← Chapters

ငါ မင်းကို သတ်မယ်ကွ

Vol. 81-85 Ch. 1275

ငါ မင်းကို သတ်မယ်ကွ

Vol. 81-85 Ch. 1275

*အမှိုက်တဲ့လား*

*ဒီယန်ပုတီးလုံးကို သူ ဘယ်လိုများ အမှိုက်လို့ ပြောရဲရတာလဲ*

လူတိုင်း မှင်တက်သွားပြီး သူတို့ ကြားလိုက်ရသော စကားကို မယုံနိုင် ဖြစ်နေကြသည်။

*ရတနာ အကဲဖြတ်သူတွေ ရတနာလို့ တန်ဖိုးထားတဲ့အရာက ဒီကောင်ရဲ့ ပါးစပ်ထဲမှာ အမှိုက်ဖြစ်သွားတာလား*

*ဟာသပဲ*

ထိုအခိုက်တွင် ရတနာ အကဲဖြတ်သူများအားလုံး စိတ်ဆိုးသွားဟန် ပေါ်လာသည်။

“ဟေ့ကောင် မင်း ဘာပြောလိုက်တာလဲ”

“သောက်ကောင်လေး ဒီလိုရတနာမျိုးကို မင်းက ကန်ရဲတယ်လား၊ မင်းရဲ့ ခွေးမျက်လုံးက ကန်းနေတာလား”

“သူ့ကိုသတ်၊ သူ့ကို အခုသတ်လိုက်”

*ဒေါသထွက်စရာကောင်းလိုက်တာ*

*ဘယ်ကလာမှန်း မသိတဲ့ အရူးက ငါတို့အားလုံးကို အရှက်ခွဲတဲ့အပြင် ဒီရတနာကိုပါ ဖျက်ဆီးပစ် လိုက်တယ် ပေါ့လေ*

ဤသည်ကိုမြင်သောအခါ ကျန်းကျန့်လုံ၏ မျက်နှာတွင် ခက်ထန်သော အရိပ်အယောင်များ ပေါ်လာသည်။

“မင်းက ငါ့ရတနာကို ဖျက်ဆီးတယ်ပေါ့လေ၊ အေး မင်း ဒီနေ့ ဒီမှာ သေပြီသာမှတ်”

“အဆင့်အတန်းကို မသိတဲ့ အရူးပဲ”

ဝူရှင်းထျန်းကလည်း အေးစက်စွာ ခနဲ့လိုက်ပြီး မျက်နှာ သုန်မှုန်နေ၏။

“စွန်းရွင်တုံ မင်း ဒါ ဘာသဘောလဲ၊ ဒီလိုလုပ်ဖို့ တမင်သက်သက် လူရှာထားတာ မဟုတ်လား”

အခြားသူများလည်း စွန်းရွင်တုံအပေါ် ဒေါသထွက်စ ပြုလာသည်။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန် ရိုင်းပျစွာ ပြုမူရဲခြင်းက စွန်းရွင်တုံ၏ ရည်ရွယ်ချက် ဖြစ်လိမ့်မည်ဟု ထင်နေကြသည်။

စွန်းရွင်တုံက ခံစားချက်ကင်းမဲ့စွာ ရပ်နေပြီး မျက်စိမှိတ် ခေါင်းညိတ်ရန် ဆုံးဖြတ်ထားသည့်ပုံပင်။ သူ့စိတ်ထဲတွင် ယဲ့ဖန် ဘာလုပ်လုပ် မှန်ကန်သည်။ ယဲ့ဖန် အမှိုက်ဟု ပြောလျင် ထိုအရာက သေချာပေါက် အမှိုက် ဖြစ်လိမ့်မည်ဟု ခံယူ ထားလေသည်။

ဤသည်ကိုမြင်သော် လီဝေ့ ထိတ်လန့်ကာ ဒူးများ ပျော့ခွေလုနီးပါး ဖြစ်လာ၏။ ရှုကျိုး၏ အင်အားအကြီးဆုံး လူများအားလုံးနီးပါး ဤနေရာ၌ စုဝေးရောက်ရှိနေကြသည်။ ယဲ့ဖန် ပြောလိုက်သော စကားက သူတို့ကို လုံးဝ ရန်စလိုက်သလိုပင်။

သူမ ချွေးပြန်နေပြီး စိုးရိမ်လွန်ကာ ငိုကြွေးမတတ် ဖြစ်နေလေသည်။ သူမ ယဲ့ဖန်ကို ခေါ်လာမိသည့်အပေါ် နောင်တရစ ပြုလာ၏။

