← Chapters

ခင်ဗျား ဘာလို့ ကြောက်နေတာလဲ

Vol. 81-85 Ch. 1274

ခင်ဗျား ဘာလို့ ကြောက်နေတာလဲ

Vol. 81-85 Ch. 1274

ထိုဝေဖန်သံ ထွက်လာသည်နှင့် လူတိုင်း၏ အမူအရာက လေးကန် ထိုင်းမှိုင်းသွားသည်။ လီတောက်ချန်၏ နည်းလမ်းက မှော်ဆန်ရုံသာမက နတ်ဘုရား လမ်းစဉ်ဟု သူတို့အားလုံး ခံစားမိသော်လည်း ဤအဘိုးအိုက အဘယ်ကြောင့် မစင်လောက်တောင် မရှိဘူးဟု ပြောရသနည်း။

ထိုစကားကိုကြားသော် လီတောက်ချန်လည်း ထိတ်လန့်သွားပြီး ထိုအဘိုးအိုအား နီရဲနေသော မျက်နှာထားနှင့် ရန်လိုသော အပြုအမူတို့ဖြင့် ကြည့်လာသည်။

“အမှန်ပဲ၊ အဘိုးဝူရဲ့ ရှေ့မှာ ဒီလူတွေအားလုံးက တိရစ္ဆာန်အဆင့်လောက်ပဲ ရှိတာ၊ သူတို့က ထုတ်ပြောဖို့ မထိုက်တန်ဘူး”

ကျန်းကျန့်လုံက အပြုံးကြီးပြုံး၍ မျက်နှာလုပ်ကာ ပြောဆိုလေသည်။ သူ့အရှေ့မှ အဘိုးအိုအား သူ မဆိုထားနှင့် သူ၏ အဘိုးဖြစ်သူပင် မသေခင်က မျက်နှာချိုသွေးကာ ဆက်ဆံရသူ ဖြစ်လေသည်။

ထိုအခိုက်တွင် ကျန်းကျန့်လုံ၏ စကားက ဤနေရာ၌ ရှိနေသော ရတနာတန်ဖိုး အကဲဖြတ်သူများအားလုံးကို စော်ကားလိုက်သလို ဖြစ်သွားပြီး ဘေးနားမှ ရတနာတန်ဖိုး အကဲဖြတ်သူများအားလုံး မျက်နှာနီမြန်းသူက နီမြန်းပြီး အချို့က မျက်နှာပြာနှမ်းသွားကြသည်။

သို့သော် ကျန်းကျန့်လုံက အားလုံးကို အရေးမစိုက်ဘဲ စိတ်မရှည်စွာ ပြောလိုက်သည်။

“ကြည့်မနေနဲ့တော့၊ ခင်ဗျား ဘာမြင်လို့လဲ၊ မမြင်ရရင်လည်း လမ်းဖယ်ပေးတော့၊ နောက်လူတစ်ယောက်ကို လာကြည့်ခိုင်းလိုက်”

လီတောက်ချန်သည် အမြဲတစေ သက်ရှိဘုရားလောင်းသဖွယ် လေးစားခြင်း ခံရသူ ဖြစ်လေသည်။ သူသည် သွေးအန်မတတ် ဒေါသထွက်သွားပြီး အချိန်အတော်ကြာမှ မလိုလားဟန်ဖြင့် ခနဲ့သံ ပေးလိုက်သည်။

“ဒီမှာ မှော်စက်ဝန်း ရှိတာကို ငါ မြင်ရတယ်၊ ဒါပေမဲ့ ဘာမှော်စက်ဝန်းလဲဆိုတာကို ငါ မပြောတတ်ဘူး”

“ဟမ့် … ဒါဆိုလည်း ခင်ဗျား ဘာလို့ အရေးမပါတာတွေ ပြောနေသေးလဲ”

