← Chapters

ကနဦးအဆင့် နှင့် နတ်ဆိုးဖိနှိပ်ခြင်း အစစ်မှန်ယန် ဓားသိုင်း

Vol. 2 Ch. 11

ကနဦးအဆင့် နှင့် နတ်ဆိုးဖိနှိပ်ခြင်း အစစ်မှန်ယန် ဓားသိုင်း

Vol. 2 Ch. 11

"ငါက ဒီနေ့ မင်းတို့ရှာပေးထားတဲ့ ဇနီးလောင်းလေးကို လာကြည့်တာပါ၊ ဒါပေမဲ့ ဒီအထဲက ယားနာစွဲနေတဲ့ ခွေးကောင်တွေရဲ့ အနံ့ဆိုးကို ရလိုက်တာနဲ့ ဘာဖြစ်နေလဲဆိုပြီး ဝင်ကြည့်လိုက်တာ"

"စိတ်ချစမ်းပါ၊ မင်းက အလုပ်လုပ်တာ မြန်ဆန်သွက်လက်သားပဲ။ ငါတို့ မင်းကို တကယ်သဘောကျတယ်"

မျောက်နတ်ဆိုးအိုကြီးက ရှန်းယီကို တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ ဆုန့်ချန်ဖုန်း၏မျက်နှာနားသို့ ခေါင်းကို တိုးကပ်သွားသည်။

"ဒါပေမဲ့ မင်းရဲ့ရာထူးက နိမ့်လွန်းတယ်။ ပြီးတော့ ဒီလို အရည်အချင်းမရှိတဲ့ ကောင်တွေရဲ့ ခိုင်းဖတ်ဖြစ်နေတာက စိတ်ပျက်စရာပဲ။ ဒီနေ့ ငါမင်းအတွက် ဒီကောင့်ကို ရှင်းထုတ်ပေးပြီး ညီအစ်ကိုရှန်း ရာထူးတက်အောင် ကူညီပေးမယ်လေ"

"ခွေးနတ်ဆိုးကို ငါသတ်တာ မဟုတ်ဘူး..." ဆုန့်ချန်ဖုန်း၏မျက်လုံးများမှာ ပြူးထွက်လုမတတ် ဖြစ်နေပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

"ငါ အခုချက်ချင်း ရာထူးက နှုတ်ထွက်ပေးပါ့မယ်... ငါ့ကို မသတ်ပါနဲ့... ရှန်းယီ ငါ မင်းကို တစ်ခါမှ ရန်မစဖူးဘူးနော် မင်း ဘာလို့ ငါ့ကို ဒီလိုလုပ်ရတာလဲ"

သူ၏ပုံစံကို ကြည့်ပြီး မျောက်နတ်ဆိုး သုံးကောင်လုံးက အားရပါးရ အော်ဟစ်ရယ်မောလိုက်ကြသည်။

သူတို့၏ရယ်သံမှာ စူးရှပြီး နားထဲတွင် စိတ်ကသိကအောက် ဖြစ်စေသည်။ ရှန်းယီ၏စိတ်ထဲတွင် မငြိမ်မသက်မှုများ ဖြစ်ပေါ်လာပြီး သူ၏ အသံမှာ အေးစက်သွားခဲ့သည်။

"သူ့ကို လွှတ်လိုက်"

ထိုစကားကို ကြားလိုက်သည်နှင့် မျောက်နတ်ဆိုးအိုကြီး၏မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်။

၎င်းက ရှန်းယီကို ညီအစ်ကိုရှန်းဟု နောက်ပြောင် ခေါ်ဝေါ်ခဲ့သော်လည်း၊ သူ၏မျက်လုံးထဲတွင် ရှန်းယီသည် စကားနားထောင်သည့် ခွေးလိမ္မာလေးတစ်ကောင်သာ ဖြစ်သည်။

သို့မဟုတ်ပါက ၎င်းသည် ရှန်းယီအတွက် ဤကဲ့သို့ အကျပ်ရိုက်မည့် အခြေအနေမျိုးကို တမင် ဖန်တီးခဲ့မည် မဟုတ်ပေ။

'ဘယ်အချိန်ကစပြီး လက်ပါးစေတစ်ယောက်က ဒီနေရာမှာ အမိန့်ပေးနိုင်သွားရတာလဲ။'

မျောက်နတ်ဆိုးအိုကြီးက အဝါရောင် သွားများကို ဖြဲပြလိုက်ပြီး ဒေါသကို ထိန်းချုပ်ကာ လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"တကယ်လို့ ငါက လွှတ်ပေးလိုက်ရင် ငါ့အတွက် ဘာအကျိုးအမြတ် ရှိမှာမို့လို့လဲ"

