← Chapters

လေပြင်းလျှပ်စီး နတ်ဆိုးနှိမ်နင်းခြင်း မူလနည်းစနစ်

Vol. 2 Ch. 14

လေပြင်းလျှပ်စီး နတ်ဆိုးနှိမ်နင်းခြင်း မူလနည်းစနစ်

Vol. 2 Ch. 14

အိပ်မပျော်နိုင်သော ညတစ်ညပင်။

ရှန်းယီတစ်ယောက် ဟိုဘက်ဒီဘက် လူးလှိမ့်နေရင်း မိုးလင်းကာနီးအထိ ခက်ခက်ခဲခဲ တောင့်ခံနေလိုက်ရသည်။

လင်းပိုင်ဝေ့သည် မြေခွေးနတ်ဆိုး၏ချိပ်ပိတ်ခြင်းကို ခံထားရသဖြင့် စွမ်းအင်အမှတ်များကို အသုံးမပြုနိုင်တော့ကြောင်း သူသိသည်။

လက်ရှိသူ့အဆင့်ကို မဆိုထားနှင့်၊ ယခင်က အသုံးမကျသော ခန္ဓာကိုယ်ပိုင်ရှင်ပင်လျှင် သူမကို အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။

ထို့အပြင် သူ၏လက်မောင်းအောက်တွင် ဓားတစ်လက်ကို အသင့်အနေအထားဖြင့် ဖိကပ်ထားပြီး အချိန်မရွေး ဆွဲထုတ်နိုင်ရန် ပြင်ဆင်ထားသည်။

သို့သော် သူ့နောက်ကျောဘက်တွင် လူတစ်ယောက် ရှိနေသည်ကို သူ နေသားမကျသေးချေ။

ဒုတိယအချက်မှာ လင်းပိုင်ဝေ့ လုပ်ကြံဖန်တီးထားသော သိုင်းပညာများကို ရှန်းယီ လုံးဝမယုံကြည်သော်လည်း သူမ၌ကောင်းမွန်သော သိုင်းပညာအစစ်အမှန်အချို့ ရှိနေမည်ကိုတော့ သူ ယုံကြည်သည်။

ထိုအမျိုးသမီးက အမှန်တိုင်းပြောလိုစိတ် မရှိပေ။

ရှန်းယီ မျက်လုံးများကိုမှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်သော်လည်း အကြမ်းဖက်နည်း သို့မဟုတ် အငတ်ထားသည့်နည်းလမ်းများကို အသုံးပြုသင့်၊ မသင့် သူ့စိတ်ထဲတွင် ဗျာများနေမိသည်။

အကယ်၍ ယခင်ခန္ဓာကိုယ်ပိုင်ရှင်သာဆိုလျှင် နတ်ဆိုးကြောင့်ဖြစ်ပွားခဲ့သော ဖွာလန်ကြဲမှုများကို ဒေသအာဏာပိုင်များနှင့် ပူးပေါင်းဖုံးဖိပြီး နတ်ဆိုးနှိမ်နင်းရေးဌာနကို လှည့်စားလိမ့်မည်မှာ အသေအချာပင်။

လင်းမိသားစု၏တစ်ဦးတည်းသော သမီးပျိုနေရာကို မြေခွေးနတ်ဆိုးက အစားထိုးဝင်ရောက်ပြီးသည်နှင့် ဤအမျိုးသမီးကို သူတို့သဘောရှိ စီမံလိုက်ကြလိမ့်မည်။

သို့သော် ရှန်းယီက ထိုသို့မလုပ်နိုင်ပေ။

သူသည် နတ်ဆိုးနှိမ်နင်းရေးဌာနသို့ ဝင်ရောက်လိုသူဖြစ်ပြီး မြေခွေးနတ်ဆိုးကိစ္စသာ ပေါ်ပေါက်သွားပါက သူ၏ဂုဏ်သိက္ခာမှာ အဝါရောင်မြစ်ထဲ ခုန်ချလျှင်ပင် ဆေးကြော၍ မစင်ကြယ်နိုင်သကဲ့သို့ နာမည်ပျက်ဖြင့် ကျန်ရစ်ခဲ့ပေတော့မည်။