ဝူရှင်းထျန်းက လှောင်ရယ်လိုက်ပြီး သူ့မျက်လုံး၌ အထင်သေးဟန်များက ပိုမို ပီပြင်လာ၏။ လီတောက်ချန်၏ မျက်နှာ တစ်ပြင်လုံးနှင့် နားရွက်များပါ နီရဲသွားလေသည်။ သူ၏ အရည်အချင်းက အခြားသူထက် နိမ့်ကျနေ၏။

“မင်းက ဒီလောက် အံ့ဩစရာကောင်းနေရင် ဒီထဲမှာ ဘာရှိလဲ ပြောလိုက်ပါလား”

အခြား ရတနာ အကဲဖြတ်သူများ ချက်ချင်း ဒေါသထွက်သွားသည်။ လီတောက်ချန်သည် သူတို့၏ နယ်ပယ်တွင် ထူးချွန်အဆင့်ရှိသူဟု သတ်မှတ်နိုင်ပေသည်။ သူတို့အားလုံးကို အထင်သေးသလို စော်ကားလိုက်သဖြင့် ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။

“အခုထိ မင်းတို့က လက်မခံချင်သေးဘူးလား၊ ကောင်းပြီလေ ရှုကျိုးက လူအိုကြီးတွေကို တကယ့် ရတနာ အကဲဖြတ်သူ အစစ်ကာ ဘာလဲဆိုတာ သိအောင် ပြရသေးတာပေါ့၊ တကယ့် ကောင်းကင်မျက်လုံးကို ပြပေးမယ်”

ဝူရှင်းထျန်းက အေးစက်စက် လှောင်ရယ်လိုက်သည်။ လေသံက ပုံမှန်မဟုတ်ချေ။ ဤသည်က ရတနာ တန်ဖိုးဖြတ် သူများအားလုံးကို ပေါ်တင် ချိုးဖဲ့လိုက်ခြင်း ဖြစ်သဖြင့် ဒေါသထွက်သွားကြလေသည်။

“အဘိုးဝူ လှုပ်ရှားပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်”

ကျန်းကျန့်လုံက အလျင်အမြန် လက်သီးနှစ်ဖက်ဆုပ်၍ အတတ်နိုင်ဆုံး လေးစားပုံ ပေါ်အောင် ပြုမူလေသည်။ တော်ဝင်မြို့တော်မှ ဝူရှင်းထျန်းကို သူ ဖိတ်ခေါ်ရကြိုး နပ်ပေ၏။ ဤအဘိုးအို၌ တကယ်ပင် အရည်အချင်း ရှိပေသည်။

ဝူရှင်းထျန်းကက ခေါင်းအသာညိတ်၍ အသာ ထရပ်ကာ ယန်ပုတီးလုံးဆီ မာန်ဝင့်၍ လျှောက်သွားလေသည်။ ထို့နောက် လက်နှစ်ချောင်းကို လိမ်၍ မှော်အစွမ်းကိုထုတ်ဖော်လိုက်သဖြင့် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ် လာသည်။

ဝူရှင်းထျန်း၏ မျက်လုံးများက အရောင်စုံ ဖြစ်လာပြီး နဂါးအသွင် စိတ်ဝိညာဉ် ချီစွမ်းအင်များက သူ့ခန္ဓာကိုယ်ပေါ်၌ စုစည်း ဖြစ်ပေါ်လာသည်ကို အခြားသူများအားလုံး အလန့်တကြား တွေ့မြင်လိုက်ရသည်။ နတ်ဘုရားတစ်ပါး ဝင်ပူးလာသလိုပင်။

“ဒါ … ဒါက”

ကျန်းယန်ဟယ်နှင့် အခြားသူများ ချက်ချင်း မှင်တက်သွားပြီး အဘိုးအိုအား မယုံနိုင်ဟန်ဖြင့် ကြည့်နေကြသည်။ အားလုံး၏ မျက်နှာတွင် ကြောက်စိတ်နှင့် မယုံနိုင်ဟန်များ ပြည့်နှက်နေ၏။

“ဒါ တာအိုလမ်းစဉ်လား”

“အရောင်စုံ မျက်လုံး နဂါးအသွင် ချီစွမ်းအင်က ခန္ဓာကိုယ်ကို ဖုံးအုပ်နေတယ်၊ သူက နဂါးသခင်ရဲ့ မျိုးဆက်လား”

