နတ်ဘုရားလက်နက်၊ အစစ်အမှန် ဧကရာဇ်ဓား
Vol. 20 Ch. 194
"ဓားတစ်လက်..."
ထိုအချိန်၌ ရှန်းချန်ကောသည် ကြေးမုံအလင်းတောင်ထိပ် ပေါ်တွင် ရပ်နေပြီး ကောင်းကင်ယံရှိ ဟင်းလင်းပြင်ကို ထိုးခွင်းလျက် ကျဆင်းလာသော ဧရာမဓားကြီးကို မော့ကြည့်နေသည်။
သူ၏မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျုံ့ဝင်သွားပြီး အံ့ဩထိတ်လန့်သွားပုံ ရသည်။
"ဒီဓားက ဟေးရွှီနယ်မြေ က လာတာပဲ"
ဤဓားဟာ သတ်ဖြတ်လိုစိတ်များ လွှမ်းခြုံထားပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများ ပြည့်နှက်နေမှန်း သူ ခံစားမိနေသည်။
ဓားမှအနည်းငယ်တုန်ခါလိုက်ရုံဖြင့် ထွက်ပေါ်လာသော ဓားစွမ်းအင်များသည် ဟင်းလင်းပြင်ကိုပင် ပြိုလဲသွားစေနိုင်လောက်သည်။
ပြိုင်ဘက်ကင်း ကြောက်မက်ဖွယ် ကောင်းလှပါတကား။
"ဒါက..."
"ကြောက်စရာကောင်းလိုက်တဲ့ ဓားပါလား" လူတိုင်း မျက်နှာဖြူရော်ကုန်ကြသည်။
ရှန်းချန်ကောကမူ ထိုဓားကို အကြာကြီး စိုက်ကြည့်နေမိသည်။
"ကောင်းလိုက်တဲ့ ဓား..."
တကယ်ကို ကောင်းမွန်သော ဓားတစ်လက်ပင်။
သူ အားပြင်းသော ဓားသိုင်းကွက်များကို အကြိမ်ကြိမ် ထုတ်သုံးပြီးနောက် သူ့လက်ရှိဓားမှာ ပျက်စီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ယခုမြင်နေရသော ဤဓားကတော့ သူ့အတွက် အမှန်တကယ်ကို သင့်တော်လွန်းလှသည်။
သို့သော် ရှန်းချန်ကောသည် ချက်ချင်း လှုပ်ရှားခြင်း မပြုသေးဘဲ အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်မှာပင်...
ဓား၏အနောက်မှ ကပ်လိုက်လာကြသည်။
အလင်းတန်းများသဖွယ် ပုံရိပ်များသည် ကောင်းကင်မှ တရိပ်ရိပ် ဆင်းသက်လာကြ၏။
ဘုန်း
ဘုန်း
ဘုန်း
ထိုသူများသည် ဟေးရွှီနယ်မြေ မှ ကြောက်မက်ဖွယ် ကျွမ်းကျင်သူများ ဖြစ်ကြောင်း ထင်ရှားလှသည်။
သူတို့ ရောက်ရှိလာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်နယ်ပယ်သည် ပြင်းထန်စွာ တုန်ခါသွားသည်။
ကောင်းကင်ယံမှ နားကွဲလုမတတ် အသံကြီးများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင်များ ပွင့်ဖူးလာသည်။
ထိုပုံရိပ်တိုင်းသည် အရှိန်အဝါ ကြီးမားပြီး စွမ်းအားပြည့်ဝကြသည်။ ရှေ့ဆုံးမှ ပျံသန်းလာသော အဘိုးအိုသည် အလွန်လျင်မြန်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မတူကွဲပြားသော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသဖြင့် လူများကို ထိတ်လန့်သွားစေသည်။
"အနိမ့်ဆုံးလူတောင်မှ ဖန်ဆင်းခြင်းနယ်ပယ် မှာ ရှိနေတာပဲ" ချင်းရွှမ် မှာ ကြောက်လွန်းသဖြင့် လည်ပင်းကို ပုလိုက်မိပြီး ရင်တုန်သွားရသည်။
