အနက်ရောင်ခေါင်းတလားထဲမှ အလှလေး
Vol. 20 Ch. 196
'ဒီကောင်က သိပ်စွမ်းအားကြီးလွန်းတယ်။
ယန်နယ်ပယ် ကျွမ်းကျင်သူတောင်မှ သူ့ပြိုင်ဘက် မဟုတ်ဘူးတဲ့လား'
"သောက်ကျိုးနည်းပါကွာ မင်း သေကို သေရမယ်"
ယန်နယ်ပယ် ကျွမ်းကျင်သူသည် အလွန်တရာ ဒေါသထွက်နေ၏။ သူ၏မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
ကြီးမားသော သတ်ဖြတ်ခြင်း အရှိန်အဝါများ လှိမ့်ဝင်လာပြီး ခမ်းနားသော စွမ်းအားများ ပျံ့နှံ့သွားသည်။
သူသည် ကောင်းကင်ယံတွင် ရပ်တန့်နေပြီး သူ၏ ခေါင်းထက်ရှိ ယင် နှင့် ယန် စွမ်းအားများမှာ တဝီဝီ မြည်ဟီးတုန်ခါလျက် အချင်းချင်း ပဲ့တင်ထပ်နေကြသည်။
သူ၏ရင်ဘတ်မှ သွေးများ ဒလဟော စီးကျနေသည်။ ရှန်းချန်ကော၏ ယခင်တိုက်ခိုက်မှုက အလွန်ထူးဆန်းလွန်းသည်။
စွမ်းအားအလွန်ကြီးမားသော ပေါက်ကွဲမှုကို ဖြစ်စေခဲ့သည်။ အရိပ်အယောင်မပြဘဲ တိုက်ရိုက် ပေါက်ကွဲသွားခြင်း ဖြစ်၏။
သူ ရှောင်တိမ်းချိန်ပင် မရလိုက်ဘဲ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ရသည်။
ယခုအချိန်တွင် သူ ထွက်ပြေး၍ မလွတ်နိုင်တော့ကြောင်း နားလည်လိုက်ပြီ ဖြစ်သည်။ သို့သော် သူ လက်မခံနိုင်ပေ။
အစစ်အမှန် ဧကရာဇ်ဓားကို ဒီလိုပဲ အလုခံလိုက်ရတော့မှာလား။
ဒီလိုတော့ အဖြစ်မခံနိုင်ဘူး။
ယန်နယ်ပယ် ကျွမ်းကျင်သူ၏မျက်နှာထားမှာ ပြတ်သားသွားသည်။ ရုတ်တရက် သူ၏ဦးခေါင်းထက်မှ ယင် နှင့် ယန် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး အချင်းချင်း ရောယှက်သွားကြသည်။
ထိုစွမ်းအားနှစ်ခု ပွတ်တိုက်မိတိုင်းတွင် ကြီးမားသော စွမ်းအားနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
ထိုအခိုက်အတန့်တွင် ရှန်းချန်ကော၏ မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားသည်။
သူ့ကို ကြောက်လန့်သွားစေလောက်သည့် အန္တရာယ်အငွေ့အသက်ကို သူ ခံစားလိုက်ရသည်။
"အမြန်ထွက်ပြေးတော့... ယန်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်က ယင်နဲ့ ယန် စွမ်းအားတွေကို လှုပ်ခါနိုင်နေပြီ။ အဲ့ဒီစွမ်းအားနှစ်ခု တိုက်မိရင် ယင်ရော ယန်ရော လောင်ကျွမ်းသွားလိမ့်မယ်။ အဲ့ဒီကနေ ထွက်ပေါ်လာတဲ့ ပေါက်ကွဲအားက အရမ်းကြောက်စရာကောင်းတယ်။ မင်း ယှဉ်နိုင်မယ့် အရာမဟုတ်ဘူး"
ရှန်းချန်ကော ကျောပေါ်ရှိ အနက်ရောင်အခေါင်းကြီး လှုပ်ခါသွားပြီး အသံထွက်ပေါ်လာသည်။
ရှန်းချန်ကော ရင်ထိတ်သွားသည်။
ယင်ယန်လောင်ကျွမ်းခြင်း
ဒါက သူ့အသက်စွန့်လွတ်ကာတိုက်ခိုက်ရန်ဆုံးဖြတ်ထားခြင်းပင်။
သူ ထွက်ပြေးချင်သော်လည်း အနောက်ဘက်ရှိ ယန်နယ်ပယ် ကျွမ်းကျင်သူက သူ့ကို ထွက်ပြေးခွင့်ပေးမည် မဟုတ်ပေ။
အရိပ်ခွဲထုတ်ခြင်း နယ်ပယ်၏လှုပ်ရှားခြင်းပညာသည်ပင်လျှင် ရှန်းချန်ကောကို လွတ်မြောက်စေနိုင်ခြင်း မရှိတော့ပေ။
"သေစမ်း"
ရုတ်တရက် ယင်နှင့် ယန် စွမ်းအားများသည် အလင်းတန်းအသွင် ပြောင်းသွားပြီး ပေါက်ကွဲထွက်လာသည်။
၎င်းဖြတ်သန်းသွားရာ နေရာတိုင်းရှိ ဟင်းလင်းပြင်သည် လောင်ကျွမ်းသွားပြီး ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအားများ ပါဝင်နေသည်။
ရှန်းချန်ကော မျက်လုံးပြူးသွားသည်။
သို့သော် ထိုအချိန်တွင်...