လီတောက်ချန် ထိတ်လန့်သွားပြီး အော်ဟစ်လိုက်မိသည်။

*ဘာ၊ နဂါးသခင်လား*

ဘေးလူများအားလုံး ဆူဆူညံညံ ဖြစ်သွားလေသည်။ အတိတ်အခါက အင်ပါယာတွင်း၌ နဂါးသခင်ဟု ကျော်ကြားသော လူအိုကြီးတစ်ယောက် ရှိခဲ့သည်။ သူသည် ရွှေကြောများကို ခွဲခြားခြင်း၊ နဂါးများ ရှာဖွေခြင်းနှင့် လောကရှိ ရတနာများအားလုံးကို လက်တစ်ဖက်ဖြင့် ကိုင်ကြည့်ရုံနှင့် သိမြင်နိုင်လေသည်။

ထိုနဂါးသခင်၌ အရောင်ငါးရောင်ပါသော မျက်လုံးရှိပြီး နဂါးချီစွမ်းအင် ရှိလေသည်။ ထိုစကားကို ကြားသော် ဝူရှင်းထျန်း၏ မာန်တက်နေသော မျက်နှာက ပိုပီပြင်လာပြီး မာန်နှင့် အော်လိုက်သည်။

“ပွင့်စေ”

သူ့ကိုယ်ပေါ်မှ နဂါးချီစွမ်းအင်က တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ယန်ပုတီးလုံးကို ရစ်ပတ်သွားသည်။ နဂါးအော်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ယန်ပုတီးလုံးမှ အလင်းရောင်များ ဖြာထွက်လာ၏။

ထောင်ချီသော အလင်းတန်းများ ကောင်းကင်ယံသို့ ထိုးခွင်းမတတ် ထွက်ပေါ်လာလေသည်။ ထူးခြားသော ရှေးဟောင်း အစီအရင်တစ်ခုက လူတိုင်း၏ မျက်စိရှေ့သို့ ထွက်ပေါ်လာသည်။

“ဒါက တကယ်ပဲ မှော်စက်ဝန်းပဲ”

ကျန်းယန်ဟယ်၏ မျက်လုံးများ အရောင်တောက်လာပြီး အလွန် မနာလို ဖြစ်သွားသည်။

“ဒီအရှိန်အဝါမျိုးက တိုက်လည်းတိုက်နိုင်၊ ခုလည်းခုခံနိုင်တဲ့ ကာကွယ်ရေး အစီအရင်မျိုးပဲ ဖြစ်လိမ့်မယ်၊ ဒီယန်   ပုတီးလုံးက အကောင်းဆုံးပဲ”

လီတောက်ချန် မလေးစားဘဲ မနေနိုင်သလို အသံပင် တုန်နေသည်။ လူတိုင်း၏ မျက်နှာတွင် စိတ်လှုပ်ရှားဟန်များ ပေါ်လွင်နေပြီး ယန်ပုတီးလုံးအား မျက်တောင်မခတ်တမ်း ကြည့်နေ၏။

ဤသည်ကိုမြင်သော် ဝူရှင်းထျန်းက သရော်လိုက်ပြီး မျက်လုံး၌ လှောင်ရိပ်များ ပေါ်လာသည်။

“ဒါ ငါနဲ့ မင်းတို့ကြားက ကွာခြားမှုပဲ၊ မင်းတို့ လက်ခံပြီလား”

“ဟားဟားဟား အဘိုးဝူက တကယ် အံ့ဩစရာပဲ၊ ခင်ဗျားတို့ အခု တကယ့် ဆရာသခင်ကို မြင်လိုက်ရပြီ မဟုတ်လား”

ကျန်းကျန့်လုံသည်လည်း အလွန်အမင်း ဂုဏ်ယူနေ၏။

“ငါ လက်ခံပြီ”

