← Chapters

လျိုမိသားစု၏အဖြစ်ဆိုး

Vol. 2 Ch. 17

လျိုမိသားစု၏အဖြစ်ဆိုး

Vol. 2 Ch. 17

ရုံးတော်မှ ထွက်လာပြီးနောက်...

ရှန်းယီသည် စားသောက်ဆိုင်တစ်ဆိုင်သို့ ဝင်လိုက်ပြီး ဝါရောင်ဝိုင်တစ်အိုးနှင့် အစာသွပ်မုန့်ခြောက်လုံး မှာလိုက်သည်။

ခဏမျှ တွန့်ဆုတ်နေပြီးနောက် ဆားနယ်ဝက်သား အချို့ကိုပါ ထပ်မှာလိုက်သည်။

"ကနဦးအဆင့်" သို့ ရောက်ရှိထားသူဖြစ်ရာ သာမန်အရာများထက်စာလျှင် သိုင်းပညာရှင်တို့သည် ယွမ်အနှစ်သာရ ကြွယ်ဝသော အစားအစာများကို ပိုမိုနှစ်သက်ကြသည်။

ကံဆိုးသည်မှာ အောက်ခြေအမှုထမ်းလေး တစ်ယောက်၏လစာဖြင့် ထိုကဲ့သို့ ဇိမ်ခံပစ္စည်းများကို မတတ်နိုင်ပေ။

သို့သော် စားစရာစားရမည်ဖြစ်၍ အစားအသောက်ကို ချင့်ချိန်ရသည်။

ရှန်းယီသည် နေရာလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်ပြီး အသားနှင့် ဝိုင်ကို တွဲဖက်စားသုံးလိုက်သည်။

နေ့လယ်စာ စားချိန်ဖြစ်သဖြင့် ဆိုင်ထဲတွင် လူပြည့်နေသင့်သော်လည်း ထူးခြားစွာပင် တိတ်ဆိတ်နေသည်။

လမ်းသွားလမ်းလာများ၏ မျက်နှာပေါ်တွင် ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်းဟူ၍ မရှိဘဲ လုပ်ရိုးလုပ်စဉ်သဘောမျိုး ထုံထိုင်းမှုသာ ရှိနေသည်။

ရှန်းယီ ခေါင်းငုံ့ကာ မုန့်လုံးကို ကိုက်ဝါးလိုက်သည်။

သူသည် အောက်ခြေစာရေးမျှသာ ဖြစ်၍ ပြည်သူလူထု၏ ဒုက္ခကို မကယ်တင်နိုင်၊ ဤရွှံ့နွံထဲမှ ရုန်းထွက်နိုင်ရန်သာ ကြိုးစားနေရသည်။

ဆိုင်ထဲရှိ စားသောက်သူ အနည်းငယ်မှာလည်း အစားအသောက်၌သာ အာရုံစိုက်နေကြပြီး စကားပြောဆိုသံ သိပ်မကြားရပေ။

ထို့ကြောင့် စကားပြောနေသော လူနှစ်ယောက်၏ တိုးတိုးတိတ်တိတ် ပြောသံက ရှန်းယီ၏နားထဲသို့ ရောက်လာသည်။

"လျိုယဲ့လမ်းမှာ အလောင်းတွေ တွေ့တယ်တဲ့"

"ငါသိတယ်၊ အခုပဲ အဲဒီက ဖြတ်လာတာ။ ဆက်မပြောပါနဲ့ကွာ၊ ငါ ထမင်းစားချင်စိတ်တောင် ကုန်သွားပြီ"

ရှန်းယီသည် ခံစားချက်မရှိသော မျက်နှာထားဖြင့် ဝိုင်အိုးကို မော့လိုက်သည်။

အနည်းငယ် ချဉ်သက်သက်ခါးသက်သက်နိုင်သော အရည်က ခြောက်ကပ်နေသော မုန့်ကို မြိုချရန် ကူညီပေးသည်။

လျိုယဲ့လမ်းသည် သူတာဝန်ယူရသော နယ်မြေဖြစ်သည်။ တိတိကျကျ ပြောရလျှင် သူကိုယ်တိုင် ထိုလမ်းတွင် နိုးထခဲ့ဖူးသည်။

သို့သော် ရှန်းယီသည် ဘာသတင်းမှ မရရှိခဲ့သလို လမ်းသွားလမ်းလာ တစ်ယောက်လောက်ပင် မသိခဲ့ရပေ။