၎င်းအနေဖြင့် ဆုန့်ချန်ဖုန်းကို အမှန်တကယ် လွှတ်ပေးရန် ဆန္ဒမရှိသော်လည်း၊ လူစိတ်ရှိပြီး တိရစ္ဆာန်ရုပ်ပေါက်နေသော ဤရှန်းယီက ယနေ့ ဘာဇာတ်ကွတ်တွေ ကပြဦးမလဲဆိုတာကို သိချင်နေသည်။

ထိုစကားကြောင့် ရှန်းယီက မျောက်နတ်ဆိုးအိုကြီးကို မှေးကာစိုက်ကြည့်လိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် မျောက်အိုကြီး ငြင်းဆန်နိုင်မည် မဟုတ်သော ကမ်းလှမ်းချက်တစ်ခုကို ပေးလိုက်သကဲ့သို့ မျက်နှာထားကို လျှော့လိုက်သည်။

"သူ့ကို လွှတ်ပေးလိုက်ပါ... ဒါဆိုရင် မင်းရဲ့ သေဆုံးချိန်မှာ သိပ်ပြီး မနာကျင်စေရဘူးလို့ ငါအာမခံတယ်"

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

မျောက်နတ်ဆိုးအိုကြီး၏မျက်လုံးထဲတွင် လူသတ်ချင်စိတ်များ မြင့်တက်လာသည်။ "စိတ်ဝင်စားစရာပဲ... ငါက မလွှတ်ပေးဘူးဆိုရင်ရော"

ရှန်းယီက ခေါင်းမော့လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဒါဆိုရင် မင်းကို အရိုးပဲ ကျန်တဲ့အထိ အသားတွေ လွှာချပစ်မယ်"

မျောက်နတ်ဆိုးများ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ဆုန့်ချန်ဖုန်းမှာ ကြောက်လန့်လွန်း၍ သွားများ ကျိုးတော့မတတ် တကတ်ကတ်ရိုက်နေလေပြီ။

ဒီရှန်းယီက သူ့ကို ဤနေ့ အရှင်ထွက်ခွင့်ပေးမည့် ပုံမပေါ်ကြောင်း သူရိပ်မိလိုက်ပြီဖြစ်သည်။

အရိုးပဲ ကျန်တဲ့အထိ အသားတွေ လွှာချမယ် ဟုတ်လား၊ဘယ်သူက ဘယ်သူ့ကို လွှာမှာလဲ။

ဒေါင်ရှန်းတောင်တန်းမှ မျောက်နတ်ဆိုးများသည် အနောက်ပိုင်းဆင်ခြေဖုံးမှ အရေအတွက်များသော်လည်း အချို့မှာ အားနည်းလွန်း၍ အမှုထမ်း ခုနစ်ယောက် ရှစ်ယောက်လောက် ဝိုင်းဖမ်းလျှင် မိနိုင်သော ခွေးနတ်ဆိုးများနှင့် မတူပေ။

မျောက်နတ်ဆိုးများမှာမူ အစကတည်းက ငါးကောင်သာ ရှိသည်။ နှစ်ပေါင်းများစွာ မျက်နှာမပြသော အကြီးဆုံး နတ်ဆိုးခေါင်းဆောင်ကြီးကို ဖယ်ထားလိုက်လျှင်၊ အောက်မှ ညီအစ်ကို လေးကောင်စလုံးသည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်မြင့် နတ်ဆိုးများ ဖြစ်ကြသည်။

ဤမျှ နည်းပါးသော အရေအတွက်ဖြင့်ပင် သူတို့သည် တိုက်ပွဲတွင် ခွေးနတ်ဆိုးအုပ်ကြီးကို ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။

ယခု ထိုညီအစ်ကို လေးယောက်ထဲမှ သုံးယောက် ရောက်ရှိနေခြင်း ဖြစ်သည်။

ရှန်းယီ၏စကားကို ကြားပြီးနောက် ပညာရှိဝတ်ရုံ ဝတ်ထားသော မျောက်အိုကြီး၏ မျက်နှာမှာ အေးစက်သွားသည်။

၎င်းက ပြန်လှောင်ပြောင်ခြင်း သို့မဟုတ် ဟိန်းဟောက်ခြင်း မပြုလုပ်တော့ပေ။

မျောက်အိုကြီးသည် ၎င်း၏လက်ကို ဖြည်းဖြည်းချင်း တင်းကျပ်လိုက်သည်။ ထက်ရှသော လက်သည်းများသည် ဆုန့်ချန်ဖုန်း၏နဖူးမှ အသားထဲသို့ စိုက်ဝင်သွားပြီး ဦးခေါင်းခွံကို တဂျွတ်ဂျွတ်မြည်အောင် ဖိညှစ်လိုက်ရာ နောက်တစ်စက္ကန့်တွင် ဖရဲသီးကဲ့သို့ ပေါက်ကွဲထွက်သွားတော့မည့် အခြေအနေသို့ ရောက်နေသည်။

