← Chapters

နတ်ဆိုးအုပ်စုကို တစ်ကိုယ်တော် ရင်ဆိုင်ခြင်း

Vol. 2 Ch. 19

နတ်ဆိုးအုပ်စုကို တစ်ကိုယ်တော် ရင်ဆိုင်ခြင်း

Vol. 2 Ch. 19

ဝေါယာဉ်ပေါ်က မွေးဝါနတ်ဆိုးအပြင် အရပ်အမောင်း မြင့်မားလှသော ခွေးနတ်ဆိုးကြီး စုစုပေါင်း (၁၂) ကောင် ရှိသည်။

ဤအရေအတွက်မှာ ရှန်းယီ၏ယခင်ဘဝက မှတ်ဉာဏ်များနှင့် အတော်လေး တိုက်ဆိုင်နေသည်။

အိုမင်းမစွမ်းသူများနှင့် မိန်းမ၊ ကလေးများကို ထည့်မတွက်လျှင်တောင် ဤနတ်ဆိုးအုပ်စုသည် ဘိုင်ယွမ်ခရိုင် တစ်ခုလုံးကို ခြိမ်းခြောက်ရန် လုံလောက်လှသည်။

စစ်သည်ရှစ်ရာမှာ မြို့ပြင်မထွက်ရဲကြဘဲ အမှုထမ်းတစ်ရာကျော်မှာလည်း ကြောက်ရွံ့တုန်လှုပ်နေကြရသည်။

သို့သော် နတ်ဆိုးမျိုးနွယ်စုကြီးများကြားတွင်မူ ၎င်းတို့သည် အားအနည်းဆုံး အုပ်စုသာ ဖြစ်သည်။

"မင်း လာလိမ့်မယ်လို့ ငါမထင်ထားဘူး၊ အဲဒါထက် ငါ့ရှေ့မှာ ဒီလို မတ်မတ်ရပ်ရဲလိမ့်မယ်လို့ ပိုလို့တောင် မထင်ထားဘူး"

ဝေါယာဉ်ပေါ်တွင် လှဲလျောင်းနေသော မွေးဝါနတ်ဆိုးသည် ပျင်းရိစွာ ခေါင်းထောင်ကြည့်လိုက်သည်။

၎င်းသည် ရှန်းယီကို အပေါ်စီးမှ ကြည့်ကာ လက်သည်းကြားမှ ညစ်ပတ်မှုများကို ဖယ်ရှားရင်း အေးစက်စွာ ဆိုသည်။

"မင်း ရောက်လာပြီဆိုတော့ ငါ မေးစရာရှိတာ မေးရမှာပေါ့"

၎င်း၏အသံမှာ အက်ကွဲနေပြီး အေးစက်လှသော်လည်း မျက်လုံးထဲတွင်တော့ ဒေါသရိပ်အချို့ ဖြတ်ပြေးသွားသည်။

"မင်းမှာ သားရှိလား ငါ့သားနှစ်ယောက် ပျောက်သွားတယ်၊ ငါ့မှာ စုစုပေါင်း..." ၎င်းသည် လက်ချောင်းလေးများကို ရေတွက်ကြည့်ရင်း စိတ်တိုလာပုံရသည်။

"မမှတ်မိတော့ဘူး... ငါ သူတို့ကို သိပ်ချစ်တာမဟုတ်ပေမဲ့ နှစ်ယောက်လျော့သွားတာတော့ စိတ်ထဲ တစ်မျိုးပဲ။ မင်း တာဝန်ယူရတဲ့ နယ်မြေထဲမှာမှ သူတို့ ဘာလို့ ပျောက်သွားရတာလဲ ဆိုတာကတော့ တော်တော် ထူးဆန်းတယ်"

"အရင်က မင်း ငါ့အပေါ် ရိုကျိုးခဲ့တာကို ထောက်ထားပြီး ငါ့ကို အကျိုးအကြောင်း ရှင်းပြစမ်းပါ။ ဒါဆိုရင်တော့ မင်းရဲ့ အလောင်းကို အကောင်းပကတိအတိုင်း ချန်ထားပေးမယ်"