သူ ထွက်လာခါနီးက ဆုန့်ချန်ဖုန်း၏သတိပေးစကားကို ပြန်သတိရလိုက်သည်။

အထက်လူကြီးများ၏လက်က မြန်ဆန်လွန်းသည်။

အချိန်တိုလေးအတွင်း သူ့ကို မျက်စိပိတ် နားပိတ် လုပ်ထားနိုင်ခဲ့သည်။

"ကိုက်သတ်ခံရတာလို့ ကြားတယ်... ဟုတ်လား"

"တော်ပါတော့ဆိုကွာ၊ မင်း ထမင်းစားမှာလား မစားဘူးလား၊ ငါ စောစောက အဲဒီကို ရောက်ခဲ့ပြီး တစ်ချက်လှမ်းကြည့်လိုက်မိတာ... အခုထိ ပျို့ချင်နေတုန်းပဲ"

ထိုလူနှစ်ယောက်က ဆက်လက် တီးတိုးပြောဆိုနေကြသည်။

ရှန်းယီ မျက်မှောင်ကြုတ်လိုက်ပြီး လက်ထဲမှ မီးကင်ထားသော မုန့်ကို ကြည့်လိုက်ရာ စားချင်စိတ် လုံးဝ ကုန်သွားသည်။

သူသည် ကျန်ရှိသော မုန့်နှင့် အသားများကို ကြာဖက်ဖြင့် ထုပ်လိုက်ပြီး ဓားကို လှမ်းယူလိုက်သည်။

"စားပွဲထိုး... ရှင်းမယ်"

...

ဘိုင်ယွမ်ခရိုင်၊ လျိုယဲ့လမ်း

အမှုထမ်းအချို့သည် နှာခေါင်းများကို ပိတ်လျက် ခြံဝင်းငယ်လေးတစ်ခုထဲမှ ထွက်လာကြသည်။

"ရွံစရာကောင်းလိုက်တာ... ဒီလိုမှန်းသိရင် ငါလိုက်မလာပါဘူး"

"ငါတို့နယ်မြေလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဒီပြဿနာထဲ ဝင်ပါနေရတာလဲ"

"အရာရှိကျန်း... ခင်ဗျားပဲ လူကြီးတွေကို ပြောပေးပါဗျာ။ လမ်းကင်းလှည့်တာက ကိစ္စမရှိပေမဲ့ ကျွန်တော်တို့ လစာတော့ တိုးပေးမှ ဖြစ်မယ်"

ကျန်းဖုန်းထျန်က သူတို့ကို ပြန်စိုက်ကြည့်လိုက်သည်။

"အပိုစကားတွေ ပြောမနေနဲ့။ အလုပ်မလုပ်ချင်ရင် ထွက်သွားလိုက်။ လုပ်မယ့်လူတွေ အများကြီးရှိတယ်"

သူ ပြန်လှည့်လိုက်သောအခါ ကြောင်အမ်းအမ်း ဖြစ်သွားသည်။

ခါးတွင် ဓားချိတ်ထားသော ရင်းနှီးနေသည့် လူငယ်တစ်ဦး သူ့ရှေ့တွင် ရောက်နေပြီး ခြံဝင်းငယ်လေးထဲသို့ တိတ်ဆိတ်စွာ ကြည့်နေသည်။

"အိုး... အရာရှိရှန်း"

ကျန်းဖုန်းထျန်က အလျင်အမြန် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

"ဘယ်လေကများ ဒီကို တိုက်ခတ်လာတာလဲ"

ရှန်းရိ ခေါင်းအနည်းငယ်ညိတ်ပြပြီး ခြံဝင်းထဲသို့ ဝင်ရန် ခြေလှမ်းလိုက်သည်။

ထိုအပြုအမူကို မြင်သည်နှင့် ကျန်းဖုန်းထျန်က ချက်ချင်း လမ်းပိတ်လိုက်သည်။ သူ၏ အပြုံးက မဲ့ပြုံးနှင့် တူနေသည်။