အလားအလာရှိသော သူရဲကောင်းလူငယ်လေးတစ်ယောက်အဖို့ ဤမျှကြီးမားသော စွပ်စွဲချက်ကြီးကို မတရားသဖြင့် ခံယူရမည်မှာ မဖြစ်သင့်ပါချေ။

အသေအချာ စဉ်းစားပြီးနောက် တစ်ခုတည်းသော နည်းလမ်းမှာ လင်းပိုင်ဝေ့ကို ခုတ်သတ်ပြီး တစ်နေရာရာတွင် မြှုပ်နှံလိုက်ရန်ဖြစ်သည်။

အကယ်၍ နတ်ဆိုးနှိမ်နင်းရေးဌာနက စုံစမ်းသိရှိသွားလျှင်ပင် သူလည်း မြေခွေးနတ်ဆိုး၏ လှည့်စားခြင်းကို ခံလိုက်ရပါသည်ဟု အသေငြင်းရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သေလူများက သက်သေမထွက်ဆိုနိုင်သလို၊ လမ်းကြုံအနေဖြင့် သူမထံမှ သိုင်းပညာအချို့ကိုလည်း အတင်းအဓမ္မ ညှစ်ယူရပေဦးမည်။

"..."

သူ့လက်ချောင်းထိပ်လေးများက ဓားအိမ်ပေါ်သို့ ပွတ်သပ်သွားပြီး ဓားကို ဖွဖွလေး ဆုပ်ကိုင်လိုက်သည်။

ရှန်းယီ အိပ်ရာထက်မှ ဖြည်းညှင်းစွာ ထလိုက်သည်။ တစ်ညလုံး အိပ်မပျော်ထားသဖြင့် သူ၏မျက်လုံးများက နီရဲနေပြီး မျက်နှာထားမှာလည်း တည်တင်းခက်ထန်နေသည်။

လှုပ်ရှားမှုကို ကြားလိုက်ရသဖြင့် ကုတင်ခြေရင်းတွင် မှီထိုင်နေသော လင်းပိုင်ဝေ့သည် မျက်လုံးများကို ဖွင့်လိုက်ပြီး ပါးစပ်ထောင့်စွန်းကို သုတ်ကာ "မိုးလင်းပြီလား" ဟု မေးလိုက်သည်။

ရှန်းယီက သူမကို တစ်ချက်ကြည့်ပြီး အခန်းပြင်သို့ ခပ်သွက်သွက် လျှောက်ထွက်သွားသည်။

ထိုပေါ့ပေါ့ပါးပါး အကြည့်တစ်ချက်တွင် သေချာဖုံးကွယ်ထားသော သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် လင်းပိုင်ဝေ့ ချက်ချင်းပင် သတိဝင်သွားပြီး "အယ်... ငါလည်း ဟောက်မှမဟောက်တာ၊ ဘာလို့ မိုးလင်းတာနဲ့ စိတ်တိုနေရတာလဲ" ဟု တွန့်ဆုတ်စွာ ရေရွတ်လိုက်မိသည်။

လက်ဖက်ရည်တစ်အိုးစာခန့် အချိန်ကြာပြီးနောက်။

ရှန်းယီသည် ပါးစပ်ထဲတွင် ပန်ကိတ်မုန့်တစ်ခုကို ကိုက်လျက် တံခါးဝတွင် ရပ်ကာ ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော အထုပ်တစ်ထုပ်ကို မျက်နှာသေဖြင့် ပစ်ပေးလိုက်သည်။

လင်းပိုင်ဝေ့ အထုပ်ကို ဆွဲဖြဲကြည့်လိုက်ရာ ပူပူနွေးနွေး ပေါက်စီအချို့ကို တွေ့လိုက်ရသည်။

သူမ တံတွေးကို အလိုက်တသိ မျိုချလိုက်မိသည်။ မျက်လုံးများ အရောင်တောက်သွားပြီး ပေါက်စီတစ်လုံးကို ကိုက်ဝါးရင်း "ဘယ်လိုဖြစ်လို့... အသားမပါရတာလဲ..." ဟု မေးလိုက်သည်။