၎င်းက ဘေးမှ ရှန်းယီကို ဂရုမစိုက်သလို ကြည့်လိုက်သည်။

ဤကြေမွသွားမည့် ဦးခေါင်းကို ကြည့်ပြီး စကားပြောရယတွင်သင်ခန်းစာ ရသွားလိမ့်မည်ဟု မျှော်လင့်ထားပုံရသည်။

ထိုစဉ် မျောက်အိုကြီး၏မျက်လုံးထဲတွင် ဇဝေဇဝါ ဖြစ်မှုတစ်ခု ဖြတ်ပြေးသွားပြီး ချက်ချင်းပင် ဒေါသအဖြစ် ပြောင်းလဲသွားသည်။

ရှန်းယီသည် သူ၏လက်ထဲမှ အဖြစ်အပျက်ကို လုံးဝ လှည့်မကြည့်ဘဲ တံခါးဝရှိ ကြောင်အမ်းအမ်း ဖြစ်နေသော မျောက်နတ်ဆိုး နှစ်ကောင်ထံသို့ လျှောက်သွားလိုက်သည်။

သူသည် တစ်ချက်မျှ အကဲခတ်လိုက်ပြီး စောစောက တံခါးကို ဖျက်ဆီးကာ လူသတ်ခဲ့သော တစ်ကောင်ကို ရွေးချယ်လိုက်သည်။

ထို့နောက် ရှန်းယီသည် လက်ကို မြှောက်လိုက်ပြီး ထိုမျောက်နတ်ဆိုး ပြန်လည်မတုံ့ပြန်နိုင်ခင် စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်း၏ဦးခေါင်းနောက်စေ့ကို ပြင်းထန်စွာ ဖိချလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ခွန်အားအရှိန်ကြောင့် မျောက်နတ်ဆိုးမှာ ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားပြီး မျက်နှာတစ်ခုလုံး ကြမ်းပြင်ကြွေပြားများနှင့် ရိုက်မိကာ ကြေမွသွားစေ၏။

ကျန်ရှိသော မျောက်နတ်ဆိုးမှာ အသိဝင်လာပြီး စူးရှစွာ အော်ဟစ်လိုက်သည်။ ဤမျှ ကမောက်ကမ ဖြစ်နေသော အခြေအနေမျိုးတွင်ပင် ၎င်းသည် တည်ငြိမ်မှုကို မပျက်ပြားစေပေ။

သာမန်လူထက် များစွာပိုရှည်သော လက်မောင်းများသည် လေထဲတွင် ဝှေ့ယမ်းကာ ပြီးပြည့်စုံသော မျဉ်းကွေးတစ်ခုကဲ့သို့ပင်။

အနက်ရောင်အမွေးများ ဖုံးလွှမ်းနေသော လက်သီးဆုပ်ကြီးသည် လေးလံသော အလေးတုံးကြီးတစ်ခု ပြုတ်ကျလာသကဲ့သို့ လူငယ်လေး၏ ကျောရိုးတည့်တည့်သို့ ချိန်ရွယ်ကာ ကျရောက်လာသည်။

ဤအရာဟာ သာမန်တိုက်ခိုက်မှု မဟုတ်ဘဲ အလွန်ကျွမ်းကျင်သော သိုင်းကွက်တစ်ခု ဖြစ်သည်။

၎င်း၏ဘယ်ဘက်လက်မောင်းမှာ စပရိန်တစ်ခုကဲ့သို့ ကွေးထားပြီး ရန်သူ၏ကျောရိုးကျိုးသွားသည်နှင့် သေစေနိုင်သော ဒုတိယထိုးချက်ကို သုံးရန် အဆင်သင့် ပြင်ထားသည်။

"..."