"ဒါသာ ပြည့်တန်ဆာအိမ် ရှေ့မှာဆိုရင်တော့ ကျွန်တော်ကိုယ်တိုင် အရာရှိရှန်းကို ပွေ့ချီပြီး ပို့ပေးမှာပါ... ကုန်ကျစရိတ်လည်း ကျွန်တော်ရှင်းပေးမယ်... ဒါပေမဲ့ ဒါက အထက်အမိန့်နဲ့ လုပ်ဆောင်နေတာဆိုတော့ ခင်ဗျား ဝင်ပါလို့ မကောင်းဘူးထင်တယ်... ဟုတ်တယ်မလား"

ရှန်းယီ အောက်သို့ ငုံ့ကြည့်လိုက်သည်။

လွန်ခဲ့သော နှစ်ရက်ခန့်က သူသည် ထိုနေရာတွင် ရပ်လျက် ယခု သူ့ရှေ့မှ လူကဲ့သို့ပင် လက်ဟန်ခြေဟန် လုပ်ခဲ့ဖူးသည်။

"အရာရှိရှန်း၊ ကျွန်တော့်မျက်နှာကို မထောက်ရင်တောင် စာရေးတော်ကြီးကိုတော့ မျက်နှာထောက်သင့်တယ်"

ရှန်းရိက နောက်ဆုတ်မည့်ပုံမပေါ်သည်ကို မြင်သောအခါ ကျန်းဖုန်းထျန်၏အပြုံး ပျောက်ကွယ်သွားသည်။

"ဒီနေ့ ကျွန်တော် ပြတ်ပြတ်သားသား ပြောလိုက်မယ်... ဘိုင်ယွမ်ခရိုင်က ဘယ်သူမဆို ဒီခြံထဲ ဝင်လို့ရတယ်၊ ခင်ဗျား ရှန်းယီတော့ ဝင်ခွင့်မရှိဘူး"

ယခင်က မြို့စားမင်း၏မျက်နှာသာပေးမှုကြောင့် သူတို့ ရှန်းယီကို ကြောက်ရွံ့ခဲ့ကြသည်။

သို့သော် ယခု ရေစီးကြောင်း ပြောင်းသွားလေပြီ။

အထက်လူကြီးများက ရှန်းမျိုးနွယ်ကို ပစ်မှတ်ထားနေပြီ ဖြစ်သည်။ ကျားသားရေခြုံထားသော မြေခွေးတစ်ကောင်သာ ဖြစ်သွားပြီမို့ ကြောက်စရာမလိုတော့ပေ။

"ရဲဘော်တို့... အရာရှိရှန်း အမူးပြေသွားအောင် လက်နက်လေးဘာလေး ထုတ်ပြလိုက်ကြစမ်းပါ"

ကျန်းဖုန်းထျန်က လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး အချက်ပြလိုက်သည်။ သူ့အနောက်မှ လူများသည် ဓားများကို သုံးလက်မခန့် ဆွဲထုတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ကြသည်။

နောက်တစ်စက္ကန့်တွင် အစိုးရဖိနပ်တစ်ဖက်က ကျန်းဖုန်းထျန်၏ဝမ်းဗိုက်ကို ပြင်းထန်စွာ ဆောင့်ကန်လိုက်သည်။

ကြီးမားသော အားအရှိန်ကြောင့် သူ ပြန်လည်မတုံ့ပြန်နိုင်ခင်မှာပင် အစုတ်ပဲ့အိတ်ကြီးတစ်လုံး လွင့်ထွက်သွားသကဲ့သို့ လွင့်စင်သွားတော့သည်။

ရှန်းယီသည် ဝတ်ရုံကို ခါလိုက်ပြီး အတွင်းသို့ ဝင်သွားသည်။

"မင်း... မင်းက ပုန်ကန်ချင်တာလား"

ကျန်ရစ်သော အမှုထမ်းများသည် တစ်ဖက်လူ၏ ပြတ်သားသော လုပ်ရပ်ကြောင့် ကြောင်အမ်းသွားပြီး လက်နက်များ ကိုင်ထားလျက်နှင့် ဘာလုပ်ရမှန်းမသိ တွန့်ဆုတ်နေကြသည်။

ထိုစဉ် လမ်းထိပ်မှနေ၍ ချန်ကျိ၊ နျိုညီအစ်ကိုများနှင့် ကျန်းတာ့ဟွာတို့ ပြေးလာကြသည်။

ခြံဝင်းတံခါးဝသို့ ရောက်သည်နှင့် ချန်ကျိက ဓားအိမ်ကို ကိုင်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းတို့ ခွေးကောင်တွေ မျက်လုံးကန်းနေလား ဒါ ဘယ်လမ်းလဲဆိုတာ မသိဘူးလား အကုန်လုံးကို ကြိုးတုပ်လိုက်စမ်း"