"လူတိုင်းကို အိမ်ထဲပြန်ဝင်ပြီး ပုန်းနေဖို့ ပြောလိုက်ကြ။ ဘယ်သူမှ အပြင်မထွက်စေနဲ့"
လက်ရှိအခြေအနေအရ ကိစ္စကြီးတစ်ခုခု ဖြစ်တော့မည်မှာ သေချာသည်။
ထိုကျွမ်းကျင်သူများထဲတွင် အနိမ့်ဆုံးအဆင့်မှာ ဖန်ဆင်းခြင်းနယ်ပယ် ဖြစ်သည်။ အားအကြီးဆုံးသူများဆိုလျှင် ခန့်မှန်း၍ပင် မရနိုင်ပေ။
ရှေ့ဆုံးမှ ဦးဆောင်လာသော အဘိုးအို၏ကျင့်ကြံခြင်းအဆင့်ကို ချင်းရွှမ် လုံးဝ မခန့်မှန်းနိုင်ချေ။
ဤသူများ ရောက်ရှိလာခြင်းသည် အင်မော်တယ်များ၏တိုက်ပွဲ ဖြစ်လာတော့မည်ဖြစ်ရာ မြေစာပင် ဖြစ်သွားမှာကို သူ စိုးရိမ်မိသည်။
သူ့ဦးရေပြားများ ထုံကျဉ်လာသည်။
"အရှင် အမှောင်ဧကရာဇ် ကျုပ်တို့ ဘာလုပ်ကြမလဲ" ချင်းရွှမ်သည် ရှန်းချန်ကော၏ဘေးနားသို့ အမြန်တိုးကပ်လိုက်သည်။
ရှန်းချန်ကောဘေးတွင် နေမှသာ သူ အနည်းငယ် စိတ်သက်သာရာ ရနိုင်မည် ဖြစ်သည်။
သို့သော် ရှန်းချန်ကောသည် သူ့ကို ဂရုမစိုက်ဘဲ ကောင်းကင်ယံမှ ဓားကြီးကိုသာ စိုက်ကြည့်နေကြောင်း သူ သတိထားမိလိုက်သည်။
မဖြစ်နိုင်ဘူး...
အစ်ကိုကြီး အမှောင်ဧကရာဇ် ရေ...ဒီအချိန်မှာ ခင်ဗျား အဲ့ဒီဓားကို လိုချင်နေရင်တောင်မှ အနောက်က ပါလာတဲ့ လူအုပ်ကြီးကိုတော့ အားနာပါဦးဗျာ။
အနိမ့်ဆုံးက ဖန်ဆင်းခြင်းနယ်ပယ်နော်... ဖန်ဆင်းခြင်းယင်နယ်ပယ် ကျွမ်းကျင်သူတွေလည်း အများကြီး ပါလာမှာ သေချာတယ်။
ဒီအချိန်မှာ ခင်ဗျားသာ အဲ့ဒီဓားကို သွားလုလိုက်ရင် လူတိုင်းရဲ့ ပစ်မှတ် ဖြစ်သွားလိမ့်မယ်။ အဲ့ဒီကျရင် အရိုးတောင် ရှာတွေ့မှာ မဟုတ်ဘူး'
ချင်းရွှမ် ကြောက်လန့်တကြား ဖြစ်နေသော်လည်း ရှန်းချန်ကောကမူ မျက်တောင်မခတ်ဘဲ ဓားကိုသာ ကြည့်နေဆဲပင်။
"အစစ်အမှန် ဧကရာဇ်ဓား က ငါတို့ ဝတ်ရုံနက် အဖွဲ့ ပိုင်တာကွ"
"ဟာသတွေ ပြောမနေစမ်းပါနဲ့! ဒီ နတ်ဘုရားလက်နက်ကို ငါတို့ နတ်ဘုရားသန့်စင်ခြင်းခန်းမ က မရရအောင် ယူမှာ။ နတ်ဘုရားလက်နက်ဆိုတာ မင်းတို့လို ဝတ်ရုံနက်အဖွဲ့ ကိုင်တွယ်နိုင်တဲ့ အရာမဟုတ်ဘူး"
"စွန့်ပစ်ခံနယ်မြေ အမှတ် ၇ က ငါတို့ ဝတ်ရုံနက်အဖွဲ့ရဲ့ ပိုင်နက်ကွ"
"ရယ်ရတာပဲ ဝတ်ရုံနက်... မင်းတို့က တတိယတန်းစား အဖွဲ့အစည်းလေးပါ။ မင်းတို့ပိုင်နက်ဆိုတာ အစကတည်းက မရှိခဲ့တာ"
"မင်းတို့ လွန်လာပြီနော်"
ကောင်းကင်ယံတွင် အုပ်စုနှစ်ဖက် ပျံသန်းရင်း အော်ဟစ်ငြင်းခုံနေကြသည်။
လူအများအပြား ထိတ်လန့်သွားကြသည်။
ဝတ်ရုံနက်ကျွမ်းကျင်သူများလား။ဒါ အနက်ရောင်အပျက်အစီးနယ်မြေက နာမည်ကြီး ဝတ်ရုံနက် အဖွဲ့ပဲ။
ဒါပေမဲ့ နတ်ဘုရားသန့်စင်ခြင်းခန်းမ ပြောပုံအရဆိုရင်...
