← Chapters

မင်းကို အခွင့်အရေး ပေးလိုက်မယ်

Vol. 81-85 Ch. 1272

မင်းကို အခွင့်အရေး ပေးလိုက်မယ်

Vol. 81-85 Ch. 1272

*မောက်မာလိုက်တာ*

*မောက်မာလွန်းတယ်*

*စွန်းရွင်တုံရဲ့ ပိုင်နယ်ထဲမှာ သူ့သားကို သတ်မယ်လို့ ပြောရဲတာလား*

*ဒီကောင် အကြောက်လွန်ပြီး ရူးသွားတာလား*

*စွန်းရွင်တုံမှာ ဘယ်လိုစွမ်းအားမျိုး ရှိသလဲ သိရောသိရဲ့လား*

“ငါ့ကို သတ်မယ်ဟုတ်လား၊ မင်းကိုယ်မင်း ဘာပြောနေလဲရော သိရဲ့လား”

ကျူးချန်ယုက ယဲ့ဖန်ကို မီးဝင်းဝင်းတောက်သော အကြည့်များဖြင့် ကြည့်နေသည်။

*ငါ့ကို သတ်မယ် ဟုတ်လား၊ ရှုကျိုးတစ်ခွင်မှာ ဘယ်သူမှ ဒီလိုမပြောရဲဘူးကွ*

*ဝူချီဖုန်းတောင်မှ မလုပ်ရဲတာ*

“ကျူးသခင်လေးကို ဒီလိုပြောရဲတယ်ဆိုတော့ မင်း သေချင်နေပြီလို့ ငါ ထင်တယ်”

အခြေအနေက အလွန် လေးလံထိုင်းမှိုင်းလာချိန်တွင် လူအုပ်ထဲမှနေ၍ ခက်ထန်သော အသံတစ်သံ ထွက်ပေါ် လာ၏။

လူတိုင်း အသံလာရာသို့ လှမ်းကြည့်လိုက်သောအခါ ကွန်ဖူးဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်း လက်ကောက် ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အေးစက် မောက်မာသော မျက်နှာထားဖြင့် ယဲ့ဖန်အား စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ယွင်ရှို့ခွမ်း”

ထိုလူ ပေါ်လာသည်နှင့် ညစာစားပွဲမှ လူပေါင်းများစွာ တအံ့တဩ နာမည်ခေါ်လိုက်မိပြီး သူတို့၏ မျက်လုံးတွင် အံ့ဩရိပ်များ စွန်းထင်းနေသည်။

ယွင်ရှို့ခွမ်းသည် ရှုကျိုး အနုပညညာနယ်မြေ၌ ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ဘီလီယံချီ၍ ကြွယ်ဝချမ်းသာသူ ဖြစ်သည်။ အကောင်းနှင့်အဆိုး အကုန် ပြုလုပ်၍ ရှုပ်ထွေးသော နောက်ခံ ရှိလေသည်။

ထန်မိသားစုအတွက် ဤဟိုတယ်မြေနေရာကို သူ ဝယ်ပေးထားသည်ဟုလည်း ဆိုကြသည်။ ဤလူသည် ရှုကျိုးမှ မြို့ရှစ်မြို့တွင် လွှမ်းမိုးမှုရှိပြီး မြို့ခံ မျိုးရိုးမြင့်များသည် သူနှင့် အနည်းနှင့်အများ ဆိုသလို ပါဝင်ပတ်သတ်နေ၏။

သူ့ကိုမြင်သည်နှင့် လူတိုင်း ခေါင်းကိုငုံ့၍ ရိုကျိုးစွာ အရိုအသေ ပေးကြပြီး အံ့ဩနေသော မျက်နှာထားနှင့် အသက်ပင် မရှူနိုင်ကြချေ။ ဤလူသည် ခြေတစ်ချက် ဆောင့်လိုက်ရုံနှင့် ရှုကျိုးအား တုန်လှုပ်အောင် လုပ်နိုင် သည့်သူ ဖြစ်ပေသည်။