ရှန်းယီသည် သန့်ရှင်းသော အဝတ်တစ်စုံကို ထုတ်ယူရင်း သူမကို ဗလာသက်သက် ကြည့်လိုက်ကာ "အသားပါတာကို အသားပေါင်းလို့ခေါ်တယ်၊ ငါက ပိုက်ဆံမရှိဘူး၊ ရှိတာနဲ့ပဲ ဖြစ်သလိုစား" ဟု ပြောလိုက်သည်။

သူသည် ဘဝနှစ်ခုလုံးတွင် လူသတ်ဖူးခြင်း မရှိသော်လည်း ရှန်းယီသည် လက်ရဲဇက်ရဲ ရှိသူဖြစ်သည်။

သူသည် သာမန်လူသားများထက် ပိုမိုကြမ်းတမ်းသော နတ်ဆိုးများကိုပင် ခုတ်ပိုင်းသတ်ဖြတ်ခဲ့ဖူးသည်။

လူတစ်ယောက်ကို သတ်ဖြတ်ရန် အခြေအနေက ဖိအားပေးလာခြင်းသည် ကျိုးကြောင်းဆီလျော်မှု မရှိသလို မိမိကိုယ်ကို မိုက်မဲရာကျစေသည်ဟု သူယူဆသည်။

ထို့အပြင် ပြဿနာဖြေရှင်းရန် နည်းလမ်းမှာ တစ်လမ်းတည်း ရှိသည်မဟုတ်။

နတ်ဆိုးနှိမ်နင်းရေးဌာနမှ လူများမရောက်လာမီ လင်းမိသားစုထဲရှိ မြေခွေးနတ်ဆိုးကို အရင်ဦးအောင် ခုတ်ပိုင်းနိုင်ခဲ့လျှင် အရာအားလုံး ပြီးပြည့်စုံစွာ ပြီးဆုံးသွားပေလိမ့်မည်။

သူ့ရှေ့မှ အမျိုးသမီးကိုမူ မျက်စိရှေ့အမြင်ကပ်မခံဘဲ မေ့ထားလိုက်ခြင်းက ပိုကောင်းပေသည်။

ရှန်းယီ အဝတ်အစားလဲပြီး အခန်းထဲမှ ထွက်ခွာသွားသည်။

သူ့ခြေသံများ ဝေးကွာသွားမှ လင်းပိုင်ဝေ့သည် ဝါးနေသည်ကို ရပ်လိုက်ပြီး တံခါးဘက်သို့ တွေးတောငေးမောကာ သက်ပြင်းချလိုက်မိသည်။

ရှန်းယီကဲ့သို့ သိုင်းပညာရှင်တစ်ယောက်သည် အဆင့်တက်လှမ်းရန် မည်မျှအထိ ဆာလောင်နေမည်ကို သူမ ကောင်းကောင်းသိသည်။

သို့သော် လည်ပင်းကို ဓားဖြင့်ထောက်ထားလျှင်ပင် လင်းပိုင်ဝေ့သည် အသေးစိတ်အချက်အလက် တစ်ခုတစ်လေကိုမျှ ထုတ်ဖော်ပြောကြားနိုင်မည် မဟုတ်ပေ။

ဤအရာက သူမ၏အထက်လူကြီးများ ချမှတ်ထားသော သံစည်းမျဉ်းပင် ဖြစ်သည်။

အကယ်၍ သူမစည်းဖောက်လိုက်ပါက သူမ၏ပြိုင်ဘက်သာမက သူမကိုယ်တိုင်လည်း ဆိုးရွားသော အကျိုးဆက်များကို ရင်ဆိုင်ရပေလိမ့်မည်။

"ဒီလောက်အထိ သည်းခံနိုင်တာကို ကြည့်ရင် သူ့ရဲ့စိတ်ရှည်မှုက ငါနဲ့တောင် ယှဉ်လို့ရနေပြီပဲ"

လင်းပိုင်ဝေ့သည် ပေါက်စီ၏မွှေးပျံ့သော အနံ့ကို ရှူရှိုက်လိုက်ပြီး နှုတ်ခမ်းကိုသပ်ကာ နောက်ထပ်တစ်ကိုက် အားရပါးရ ကိုက်လိုက်လေသည်။

...