ရှန်းယီသည် ခါးကို ကွေးကာ မျောက်နတ်ဆိုးတစ်ကောင်၏ဦးခေါင်းကို ဖိထားရင်း၊ ကျောပေါ်သို့ ကျရောက်လာမည့် လက်သည်းများကို သူ၏အခြားလက်တစ်ဖက်ဖြင့် ပေါ့ပါးစွာပင် ပိတ်ဆို့လိုက်သည်။

ကျောရိုးကို အလွယ်တကူ ချိုးဖျက်နိုင်သော အမွေးထူ လက်ဝါးကြီးမှာ သူ၏လက်မောင်းနှင့် ရိုက်မိသည်နှင့် ယင်ကောင်ကို ပုတ်ထုတ်လိုက်သကဲ့သို့ ဘေးသို့ လွင့်ထွက်သွားပြီး ပါရှိသမျှ အားအင်များလည်း ချက်ချင်း ပျက်ပြယ်သွားသည်။

ချက်ချင်းဆိုသလိုပင် ရှန်းယီ၏သွယ်လျသော လက်ချောင်းများက ထိုသတ္တဝါ၏လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး အားအနည်းငယ် ထည့်လိုက်ရုံဖြင့် မျောက်နတ်ဆိုး၏လည်ပင်းရိုးများ ကျိုးကြေသွားတော့သည်။

အစမှအဆုံး သူသည် နောက်သို့ လှည့်ပင်မကြည့်ခဲ့ပေ။

သူ၏အေးစက်သော အကြည့်များသည် သူ၏ လက်ဖဝါးအောက်တွင် တဖြည်းဖြည်း ပုံပျက်နေသော မျောက်ဦးခေါင်းခွံပေါ်တွင်သာ ရှိနေသည်။

၎င်း ရုန်းကန်လိုက်တိုင်း သူ၏ဖိအားကို တိုးပေးလိုက်သည်။

"အူး... ဝါး"

ပညာရှိဝတ်ရုံဝတ်ထားသော မျောက်အိုကြီး၏ လှုပ်ရှားမှုများ တုံ့ဆိုင်းသွားသည်။ သူ သိထားသော လူတစ်ယောက်၏လုပ်ရပ်များက ၎င်း၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေသည်ကို လက်ခံနိုင်ရန် ခဲယဉ်းနေသည်။

သို့သော် ညီအစ်ကိုတစ်ဦး သေဆုံးသွားခြင်းက သူ၏ဆင်ခြင်တုံတရားကို ဖြိုခွင်းလိုက်သည်။

သူသည် လက်ထဲမှ ဆုန့်ချန်ဖုန်းကို အသုံးပြု၍ တစ်ဖက်လူကို ရပ်တန့်ရန် အမိန့်ပေးဖို့ ကြံရွယ်လိုက်သော်လည်း စကားမပြောရသေးခင်မှာပင် ရှန်းယီ၏ခံစားချက်ကင်းမဲ့နေသော မျက်နှာကို ကြည့်မိပြီး တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်လိုက်သည်။

တစ်ဖက်လူ၏လက်ထဲတွင် ရှိနေသည်မှာ သူ၏ သွေးသားရင်း ညီအစ်ကိုဖြစ်ပြီး၊ သူ၏လက်ထဲတွင် ရှိနေသူမှာ... ရှန်းယီနှင့် ဘာမှမပတ်သက်သော လူစိမ်းတစ်ယောက်သာ ဖြစ်သည်။

၎င်းကဒေါသအမျက်ချောင်းချောင်းထွက်ကာ ဆုန့်ချန်ဖုန်းကို ဘေးသို့ ကန်ထုတ်လိုက်ပြီး စားပွဲပေါ်မှ ခုန်ကျော်ကာ ရှန်းယီထံသို့ ပြေးဝင်သွားရင်း အော်ဟစ်လိုက်သည်။

"ရပ်လိုက်စမ်း"

အော်ဟစ်သံများနှင့်အတူ မပီမသ ပေါက်ကွဲသံများ တပြိုင်နက် ထွက်ပေါ်လာသည်။

ရှန်းယီသည် လက်ကို ပြန်ရုပ်လိုက်ပြီး လက်ချောင်းထိပ်များမှ စေးကပ်နေသော အနီရောင်၊ အဖြူရောင် အရာများကို ခါချလိုက်သည်။

သူသည် လေပေါ်မှ ပျံဝဲလာသော ပုံရိပ်ကို လှည့်ကြည့်လိုက်ပြီး ခါးရှိ ဓားရိုးပေါ်သို့ လက်ကို ပေါ့ပေါ့ပါးပါး တင်လိုက်သည်။

ဓားကို ဆွဲထုတ်ရန် ပြင်လိုက်စဉ် သူ၏လှုပ်ရှားမှုမှာ ရုတ်တရက် နှေးကွေးသွားသည်။

မျက်လုံးများ သွေးရောင်လွှမ်းနေသော မျောက်အိုကြီး၏မျက်လုံးထဲတွင် အနက်ရောင် မြူခိုးများ ထွက်ပေါ်လာပြီး၊ မျက်တောင်ခတ်သည့်အချိန်အတွင်းမှာပင် ထိုမြူခိုးများသည် သူ၏အမွေးများမှတစ်ဆင့် ထွက်ပေါ်လာကာ သံကြိုးများအသွင် ပြောင်းလဲသွားသည်။

အနက်ရောင် မြူခိုးသံကြိုးများသည် ထူးဆန်းသော အအေးဓာတ်ကို ထုတ်လွှတ်နေပြီး နဂါးများကဲ့သို့ လိမ်ယှက်ကာ ရှန်းယီထံသို့ ဝင်သွားခဲ့သည်။

"..."

