တိမ်တိုက်သုံးခု ရှေးဟောင်းလမ်း နှင့် အင်မော်တယ်လမ်းစဉ်
Vol. 20 Ch. 200
တိမ်တိုက်သုံးခု ရှေးဟောင်းလမ်းမကြီးသည် ကျယ်ပြန့်နက်ရှိုင်းသော အမှောင်နယ်မြေတစ်ခုတွင် တည်ရှိနေသည်။
ဤနေရာရှိ ဟင်းလင်းပြင်မှာ ကွေ့ကောက်ရှုပ်ထွေးနေပြီး ကောင်းကင်ယံအောက်တွင် တည်ရှိနေသော်လည်း ရေတွက်၍မရနိုင်သော ကြယ်တာရာများ ဝန်းရံထားသကဲ့သို့ ရှိနေခြင်းမှာ အလွန်ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်။
တိမ်တိုက်သုံးခု ရှေးဟောင်းလမ်းမဟု ခေါ်ဝေါ်ထားသော်လည်း အမှန်တကယ်တွင်မူ ရှေးဟောင်းလမ်းမကြီး နှစ်ခုကိုသာ မြင်တွေ့နေရသည်။
အကယ်၍ ရှန်းချန်ကောသည် မဟာပျက်စီးခြင်းနယ်မြေ(ဟေးရွှီနယ်မြေ) သို့ ဝင်ရောက်လိုပါက ဤလမ်းမကြီးနှစ်ခုအနက် တစ်ခုခုကို မဖြစ်မနေ ရွေးချယ်ရမည် ဖြစ်သည်။
ပထမလမ်းမကြီးသည် တောက်ပသော နတ်ဘုရားချီစွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ ၎င်းသည် ကျယ်ပြောလှသော လောကကြီးအတွင်း တစ်ခုတည်းသော တိတ်ဆိတ်ငြိမ်သက်ရာ လမ်းကြောင်းအဖြစ် ထင်မှတ်ရပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါး၏အရှိန်အဝါများ တောက်ပနေသည်။
ဤလမ်းသည် သက်ရှိများကို နတ်ဘုရားအဆင့်သို့ တိုးတက်ပြောင်းလဲစေမှုကို ကိုယ်စားပြုသည်။
ဒုတိယလမ်းမကြီးမှာမူ အလွန်ထူးဆန်းသည်။ ဝင်ပေါက်တွင် ရပ်လိုက်ရုံဖြင့် လောကအရှင်သခင် ဧကရာဇ်တစ်ပါးကဲ့သို့ လွှမ်းမိုးကြီးစိုးသော ခံစားမှုကို ပေးစွမ်းနေပြီး လူအများကို ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်သည်။
"ဟိုကောင်လေး စတော့မှာထင်တယ် သူ ဘယ်လမ်းကို ရွေးမယ်ထင်လဲ" လူအများအပြားသည် ထိုနေရာကို အာရုံစိုက်လာကြပြီး အလွန်အံ့သြနေကြသည်။
"ဒီလူငယ်လေးက ဖန်တီးခြင်းအဆင့် ကို ခုမှ ရောက်ကာစပဲ ရှိသေးတယ်... သူက အောက်ဘက်က စွန့်ပစ်နယ်မြေကနေ တက်လာတာ ဖြစ်မယ်။ ဂျူနီယာလေးပဲ ရှိပါသေးတယ်ကွာ... အလားအလာ သိပ်ရှိပုံမရပါဘူး"
အချို့လူများက ခေါင်းခါရင်း သက်ပြင်းချကာ သူ ကျော်လွှားနိုင်ခြေ နည်းပါးသည်ဟု ယူဆနေကြသည်။
အဘယ်ကြောင့်ဆိုသော် ဤလမ်းကို အောင်မြင်စွာ ဖြတ်သန်းနိုင်ပါက အထွတ်အမြတ်မင်းဆက်၏ သတိပြုမိခြင်းကို ခံရမည်ဖြစ်ပြီး ၎င်းတို့က လူလွှတ်ကာ တိုက်ရိုက် လာရောက်ခေါ်ယူကြမည် ဖြစ်သောကြောင့်ပင်။
အကယ်၍ ဤလမ်းနှစ်သွယ်ကို လျှောက်လှမ်းရန် လွယ်ကူနေပါက မဟာပျက်စီးခြင်းနယ်မြေနှင့် အထွတ်အမြတ်မင်းဆက်၏အပြင်ဘက်တွင် အဖွဲ့အစည်းပေါင်း များစွာ တည်ရှိနေစရာ အကြောင်းမရှိပေ။
