်ချင်သွားသည်။
“ဟုတ်တယ်၊ အဲ့တော့ ငါ မင်းကို ဒူးထောက်စေချင်ရင် မင်း ဒူးထောက်ရမယ်၊ ငါ မင်းကို သေစေချင်ရင် မင်း သေကို သေရမယ်”
ကျူးချန်ယု ပြုံးလိုက်သည်။ ထိုအပြုံးက ပိုပို၍ မသတီစရာ ကောင်းလာ၏။
“ဖြောင်း”
ကျူးချန်ယု၏ မျက်နှာကို သူ အားဖြင့် ရိုက်ချလိုက်သောကြောင့် ကြမ်းပြင်ပေါ် အရှိန်ဖြင့် လဲကျသွားသလို ညာဘက် မျက်နှာတစ်ခြမ်းလုံး ရောင်ကိုင်းကာ အသားများ ပဲ့ထွက်သွားလေသည်။ မြင်ကွင်းက သွေးထွက်သံယို များလှသည်။
“အခု အရိုက်ခံလိုက်ရတာ ကျူးသခင်လေး မဟုတ်လား”
“သူပဲ မြတ်စွာဘုရား ဘယ်သူကများ သတ္တိကောင်းပြီး သခင်လေးကျူးကို သွားချတာလဲ၊ အဲ့လူ ရူးနေပြီလား မသိဘူး”
ဧည့်သည်များအားလုံး မှင်တက်သွားပြီး မျက်နှာ၌ အံ့ဩရိပ်များ ပြည့်နှက်နေ၏။ တစ်စုံတစ်ယောက်က စွန်းရွင်တုံ၏ မွေးစားသားကို ရိုက်ရဲလိမ့်မည်ဟု သူတို့ မယုံနိုင်ကြချေ။
တစ်ခဏကြာသော် လူတိုင်း၏ အကြည့်က ယဲ့ဖန်ပေါ် ရောက်လာပြီး မယုံသင်္ကာ အကြည့်များဖြင့် ကြည့်ကာ ဤလူငယ်လေးက ဘယ်က လာသဖြင့် စွန်းရွင်တုံ၏ မွေးစားသားကို ရိုက်ရဲသနည်းဟု တွေးနေကြသည်။
“မင်း … မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့လေ”
ကျူးချန်ယုက မျက်နှာကို လက်ဖြင့်အုပ်ကာ ယဲ့ဖန်အား မကျေမနပ်နှင့် ဒေါသတကြီး ကြည့်လေသည်။ ရှုကျိုး တစ်ခွင်၌ မည်သူမှ သူ့ကို မထိရဲပေ။ သူ့ကို ထိရဲလျင် သေရပေမည်။
*သေစမ်း*
*သောက်မျိုးမစစ်ကောင်*
ယဲ့ဖန်က လူတိုင်း၏ အကြည့်အောက်၌ သူ့ကို အရှက်ခွဲရဲသဖြင့် ယဲ့ဖန်၏ တစ်မိသားစုလုံးကို သူ သတ်ချင်နေသည်။
“ငါလည်း သဘောကျတယ်၊ ငါလည်း ပျော်လို့လုပ်တာ”
ယဲ့ဖန်က သူ့ကို အထင်သေးစွာ ကြည့်လိုက်ပြီးနောက် သတ်ဖြတ်ချင်သော အရိပ်အယောင်များ ပြေးနေသည့် အကြည့်များဖြင့် ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ငါက လူတွေကို အနိုင်ကျင့်ရတာကို ကြိုက်တာ မဟုတ်ဘူး၊ ငါက လူသတ်ရတာကို ကြိုက်တာ”