ပြောပြီးသည်နှင့် ၎င်းသည် ဝေါယာဉ်ပေါ်တွင် ပြန်လှဲချလိုက်သည်။ အောက်ခြေရှိ ခွေးနတ်ဆိုးများမှာမူ နှုတ်ခမ်းများကို တွန့်လိုက်ပြီး စူးရှသော အစွယ်များကို ထုတ်ပြလိုက်ကြသည်။

"..."

ရှန်းယီသည် ဓားရိုးကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး စကားဖြင့် ပြန်ပြောမည့်အစား လုပ်ရပ်ဖြင့်သာ သက်သေပြလိုက်သည်။

သူသည် ရုတ်တရက် ရှေ့သို့ တိုးဝင်လိုက်ပြီး လက်ဝါးနှစ်ဖက်ဖြင့် တွန်းအားပေးကာ ရှေ့ဆုံးမှ ခွေးနတ်ဆိုးအနားသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။

ခွေးနတ်ဆိုး၏မျက်လုံးများ ကျဉ်းမြောင်းသွားချိန်မှာပင် ဓားသွားမှာ ၎င်း၏နှလုံးသားကို ဖောက်ထွက်သွားပြီးဖြစ်သည်။

"ရှုး"

လုပ်ဆောင်ချက်အားလုံးမှာ လျှပ်စီးကဲ့သို့ မြန်ဆန်လှသည်။ ရှန်းယီ အသက်တစ်ချက် ပြန်ရှူလိုက်ချိန်မှသာ ကျန်ရှိသော ခွေးနတ်ဆိုးများ သတိဝင်လာပြီး ရွာတစ်ခုလုံး တုန်ဟိန်းသွားအောင် ဟိန်းဟောက်လိုက်ကြတော့သည်။

နတ်ဆိုး (၁၂) ကောင် ထမ်းထားသော ဝေါယာဉ်ကြီးမှာလည်း သိသိသာသာ တုန်ခါသွားသည်။

မွေးဝါကြီးသည် ဝေါယာဉ်ပေါ်မှ ထိုင်လိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်ရာ ရှန်းယီ၏ အကြည့်နှင့် ဆုံသွားသည်။

ရှန်းယီ၏မျက်လုံးများမှာ တည်ငြိမ်နေသော်လည်း ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

နတ်ဆိုးအိုကြီးသည် ဝေါယာဉ်အစွန်းသို့ တိုးကပ်လာခဲ့သည်။ သူ၏တွဲကျနေသော အရေပြားများကြောင့် ဖုံးကွယ်နေသော ၎င်း၏မျက်လုံးများမှာ ယခုအခါ သားကောင်ကို ချောင်းမြောင်းနေသော အလင်းရောင်များ ထွက်ပေါ်နေပြီး လည်ချောင်းထဲမှ တိုးညင်းသော အသံဖြင့် ဆိုသည်။

"ဒီလိုနည်းနဲ့ ငါ့သားကို မင်း သတ်ခဲ့တာလား"

"ပြီးတော့ အခု... ငါ့ကိုပါ သတ်ချင်နေတာပေါ့လေ"

၎င်း၏စကားမဆုံးခင်မှာပင် ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် လေထဲသို့ ခုန်တက်သွားပြီး နေကြတ်သွားသကဲ့သို့ အရိပ်ကြီး တစ်ခု ဖြစ်ပေါ်သွားသည်။

အဆီပြင်များဖြင့် ပြည့်နှက်နေသော ၎င်း၏ လက်မောင်းကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး တောင်ကိုပင် ဖြိုခွဲနိုင်မည့် လက်ဝါးချက်ဖြင့် ရိုက်ချလိုက်တော့သည်။