ရှန်းချန်ကောသည် တိမ်တိုက်သုံးခု ရှေးဟောင်းလမ်းမရှေ့တွင် မတ်မတ်ရပ်ကာ မည်သည့်လမ်းကို ရွေးချယ်ရမည်နည်းဟု စဉ်းစားနေသည်။
မှားယွင်းမှုမရှိလျှင် ပထမလမ်းသည် နတ်ဘုရားများကို ကိုယ်စားပြုသော နတ်ဘုရားလမ်းစဉ် ဖြစ်သည်။
ဤလမ်းကို ဖြတ်သန်းနိုင်ပါက ကျင့်ကြံခြင်းအဆင့် အကြီးအကျယ် တိုးတက်လာပေလိမ့်မည်။
ဒုတိယလမ်းမှာမူ ဧကရာဇ်လမ်းစဉ်ဖြစ်နိုင်သည်။ အကယ်၍ ဖြတ်သန်းနိုင်ပါက... သူ၏ အရှိန်အဝါ ကို မြှင့်တင်နိုင်ပေလိမ့်မည်။
သူသည် နတ်ဘုရားလမ်းစဉ်ရှေ့တွင် ရပ်လိုက်သည်။
"သာမန်လူတွေအနေနဲ့ ပါရမီမရှိရင် ရှေးဟောင်းလမ်းမရဲ့ ငြင်းပယ်မှုကို အကြီးအကျယ် ခံစားရလိမ့်မယ်။ အဲဒီကျရင် လမ်းမပေါ်ကနေ တိုက်ရိုက် ကန်ထုတ်ခံရပြီး သနားစရာကောင်းတဲ့ အခြေအနေနဲ့ ပြီးဆုံးသွားနိုင်တယ်" လူအများအပြားက ရှန်းချန်ကော ကံဆိုးမည့်အရေးကို တွေးပြီး ကြိတ်ပျော်နေကြသည်။
သူတို့အမြင်တွင် ရှန်းချန်ကော၌ အခွင့်အရေး ကောင်းကောင်း မရှိပေ။
သို့သော် ထိုခဏ၌...
ဝတ်စုံဖြူနှင့် လူငယ်သည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
ဤခြေလှမ်းသည်...
တွေဝေခြင်း အလျဉ်းမရှိဘဲ ရှေးဟောင်းလမ်းမပေါ်သို့ တိုက်ရိုက် ဝင်ရောက်သွားခြင်း ဖြစ်သည်။
ရှေးဟောင်းလမ်းမကြီးသည် တုန်ခါသွားပြီး ဧရာမနဂါးကြီးတစ်ကောင် နိုးထလာသကဲ့သို့ ကျယ်လောင်သော အသံနှင့်အတူ လင်းလက်လာသည်။
ဒါက...
'နတ်ဘုရားလမ်းစဉ်က ဒီလူငယ်ကို အသိအမှတ်ပြုလိုက်ပြီ ဆိုတဲ့ သဘောပဲ'
'ဒါက သိပ်ကို ချဲ့ကားလွန်းရာ ကျမနေဘူးလား'
'ဒီလောက် လွယ်လွယ်လေးနဲ့ အသိအမှတ် ပြုလိုက်တာလား'
လူအများအပြား မျက်လုံးပြူးသွားကြသည်။
သို့သော် ထိုအချိန်တွင် ဝတ်စုံဖြူနှင့် လူငယ်သည် ရုတ်တရက် ခြေလှမ်းကို ပြန်ရုပ်လိုက်ပြီး ခေါင်းခါလိုက်သည်။
"အနှစ်သာရကင်းမဲ့နေသလို ခံစားရတယ်။"
ထို့နောက် သူသည် ဧကရာဇ်လမ်းစဉ်ဘက်သို့ ရောက်ရှိသွားသည်။
ရုတ်တရက်...
ကြီးမားသော စွမ်းအားတစ်ခု ရှန်းချန်ကော၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။
မြူခိုးသမုဒ္ဒရာ၏အမှောင်ဧကရာဇ်၊ အနက်ရောင် ကျောက်တိုင် ပျက်သုဉ်းခြင်းနယ်မြေ၏ဘုရင်တစ်ပါးအနေဖြင့် သူသည် သမိုင်းဝင် မှတ်တမ်းပေါင်းများစွာကို ချိုးဖျက်ခဲ့ပြီး ရှေးဟောင်းနတ်ဘုရားများ၏အမှန်တရားကို နားလည်သဘောပေါက်ထားသူ ဖြစ်သည်။
သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအားတစ်ခု ရှိနှင့်ပြီးသား ဖြစ်သည်။
မာနကြီးကာ ဘယ်သူမှ မယှဉ်နိုင်သော စွမ်းအား...