သူ ဘယ်သူလဲဆိုတာကို ယဲ့ဖန် မသိသော်ငြားလည်း ဘေးလူများ၏ တုံ့ပြန်မှုအရ ဤလူ၏ နောက်ခံကို သူ အကြမ်းဖျင်း ခန့်မှန်းမိသည်။ ဤလူက ကျူးချန်ယုအတွက် ဝင်ရပ်တည်ပေးလိမ့်မည်ဟု သူ ထင်မထားမိပေ။ ကျူးချန်ယုက ဂုဏ်ယူစွာ ပြုံးလာသည်။

“ဟေ့ကောင် မင်း မြင်ပြီလား၊ ဒါ ငါတို့ကြားက ခြားနားချက်ပဲ၊ ငါ ဘာမှပြောနေစရာ မလိုဘဲ တစ်စုံတစ်ယောက်က ငါ့အတွက် ရပ်တည်ပေးလိမ့်မယ်၊ ပြီးတော့ မင်း ဒီမှာ ဆိုးဆိုးရွားရွား သေသွားရင်တောင်မှ ဘယ်သူမှ မင်းကို ဂရုစိုက်နေမှာ မဟုတ်ဘူး”

ယွင်ရှို့ခွမ်းက ရည်မှန်းချက် ကြီးသော လူတစ်ယောက်ဖြစ်ပြီး ယဲ့ဘုရင်အား အမြဲ မျက်နှာလုပ်ချင်နေသူ ဖြစ်မှန်း သူ သိပါသည်။ ထို့ကြောင့် ယွင်ရှို့ခွမ်းသည် သူ၏မွေးစားဖခင်အား မျက်နှာချိုသွေးရန် ကြိုးစားနေခဲ့သည်။ သူ၏ မွေးစားဖခင်အား မျက်နှာလုပ်ချင်လျင် သူ၏ မွေးစားသားမှစ၍ လှုပ်ရှားရပေမည်။

ယွင်ရှို့ခွမ်းသည် ကျူးချန်ယုအား ကူညီနေခြင်း မဟုတ်ဘဲ ကျူးချန်ယုအပေါ် သူ့ကျေးဇူးကြွေး ရှိနေရန် ပြုလုပ်ခြင်းသာ ဖြစ်လေသည်။ ယဲ့ဖန်က ယွင်ရှို့ခွမ်းကို တစ်ချက် ကြည့်လိုက်ပြီး အလွန် မာကြောသော လေသံဖြင့် ပြန်ပြောလိုက်သည်။

“မင်း ဝင်ပါချင်တာ သေချာပြီလား”

“ကျူးချန်ယုက ငါ့မိတ်ဆွေပဲ၊ သူ့ကို ရန်စတာက ငါ့ကို ရန်စတာနဲ့ အတူတူပဲ”

ယွင်ရှို့ခွမ်းက ခပ်ပြတ်ပြတ် ပြောလိုက်ပြီး သူ့အဆင့်အတန်းအား တိုက်ရိုက် ဖော်ပြလိုက်သည်။

“အခုချက်ချင်း ဒူးထောက်ပြီး ကျူးသခင်လေးကို တောင်းပန်စမ်း၊ မဟုတ်လို့ကတော့ မင်း ဒီနေ့ ဒီမှာ သေသွားရမယ်”

နောက်ဆုံးစကားက အလွန်အမင်း ဖိနှိပ်ဟန် ပေါ်လွင်နေပြီး မမြင်ရသော ဖိအား အရှိန်အဝါတစ်မျိုး မြင့်တက် လာသလို ခံစားမိပြီး လူတိုင်း အသက်မရှူနိုင်သလို ဖြစ်လာကြသည်။ တစ်ဖက်လူက ထိုသို့လုပ်နိုင်စွမ်း ရှိမှန်း သူတို့လည်း သိထားလေသည်။

“ဒူးထောက်လေ၊ သခင်လေးကျူးနဲ့ သခင်ကြီးယွင်ကို ရန်စရဲမှတော့ မင်း တကယ် သေသင့်တယ်၊ အခုချက်ချင်း ဒူးထောက်လိုက်”

“ဟုတ်တယ်၊ ဒူးထောက်၊ မလုပ်လို့ကတော့ ငါ့ကို ရိုင်းတယ်လို့ မပြောနဲ့”