လီတောက်ချန် သက်ပြင်းချလိုက်သည်။ တစ်ဖက်လူ၏ လုပ်ဆောင်နိုင်စွမ်းက တကယ်ပင် သူ့ထက် မြင့်မားနေပြီး တာအိုလမ်းစဉ်၌ သူ့ထပ် ပိုသန်မာကြောင်း ပြသနေသည်။

ထို့နောက် လီတောက်ချန်သည် ဝူရှင်းထျန်းအား လက်သီးနှစ်ဖက်ဆုပ်ကာ အရိုအသေ ပေးလိုက်သည်။

“ကျုပ်ဘဝမှာ ခင်ဗျားလိုလူမျိုးနဲ့ ဆုံရလိမ့်မယ်လို့ ထင်မထားမိဘူး၊ ကျုပ် တကယ်ကို သုံးဘဝတိတိ ကံကောင်း သွားပြီပဲ”

“ငါ့လိုလူမျိုးနဲ့ မင်း ဆုံတာက တကယ်ကို သုံးဘဝတိတိ ကျင့်ကြံအားထုတ်နိုင်သလို ကံကောင်းတာပဲလေ၊ မင်း ဂုဏ်ယူသင့်တယ်”

ဝူရှင်းထျန်း အလွန် ဂုဏ်ယူနေပြီး ခေါင်းကိုမော့ထားသည်။ ဤသည်ကိုကြည့်ပြီး အခြားသူများအားလုံး မချိပြုံးသာ ပြုံးလိုက်နိုင်သည်။ တစ်ဖက်လူသည် အလွန် မောက်မာသော်လည်း ထိုသို့ လုပ်နိုင်သည့် အစွမ်းအစ ရှိနေလေသည်။

သူတို့၏ အရည်အချင်းက တစ်ဖက်လူလောက် မကောင်းသဖြင့် တစ်ဖက်က မည်မျှ လှောင်ပြောင်လာပါစေ သူတို့ သည်းခံရုံသာ တတ်နိုင်တော့သည်။

ဤသည်ကိုကြည့်ပြီး စွန်းရွင်တုံလည်း မျက်နှာ မကောင်းပေ။ ရန်သူတော်က နဂါးသခင်၏ မျိုးဆက်ကို ဖိတ်ခေါ်လာသလို ရတနာကောင်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။ တစ်ဖက်လူရှေ့၌ သူ မည်သို့ နေရမလဲ မသိတော့ချေ။

“ဟေ့ကောင် မင်း ဘာလို့ ဘာမှမပြောတော့တာလဲ၊ မင်း ကြောက်နေတာလား”

ကျန်းကျန့်လုံသည် အမှားလိုက်ရှာသလို အခန်းကို ဝေ့ကြည့်လာပြီးနောက် ယဲ့ဖန်အား သရော်သော အမူအရာဖြင့် ကြည့်လေသည်။

“မင်းဘဝမှာ မှော်လက်နက်ကို တစ်ခါမှ မမြင်ဖူးဘူးလား၊ အဲ့ဒါကြောင့် ကြောက်ပြီး စကားမပြောနိုင်တာလား၊ ဟားဟားဟား … ဒီအဆင့်လောက်လေးနဲ့ မင်းက ဒီကို လာရဲသေးတာလား၊ မင်းရဲ့ ခွေးလိုမျက်လုံးကိုသာ ဖောက်ထုတ် လိုက်စမ်းပါ”

ထိုစကားကိုကြားသော် ဘယ်သူမှ ယဲ့ဖန်အတွက် ဝင်မပြောပေးဘဲ အထင်သေးသော အကြည့်များဖြင့် ကြည့်လာ ကြသည်။

ယဲ့ဖန်သည် ရတနာ အကဲဖြတ်သူ ဖြစ်ရန် အလွန် ငယ်ရွယ်လွန်းနေသည်။ သူက ရတနာ အကဲဖြတ်သူ ဖြစ်နေလျင်တောင်မှ ဤအသက်အရွယ်လေးနှင့် အတွေ့အကြုံနှင့် နည်းလမ်းများ ဘယ်လောက် ရှိမည်နည်း။ ထို့ကြောင့် သူ့ကို အထင်သေးသည်က သဘာဝပင်။