ဘုရားရေ ဝတ်ရုံနက်အဖွဲ့က အနက်ရောင်အပျက်အစီးနယ်မြေမှာ တတိယတန်းစား အဖွဲ့အစည်းလေးပဲ ရှိသေးတာလား။
ဒါက လွန်လွန်းနေပြီ။
ဟေးရွှီနယ်မြေမှာ မည်မျှပင် ကျယ်ပြောမလဲဆိုတာ မှန်းဆလို့ပင် မရနိုင်တော့ပေ။
တကယ်ကို အံ့ဩစရာကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသည့် ကမ္ဘာတစ်ခုပါလား။
နတ်ဘုရားလက်နက်
ရှန်းချန်ကောသည် ထိုအချက်ကိုသာ စိတ်ဝင်စားသည်။
ကောင်းကင်ယံတွင် ဦးဆောင်လာသော အဘိုးအို၏မျက်လုံးများ အရောင်လက်သွားသည်။
ရုတ်တရက် သူ၏ဦးခေါင်းထက်တွင် မတူညီသော စွမ်းအင်နှစ်ခု စုစည်းလာသည်။
တစ်ခုက ပူပြင်းပြီး တစ်ခုက အေးစက်သော ယင် နှင့် ယန် ဖြစ်လေ၏။
အလွန်သန်မာသော ယင်နှင့်ယန် စွမ်းအင်များ။
ဤအရာ... ယန်နယ်ပယ် ကျွမ်းကျင်သူပင်။
တစ်ခဏချင်းတွင် ထိုအဘိုးအိုက လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်နှင့် မြေကြီးကြားရှိ ဟင်းလင်းပြင်သည် ချိပ်ပိတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
ဘေးပတ်ဝန်းကျင်မှ ကျွမ်းကျင်သူများ၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။
ဤလူက ဝတ်ရုံနက်အဖွဲ့၏ခေါင်းဆောင်၊ ဟေးယိုထျန်း ပင်။
နတ်ဘုရားသန့်စင်ခြင်းခန်းမမှ စွမ်းအားကြီး ကျင့်ကြံသူများသည် ကြောက်မက်ဖွယ် အင်အားတစ်ခုကြောင့် အဝေးသို့ လွင့်စင်သွားကြပြီး
ဟင်းလင်းပြင်တွင် ပိတ်ဆို့ခံလိုက်ရသည်။
သို့သော် နောက်တစ်ခဏတွင်
အစစ်အမှန် ဧကရာဇ်ဓားကြီး တုန်ခါသွားသည်။
ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် ဖန်ခွက်ကွဲသကဲ့သို့ ရုတ်ခြည်း အက်ကွဲ ကြေမွသွား၏။ ဓားကြီးသည် ရူးသွပ်မတတ် တုန်ခါနေပြီး စွမ်းအင်များ အဆက်မပြတ် ထုတ်လွှတ်နေသဖြင့် လူများကို ကြီးမားသော ဖိအားများ ပေးစွမ်းနေသည်။
ယန်နယ်ပယ် ကျွမ်းကျင်သူပင် သူ့ကို မဖိနှိပ်နိုင်ပါလား။
"စွမ်းအားကြီးလိုက်တဲ့ ဓား..." ရှန်းချန်ကော၏ မျက်လုံးများ ပိုမို တောက်ပလာသည်။
သူ စိတ်လှုပ်ရှားလာပြီ။
"ငါ ဒီဓားကို ရအောင် ယူမှဖြစ်မယ်" ရှန်းချန်ကော တိုးတိုးလေး ရေရွတ်လိုက်သည်။
သို့သော်...