“သောက်ကောင် မင်း ဒီနေရာကို ဘာလာလုပ်တာလဲ၊ အခုချက်ချင်း ဒီနေရာကနေ ထွက်သွားစမ်း”

ချမ်းသာ၍ အင်အားကြီးသော လူများက စပြောလာကြသည်။ သူတို့သည် အချင်းချင်း ရင်းနှီးကြပြီး အချို့မှာ အတွင်းရေးအထိ ပတ်သက်သော ဆက်ဆံရေးမျိုး ရှိကြသည်။ သို့သော် ယဲ့ဖန်က မည်သည့်နေရာက လာမှန်း မသိသည့် ဆင်းရဲသား တစ်ယောက်ဖြစ်ပြီး သူတို့ကြားထဲ ရပ်နေခြင်းက သူတို့ကို ခေါင်းမူးသလို ခံစားရစေသလို သူတို့အား ပြန်ခံပြောနေသေးသည်။

“ဒီလိုနေရာလေးမှာ လေတော်တော် ကြီးကြတာပဲ၊ သိပ်ကို ဩဇာကြီးတဲ့လူတွေပေါ့လေ”

နောက်ဆုံးစကားတွင် ယဲ့ဖန်က အားထည့်၍ အော်လိုက်သောကြောင့် နတ်မိုးကြိုး ပစ်ခွင်းလာသလိုပင်။

ဘေးလူများအားလုံး တုန်ယင်သွားပြီး သွေးပျက်သော အမူအရာများ ဖြစ်လာကြသည်။ သူတို့၏ စိတ်ဝိညာဉ်ပါ ထိခိုက်သွားသလို ခံစားလိုက်ရပြီး တစ်ခဏမျှ အသံ မထွက်နိုင်ကြတော့ချေ။

ထိုမေးခွန်းက နတ်ဘုရင်၏ အမျက်ဒေါသသံလိုပင်။ ဘေးပတ်လည်မှ လူများထဲတွင် မည်သူမျှ ပြန်ပြောရဲသည့် သတ္တိမရှိပေ။

*ဒါ ဘာနည်းလမ်းလဲ၈

ထိုအသံက သူတို့၏ နားထဲသို့ ဝင်ရောက်လာခြင်း မဟုတ်ဘဲ စိတ်ဝိညာဉ်ကို ထိခိုက်လာသည်ဟု ခံစားမိနေသည်။ သူတို့၏ ဦးခေါင်းများပင် မသိမသာ စုတ်ပြဲသွားသည်ဟူသော ထူးဆန်းသည့် ခံစားချက်ပါ ရနေသဖြင့် အလွန် နေရထိုင်ရ ခက်လာသည်။

“အမှိုက်ကောင်တွေ၊ မင်းတို့ သေချင်ရင် ရှေ့တက်လာခဲ့”

ယဲ့ဖန် တည်ငြိမ်စွာ ပြောလိုက်သော်လည်း ရှင်းမပြနိုင်သော ယုံကြည်မှုနှင့် အထက်စီးဆန်မှုနှင့်အတူ လူတိုင်းကို အထင်သေးစွာ ကြည့်လိုက်သည်။

ညစာစားပွဲ၌ ရှိနေသည့် လူချမ်းသာများအားလုံး မျက်နှာ မည်းမှောင်သွားသည်။ သူတို့အားလုံးသည် ရှုကျိုး၌ ဩဇာကြီးသော သူများ ဖြစ်သည်။ လူအများ၏ လေးစားခြင်း ခံရသည့်အပြင် အခြားသူများကို မတူသလို မတန်သလို ဆက်ဆံနိုင်သည့် လူများ ဖြစ်လေသည်။

သူတို့ ဘယ်လိုလုပ် အလွန် အထင်သေးစွာ ဆက်ဆံခံရခြင်းကို လက်ခံနိုင်မည်နည်း။ တစ်ဖက်လူသည် ဘယ်ကမှန်း မသိသည့် လူ့ငမွဲလေးသာ ဖြစ်ပေသည်။

“ဟေ့ကောင် မင်း‌တော့ အသေပဲ”

ယွင်ရှို့ခွမ်းက အပြုံးကြီးပြုံးလိုက်သည်။ လက်ဝှေ့ယမ်းပြလိုက်သည်။

“သူ့ကိုသတ်စမ်း”