ရှန်းယီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

ဤသည်မှာ သူ ပထမဆုံးအကြိမ် မြင်ဖူးသော နတ်ဆိုးမှော်ပညာ ဖြစ်သဖြင့် သူ၏မျက်လုံးထဲတွင် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသည်။

ထိုအအေးဓာတ်မှာ အရိုးထဲထိ စိမ့်ဝင်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အေးခဲသွားစေနိုင်ရုံသာမက စိတ်အာရုံကိုပါ တိုက်စားနိုင်သည့်ပုံ ပေါက်သည်။

လူသားခန္ဓာ အထွတ်အထိပ် သို့ ရောက်ပြီးနောက် ကနဦးအဆင့် အောက်ရှိ မည်သည့်အရာကမျှ သူ့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ဟု ထင်ထားပြီး အစက ဤမျောက်နတ်ဆိုး သုံးကောင်ထံမှ ထူးခြားသော အငွေ့အသက်ကို မခံစားခဲ့ရပေ။

သို့သော် ယခုအချိန်တွင်မူ သူသည် အနည်းငယ်သော ဒုက္ခနှင့် ကြုံတွေ့လိုက်ရပြီ ဖြစ်သည်။

သူ စဉ်းစားနေစဉ်မှာပင် ဓားဆွဲထုတ်သည့် ပုံစံမှာ ပြောင်းလဲသွားသည်။ ယခင်ကကဲ့သို့ လျင်မြန်သွက်လက်ခြင်း မရှိတော့ဘဲ ယခုတစ်ကြိမ်တွင်မူ ဓားဆွဲထုတ်မှုမှာ အလွန်နှေးကွေးနေသည်။

ချီ နှင့် သွေးစွမ်းအင် များသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဆူပွက်လာပြီး အရေပြားမှတစ်ဆင့် အပူဓာတ်ကို ခံစားရသည်အထိ ဖြစ်လာသည်။

ဓားသွားသည် ဓားအိမ်ထဲမှ တစ်လက်မချင်း ထွက်ပေါ်လာသည်နှင့်အမျှ ငွေရောင်တောက်နေသော ဓားသွားပေါ်တွင် သွေးကဲ့သို့သော အနီရောင်ဖျော့ဖျော့ မြူခိုးများ တွယ်ကပ်လာသည်။

ရုတ်တရက်... ဓားသွားသည် လေထုကို ပိုင်းဖြတ်လိုက်သည်။

သုံးပေအကွာတွင် ရှိနေသော လူငယ်လေး၏ မျက်နှာကို ဆွဲဖြဲပစ်နိုင်တော့မည်ဟု ထင်မှတ်ထားသော မျောက်အိုကြီး၏မျက်လုံးများ ပြူးကျယ်သွားသည်။

တကယ်တမ်းတော့ သူ၏ထက်ရှသော လက်သည်းများသည် အနည်းငယ် တုန်ရီနေပြီး ရှေ့သို့ ဘယ်လိုမှ ဆက်တိုး၍ မရတော့ပေ။

ဇဝေဇဝါဖြင့် အောက်သို့ ငုံ့ကြည့်လိုက်သည်။သူ၏ ဝတ်ရုံမှာ တိကျစွာပြတ်တောက်သွားပြီး ပြတ်ရာမှာ ဖြောင့်တန်းညီညာနေသည်။

ခါးအောက်ပိုင်းမှ သန်မာသော ခြေထောက်ကြီးများသည် မြေကြီးပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားသော်လည်း သူ၏ခါးအထက်ပိုင်း ကိုယ်လုံးမှာ လေထဲတွင် ဝဲနေဆဲပင်။

"ချလွင်"

ရှန်းယီသည် ဓားကို ပြန်သိမ်းလိုက်ပြီး မြေပြင်ပေါ်ရှိ နှစ်ပိုင်းပြတ်နေသော မျောက်နတ်ဆိုးအလောင်းကို ကျော်ခွကာ ရှေ့သို့ လှမ်းလိုက်သည်။

All Chapters