ယနေ့ ဤနေရာ၌ ရှုကျိုးတစ်ခုလုံးမှာ အထူးချွန်ဆုံး ရတနာ အကဲဖြတ်သူများ စုဝေးရောက်ရှိနေကြသည်။ ဘယ်က လာမှန်းမသိသော အမှိုက်ကောင်ဖြစ်သည့် ယဲ့ဖန်၌ မည်သည့် အခွင့်အရေးရှိ၍ ဤနေရာ၌ နေနေရသနည်း။

ကျန်းကျန့်လုံက တမင်သက်သက် ပစ်မှတ်ထားနေမှန်း လူတိုင်း သိသော်လည်း မတားကြချေ။ အကြောင်းမှာမူ သူတို့ ယဲ့ဖန်ကို မနေစေလို၍ပင်။ ဤသို့သော လူမျိုးနှင့် ခန်းမတစ်ခုတည်း၌ ထိုင်နေရသည်က သူတို့ကို လှောင်သလို ဖြစ်သည်ဟု ခံစားနေကြသည်။

“ရှောင်စွန်း မင်းမိတ်ဆွေကို မောင်းထုတ်လိုက်ပါ၊ သူ့မှာ ဒီမှာ လာနေဖို့ တကယ် အရည်အချင်း မရှိဘူး”

ကျန်းယန်ဟယ်က ယဲ့ဖန်ကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။

“ငထုံတွေ လူကြီးမင်းယဲ့ရဲ့ နောက်ခံကို မင်းတို့လို ပုရွက်ဆိတ်ကောင်တွေက သိလို့လား”

စွန်းရွင်တုံ ရုတ်တရက် အမြီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်သဖွယ် ဒေါသထွက်လာပြီး မျက်နှာ တစ်ပြင်လုံး စွေးစွေးနီလာ၏။

“ကျစ် ကျစ် ကျစ်၊ မင်း ပြောပုံအရဆို မင်းရဲ့ မြင့်မြတ်လှတဲ့ လူကြီးမင်းယဲ့က ဘာလုပ်နိုင်လို့လဲ”

“ဒီလိုဆိုလည်း သူ့ကိုပါ ယန်ပုတီးလုံးကို ခွဲခြမ်းခိုင်းလိုက်လေ၊ ငါတို့ မသိတဲ့တစ်စုံတစ်ခုကို သူ မြင်နိုင်ရင် ငါ သူ့ကို သီးသန့် ယွမ်တစ်သိန်း ပေးမယ် ဘယ်လိုလဲ”

“မလုပ်နဲ့”

ကျန်းကျန့်လုံက ထိုသို့ပြောသောအခါ လီတောက်ချန်နှင့် အခြားသူများက ချက်ချင်း ငြင်းဆန်လေသည်။ အထူးသဖြင့် လီတောက်ချန်က အထင်သေးသော မျက်နှာပေးနှင့် ပြောလာသည်။

“ကျန်းကျန့်လုံ မင်း ပိုက်ဆံဖြုန်းနေတာပဲ၊ ဒီလိုရတနာမျိုးကို ဘယ်လိုလုပ် ကြောင်တွေခွေးတွေကို ခွဲခြမ်းခွင့် ပေးနိုင်မှာလဲ၊ သူက ပျက်စီးအောင်ပဲ လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ”

“ဒါ ရှားပါးရတနာကို ဘာကိုမှ နားမလည်တဲ့ မနူးမနပ် ကောင်လေးကို လေ့လာခွင့် ပေးမလို့လား၊ ဟာပဲ”

“ဟုတ်တယ် ငါ ဘယ်တော့မှ အဲ့လိုလုပ်ခွင့် မပေးနိုင်ဘူး၊ မင်း ရတနာကို ပျက်စီးစေချင်တာလား”