အမှောင်ထဲမှ လူတစ်စု ပြေးထွက်လာပြီး ယဲ့ဖန်အား ကြမ်းတမ်းစွာ တိုက်ခိုက်လာသည်။ သူတို့၌ ကြမ်းကြုတ်သော ကိုယ်ဟန်များ ရှိပြီး မိစ္ဆာနတ်ဆိုးများကဲ့သို့ ကြောက်စရာကောင်းလှသည်။ သူတို့အားလုံးသည် အနက်ရောင်များ ဝတ်ဆင်ထားကြပြီး အရိပ်များဟုပင် ထင်မှတ်မှားရသည်။

“အရိပ်လျှို့ဝှက်အစောင့်တပ်ဖွဲ့”

လူတိုင်း ထိတ်လန့်သွားပြီး ဤလူတစ်စု၏ နောက်ခံကို သတိထားမိသွားသည်။ ၎င်းတပ်ဖွဲ့သည် ယွင်ရှို့ခွမ်း ပိုက်ဆံ များစွာ အကုန်အကျခံ၍ တည်ဆောက်ထားသော အစောင့်တပ်ဖွဲ့ ဖြစ်သည်။ ဤအဖွဲ့ကို လေ့ကျင်ပျိုးထောင် နိုင်ရန်အတွက် ပိုက်ဆံ ဘီလီယံချီ၍ အကုန်အကျခံခဲ့ရသည်ဟု ဆိုသည်။ ဆယ်နှစ်ကြာပြီးနောက် ထိုတပ်ဖွဲ့သည် ယခင်ကဲ့သို့ မဟုတ်တော့ဘဲ ကြောက်စရာ ကောင်းလာ၏။

“သေပြီ၊ အဲ့ကောင်တော့ သေပြီ”

“တုံးလိုက်တာ၊ သူ ဘယ်လိုလူမျိုးကို ရန်စလိုက်မိလဲ မသိဘူးပဲ”

“အရိပ်လျှို့ဝှက်အစောင့်အားလုံး ထွက်လာပြီ၊ အဲ့ကောင် ခေါင်းဖြတ်မခံရရင် ငါ သူ့မျိုးရိုးခံပစ်လိုက်မယ်ကွာ”

လူတိုင်း လှောင်ရယ်၍ ခေါင်းတခါခါ ဖြစ်နေကြသည်။ သူတို့၏ အမြင်တွင် ယဲ့ဖန်သည် သေလူ ဖြစ်ပြီးနေလေပြီ။

ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာပြီး လောက၌ နတ်ဘုရင်တစ်ပါး ရပ်နေသကဲ့သို့ ထည်ဝါစွာ ရပ်နေပြီး မိုးခြိမ်းသံကဲ့သို့ အသံများ ထွက်ပေါ်လာသဖြင့် ကြောက်စရာ ကောင်းလှသည်။

ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေပြီး ထည်ဝါသော အရှိန်အဝါက သူတို့ကို လွှမ်းမိုးသွားလေသည်။ ယဲ့ဖန်၏ ပုံစံသည် အင်ပါယာကို တည်ထောင်ခဲ့သော ဧကရာဇ်ကဲ့သို့ မိမိခွန်အားဖြင့် နယ်မြေကို ချဲ့ထွင်ကာ ကြီးမားသော အောင်မြင်မှုများ လုပ်ဆောင်နိုင်ပုံ ပေါ်ကာ ကောင်းကင်ဘုံကိုးလွှာကို တိုက်ခိုက်ပြီး မြေအောက်ဘုံ ကိုးလွှာကို သုတ်သင်ရှင်းလင်း၍ လောကကို အထင်သေးစွာ ကြည့်နေသလိုပင်။

ယဲ့ဖန်၏ အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုအခိုက်တွင် အရိပ်လျှို့ဝှက်အစောင့်များ အလွန် ကြက်သေ သေသွားပြီး မြင်ကွင်းက မယုံနိုင်စရာ ကောင်းနေသည် မဟုတ်ပါလော။ မူလ၌ သူတို့သည် တစ်ဖက်လူအား သတ်ဖြတ်ခံရတော့မည့် သိုးတစ်ကောင်ဟု မှတ်ယူထားကာ သူတို့ကိုယ်သူတို့ ဆာလောင်နေသော ဝံပုလွေသဖွယ် ကြောက်စရာကောင်းသူများဟု ခံယူထားကြသည်။