ဤသည်ကား သူ၏အရှိန်အဝါ ပင် ဖြစ်သည်။
ဧကရာဇ်လမ်းစဉ်မှ အငွေ့အသက်များ ထွက်ပေါ်လာသည်။
လူတိုင်းမြင်လိုက်ရသည့် မြင်ကွင်းမှာ အတူတူပင် ဖြစ်သည်။
လက်ခံလိုက်ပြန်ပြီ
ရှေးဟောင်းလမ်းမ နှစ်ခုစလုံးက ဒီဝတ်စုံဖြူ လူငယ်ကို အသိအမှတ်ပြုလိုက်ကြပြီ
ဒါ ဘယ်လို မွန်းစတားကောင်မျိုးလဲ
"ဟွန်း... အသိအမှတ်ပြုခံရတာက တစ်ကဏ္ဍ၊ ဖြတ်သန်းနိုင်မလား ဆိုတာက နောက်တစ်ကဏ္ဍပဲ"
အချို့လူများက မကျေမနပ်ဖြစ်ကာ မနာလိုဝန်တိုမှုများ ဖြစ်ပေါ်လာကြသည်။
ရှန်းချန်ကော သက်ပြင်းချလိုက်သည်။
သူ နောက်သို့ ပြန်ဆုတ်လိုက်ပြန်သည်။
"ဟေ သူ ပြန်ဆုတ်လိုက်ပြန်ပြီ သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
ဝတ်စုံဖြူ လူငယ် ဘာလုပ်ချင်နေမှန်း လူအများ နားမလည်နိုင် ဖြစ်နေကြသည်။
လမ်းပေါ် တက်ပြီးမှ ဘာလို့ ပြန်ဆုတ်ရတာလဲ
"ငါ့စိတ်ထဲမှာ ဒီနေရာက သိပ်ထူးဆန်းတယ်လို့ ခံစားနေရတယ်။ ဟင်းလင်းပြင်ထဲမှာ ပြောပြလို့မရတဲ့ တုန်ခါမှုတစ်ခု ရှိနေတယ်။ အဲဒီတုန်ခါမှုက ငါ့ကို ဆွဲဆောင်နေသလိုပဲ... ငါ့ကို အဆက်မပြတ် ဆွဲခေါ်နေသလိုပဲ..."
" အထွတ်အထိပ် အင်မော်တယ် နည်းစနစ် က တစ်ခုခုကို အာရုံခံမိနေပြီ။"
ရှန်းချန်ကော၏မျက်ခုံးနှစ်ခုကြားမှ မျက်လုံး ရုတ်တရက် ပွင့်ဟလာသည်။
ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်!
ဖော်ပြ၍မရနိုင်သော လှိုင်းဂယက်တစ်ခု ဟင်းလင်းပြင်ထဲတွင် ပေါ်ပေါက်လာသည်။
"ဒီနေရာမှာ တစ်ခုရှိနေသေးတယ်..."
"တတိယရွေးချယ်မှုပဲ"
ဘုန်း
ရှန်းချန်ကော၏မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။
တိမ်တိုက်သုံးခု ရှေးဟောင်းလမ်းမဆိုမှတော့ လမ်းသုံးလမ်း ရှိရပေမည်။ သို့မဟုတ်ပါက ဤနာမည် ခေါ်ဝေါ်စရာ အကြောင်းမရှိပေ။
ရှန်းချန်ကော၏မျက်ခုံးကြားမှ နေရာသည် တုန်ခါမြည်ဟီးနေပြီး ထူးဆန်းသော အလင်းရောင်များ သယ်ဆောင်လာသည်။
ရေကန်ထဲသို့ ဧရာမကျောက်တုံးကြီး ပစ်ချလိုက်သကဲ့သို့ ဟင်းလင်းပြင်တွင် ဂယက်များ ထလာတော့သည်။
ဝုန်း
ဟင်းလင်းပြင် တုန်ခါသွားသည်။
မြေပြင်အောက်မှ ရုန်းထွက်လာသော နဂါးကြီးတစ်ကောင်ကဲ့သို့ ဟင်းလင်းပြင်ထဲမှနေ၍ လမ်းမတစ်ခု တိုက်ရိုက် ပွင့်ဟလာသည်။
အလွန်တရာ ထူးဆန်းလှပြီး ကြောက်မက်ဖွယ်ကောင်းလိုက်သည့် အရှိန်အဝါပင်။
ကောင်းကင်နှင့်မြေပြင် တုန်ခါသွားပြီး ကောင်းကင်ဘုံ အလင်းရောင်များ နေရာအနှံ့ လွှမ်းခြုံသွားသည်။
လူတိုင်း၏မျက်လုံးများ ပြူးကျယ်သွားပြီး ဘာမှမရှိသောနေရာမှ ရုတ်တရက် ပေါ်လာသည့် လမ်းမကိုကြည့်ကာ မျက်နှာများ ဖြူလျော့ကုန်ကြပြီး မယုံကြည်နိုင် ဖြစ်နေကြသည်။