ပိုင်ယွင်မြို့နယ် အရှေ့ဘက်လမ်းမ

ရှန်းယီ လမ်းလျှောက်နှုန်းကို လျှော့ချလိုက်ပြီး သူ့မျက်စိရှေ့မှ စနစ်ကို ဖွင့်လိုက်သည်။

[လက်ရှိသိုင်းပညာများ]

အရိုးခြေမွလက်ဝါးသိုင်း (အဆင့်မြင့်)

နတ်ဆိုးဖိနှိပ်ခြင်းဓားသိုင်း (ပြည့်စုံ): ကနဦးအဆင့်

နတ်ဆိုးဖိနှိပ် အစစ်မှန်ယန်ဓားသိုင်း

တိမ်ခွင်းလက်သီးသိုင်း (ပြည့်စုံ): လက်သီးနှင့် လက်ဝါး ကျွမ်းကျင်မှု

မြွေနဂါးခြေလှမ်းရှစ်ကွက် (ပြည့်စုံ)

လေပြင်းလျှပ်စီး ရတနာကျမ်း အထက်ပိုင်း (ပြည့်စုံ)

[လက်ရှိကျန်ရှိသော သက်တမ်း: ၂၁ နှစ်]

[ကျန်ရှိသော နတ်ဆိုးသက်တမ်း: ၂၂၂ နှစ်]

...

သူ လူသူကင်းမဲ့သော လမ်းကြားတစ်ခုကို ရှာဖွေပြီး ထိုင်ချလိုက်သည်။

ရှန်းယီသည် နတ်ဆိုးသက်တမ်းများကို လေပြင်းလျှပ်စီး ရတနာကျမ်း ထဲသို့ ကျွမ်းကျင်စွာထည့်သွင်းလိုက်သည်။

ပြည့်စုံသောအဆင့်သို့ ရောက်ရှိပြီးသား သိုင်းပညာတစ်ခုထဲသို့ ဆက်လက်ရင်းနှီးမြှုပ်နှံခြင်းက အကျိုးရလဒ် ထွက်လာမည်၊ မထွက်လာမည်ကို မပြောနိုင်ပေ။

ကနဦးအဆင့်မျှသာရှိသေးသော နတ်ဆိုးဖိနှိပ်ခြင်း အစစ်မှန်ယန်ဓားသိုင်း တစ်ခုတည်းကပင် သူ့သက်တမ်း (၂၇) နှစ်ကို သုံးစွဲခဲ့ပြီးဖြစ်သည်။

ယခု ရှန်းယီ လိုချင်သည်မှာ... ကနဦးအဆင့် အတွက် ပြည့်စုံသော ကျင့်ကြံခြင်းနည်းစနစ် အစုံအလင်ပင် ဖြစ်သည်။

ထိုအရာအတွက် မည်မျှထပ်မံပေးဆပ်ရမည်ကို သူဂရုမစိုက်တော့ပေ။

[ပထမနှစ်၊ သင်သည် အလွတ်ရပြီးသားဖြစ်သော လေပြင်းလျှပ်စီး ရတနာကျမ်းကို ပြန်လည်ကြည့်ရှုပြီး သင့်ဘဝကို ပြန်လည်ဆင်ခြင်သုံးသပ်နေမိသည်...]

[ပဉ္စမနှစ်၊ ဓားသိုင်းဖြစ်စေ လက်သီးသိုင်းဖြစ်စေ သင့်ပညာသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။လောကမှ ယွမ်အနှစ်သာရ များဖြင့် သင့်ခန္ဓာကိုယ်ကို သန့်စင်ပြီးဖြစ်သည်။ သို့သော် သင့်ဘဝပထမပိုင်းမှ အတွေ့အကြုံအားလုံးသည် ဤအခိုက်အတန့်တွင် အရာမထင် ဖြစ်နေသည်။]

[နှစ် (၂၀) မြောက်နှစ်၊ သင်သည် တံခါးပိတ်ကျင့်ကြံနေပြီး သင့်အိပ်မက်များကို ခြောက်လှန့်နေသော ခက်ခဲနက်နဲသည့် အနှစ်သာရများကို အရိပ်အယောင်မျှ မြင်တွေ့လိုက်ရသည်။]