*ဒီတစ်ခါတော့ လုံးဝ သွားပါပြီ*

“မင်း မယုံဘူးလား”

သို့သော် ယဲ့ဖန်က တွေဝေခြင်းမရှိ ပြန်မေးလိုက်သည်။

“မင်းအမေကြီးကိုပဲ ယုံလိုက်မယ်၊ နဂါးသခင်ရဲ့ မျိုးဆက်တောင် ဘာပြဿနာမှ မရှိဘူးလို့ ပြောနေတာ၊ မင်းက ဘယ်ကမှန်း မသိတဲ့ အမှိုက်ကောင်ပဲ၊ ဘာလို့ ဒါကို အတုလို့ ပြောတာလဲ”

“ဖြောင်း”

ထိုအခါ လီတောက်ချန်တစ်ယောက် အားဖြင့် ပါးရိုက်ခံလိုက်ရပြီး လွင့်ထွက်သွားလေသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လူတိုင်း ထိတ်လန့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် လီတောက်ချန်က နဂါးအသွင်ပြောင်းခြင်းအဆင့်သို့ ရောက်နေသည့် သန်မာသော သိုင်းပညာရှင်ဖြစ်ကြောင်း သူတို့ သိနေသောကြောင့်ပင်။ ယခု ထိုသို့သောလူက ဤလူငယ်လေး၏ ပါးရိုက်ခြင်း ခံလိုက်ရသည်တဲ့လား။

ကျန်းယန်ဟယ် နေရာမှာတင် ကြက်သေ သေသွားသည်။ လီတောက်ချန် မည်မျှ သန်မာကြောင်း သူသာလျင် အသိဆုံးပင်။ သူသည်လည်း နဂါးအသွင်ပြောင်းခြင်းအဆင့်၌ ခေါင်းဆောင်တစ်ဦး ဖြစ်ပေသည်။ လီတောက်ချန် တစ်ယောက် သိုင်းအဆင့်တူသူတစ်ဦးအား သုံးကွက်တည်းဖြင့် သတ်ခဲ့သည်ကို သူ မြင်ခဲ့ဖူးသည်။ ယခု ဤလူငယ်လေးထံ၌ လီတောက်ချန်က တစ်ချက်တည်းဖြင့် လွင့်ထွက်သွားရသည်တဲ့လား။

ထိုအခိုက်တွင် ဝူရှင်းထျန်း၏ မျက်နှာ၌ အံ့ဩဟန် ပေါ်လာသည်။

“အစွမ်းအစ နည်းနည်းတော့ ရှိသားပဲ”

လီတောက်ချန်၏ မျက်နှာ၌ လက်ငါးချောင်းရာကို အထင်းသား မြင်နေရပြီး အသားများ လန်ကာ အထဲမှ အရိုးနှင့် သွားများကို မြင်နေရသည်။ ထူးဆန်းလှပေ၏။

ရိုက်ချက်တစ်ချက်က ပြင်းထန်လွန်းလှသည်။

“ဘယ်သူမှ ငါ့အမေကို စော်ကားခွင့် မပြုနိုင်ဘူး၊ မင်း သေချင်နေပြီလား”

ယဲ့ဖန်က လီတောက်ချန်ကို ခက်ထန်စွာ စူးစိုက်ကြည့်လေသည်။ လီတောက်ချန် ပြန်ပြောချင်သော်လည်း ယဲ့ဖန်နှင့် မျက်လုံးချင်း ဆုံသွားပြီးနောက် ရုတ်တရက် ငြိမ်ကျသွားသည်။ ထို့နောက် တစ်ကိုယ်လုံး ထိန်းမရအောင် အပြင်းအထန် တုန်ယင်လာသည်။

ကြောက်စရာကောင်းသော သားရဲတစ်ကောင်၏ စိုက်ကြည့်ခြင်း ခံနေရသည်ဟု သူ ခံစားမိနေ၏။ သူ တစ်ချက်မျှ လှုပ်ရဲလိုက်သည်နှင့် ချက်ချင်း ကိုယ်နှစ်ခြမ်း ကွဲကာ အရှင်လတ်လတ် အစားခံရလိမ့်မည်ဟု ခံစားမိနေလေသည်။

“တော်လောက်ပြီ”

ထိုစဉ် မိုးခြိမ်းသံကဲ့သို့သော ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ဝူရှင်းထျန်းက ယဲ့ဖန်အား မုန်းတီးသော မျက်လုံးများဖြင့် စိုက်ကြည့်လေသည်။