"တ... တတိယ ရွေးချယ်မှု"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒဏ္ဍာရီတွေက အမှန်တရား ဖြစ်နေတာလား"
"အင်မော်တယ်လမ်းစဉ် တတိယမြောက် အင်မော်တယ်လမ်းမကြီးပဲ ဒီလမ်းက နှစ်ပေါင်းမရေမတွက်နိုင်အောင် ပုန်းကွယ်နေခဲ့တာ... ဘယ်လို ရွေးချယ်ခံရသူမျိုးမှ မဖွင့်နိုင်ခဲ့ဘူး ဒါက တိမ်တိုက်သုံးခု ရှေးဟောင်းလမ်းမရဲ့ စစ်မှန်တဲ့ အနှစ်သာရပဲ" သူတို့အားလုံး တုန်လှုပ်ချောက်ချားနေကြပြီး မျက်လုံးထဲတွင် အံ့သြမှုများ ပြည့်နှက်နေသည်။
ကောင်းကင်နှင့်မြေပြင် လှုပ်ယမ်းသွားခဲ့သည်။
မဟာပျက်စီးခြင်းနယ်မြေ၏အပြင်ဘက်တွင် မရေမတွက်နိုင်သော အင်အားစုများ ပျံသန်းထွက်ခွာလာကြပြီး တစ်ဦးစီတိုင်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် ရူးသွပ်မှုများ ပေါ်လွင်နေသည်။
"တတိယ ရှေးဟောင်းလမ်းမကြီး ဒါက အင်မော်တယ်လမ်းစဉ်ပဲ... တက်လှမ်းနိုင်ရင် ကောင်းကင်ဘုံသို့ ရောက်ရှိနိုင်တယ်"
တစ်စုံတစ်ယောက်က မိန်းမောတွေဝေစွာ ပြောလိုက်သည်။
ဘုန်း
ထိုလမ်းမကြီးသည် လူပေါင်းများစွာအတွက် ကြီးမားသော ဆွဲဆောင်မှုတစ်ခု ဖြစ်ပေါ်စေပြီး စိတ်လွတ်သွားလုမတတ် ဖြစ်စေသည်။
မဟာပျက်စီးခြင်းနယ်မြေမှ လူများ၏ထူးခြားချက်မှာ သူတို့အားလုံးသည် ကောင်းကင်ဘုံသို့ တက်လှမ်းရန်နှင့် သာမန်ဘဝမှ ကျော်လွန်ရန် အခွင့်အရေးကို ရှာဖွေနေကြခြင်း ဖြစ်သည်။
ဖန်တီးခြင်းနယ်ပယ်၊ ယင်နယ်ပယ်၊ ယန်နယ်ပယ်၊ ဖန်ဆင်းခြင်း၊ထို့နောက် အဆုံးစွန် ဖန်ဆင်းခြင်းနယ်ပယ်
မဟာပျက်စီးခြင်းနယ်မြေတွင် နောက်ထပ်အမည်တစ်ခုလည်း ရှိသေးသည်။
၎င်းမှာ ဖန်ဆင်းခြင်းနယ်မြေ ပင် ဖြစ်သည်။
လူတိုင်းသည် ကောင်းချီးပေးခံရသော နယ်ပယ်မှ ကျွမ်းကျင်သူကို ရှာဖွေစုဆောင်းနေကြသည်။
ဖန်ဆင်းခြင်းနယ်ပယ်၏နောက်တွင် နောက်ထပ်ကမ္ဘာတစ်ခု ရှိသေးသည်။
လူတိုင်းက ၎င်းကို သာမန်ဘဝမှ ကျော်လွန်ခြင်း နှင့် ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း ဟု ခေါ်ဆိုကြသည်။
၎င်းသည် လုံးဝအသစ်ဖြစ်သော နယ်ပယ်တစ်ခုဟု ဆိုကြသည်။
ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ကောင်းကင်ဘုံသို့ ရောက်ရှိပေလိမ့်မည်။
တိမ်တိုက်သုံးခု ရှေးဟောင်းလမ်းမကြီးသည် ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အင်မော်တယ်လမ်းစဉ် အမှန်တကယ် ပေါ်လာချေပြီ။
မရေမတွက်နိုင်သော လူများ အလုအယက် သွားရောက်နေကြသည်။
၎င်းတို့အထဲတွင် ယန်နယ်ပယ် ကျွမ်းကျင်သူအချို့ပင် ပါဝင်သည်။