ယခုအခါတွင် ယဲ့ဖန်၏ အရှိန်အဝါက သိုးပေါက်မဟုတ်ဘဲ လူများကို ဝါးမျိုနိုင်သည့် သားရဲတစ်ကောင် ဖြစ်သည်ဟု ပြောနေသလိုပင်။ ထို့ကြောင့် သူတို့ ကြောက်လန့်လာပြီး သူတို့၏ လူသတ်ချင်သော စိတ်က အားပျော့လာ၏။

“ဘယ်သူ ငါ့ခေါင်းကို လိုချင်တာလဲ၊ ထွက်လာပြီး တိုက်လေ”

ယဲ့ဖန်သည် မိုးမြေကို တုန်လှုပ်နိုင်သည့် နတ်ဘုရားသဖွယ်၊ နတ်ဆိုးသဖွယ် အော်ဟစ်လိုက်ပြီး အသံက နားကွဲမတတ် ကြောက်စရာ ကောင်းလှသည်။

လူတိုင်း ကြက်သေ သေသွားသလို ထိုအရိပ်အစောင့်များလည်း နေရာမှာတင် ကြက်သေ သေသွားကာ တစ်လှမ်းမှ မတိုးရဲတော့ချေ။ သူတို့အတွက် ရှေ့တက်ခြင်းက သေခြင်းပင်။

လူတိုင်း၏ မျက်နှာပေါ်မှ လှောင်ပြုံးများ အေးခဲသွားပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေကြသည်။ သူတို့အတွက် အမှိုက်ကောင်နှင့် တူနေသော ဤလူ၌ သူမတူသော စွမ်းအင် ရှိနေသည်။ သူ၏ အရှိန်အဝါသာမက ပြောဆို ပြုမူပုံကပါ ရက်စက်၍ အထက်စီးဆန်လှသည်။

“မလာရဲဘူးလား၊ ဒါဆို ငါ လာမယ်”

ယဲ့ဖန် ရှေ့သို့ တစ်လှမ်း တိုးလာ၏။ ထိုခြေလှမ်းက အရပ်မျက်နှာအားလုံးအား တုန်ခါသွားစေပြီး တောင်တစ်လုံး ကဲ့သို့ ပြင်းထန်လေးလံသော အရှိန်အဝါက ဖိနှိပ်လာလေသည်။

“ဒီကောင်က တစ်ခုခုတော့ မှားနေပြီ၊ ဘယ်လိုလုပ် သူ့မှာ ဒီလောက် ကြီးမားတဲ့ အရှိန်အဝါမျိုး ရှိနေတာလဲ”

နဂါးအသွင်ပြောင်းခြင်းအဆင့်သို့ ရောက်နေသည့် သိုင်းပညာရှင်တစ်ယောက်က မယုံသင်္ကာဖြင့် ကြောက်ကြောက် လန့်လန့် ပြောလာ၏။

နဂါးအသွင်ပြောင်ခြင်းအဆင့်ထက် နိမ့်သောလူများအားလုံး ထိတ်လန့်ကာ ဤစွမ်းအားကြောင့် ဘာမှမပြောနိုင်ဘဲ ယဲ့ဖန်ကိုသာ မတတ်သာဟန်ဖြင့် ကြည့်နေကြသည်။

*ရှုံးသွားပြီ*

ယွင်ရှို့ခွမ်း ကြက်သီးလာပြီး အံ့အားသင့်ကာ မျက်နှာဖြူရော်လာ၏။

*ဒီကောင်က ဘယ်သူလဲ၊ သူ့အရှိန်အဝါကလည်း နတ်ဘုရားတွေကို သတ်နိုင်လောက်တဲ့အထိ ကြီးမားလွန်း နေတယ်*

ယဲ့ဖန် လက်ဖျောက်တီးလိုက်သောအခါ ပြင်းထန်သော အရှိန်အဝါက ခုခံနိုင်စွမ်း မရှိနိုင်လောက်သည်အထိ မြင့်မား လာလေသည်။