“ဟေ့ကောင် ဗရွတ်ရွှတ်တ ပြောနေတာတွေ ရပ်လိုက်တော့၊ ဒူးထောက်စမ်း၊ ဒီသခင်ကြီးက အပြစ်ပေးတဲ့ အနေနဲ့ မင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ်”

ယဲ့ဖန်သည် သူ့ကို အတိုက်အခံ ပြောဆိုခဲ့သဖြင့် ရာဇဝတ်မှု ကျူးလွန်ခဲ့သကဲ့သို့ ကြီးလေးသော အပြစ်ဒဏ်ကို ခံယူရမည်ဟု သူ သတ်မှတ်ထားသည်.

“ငါ့ကို ဒူးထောက်ခိုင်းမယ် ဟုတ်လား”

ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ အထင်သေးစွာ ပြုံးလိုက်သည်။ ဤသည်ကိုမြင်ပြီး ဝူရှင်းထျန်း ချက်ချင်း မျက်မှောင်ကြုတ် သွားသည်။ အစ၌ သူ့မျက်လုံးများသာ ခက်ထန်နေခဲ့သော်လည်း ယခုတွင်မူ သူ အံပါ ကြိတ်လာသည်။

“မင်းက မနာခံဘူးပေါ့လေ၊ မနာခံရင် ဒီမှာ သေရမယ်ကွ”

“ဖြောင်း”

စွန်းရွင်တုံက ဝူရှင်းထျန်းကို ရိုက်နှက်လိုက်ပြီးနောက် စူးစူးရဲရဲ စိုက်ကြည့်လေသည်။

“အဘိုးကြီး ဒီနေရာကို တော်ဝင်မြို့တော်လို့ ထင်နေတာလား၊ ဒါ ရှုကျိုး၊ ခင်ဗျားက ကျုပ်နယ်မြေမှာ လာရိုင်းစိုင်း ရဲတယ်လား”

သူ့ဒေါသစကား အဆုံး၌ အခန်းထဲသို့ သိုင်းပညာရှင် တစ်ဖွဲ့ ရောက်လာသည်။ အားလုံးက ဓားများကို ဆွဲထုတ်လာပြီး ဒေါသတကြီး ကြည့်လာ၏။

ဤသည်ကိုမြင်သော် ကျန်းကျန့်လုံက စဉ်းလဲသော မျက်နှာထားနှင့် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ သူ့ပုံစံက တက်ကြွနေသည့်ပုံပင်။ ဤမြင်ကွင်းကို သူ ကြည့်ချင်နေလေသည်။

*အစတုန်းက ဒီမျိုးမစစ်ကောင် သေရင် ရပြီလို့ တွေးနေခဲ့တာ၊ အခုတော့ စွန်းရွင်တုံကိုပါ သူနဲ့အတူ မြေမြှုပ် နိုင်ပြီပဲ*

*နဂါးသခင်ရဲ့မျိုးဆက်ကို လမ်းဘေးက ကြောင်တွေ၊ ခွေးတွေလို စိတ်ကြိုက် အနိုင်ကျင့်နိုင်မယ် ထင်နေတာလား*

သူ့စိတ်ထဲတွင် စွန်းရွင်တုံ သေကြောင်းကြံနေသည်ဟု ထင်မှတ်နေ၏။

“ဟားဟားဟား”

ဝူရှင်းထျန်းက ထိုလူတစ်စုအား အထင်သေးစွာ ကြည့်လိုက်သည်။

“ဒီအမှိုက်ကောင်တွေနဲ့ ငါ့ကို တားနိုင်မယ် ထင်နေတာလား”

“မိုးကြိုးပစ်စမ်း”

ထို့နောက် သူသည် မာန်ပါပါ ဟစ်ကြွေး၍ လက်တစ်ဖက်ကို မြှောက်လိုက်သည်။။ ထိုအခါ မိုးကြိုးလျှပ်စီးများက အရှေ့မှ သိုင်းပညာရှင်အဖွဲ့ပေါ်သို့ ပစ်ချလာသည်။

ပြင်းထန်လှသော မိုးကြိုးသံနှင့် မိုးကြိုးစွမ်းအင်တို့က တစ်ခုတည်းအဖြစ် ပြောင်းလဲသွားပြီး အရာအားလုံးကို ပစ်ခွင်းတော့မတတ် ကျရောက်လာလေသည်။

“အား …”