ထိုစကားကို ကြားသောအခါ ကျန်းတာ့ဟွာ ခဏတာ ကြောင်သွားသည်။

ပုံမှန်ဆိုလျှင် ဒါက သာမန်ပြည်သူတွေကို သူအော်ဟစ်နေကျ စကားလုံးများ ဖြစ်သည်။

လုပ်ဖော်ကိုင်ဖက်ချင်း အော်ရသည်မှာ ဒါ ပထမဆုံးအကြိမ်ပင်။

'အနိုင်ကျင့် ဗိုလ်ကျတာကို မုန်းပါတယ်ဆိုတဲ့ ချန်ကျိက ဒီနေ့မှ ဘာလို့ သူ့ထက်တောင် ပိုပြီး ဆဲဆိုကြိမ်းမောင်း ကျွမ်းကျင်နေရတာလဲ ဘာစိတ်ကူးပေါက်နေတာလဲ'

ဇဝေဇဝါ ဖြစ်နေသော်လည်း ကျန်းတာ့ဟွာနှင့် နျိုညီအစ်ကိုများသည် ရှေ့သို့ တိုးဝင်သွားပြီး ထိုအမှုထမ်းများကို ဖက်ထုပ်များကဲ့သို့ လျင်မြန်စွာ ကြိုးတုပ်လိုက်ကြသည်။

ရှန်းယီအပေါ် ဘယ်လိုသဘောထားထား လူရှေ့သူရှေ့ ရောက်နေပြီမို့ သူစိမ်းတွေရှေ့မှာတော့ အရှက်ကွဲမခံနိုင်ပေ။

"တကယ်ပါပဲ..."

ချန်ကျိသည် လမ်းကင်းလှည့်နေရင်း တီးတိုးသံများကို ကြားရသဖြင့် စိတ်ထဲမသိုးမသန့်ဖြစ်ကာ လူစုပြီး အမြန်ပြေးလာခဲ့ခြင်း ဖြစ်သည်။

"ဘာ တကယ်ပါပဲလဲ ဆရာကြီး လုပ်ချင်နေတာလား။ အရာရှိရှန်းရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် သူ့နယ်မြေထဲ တခြားလူ လာရှုပ်တာ ဘယ်ခံမလဲကွ"

ကျန်းတာ့ဟွာက တံတွေးထွေးရင်း ပြောလိုက်သည်။

ချန်ကျိက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ထိုအကြောင်းပြချက်က ယုတ္တိရှိသည်ဟု ယူဆကာ နောက်ပိုင်းမှ ကျန်းတာ့ဟွာကို အာဏာပိုင်များထံ တောင်းပန်ခိုင်းလိုက်မည်ဟု တွေးလိုက်သည်။

အမှန်တကယ် အကြောင်းရင်းမှာမူ...

ချန်ကျိ ကိုယ်တိုင်လည်း မယုံချင်သော်လည်း ဤမိသားစုသည် နတ်ဆိုးလက်ချက်ဖြင့် သေဆုံးခြင်း ဖြစ်နိုင်သည်ဟု တွေးမိသောကြောင့် ဖြစ်သည်။

ရွာထဲတွင် ရှန်းယီ၏ အပြုအမူများကို ပြန်စဉ်းစားကြည့်လျှင် သူသည် ဟန်ဆောင်နေခြင်း မဟုတ်ပါက သေချာပေါက် လာကြည့်မည်ဟု ချန်ကျိ တွက်ဆခဲ့သည်။

...

ခြံဝင်းငယ်လေး အတွင်းတွင်...