ကျန်ရှိသော ခွေးနတ်ဆိုးများသည် ဝေါယာဉ်ကို ချလိုက်ပြီး ကျောကုန်းများကို ကုန်းကာ သွားရည်များ တစက်စက် ကျလျက် ရှန်းယီ ထွက်ပြေးနိုင်မည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားလိုက်ကြသည်။

နတ်ဆိုးအိုကြီး၏လက်ဝါးချက် ရောက်လာခါနီးတွင် ရှန်းယီသည် မြွေနဂါးခြေလွမ်းရှစ်လှမ်း ကို အစွမ်းကုန် အသုံးပြုကာ လှုပ်ရှားလိုက်သည်။

နတ်ဆိုးများ ဝိုင်းရံထားသော်လည်း သူသည် ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ အေးဆေးစွာဖြင့် နတ်ဆိုးများကြားထဲမှ တိုးထွက်သွားသည်။

နတ်ဆိုးအိုကြီး၏ခန္ဓာကိုယ်ကြီး မြေပေါ်သို့ ဘုန်းခနဲ ကျလာချိန်တွင် ရှန်းယီသည် နောက်ပြန်ဓားချက်ဖြင့် အခြား ခွေးနတ်ဆိုးတစ်ကောင်၏ခေါင်းကို ဖြတ်ချလိုက်သည်။

သူ့မျက်လုံးထဲတွင်တော့ ဤ အထူးစစ်သည်ဆိုသူများသည် အသိဉာဏ်မဲ့စွာ အော်ဟစ်နေပြီး ဗီဇအတိုင်းသာ တိုက်ခိုက်တတ်ကြသဖြင့် ဟာကွက်များစွာ ရှိနေသည်။

သူတို့သည် ယခင်က သူရင်ဆိုင်ခဲ့ဖူးသော မျောက်နတ်ဆိုးလောက်ပင် အစွမ်းမရှိကြပေ။

အချိန်တိုလေးအတွင်းမှာပင် နတ်ဆိုးနှစ်ကောင် အသက်ပျောက်သွားပြီဖြစ်သည်။

နတ်ဆိုးအိုကြီးသည် ၎င်း၏တိုက်ကွက် လွဲချော်သွားသဖြင့် ပျင်းရိနေသော အမူအရာများ ပျောက်ကွယ်သွားပြီး "ဖယ်ကြစမ်း" ဟု အော်ဟစ်လိုက်သည်။

၎င်း၏ဝဖြိုးသော ခန္ဓာကိုယ်မှာ ထင်ထားသည်ထက် ပိုမိုမြန်ဆန်လှပြီး နောက်ထပ် လက်ဝါးချက်တစ်ခုကို ပြင်းထန်စွာ ရိုက်ချလိုက်ပြန်သည်။

ယခုတစ်ကြိမ်တွင်မူ ၎င်း၏အရေပြားထက်တွင် နီရဲသော နတ်ဆိုးစွမ်းအင် များ ဖုံးလွှမ်းနေပြီး အလွန် ဒေါသထွက်နေကြောင်း သိသာလှသည်။

နတ်ဆိုးအိုကြီး၏ဟိန်းဟောက်သံကြောင့် အခြားခွေးနတ်ဆိုးများ တိုက်ခိုက်မှုကို ရပ်တန့်ကာ လမ်းဖယ်ပေးလိုက်ကြသည်။

သို့သော် ဤလုပ်ရပ်က ရှန်းယီအတွက် တိုက်ခိုက်ရ ပိုလွယ်ကူသွားစေသည်။ သူသည် တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားရင်း ခွေးနတ်ဆိုးများ၏အနားသို့ ကပ်ကာ တစ်ကောင်ပြီး တစ်ကောင်၏ လည်ပင်းကို လှီးဖြတ်လိုက်သည်။

တစ်ဖက်တွင်မူ နတ်ဆိုးအိုကြီးမှာ မိမိ၏သားသမီးများကို ထိခိုက်မိမည် စိုးသဖြင့် တိုက်ကွက်များကို ထိန်းချုပ်နေရပြီး စိတ်တိုဒေါသထွက်နေရသည်။