[ (၃၇) နှစ်မြောက်နှစ်၊ လေပြင်းလျှပ်စီး ရတနာကျမ်းသည် ယွမ်အနှစ်သာရကို အသုံးပြု၍ မိမိကိုယ်ကို သန့်စင်စေသော သန့်စင်ခြင်း နည်းပညာတစ်ခု ဖြစ်သည်။ ဆေးဝါးထဲမှ စွမ်းအင်များနှင့် လောကမှ စွမ်းအင်များသည် ကွာခြားမှုမရှိကြောင်း သင်သဘောပေါက်လာသည်။ သင် တစ်စုံတစ်ခုကို နားလည်သဘောပေါက်ပြီဟု ထင်မြင်မိသည်။]

...

တစ်နှစ်ပြီးတစ်နှစ် စာတန်းများက သူ့မျက်စိရှေ့တွင် ပေါ်လာသည်။

ရှန်းယီသည် ဘာအကျိုးအမြတ်မှမရဘဲ နှစ်ပေါင်းများစွာ ဆုံးရှုံးလိုက်ရသော နာကျင်မှုကို ကိုယ်တိုင်မခံစားရပေ။

သို့သော် ထိုအခြေအနေမျိုးတွင် မိမိကိုယ်ကို အစားထိုး တွေးတောကြည့်လိုက်ရုံဖြင့် ကျောထဲစိမ့်သွားရသည်။

[နှစ် (၆၀) မြောက်နှစ်၊ သင်သည် လောကစွမ်းအင်နှင့် မိတ်ဆွေဟောင်းတစ်ယောက်ကဲ့သို့ ရင်းနှီးကျွမ်းဝင်လာပြီ ဖြစ်သော်လည်း ၎င်းကို သင့်ခန္ဓာကိုယ်နှင့် ပေါင်းစပ်နိုင်ခြင်း မရှိသေးပေ။ ထို့နောက် သင့်မျက်လုံးများက ဘေးနားရှိ ဓားဆီသို့ ရောက်သွားသည်။]

[ (၈၂) နှစ်မြောက်နှစ်၊ သင်သည် နတ်ဆိုးဖိနှိပ်ခြင်း အစစ်မှန်ယန်ဓားသိုင်းကို မရေမတွက်နိုင်အောင် လေ့ကျင့်ခဲ့သည်။ သိုင်းကွက်တစ်ခုစီတိုင်းတွင် သင့်သွေးသားနှင့် ယွမ်အနှစ်သာရ စွမ်းအင်များ ပိုမိုကုန်ခမ်းလာသည်။ ယွမ်အနှစ်သာရဖြင့် သန့်စင်ထားသော သင့်ခန္ဓာကိုယ်သည် နှစ်ကာလများစွာ ကိုယ်ပိုင်လောင်ကျွမ်းမှုကြောင့် ယိုယွင်းပျက်စီးလာသည်။]

[နှစ် (၉၀) မြောက်နှစ်၊ သင်သည် သာမန်လူတစ်ယောက်အဖြစ်သို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိသွားသော်လည်း ဓားကို လက်ကမချနိုင်သေးပေ။]

[ (၁၀၅) နှစ်မြောက်နှစ်၊ သင့်အသားများ ခြောက်သွေ့သွားပြီး ပြောင်းလဲစရာ ဘာမှမကျန်တော့ပေ။ သင် ရင်းနှီးနေသော ဓားကွက်ကို ထုတ်ဖော်ရင်း လဲကျသွားချိန်တွင် တုန်ရီနေသော သင့်လက်များကို ကိုယ်ပိုင်လက် ဟုတ်မဟုတ်ပင် မယုံကြည်နိုင်ဖြစ်နေသည်။ သင် မျက်လုံးများကို မှိတ်လိုက်သည်။]

[ (၁၀၆) နှစ်မြောက်နှစ်၊ လန်းဆန်းသော အေးမြမှုတစ်ခု သင့်အရေပြားထဲသို့ စိမ့်ဝင်လာမှသာ တင်းမာနေသော သင့်မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သင့်ထင်မြင်ယူဆချက် မှန်ကန်ကြောင်း သင်သိလိုက်သည်။]