အနောက်ဘက်ရှိ ယန်နယ်ပယ် ကျွမ်းကျင်သူကတော့ နည်းနည်း ပြဿနာရှိသည်။
သူ့လက်ရှိ အင်အားဖြင့်ဆိုရင် ယန်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ မလုံလောက်သေးပေ။
ထိုအချိန်တွင် အဘိုးအို၏မျက်နှာမှာလည်း လေးနက်နေသည်။
'ငါ ဒီ အစစ်အမှန် ဧကရာဇ်ဓားကို အမြန်ဆုံး ဖိနှိပ်ထားမှ ဖြစ်မယ်။ မဟုတ်ရင် ဓားက အရှိန်အဝါတွေ ဒီလို ဆက်ထုတ်နေရင် တခြားအဖွဲ့အစည်းက ကျွမ်းကျင်သူတွေကို ဆွဲဆောင်မိလိမ့်မယ်'
အစစ်အမှန် ဧကရာဇ်ဓားသည် လက်နက်များထဲတွင် အမြင့်ဆုံးအဆင့်ကို ကိုယ်စားပြုသည့် နတ်ဘုရားလက်နက် တစ်ခုဖြစ်သည်။
သူတို့ မမျှော်လင့်ဘဲ တွေ့ရှိခဲ့ပြီး ဝတ်ရုံနက်အဖွဲ့၏ အင်အားအကြီးဆုံး အဖွဲ့ကို ချက်ချင်း စုစည်းကာ လာခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူသာ ဤဓားကို ရရှိခဲ့လျှင်...
ထို့အတူ ဓားသယ်ဆောင်သူ တစ်ယောက်လောက်သာ မွေးထုတ်ပေးနိုင်လျှင် ဝတ်ရုံနက်အဖွဲ့ဟာ ဒုတိယတန်းစား အဖွဲ့အစည်းအဖြစ် သေချာပေါက် တက်လှမ်းနိုင်လိမ့်မည်။
ဤအချက်ကို တွေးမိပြီး သူ့မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။
"အားလုံး အတူတူ တိုက်ကြ ငါ သူ့ရဲ့ လှုပ်ရှားမှုလမ်းကြောင်းကို ပိတ်ဆို့ပြီး အတွင်းပိုင်းကနေ ဖိနှိပ်ထားမယ်"
ဘေးပတ်ဝန်းကျင်ရှိ ဝတ်ရုံနက်ကျွမ်းကျင်သူများသည် ချက်ချင်း လှုပ်ရှားလိုက်ကြသည်။
သူတို့လက်ထဲမှ ဓားများ ကျွတ်ထွက်လာပြီး ရူးသွပ်မတတ် မြည်ဟီးနေကြသည်။ ကြီးမားသော ဖိအားများနှင့်အတူ အရပ်မျက်နှာ အသီးသီးမှ ဝင်ရောက် ဟန့်တားလိုက်ကြ၏။
ယန်နယ်ပယ် ကျွမ်းကျင်သူက အပေါ်မှနေ၍ လှမ်းဖမ်းလိုက်သည်။
"ဆိတ်သုဉ်းခြင်း ကောင်းကင်ဓားသိုင်း"
သူသည် ဓားသိုင်းကို အသုံးပြု၍ ဧကရာဇ်ဓားကို ဖိနှိပ်လိုက်သည်။
ထိုအခိုက်အတန့်တွင်...