သုံးကောင်... ခြောက်ကောင်... ရှစ်ကောင်

နတ်ဆိုးသတ္တဝါများသည် မျိုးပွားရန် ခဲယဉ်းလှပြီး အများစုမှာ အသိဉာဏ်မရှိမီ သို့မဟုတ် ငယ်စဉ်မှာပင် သေဆုံးသွားတတ်ကြသည်။

ခန္ဓာကိုယ် အသန်မာဆုံးသူများသာ အရွယ်ရောက်လာကြခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာအတွင်း ၎င်းစုဆောင်းထားသမျှ သားသမီး (၁၂) ကောင်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ဝက်ကျော် အသတ်ခံလိုက်ရပြီဖြစ်သည်။

နောက်ထပ် ခွေးနတ်ဆိုးနှစ်ကောင် ထပ်မံ အသတ်ခံရသည်ကို မြင်ချိန်တွင် ရှန်းယီသည် ၎င်းကို ကျောခိုင်းလျက် ဓားကို အေးဆေးစွာ ဆွဲထုတ်လိုက်သည်။

"သေစမ်း"

မွေးဝါကြီးသည် ဟိန်းဟောက်ကာ ရှေ့သို့ ခုန်ဝင်လိုက်သည်။ ၎င်း၏ကြီးမားသော လက်မောင်းကြီးများဖြင့် လမ်းပိတ်နေသော ခွေးနတ်ဆိုးနှစ်ကောင်ကိုပါ ရိုက်ခွဲကာ ရှန်းရိဆီသို့ ဦးတည်လိုက်သည်။

"ဗုန်း ဗုန်း"

ကျန်ရှိသော ခွေးနတ်ဆိုးအနည်းငယ်မှာ သူတို့၏ ဖခင်ဖြစ်သူကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။

သူတို့၏ဝမ်းဗိုက်များထဲတွင် သံမဏိဓားတစ်လက်က အနောက်မှ ဖောက်ထွက်နေပြီး သူတို့ကို ကြိုးသီးများကဲ့သို့ သီထားသည်။

"အခုကော... မင်းမှာ သားဘယ်နှစ်ယောက်ရှိလဲဆိုတာ မှတ်မိပြီလား"

ရှန်းယီသည် နတ်ဆိုးနှစ်ကောင်၏အနောက်တွင် ကိုယ်ကို ဘေးစောင်းလျက် ဓားကို ကိုင်ထားသည်။

သွေးများ စွန်းထင်နေသော သူ၏ဖြူစင်သည့် မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခု ရှိနေသည်။

ရွာသားအချို့သည် ကြောက်လန့်နေကြသော်လည်း သူတို့ရှေ့မှ မြင်ကွင်းကို မော့ကြည့်လိုက်ကြသည်။

သူတို့ရှေ့တွင် မြင်တွေ့နေရသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ခွေးနတ်ဆိုးများ၏ ခြေလက်အင်္ဂါများနှင့် ခေါင်းပြတ်ကြီးများမှာ လယ်ကွင်းထဲသို့ လိမ့်ကျနေပြီး မြေကြီးမှာလည်း သွေးများဖြင့် စိုရွှဲနေသည်။

ရှန်းယီသည် ဓားကို မွေးဝါကြီး၏ နဖူးဆီသို့ ဖြည်းဖြည်းချင်း ချိန်ရွယ်လိုက်ပြီး ခေါင်းကို စောင်းကာ မေးလိုက်သည်။

"မင်း ဒီလို မြင်ကွင်းမျိုးကို ကြိုက်တယ်လို့ ငါထင်ထားတာ"

အကယ်၍ မကြိုက်ဘူးဆိုလျှင် လူတွေကို ဘာလို့ အပိုင်းပိုင်းပိုင်းပြီး ခြံဝင်းထဲ ပစ်ထားခဲ့မှာလဲ။