လက်ရှိတွင် ထိုရတနာ အကဲဖြတ်သူများက ယဲ့ဖန်ကို အထင်သေးစွာ ပြောလာကြသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန်က ဤနေရာ၌ သူတို့နှင့်အတူ အသက်ရှူနေရန်ပင် မထိုက်တန်ဟု မှတ်ယူထားသည်။

ကျန်းကျန့်လုံက ပခုံးတွန့်၍ စဉ်းလဲသော အပြုံးမျိုး ပြုံးလိုက်သည်။

“ကြည့်လေ၊ ငါတင် မကဘူး၊ လူတိုင်းက မင်းဘေးက ကောင်လေးကို ဘာမှနားမလည်တဲ့ လူလိမ်လို့ ထင်နေကြတာ၊ စွန်းရွင်တုံ မင်း အရူးလုပ်ခံလိုက်ရပြီ”

“မင်းတို့ …”

စွန်းရွင်တုံ၏ မျက်နှာ ပြာနှမ်းသွားပြီး အံကိုကြိတ်ထားမိသည်။ သူ အလွန် ဒေါသထွက်နေမှန်း သိသာလှသည်။

“ဟေ့ ကြည့်ပါဦး သူ အခုထိ လက်မခံချင်သေးဘူးပဲ”

ကျန်းကျန့်လုံက မတတ်သာဟန်ဖြင့် ခေါင်းခါ၍ သက်ပြင်းချချင်ယောင်ဆောင်လေသည်။

“မင်းရဲ့ လူကြီးမင်းယဲ့ကို ယုံနေမှတော့ သူ့ကို ခွဲခြမ်းခွင့် ပေးလိုက်တာပေါ့”

*ဟဲဟဲ စွန်းရွင်တုံ ဒီကောင် ဘာကိုမှ မလေ့လာနိုင်တာနဲ့ မင်းမျက်နှာ ဘယ်နား သွားထားမလဲ ကြည့်ရ သေးတာပေါ့*

စွန်းရွင်တုံကို သူ့ခြေထောက်ဖြင့် နင်းချေရန် သူ ဆုံးဖြတ်ထားသည်။ ယဲ့ဖန် ရတနာအကြောင်း သိသိ၊ မသိသိ သူ ဂရုမစိုက်ပါ၊ ယဲ့ဖန်အား စွန်းရွင်တုံကို တိုက်ခိုက်နိုင်မည့် လက်နက်တစ်ခုအဖြစ်သာ သူ သတ်မှတ်ထားသည်။

“ငါ့ကို လေ့လာခွဲခြမ်းစေချင်တာ သေချာလား”

ထိုစဉ် မထင်မှတ်ထားသော အသံတစ်သံ ထွက်လာ၏။

*ဟမ်*

လူတိုင်း ယဲ့ဖန်ကို တအံ့တဩ ကြည့်လာကြသည်။

*ဒီကောင် ဘာပြောချင်တာလဲ၊ သူ ရတနာကို တကယ် အကဲဖြတ်တတ်တာလား*

*သူ့လိုဟာလေးက ဘာတတ်မှာလဲ*

ကျန်းကျန့်လုံ၏ အပြုံးက အေးခဲသွားပြီး ယဲ့ဖန်အား သုန်မှုန်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“အဲ့တော့ မင်းက ဒါကို လေ့လာရဲတယ်ပေါ့လေ”

*ဘယ်ကလာမှန်း မသိတဲ့ တိရစ္ဆာန်ကောင်က ခုန်ချပြီး သေကြောင်းကြံရဲတာပဲ*

“ဘာလဲ မင်း မလုပ်ရဲဘူးလား”

ယဲ့ဖန်က ကျန်းကျန့်လုံအား အပြုံးတစ်ဝက်ဖြင့် ပြန်ကြည့်လေသည်။

“လာ လေ့လာပါ၊ စိတ်ကြိုက် လေ့လာပါ မင်း တစ်ခုခု တွေ့ရင် ငါ မင်းကို ဆုချီးမြင့်မယ်”

ကျန်းကျန့်လုံက ယန်ပုတီးလုံးကို လက်ညှိုးထိုးလိုက်သော်လည်း ကောက်ကျစ်စွာ ပြုံးလိုက်သည်။