လူတိုင်း တုန်လှုပ်သွားကြသည်။
နတ်ဘုရားသန့်စင်ခြင်းခန်းမမှ လူများ အနောက်မှ အပြေးလိုက်လာသော်လည်း အချိန်နှောင်းသွားပြီ ဖြစ်သည်။
"သောက်ကျိုးနည်းကွာ" သူတို့ ဒေါသတကြီး ဆဲရေးလိုက်ကြသည်။
သို့သော် ထိုအချိန်မှာပင် အစစ်အမှန် ဧကရာဇ်ဓားဆီမှ တောက်ပသော အလင်းရောင်များ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။
ပတ်ဝန်းကျင် ဟင်းလင်းပြင်နှေးကွေးသွားပြီးနောက် ကွဲကြေသွား၏။ နဂါးနှင့် ဖီးနစ်ငှက်တို့ အော်မြည်သံကဲ့သို့ စူးရှပြတ်သားသော ဓားမြည်သံတစ်ခု ထွက်ပေါ်လာသည်။
ဘုန်း
နှစ်ဖက်စလုံး ချက်ချင်း တိုက်မိသွားကြပြီး ကြောက်မက်ဖွယ် စွမ်းအားများကြောင့် မြူပင်လယ်ကမ္ဘာ တစ်ခုလုံး တုန်ခါသွားသည်။
လူအများအပြား မျက်နှာပျက်သွားကြပြီး ကြောက်စရာကောင်းသော ဓားစွမ်းအင် များကြောင့် ခန္ဓာကိုယ်များ စုတ်ပြတ်သေဆုံးလုနီးပါး ဖြစ်သွားကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ရှန်းချန်ကောသည် သူ၏လက်ကို အနည်းငယ် ဖြန့်လိုက်ပြီး အထွတ်အထိပ်အင်မော်တယ်ကျမ်း ကို လှည့်ပတ်ကာ ထိုဓားစွမ်းအင်များကို ပါးနပ်စွာဖြင့် ခြေဖျက်ပစ်လိုက်သည်။(အထွတ်အထိပ်နတ်ဘုရားကျမ်းကို အင်မော်တယ်လို့ပြောင်းလိုက်ပါတယ် မှားထားလို့ အစကဒီတိုင်းရေးသွားမလို့ အခုကအင်မော်တယ်တွေပါလာလို့ပါ။)
အထက်တွင် တိုက်ပွဲအခြေအနေ အလွန်ပြင်းထန်နေသဖြင့် ဤမြင်ကွင်းကို မည်သူမျှ သတိမထားမိလိုက်ကြပေ။
ဝတ်ရုံဖြူနှင့် လူငယ်လေးတစ်ဦးသည် လက်ကို အသာအယာ ဖြန့်လိုက်ရုံဖြင့် အပေါ်မှ စီးကျလာသော ဓားစွမ်းအင်များကို လွယ်ကူစွာ ချေဖျက်လိုက်သည်ကို မည်သူမျှ မမြင်လိုက်ကြပေ။
ဘုန်း
ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
တစ်ခဏချင်းတွင် ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားသည်။
ဧကရာဇ်ဓား၏အလင်းရောင် မှေးမှိန်သွားပြီး ညည်းညူသံ ထွက်ပေါ်လာသည်။
ယန်နယ်ပယ် ကျွမ်းကျင်သူ မှာလည်း သွေးတစ်လုပ် အန်လျက် အနောက်သို့ လွင့်စင်သွားသည်။
သူ့ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါနေပြီး မျက်လုံးများပင် မှေးမှိန်သွားသည်။
နတ်ဘုရားသန့်စင်ခြင်းခန်းမမှ လူများ သက်ပြင်းချလိုက်နိုင်ကြသည်။
"နှစ်ဖက်စလုံး အထိနာသွားပြီပဲ ဟေးယိုထျန်း... ခင်ဗျားက ကိုယ့်အင်အားကိုကိုယ် ယုံကြည်မှု လွန်ကဲနေတာကိုး" သူတို့ အားရပါးရ ရယ်မောလိုက်ကြသည်။
ဤအရာက သူတို့ အမြင်ချင်ဆုံး မြင်ကွင်းပင်။
အစစ်အမှန် ဧကရာဇ်ဓားကြီး တုန်ခါပြီး ညည်းညူနေသည်။
ထိုအချိန်တွင် ရှန်းချန်ကောလည်း ပြုံးလိုက်သည်။