“ဖောင်း ဖောင်း”

ဦးခေါင်းများက မကောင်းတော့သည့် ဖရဲသီးများသဖွယ် ပေါက်ထွက်သွားသည်။ လက်ဖျောက် တစ်ချက် တီးလိုက်ခြင်းက လူဆယ်ယောက်ကို သတ်ပစ်လိုက်လေပြီ။

အရိပ်အစောင့်များအားလုံး တုန်လှုပ်ကာ ကြောက်လန့်သွားကြသည်။ သူတို့အားလုံး တုန်တုန်ယင်ယင်နှင့် ထွက်ပြေးရန် ကြံသော်လည်း သူတို့၏ ခြေထောက်များက အမြစ်တွယ်နေသကဲ့သို့ လှုပ်မရပေ။ ကုန်းပေါ်မှ အသတ်ခံရမည့် ငါးများသဖွယ် ဖြစ်နေလေ၏။

ဘေးပတ်ဝန်းကျင်မှလူများသည်လည်း ထိုနည်းတူပင်။ သူတို့ မလှုပ်နိုင်ဘဲ ယဲ့ဖန်ကိုသာ ကြောက်လန့်သော မျက်လုံးများဖြင့် ကြည့်နေမိသည်။

*ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်မှာလဲ*

သူတို့အားလုံး၏ စိတ်ထဲ၌ ထိုအတွေး ပေါ်လာလေသည်။ သူတို့ရှေ့မှ ယဲ့ဖန်သည် ပြိုင်ဘက်ကင်းလှပြီး အလွန် သန်မာလှသည်။

“မင်းတို့ကို အခွင့်အရေး ပေးလိုက်မယ်၊ ထွက်သွားကြ”

ယဲ့ဖန်က အရိပ်အစောင့်များကို အထင်သေးစွာ ကြည့်နေသည်။ ရုတ်ချည်းဆိုသလိုပင် ဖိအား အရှိန်အဝါ ပျောက်ကွယ် သွားသည်။ အရိပ်အစောင့်များအားလုံး ကြမ်းပြင်ပေါ် လဲကျသွားပြီး အသက်ကို မနည်းရှူနေ ကြသည်။ လူတိုင်း ရေထဲမှ ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ဖြစ်နေပြီး ချွေးပြန်နေကြလေသည်။

ထို့နောက် သူတို့သည် မနေရဲတော့ဘဲ အားကုန်သုံး၍ ယဲ့ဖန်နှင့် ဝေးရာသို့ ထွက်ပြေးသွားတော့သည်။ ထိုအခါတွင်မှ ယဲ့ဖန်၏ အကြည့်က ယွင်ရှို့ခမ်းပေါ် ရောက်သွားသည်။

“မင်း ဘာလုပ်ချင်တာလဲ၊ ငါက ယွင်ရှို့ခွမ်းပဲ၊ ဒီရှုကျိုးထဲမှာ ငါ့ညီအစ်ကိုတွေ အများကြီး ရှိတယ်၊ မင်း ငါ့ကို သတ်ရဲရင် ငါ့ညီအစ်ကိုတွေက မင်းတစ်မိသားစုလုံးကို ဖျက်ဆီးပစ်မှာ”

ယွင်ရှို့ခွမ်း စိုးရိမ်တုန်လှုပ်ကာ နဖူး၌ ချွေးစေးများ စို့နေ၏။

“မင်းကို အခွင့်အရေးတစ်ခု ပေးမယ်”

ယဲ့ဖန်က ညင်သာစွာ ပြောလာပြန်သည်။ ထိုစကားကို ကြားသော် ယွင်ရှို့ခွမ်း အပျော်လွန်သွားသည်။

*ဒီကောင် ငါ့ကို လွှတ်ပေးတော့မှာလား”