နတ်ဆိုးအိုကြီးသည် ခေါင်းမော့ကာ ရုတ်တရက် ရယ်လိုက်သည်။

"သေကုန်တာလည်း အေးတာပဲ"

ပြောပြီးသည်နှင့် ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အဆီပြင်များမှာ ထူးဆန်းသော ပုံစံဖြင့် တုန်ခါလာပြီး အရေပြားပေါ်မှ နီရဲသော နတ်ဆိုးစွမ်းအင်များ မြူနှင်းများကဲ့သို့ ထွက်ပေါ်လာကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ထိုစွမ်းအင်နှင့် ထိမိသမျှ အလောင်းများနှင့် သွေးများမှာ အရည်ပျော်သွားပြီး ပြည်ပုပ်များအဖြစ် ပြောင်းလဲကုန်သည်။

ရှန်းယီသည် ဤထူးခြားမှုကို မြင်သော်လည်း မတုန်လှုပ်ပေ။

သူရင်ဆိုင်နေရသည်မှာ သာမန်နတ်ဆိုးမဟုတ်ဘဲ အဆင့်မြင့်နတ်ဆိုးကြီး ဖြစ်ရာ ထိုသို့သော စွမ်းရည်မျိုး ရှိမည်ကို သူကြိုတင် တွက်ဆထားပြီးဖြစ်သည်။

အသက်တစ်ချက်ရှူအတွင်းမှာပင် သူ၏ မရီဒျန်ငါးခု လုံး စတင်အလုပ်လုပ်လိုက်သည်။

သူ၏ခန္ဓာကိုယ်ပတ်လည်တွင် အဖြူရောင်မြူခိုးများ ထွက်ပေါ်လာပြီး နီရဲသော နတ်ဆိုးစွမ်းအင်နှင့် ထိတွေ့မိသောအခါ ရေနှင့်မီးကဲ့သို့ တစ်ခုကိုတစ်ခု လောင်ကျွမ်းပစ်လိုက်သည်။

သူ အချိန်မဆွဲတော့ပေ။ ရှန်းယီသည် ရှေ့သို့ တိုးဝင်လိုက်ပြီး ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်သည်။

"ရှုး"

ဓားသွားမှာ နတ်ဆိုးအိုကြီး၏လည်ပင်းနှင့် ပုခုံးကြားသို့ စိုက်ဝင်သွားသည်။ မိုးမြေစွမ်းအင်များ ပါဝင်နေသော ထိုဓားချက်မှာ စက္ကူကို ဆွဲဖြဲသကဲ့သို့ပင် နတ်ဆိုး၏အသားများကို ပုခုံးမှ ဝမ်းဗိုက်အထိ ပွင့်ထွက်သွားစေသည်။

နောက်တစ်စက္ကန့်တွင် ထိုဒဏ်ရာမှ ယခင်ကထက် ဆယ်ဆမျှ ပိုမိုပြင်းထန်သော နတ်ဆိုးစွမ်းအင်များ ပန်းထွက်လာသည်။

နတ်ဆိုးအိုကြီး၏ခေါင်းမှာ တွဲလွဲကျနေသော်လည်း ၎င်းသည် ရှန်းယီကို ၎င်း၏ခန္ဓာကိုယ်အတွင်း ထည့်ပြီး ချေဖျက်ပစ်ချင်သကဲ့သို့ အငြိုးတကြီးဖြင့် ခုန်ဝင်လာတော့သည်။

"..."

ရှန်းယီသည် ဓားလက်ကိုင်ကို လွှတ်လိုက်သည်။ သူက လက်ချောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏ အားအရှိန်အကုန်သုံးကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ထိုလက်သီးချက်၏အရှိန်အောက်တွင် မွေးဝါကြီး၏အဆီပြင်များမှာ ရေလှိုင်းများကဲ့သို့ တုန်ခါသွားတော့သည်။

All Chapters