သူ့ကျောနောက်ရှိ အနက်ရောင်အခေါင်းကြီး ရုတ်တရက် တုန်ခါသွားပြီး အနက်ရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
အနက်ရောင်အခေါင်းသည် တုန်ခါရင်း ထိုတိုက်ခိုက်မှုကို ရုတ်တရက် ဝင်ရောက်ကာကွယ်လိုက်သည်။
ဘုန်း
ထိုနေရာတစ်ခုလုံး ရုတ်ခြည်း ပေါက်ကွဲသွားရာ လူတိုင်း ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။
မြူပင်လယ်ကမ္ဘာ တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်တော့မည့်အလား ခမ်းနားကြီးကျယ်သော စွမ်းအားများ လှိမ့်ဝင်လာသည်။
ဖန်ဆင်းခြင်းနယ်ပယ် နှင့် ယန်နယ်ပယ် တို့၏ ကိုယ့်ကိုယ်ကိုယ်စတေးတိုက်ခိုက်မှုသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပါဘိ။
ကမ္ဘာပျက်မည့်နေ့ ရောက်လာသကဲ့သို့ပင်။
ချင်းရွှမ် နှင့် ကျန်လူများ၏နှလုံးသားများမှာ လည်ချောင်းဝသို့ ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ထိုအချိန်တွင်
ရုတ်တရက်...
ဝုန်း
အလင်းရောင်များ ကွဲပြားသွားပြီး ကြီးမားသော ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။ ထိုနေရာသည် လူသူကင်းမဲ့သွားပြီး ဟင်းလင်းပြင်ကြီး ပေါက်ထွက်သွားသည်။
လေထုများ ယောက်ယက်ခတ်သွားပြီး အထီးကျန်ဆန်မှု၊ တိတ်ဆိတ်မှုများ ပြည့်နှက်နေသဖြင့် လူများကို တုန်လှုပ်သွားစေသည်။
ထိုအချိန်တွင် ရှန်းချန်ကော သတိလစ်သွားသည်။
ခုနက ပေါက်ကွဲမှုကြောင့် ဤနေရာရှိ ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူများ အားလုံး သေဆုံးသွားကြပြီ ဖြစ်သည်။
ယန်နယ်ပယ် ကျွမ်းကျင်သူမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားသော်လည်း ယင်ယန် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးခြင်းကြောင့် သေချာပေါက် ဒုက္ခိတဘဝ ရောက်သွားလောက်ပြီ ဖြစ်သည်။
ထိုအချိန်တွင်...
ရှန်းချန်ကော မေ့မြောသွားသည်။
သို့သော် အသက်အန္တရာယ် မရှိကြောင်း သိသာလှသည်။
ထိုနေရာတွင်...