"ဟေ့ကောင်လေး အခြေအနေကို နားလည်ရင် နောက်ဆုတ်လိုက်စမ်း"
တစ်စုံတစ်ယောက်က ရှန်းချန်ကောကို ရန်လိုစွာ ပြောလိုက်သည်။ ရှန်းချန်ကောသည် လက်ကာပြလိုက်ပြီး နောက်သို့ တစ်လှမ်းဆုတ်ပေးလိုက်သည်။
ထိုလူများသည် သူများထက်နောက်ကျကျန်ရစ်မည်ကို စိုးရိမ်နေကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကျွမ်းကျင်သူများသည် ပျားအုံမှ ပျားများကဲ့သို့ ပြည့်ကျပ်သွားသည်။
သို့သော် သူတို့ အင်မော်တယ်လမ်းစဉ်ဆီသို့ အတင်းတိုးဝင်နေကြစဉ်မှာပင်။
ရုတ်တရက်
လူတိုင်း၏မျက်နှာအမူအရာများ အကြီးအကျယ် ပြောင်းလဲသွားသည်။
မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။
ဘုန်း
ဘုန်း
သူတို့ ရှေးဟောင်းလမ်းမနားသို့ ကပ်သွားသည်နှင့်ရှေးဟောင်းလမ်းမကြီးပေါ်တွင် ငလျင်လှုပ်ခတ်သွားသကဲ့သို့ ဖြစ်ပေါ်လာပြီး အလုအယက် တိုးဝင်သွားသော ပုံရိပ်များသည် တောင်ကိုဝင်တိုက်သော ယင်ကောင်များပမာ လေထဲတွင်ပင် ပေါက်ကွဲသွားကြတော့သည်။
သူတို့အားလုံး သွေးမြူတိမ်တိုက်များအဖြစ် ပြောင်းလဲသွားကြသည်။
"ဒါ ဒါ မဖြစ်နိုင်ဘူး"
"ကြောက်စရာကောင်းလိုက်တဲ့ ခံစားချက်ပဲ အင်မော်တယ်လမ်းမကြီးက ကြောက်မက်ဖွယ် သတ္တဝါကြီးတစ်ကောင်လို သူ့ရဲ့မျက်လုံးတွေဖွင့်ပြီး ငါ့ကို စိုက်ကြည့်နေသလိုပဲ"
တစ်စုံတစ်ယောက်သည် ထိုထိတ်လန့်ဖွယ် စကားကို ပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး လေထဲတွင်ပင် ပေါက်ကွဲထွက်သွားတော့သည်။
အကယ်၍ ငြင်းပယ်ခံရလျှင်ပင် နတ်ဘုရားလမ်းစဉ်နှင့် ဧကရာဇ်လမ်းစဉ်တို့ကဲ့သို့ အပြင်ဘက်သို့ ကန်ထုတ်ခံရရုံသာ ဖြစ်မည်ဟု လူတိုင်း တွေးထင်ထားခဲ့ကြသည်။
ထို့ကြောင့် သူတို့သည် ဝင်ရောက်နိုင်ခဲ့လျှင် ရလာမည့် အကျိုးကျေးဇူးကို မျှော်ကိုးပြီး အင်မော်တယ်လမ်းစဉ်ထဲသို့ အလုအယက် ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ဤကဲ့သို့ ဖြစ်လာမည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
အင်မော်တယ်လမ်းစဉ်ပေါ်တွင် အကယ်၍ ငြင်းပယ်ခံရပါက သွေးမြူအဖြစ် ပေါက်ကွဲသွားရမည် ဖြစ်သည်။
ဤအရာက ရက်စက်လွန်းရာ ကျနေ၏။
ဤအင်မော်တယ်လမ်းမကြီးသည်...
မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးများဖြင့် ဖုံးလွှမ်းသွားပြီး လှပသော သွေးရောင်ပန်းပွင့်များစွာ ပွင့်လန်းလာသကဲ့သို့ ဖြစ်သွားသည်။
သွေးနံ့များ လှိုင်နေပြီး မြင်ရသူအပေါင်းကို ကြက်သီးထစေသည်။
လောကတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
စာစဉ်၂၀ပြီး#