*ကောင်းတယ်*

*ငါ ထွက်ပြေးနိုင်တာနဲ့ ဒီကောင့်ကို ရှင်းဖို့ နည်းလမ်းရှာရမယ်*

*မင်း မတိုက်နိုင်ဘူး မဟုတ်လား၊ မင်းက ငါ့အရိပ်အစောင့်တပ်ဖွဲ့ကို ကြောက်ပြီး ထွက်ပြေးအောင် လုပ်ရဲတယ်ပေါ့၊ လုပ်ကြံရေးအဖွဲ့နဲ့ဆိုရင်ရော မင်း လွတ်နိုင်ဦးမှာလား”

ယွင်ရှို့ခွမ်းသည် လက်စားချေရန် စိတ်ပိုင်းဖြတ်ပြီးလေပြီ။ သူ ယခင် ဤသို့ အရှက်ကွဲမှုမျိုး မကြုံတွေ့ဖူးပါ။ ထို့အပြင် ယဲ့ဖန်၏ အမူအရာက သူ့အား အလွန်အမင်း မကျေမနပ် ဖြစ်စေ၏။

“မင်းကို ပေးမယ့်အခွင့်အရေးက သေခြင်းပဲ”

သို့သော် ယဲ့ဖန် ဆက်ပြောလာသည့် စကားသံနှင့်အတူ သတ်ဖြတ်လိုသော အရှိန်အဝါ ထွက်ပေါ်လာသည်။ ယဲ့ဖန်သည် တစ္ဆေတစ်ကောင်သဖွယ် လှုပ်ရှား၍ လက်တစ်ဖက်ကိုဆန့်ကာ ယွင်ရှို့ခွမ်း၏ ဦးခေါင်းကို ဖမ်းချုပ်၍ အားကုန် ဖျစ်ညှစ်လိုက်သည်။

သွေးနှင့် အသားများ လွင့်စဉ်လာသောကြောင့် ကျန်လူများအားလုံး ကြောက်လန့်ကာ မျက်နှာဖြူရော်သွားသည်။

“အစ်မ ဝေးဝေးနေရအောင် သွေးစွန်းမခံနဲ့”

ပိုင်ရွှယ်က လီဝေ့ကို ဘေးသို့ ဆွဲခေါ်သွားသည်။ လီဝေ့မှာမူ အလွန် ကြောက်လန့်နေသဖြင့် မျက်နှာတစ်ခုလုံး သွေးမရှိသလို ဖြစ်နေ၏။ ယဲ့ဖန် လူသတ်သည်ကို ဘယ်နှစ်ခါကြည့်ကြည့် သူမ အလွန် ထိတ်လန့်ကာ ကြောက်လန့် ရစမြဲပင်။

*သေပြီ*

*ယွင်ရှို့ခွမ်း သေသွားပြီ*

“ဘာတွေဖြစ်နေတာလဲ”

ထိုစဉ် မာန်မဲသံတစ်သံ ထွက်ပေါ်လာ၏။ လူတိုင်း မယုံသင်္ကာဖြင့် ကြည့်လိုက်သောအခါ စွန်းရွင်တုံက သုန်မှုန်သော မျက်နှာထားဖြင့် လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။

“မွေးစားအဖေ ကျွန်တော့်ကို ကယ်ပါဦး”

စွန်းရွင်တုံကို မြင်သည်နှင့် ကြောက်လန့်ကာ ကြက်သေသေနေသော ကျူးချန်ယု အံ့ဩသွားပြီး လှမ်းအော်ခေါ် လေသည်။

“သွားပြီ၊ သူဌေးစွန်း ရောက်လာပြီဆိုတော့ အဲ့ကောင် သေပြီ”

“ဟုတ်တယ်၊ သူဌေးစွန်းက ယွင်ရှို့ခွမ်းလို မရူးဘူး၊ သူဌေးစွန်းကို အာခံတာက နာမည်ကြီး ယဲ့ဘုရင်ကို သွယ်ဝိုက်ပြီး ရန်စလိုက်သလိုပဲ”

သို့သော် စွန်းရွင်တုံက သူ့ကို မမြင်ချင်ယောင်ဆောင်၍ ဘေးနားမှ ဖြတ်သွားကာ ယဲ့ဖန်နားသို့သွား၍ ဒူးထောက်‌ လေသည်။

“သခင်ကြီး အဆင်ပြေပါရဲ့လား”

“ဝိုး”

လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားလေတော့သည်။

All Chapters