ဖြည်းညှင်းစွာ လေပေါ်တွင် ဝဲပျံနေသော အခေါင်းတစ်ခုသာ ကျန်ရစ်တော့သည်။ အခေါင်းမှာ ကွဲအက်နေပြီဖြစ်ပြီး ၎င်းအပေါ်ရှိ ချိပ်ပိတ်အစီအရင်များသည် ရေစိမ်ခံလိုက်ရသော မင်ရည်များကဲ့သို့ ဖြစ်နေသည်။
အခေါင်းသည် လေပေါ်သို့ ပျံတက်သွားပြီးနောက် လုံးဝ အရည်ပျော်ကျသွားသည်။
ဝုန်း
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပျံ့နှံ့လာပြီး ကမ္ဘာလောကကြီးတစ်ခုလုံး လင်းထိန်သွားသယောင် ထင်ရသည်။
ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် ထိုကြောက်မက်ဖွယ် ဖိအားကို မခံနိုင်သကဲ့သို့ တုန်ခါလာသည်။
ကျောက်စိမ်းကဲ့သို့ သွယ်လျသော လက်တစ်ဖက်သည် အခေါင်း၏ဘေးဘက်ကို ဖြည်းညှင်းစွာ ဖိလိုက်ပြီး ပြိုင်ဘက်ကင်း ပုံရိပ်တစ်ခု လမ်းလျှောက်ထွက်လာသည်။
သူမ၏ဆံနွယ်ရှည်များမှာ လေအဝှေ့တွင် လွင့်ပျံနေပြီး အဝတ်အစားများမှာ အနည်းငယ် စုတ်ပြဲနေသော်လည်း သူမ၏ကျော့ရှင်းသော ကိုယ်ခန္ဓာအချိုးအစားကို ဝိုးတဝါး မြင်နေရသည်။
သူမသည် ရှေးခေတ်ကာလမှ ထွက်ပေါ်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူမ၏ ခန္ဓာကိုယ်ရှိ မွေးညင်းပေါက်တိုင်းမှ အလင်းရောင်များ ထွက်ပေါ်နေပြီး မျက်ဝန်းများမှာ ရေပြင်ကဲ့သို့ ကြည်လင်တောက်ပနေသည်။
ကမ္ဘာလောကကြီးကို အသက်ရှူမှားသွားစေလောက်အောင် လှပသော တည်ရှိမှုတစ်ခုပင်။
သူမ သက်ပြင်းချလိုက်သည်။
မဟာတာအို ကြီးပင်လျှင် ဝမ်းနည်းပူဆွေးသွားသကဲ့သို့ ဖြစ်သွားသည်။
သူမသည် မြေပြင်ပေါ်ရှိ ဝတ်စုံဖြူလူငယ်လေးကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"အနာဂတ်မှာ ငါတို့ ပြန်ဆုံကြတာပေါ့"
ဤကာလအတွင်းမှာ ရှန်းချန်ကောသည် သူမကို အံ့ဩမှုများစွာ ပေးခဲ့သည်။
ထူးဆန်းသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် လူသားတစ်ဦးပင်။
"ရှင် ဟေးရွှီနယ်မြေထဲ ဝင်လာပြီးရင် အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာကို ရှာဖွေနိုင်လောက်ပါတယ်" သူမ ပြောလိုက်ပြီးနောက် ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
အချိန်အတော်ကြာပြီးနောက်...