ရှန်းယီသည် ဒူးထောက်ထိုင်ချလိုက်ပြီး ကောက်ရိုးဖျာပေါ်တွင် အပိုင်းအစများ ပြန်ဆက်ထားသော အလောင်းနှစ်လောင်းကို ကြည့်လိုက်သည်။

သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး သေဆုံးသူ မိန်းကလေး၏ပြန့်ကျဲနေသော လက်ချောင်းလေးများကို ဂရုတစိုက် ပြန်စီပေးလိုက်သည်။

ဤလက်ကလေးသည် စောစောပိုင်းက သူ့ခြေထောက်ကို အဆင်မပြေစွာဖြင့် ဆေးကြောပေးခဲ့သော လက်ကလေးပင် ဖြစ်သည်။

ယခင် အတွေ့အကြုံများအရ နတ်ဆိုးများ၏ သားကောင်ဖြစ်ရသူတို့သည် အပိုင်းပိုင်းအစစ ဖြစ်သွားတတ်သော်လည်း ယနေ့ အခြေအနေမှာ မတူပေ။

လျိုမိသားစုမှ သားအဖနှစ်ယောက်သည် အပိုင်းပိုင်း ပြတ်တောက်နေပြီး မျက်လုံးနှင့် နားရွက်များကိုပင် ပြန်ကောက်တပ်ထားရသော်လည်း အသားစားခံထားရသည့် အရိပ်အယောင် မရှိပေ။

'ဒါက အမဲလိုက်တာ မဟုတ်ဘူး၊အငြိုးတကြီးနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ထားတာ'

ဟွမ်လောင်လျူ ကိစ္စလိုပင် နတ်ဆိုးများတွင်လည်း ဆွေမျိုးမိတ်ဆွေများ ရှိကြသည်။

ထိုညက အမွေးနက် ခွေးနတ်ဆိုးမည်သည်တွင်ရှိခဲ့လဲဆိုတာကို သိတဲ့သူ တစ်ယောက်ယောက်သာ ရှိခဲ့မည်ဆိုလျှင်... မည်သူသတ်သွားလဲဆိုတာ တပ်အပ်မပြောနိုင်ပေမဲ့ သူတို့ လက်စားချေဖို့အတွက် သက်သေအထောက်အထား မလိုပေ။

ဒေါသထွက်ပေါက် ပေးလိုက်ရရင် ကျေနပ်ပြီ ဖြစ်သည်။

"မဟုတ်မှ... ဒါက မင်းရဲ့ ဆွေမျိုးတွေလား"

အကန်ခံရပြီး ဗိုက်အောင့်ကာ လူးလှိမ့်နေသော ကျန်းဖုန်းထျန်က ခေါင်းမော့ကြည့်ရင်း မေးလိုက်သည်။

"မင်း ငါ့ကို ရိုက်တယ်ပေါ့... တောက် ကြည့်ပြီးတော့ရော မင်းဘာလုပ်နိုင်မှာလဲ၊ သတ္တိရှိရင် မြို့စားမင်းဆီ သွားပြောလေ၊ မြို့ပြင်က နတ်ဆိုးတွေဆီ သွားရှင်းလေ"

"ခွေးနတ်ဆိုးလက်ချက်ဆိုတာ သိသာနေတာပဲ၊ ဒါပေမဲ့ ဘယ်ကောင်လုပ်လဲဆိုတာ မင်းရှာနိုင်လို့လား၊ ရှာနိုင်ရင်ရော မင်းက ဘာလုပ်နိုင်မှာလဲ"

နားထဲတွင် ဆူညံသံများ ဆက်တိုက် ကြားနေရသဖြင့် ရှန်းယီ စိတ်ရှုပ်ထွေးပြီး မွန်းကြပ်လာသည်။

သူသည် အဝတ်ဖြူတစ်စကို ဆွဲယူပြီး အလောင်းနှစ်လောင်းကို လွှမ်းခြုံပေးလိုက်သည်။

နတ်ဆိုးနှိမ်နင်းရေးဌာနကို အကူအညီမတောင်းနိုင်၊ မြို့စောင့်တပ်ကိုလည်း မခိုင်းစေနိုင်သော အောက်ခြေအရာရှိလေး တစ်ယောက်သည် အများဆုံး လုပ်နိုင်သည်မှာ အသုံးမကျသော အပြေးသမားအချို့ကို ခေါ်ခြင်းသာ ဖြစ်သည်။

ရှန်းယီ အားကိုးနိုင်သည်မှာ သူ့လက်ထဲရှိ ဟောင်းနွမ်းနေသောဓားတစ်လက်သာ ရှိသည်။

ဘယ်သူလုပ်လဲဆိုတာကို စုံစမ်းလို့ မရနိုင်ရင်လည်း... လိုက်ရှာမနေတော့ဘူး။

All Chapters