“ဒါပေမဲ့ မင်း ဘာကိုမှ မလေ့လာနိုင်ရင် မင်း ဘာဖြစ်သွားမလဲ ငါ ပြောစရာ မလိုဘူး မဟုတ်လား၊ ငါ ပြောရမလား”

*သေချင်နေတဲ့ကောင်ပဲ*

ရတနာ အကဲဖြတ်သူများက တစ်ယောက်ပြီး တစ်ယောက် ခေါင်းခါလာပြီး အထင်သေးသော အကြည့်ဖြင့် သေလူကို ကြည့်သကဲ့သို့ ကြည့်လေသည်။

သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်၏ အပြုအမူက သေတွင်းတူးနေသော အပြုအမူဟု ထင်နေကြသည်။

*ဒီယန်ပုတီးလုံးမှာ သူမတူတဲ့အရာ ရှိနေရင် ဝူရှင်းထျန်းက ပြောပြီးနေလောက်ပြီ၊ ဒီအရူးက ဘာကို ပြောချင် နေတာလဲ*

ဤယန်ပုတီးလုံး၌ ဘာကိုမှ ထပ်လေ့လာတွေ့နိုင်မည့် အရာမရှိမှန်း သိသာလှပြီး ယဲ့ဖန်က ထောင်ချောက်ထဲ ခုန်ဆင်းရဲနေသဖြင့် သေတွင်း တူးနေခြင်းပင်။

ယဲ့ဖန်က ယန်ပုတီးလုံးထံသို့ လျှောက်သွားလေသည်။

“အဘိုးဝူ ခင်ဗျား ဘယ်လိုထင်လဲ”

ယဲ့ဖန်၏ ယုံကြည်မှုရှိသော ဟန်ပန်ကို ကြည့်ပြီး ကျန်းကျန့်လုံ အနည်းငယ် နေရခက်လာပြီး သူ့ဘေးနားမှ ဝူရှင်းထျန်းကို အလျင်အမြန် မေးလိုက်သည်။

ဝူရှင်းထျန်းက မျက်ခုံးပင့်၍ ယဲ့ဖန်ကို ကြည့်လိုက်သည်။ သူ့အကြည့်၌ အထင်သေးဟန်များ ပြည့်နှက်နေ၏။

“အမှိုက်တစ်စပဲကို ဘာလို့ စိတ်အနှောင့်အယှက် ဖြစ်ခံနေတာလဲ”

လီတောက်ချန်တောင်မှ အရည်အချင်းတစ်ချို့ ရှိသဖြင့် ထူးချွန်သည်ဟု ခေါ်နိုင်ပေသည်။ ယဲ့ဖန်မှာမူ အမှိုက်တကာ့ အမှိုက်ထွဋ်ခေါင် ဖြစ်ပြီး ဘာမှ ထူးခြားမှုမရှိပေ။

ထိုစကားကို ကြားသောအခါ ကျန်းကျန့်လုံ၏ အကြည့်များက ရက်စက် ခက်ထန်လာပြီး ကျိတ်၍ ကျိန်ဆဲ လေသည်။

“သေချင်နေတဲ့ ကောင်ပဲ၊ သူကများ ငါ့ဆရာရှေ့ အရူးလာလုပ်ချင်နေတာလား၊ မင်း ဘာကိုမှ မလေ့လာနိုင်ရင် ငါ မင်းကို ဘယ်လို အရေခွံစုတ်ပစ်မလဲ ကြည့်လိုက်တော့”

ယဲ့ဖန်က ယန်ပုတီးလုံးရှေ့သို့ ရောက်သည်နှင့် ကန်ထုတ်လိုက်ပြီး အားလုံး ထိတ်လန့်သွားလောက်မည့် စကားမျိုး ပြောလာ၏။

“ဒီလိုအမှိုက်မျိုးကို တစ်ချို့လူတွေက ရတနာလို့ တကယ် သတ်မှတ်နေတာလား”

All Chapters