ရှန်းချန်ကော နိုးလာသည်။
သူ ထိုနေရာတွင် ထိုင်လိုက်သည်။
"အနက်ရောင်အခေါင်းထဲက လူက ငါ့ကို ဒီကပ်ဘေးကနေ ကာကွယ်ပေးလိုက်တာလား"
"သူမ ထွက်သွားပြီလား"
ထိုအချိန်တွင် ချင်းရွှမ်နှင့် ကျန်လူများသည် ထူးဆန်းသော မျက်နှာထားများဖြင့် လျှောက်လာကြသည်။
"အမှောင်ဧကရာဇ်... အဆင်ပြေရဲ့လား"
ရှန်းချန်ကော ခေါင်းခါလိုက်သည်။
"ငါ အဆင်ပြေပါတယ်။ စွမ်းအင်ရိုက်ခတ်မှုကြောင့် သတိလစ်သွားရုံပါပဲ"
ခုနက စွမ်းအင်ရိုက်ခတ်မှု မည်မျှ ကြောက်စရာကောင်းသည်ကို မှန်းဆ၍ပင် မရနိုင်ပေ။
ရှန်းချန်ကောပင် သတိလစ်သွားခဲ့ရသည်။ အဆိုးဆုံးမှာ အခြားသော ဖန်ဆင်းခြင်းနယ်ပယ် စွမ်းအားရှင်များ အားလုံး အရိပ်အယောင်ပင် မကျန်တော့ဘဲ သေဆုံးသွားကြခြင်း ဖြစ်သည်။
"ယန်နယ်ပယ် ကျွမ်းကျင်သူရော ဘယ်ရောက်သွားလဲ" ရှန်းချန်ကော ဖြည်းညှင်းစွာ မေးလိုက်သည်။
"သူ ထွက်ပြေးသွားပြီ။ တော်တော်လေး အခြေအနေဆိုးသွားပုံပဲ၊ သူ့အရှိန်အဝါက ၁၀ ရာခိုင်နှုန်းတောင် မကျန်တော့ဘူး။ ဒါပေမဲ့ သူ ထွက်ပြေးလွတ်မြောက်သွားတယ်။ သူ့နယ်ပယ်အဆင့် ကျဆင်းသွားလောက်တယ်လို့ ကျုပ် ထင်တယ်။ ပြီးတော့ သူက အရမ်းကို အိုစာသွားတယ်။ သိပ်အကြာကြီးတော့ အသက်ရှင်နိုင်မယ် မထင်ဘူး" ချင်းရွှမ်က ဝင်ပြောလိုက်သည်။
ယခင် ပေါက်ကွဲမှုသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ အကယ်၍သာ အမြင့်တစ်ခုတွင် ဖြစ်ပျက်ခဲ့ခြင်း မဟုတ်လျှင် မြူပင်လယ်ကမ္ဘာ၏ထက်ဝက်ကျော် ပျက်စီးသွားလောက်သည်။
သို့တိုင်အောင် မြူပင်လယ်ကမ္ဘာတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေဆဲပင်။
ရှန်းချန်ကော ခေါင်းညိတ်လိုက်သည်။ သို့သော် ထိုလူများ၏အကြည့်များ ထူးဆန်းနေသည်ကို သူ ခံစားလိုက်ရသည်။
"ခင်ဗျားတို့ ဘာဖြစ်နေကြတာလဲ"
"အမှောင်ဧကရာဇ်... ခင်ဗျား သယ်လာတဲ့ အခေါင်းထဲမှာ အဲ့လိုလူ ရှိနေလိမ့်မယ်လို့ ကျုပ် ထင်မထားခဲ့ဘူး..."
"ဘာရှိနေလို့လဲ"
"ပြိုင်ဘက်ကင်း အလှပဂေးလေးလေဗျာ" ရှိနေသူများ မနေနိုင်ဘဲ ဝင်ပြောလိုက်ကြသည်။
သူတို့ တဒင်္ဂမျှသာ မြင်လိုက်ရသော်လည်း မှင်သက်သွားခဲ့ရသည်။ ထိုအနက်ရောင်အခေါင်းထဲတွင် လူတစ်ကိုယ်လုံး အေးခဲသွားစေနိုင်လောက်အောင် လှပသော အမျိုးသမီးတစ်ဦး ရှိနေခဲ့သည်တဲ့လား။
သူတို့ လူ့လောကတွင် ဤမျှ ရင်သပ်ရှုမောဖွယ်ကောင်းသော အလှပဂေးကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။
"အမ်..." ရှန်းချန်ကော ကြောင်အမ်းသွားသည်။