[နှစ် (၁၂၀) မြောက်နှစ်၊ သင့်တွေးခေါ်မှု မှန်ကန်သည်။ သင် အဖြေရှာမရသောကြောင့် သင့်ခန္ဓာကိုယ်ကို သေလုနီးပါး အခြေအနေသို့ ရောက်ရှိစေပြီး လောကကြီး၏လက်ဆောင်များကို စုပ်ယူရန် သင်၏ဗီဇစိတ်ကို အသုံးပြုလိုက်သည်။ နှစ်များတစ်လျှောက် ဤလုပ်ရပ်ကို အဆက်မပြတ် ထပ်ခါတလဲလဲ လုပ်ဆောင်ရင်း စွမ်းအင်ကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူသော နည်းလမ်းနှင့် ပိုမိုရင်းနှီးလာသည်။]

[ (၁၄၆) နှစ်မြောက်နှစ်၊ နောက်ဆုံးတွင် သင်သည် လုပ်ငန်းစဉ်တစ်ခုလုံးကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့ပြီး လေပြင်းလျှပ်စီး နတ်ဆိုးနှိမ်နင်းခြင်း မူလနည်းစနစ် အမည်ရှိသော စာအုပ်တစ်အုပ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။]

[ကျန်ရှိသော နတ်ဆိုးသက်တမ်း: ၇၆ နှစ်]

...

ရှန်းယီ အံကိုတင်းတင်းကြိတ်လိုက်ပြီး ရုတ်တရက် အားကုန်ခမ်းသွားသလို ခံစားချက်ကြီးက ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

သူ တစ်စုံတစ်ခုကို လှမ်းကိုင်ပြီး ထောက်ထားလိုက်ရသည်။သူ၏အသက်ရှူသံများက ဖရိုဖရဲဖြစ်ကာ အားနည်းနေသည်။

သို့သော် သူ့စိတ်ထဲတွင် ပေါ်လာသော သတင်းအချက်အလက်များက သူ့ခန္ဓာကိုယ် အပြောင်းအလဲများကို ဂရုမစိုက်နိုင်တော့လောက်အောင် ဖြစ်စေပြီး သူ့မျက်လုံးများက ပြင်းထန်သော စိတ်လှုပ်ရှားမှုဖြင့် အရောင်တောက်လာသည်။

မျောက်နတ်ဆိုး (၃) ကောင်၏အသက်ကို မသေမျိုးလမ်းစဉ်သို့ တက်လှမ်းနိုင်မည့် နည်းလမ်းတစ်ခုဖြင့် လဲလှယ်လိုက်နိုင်ခြင်း ဖြစ်သည်။

၎င်းတို့၏သက်တမ်းအားလုံးကိုပင် သူအကုန်မသုံးလိုက်ရပေ။ ဤအရာက တကယ့်ကို အမြတ်ကြီးစားလိုက်ခြင်းပင်။

နှစ်ပေါင်းတစ်ရာကျော် အချိန်ယူခဲ့ရသော လေပြင်းလျှပ်စီး နတ်ဆိုးနှိမ်နင်းခြင်း မူလနည်းစနစ် မှာ နားလည်ရန် မခက်ခဲလှပေ။

လူသားခန္ဓာကိုယ်တွင် ချိတ်ဆက်ထားသော မရီဒျန် (၃၆၂) ခု ရှိသည်။

သို့သော် လောကစွမ်းအင်ကို စုပ်ယူသိမ်းဆည်းရန်အတွက် ပင်မမရီဒျန် (၁၂) ခုသာ သင့်လျော်သည်။

သိုင်းပညာကို နုတ်ယူသုံးသပ်ခြင်းအားဖြင့် သူလုပ်ဆောင်ခဲ့သည်မှာ အဆိုပါ ပင်မ မရီဒျန် (၁၂) ခုကို အရိုင်းစိုင်းဆုံး နည်းလမ်းဖြင့် ရှာဖွေခဲ့ပြီး ၎င်းတို့မှတစ်ဆင့် လောကစွမ်းအင် ကို သန့်စင်မည့် နည်းလမ်းကို ကျွမ်းကျင်ပိုင်နိုင်အောင် လုပ်ဆောင်ခဲ့ခြင်းပင် ဖြစ်သည်။

All Chapters