ယခင်က အနက်ရောင်အခေါင်းထဲရှိ လူသည် စုန်းမအိုကြီး တစ်ယောက်ယောက်၊ သို့မဟုတ် မိန်းမလိုလို ယောက်ျားလိုလို ဖြစ်နေမည့် သတ္တဝါတစ်ကောင်ကောင် ဖြစ်မည်ဟု သူ ခန့်မှန်းခဲ့ဖူးသည်။
ဟေးရွှီနယ်မြေမှ လာသူများမှာ အလွန် ထူးဆန်းသည် မဟုတ်ပါလော။ ထို့အပြင် အနက်ရောင်အခေါင်းထဲတွင် လဲလျောင်းနေခြင်းက ရှန်းချန်ကောကို အတွေးပေါင်းစုံ ပေးစွမ်းခဲ့သည်။
သို့သော် ယခု သူတို့ပြောနေသည်က ပြိုင်ဘက်ကင်း အလှပဂေးတဲ့လား။
"အမှောင်ဧကရာဇ်မှာ ဒီလို ဝါသနာမျိုး ရှိမယ်လို့ ကျုပ် ထင်မထားခဲ့ဘူးဗျာ"
ချင်းရွှမ်နှင့် ကျန်လူများက ရှန်းချန်ကောကို ကြည့်ပြီး မခို့တရို့ ပြုံးစိစိ လုပ်နေကြသည်။
အလှပဂေးလေးကို မေ့အောင် ရိုက်ပြီး အနက်ရောင်အခေါင်းထဲ ထည့်သယ်လာတာပေါ့လေ။
သူတို့ ဒီလိုပဲ ပြောနိုင်တော့သည်။
တကယ်ကို အမှောင်ဧကရာဇ် ပီသပါပေတယ်။
ရှန်းချန်ကော သူတို့ကို မျက်စောင်းထိုးလိုက်သည်။
ယခုအချိန်တွင် ထိုအမျိုးသမီး သူ့ကို ပြန်လာမရှာဖို့သာ ဆုတောင်းရတော့မည်။
အကယ်၍ သူမက ရှန်းချန်ကောကို အလွတ်မပေးချင်ဘဲ ပြန်လာတိုက်ခိုက်လျှင် မည်သို့လုပ်မည်နည်း။
ရှန်းချန်ကောသည် သူမ၏ ပြိုင်ဘက် မဟုတ်ပေ။
ယန်နယ်ပယ်၏ယင်ယန် အပြန်အလှန် ဖျက်ဆီးခြင်း တိုက်ခိုက်မှုသည်ပင် ရှန်းချန်ကော၏ အသက်ကို နုတ်ယူလုနီးပါး ဖြစ်ခဲ့သည်။
ချုပ်နှောင်ခံထားရလျက်နှင့်ပင် ယင်ယန်လောင်ကျွမ်းခြင်းကို တောင့်ခံနိုင်သော ထိုအမျိုးသမီးအကြောင်းကိုတော့ ပြောမနေပါနှင့်တော့။
....
ဟေူရွှီနယ်မြေ... ကျယ်ပြန့်ပြီး အဆုံးအစမဲ့သော နယ်မြေတစ်ခု။
သနားစဖွယ် ပုံရိပ်တစ်ခုသည် မျက်နှာတွင် ရက်စက်ကြမ်းကြုတ်မှုများ အပြည့်ဖြင့် ရူးသွပ်မတတ် လျှောက်လှမ်းနေသည်။
"ငါ အသက်ရှင်ဖို့ သိပ်မလိုတော့ဘူး၊ ဒါပေမဲ့ သူ မသေသေးဘူး"
"သူတော်စင်ဘုရင် က အဲ့ဒီကောင်လေး ကျောပေါ်က အခေါင်းထဲမှာ ပုန်းနေတာပဲ..."
"သူတော်စင်ဘုရင် မသေသေးဘူး..."
"သူတော်စင်ဘုရင် မသေသေးဘူးဟေ့"
တစ်ခဏချင်းတွင် ကောင်းကင်နှင့် မြေကြီး တုန်ခါသွားသည်။ ဟေးရွှီနယ်မြေ တစ်ခုလုံးရှိ မရေတွက်နိုင်သော ကြောက်မက်ဖွယ်ရာ သက်ရှိများသည် မျက်လုံးများ ဖွင့်လာကြပြီး ဤနေရာသို့ သူတို့၏ ကြောက်မက်ဖွယ် အကြည့်များ ပို့လွှတ်လိုက်ကြသည်။
"စွန့်ပစ်နယ်မြေ အမှတ် ၇ မှာ ဝတ်ရုံဖြူလူငယ်လေးတစ်ယောက်က နတ်ဘုရားလက်နက်၊ အစစ်အမှန် ဧကရာဇ်ဓားကို ရသွားပြီ"
သူသည် သတင်းကို ရူးသွပ်မတတ် ဖြန့်ဝေလိုက်သည်။
ဟေးရွှီနယ်မြေကြီး စတင် လှုပ်ခါလာတော့သည်။