သိုင်းပညာရှင် တစ်ဖွဲ့လုံး ကြောက်လန့်တကြား အော်ဟစ်လာပြီးနောက် မိုးကြိုးပစ်ချခံလိုက်ရသည်။ သူတို့၌ ခုခံချိန်ပင် မရလိုက်ပဲ တစ်ကိုယ်လုံး မီးသွေးတုံးသဖွယ် ဖြစ်ကာ သေဆုံးသွားလေသည်။

ဝူရှင်းထျန်းသည် နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင် ဖြစ်သော်လည်း နဂါးသခင်၏ မျိုးဆက်ဖြစ်သဖြင့် သူ့ကျင့်စဉ်က မြင့်မားပေသည်။ ဤသည်ကိုမြင်သော် ကျန်းယန်ဟယ် မနေနိုင်ဘဲ ပြောလိုက်မိသည်။

“ရှောင်စွန်း ထပ်ပြီး အစွဲအလမ်း ကြီးမနေနဲ့၊ မင်းက ဘယ်လိုလုပ် ဆရာသခင်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ၊ မင်း မြန်မြန် အမှားကို ဝန်ခံလိုက်၊ မင်းအသက်တစ်ချောင်းကိုတော့ ကယ်နိုင်လောက်မှာပါ”

အခြားသူများကလည်း စွန်းရွင်တုံကို အေးတိအေးစက် ကြည့်နေသည်။

*နဂါးသခင်ရဲ့ မျိုးဆက်ကို ရန်လုပ်ရဲတယ်ဆိုတော့ သူ့ခေါင်းက ပြဿနာတော့ ရှိနေပြီပဲ*

စွန်းရွင်တုံ၏ မျက်နှာက ပြာနှမ်းနေသော်လည်း ဘာအသံမှမထွက်ချေ။ သူ လက်မလျှော့မှန်း သိသာလှသည်။ ဤသည်ကိုကြည့်ပြီး ကျန်းယန်ဟန် မတတ်သာသကဲ့သို့ ခေါင်းခါလိုက်သည်။ စွန်းရွင်တုံက သေလမ်း ရှာရန် ဆုံးဖြတ်ထားမှတော့ သူ ဘာများ တတ်နိုင်ဦးမည်နည်း။

“ဘာနည်းလမ်းတွေ ရှိသေးလဲ၊ သုံးလေ ဒီသခင်ကြီး အလိုက်သင့် လိုက်လုပ်ပေးမယ်”

ဝူရှင်းထျန်းက မောက်မာစွာ ပြောလိုက်ပြီးနောက် အခြေအနေတစ်ခုလုံး ပြောင်းလဲသွားသည်။ ထည်ဝါသော အရှိန်အဝါတစ်ခုက ရုတ်တရက် ပျံ့လွင့်လာသည်။ လူတိုင်း၏ မျက်လုံးတွင် အံ့ဩရိပ်များဖြင့် ပြည့်နှက်နေသည်။

*ဒါ ပြိုင်ဘက်ကင်း နတ်ဘုရားအိုကြီးလိုပဲ*

“အဘိုးဝူက သိုင်းပညာမှာ ပြိုင်ဘက်ကင်းပဲ ကျုပ် လေးစားတယ်ဗျာ”

ကျန်းကျန့်လုံသည် သူ့လူက ပြိုင်ဘက်ကင်းလောက်သည်အထိ သန်မာနေသောကြောင့် စိတ်လှုပ်ရှားနေ၏။

“ဟဲဟဲ”

ဝူရှင်းထျန်းက မောက်မာစွာ ပြုံးလိုက်ပြီးနောက် ယဲ့ဖန်အား မကျေနပ်သော ပုံစံဖြင့် ကြည့်လိုက်သည်။

“ဟေ့ကောင် မင်း စဉ်းစားပြီးပြီလား၊ မင်း ဒီသခင်ကြီးကို မင်းခြေထောက်တွေကို ရိုက်ချိုးခိုင်းမလား၊ ဒါမှမဟုတ် ဒီသခင်ကြီးက မင်းအသက်ကို နုတ်ယူရမလား”

“ငါ့ခြေထောက်ကို ရိုက်ချိုးမယ် ဟုတ်လား၊ ငါ့အသက်ကို နုတ်ယူမယ်ပေါ့လေ”

ယဲ့ဖန် အထင်သေးစွာ ပြုံးလိုက်ပြီးနောက် ယန်ပုတီးလုံးထံသို့ လျှောက်သွားလိုက်သည်။ သူ့မျက်လုံးများက အေးစက် ခက်ထန်နေ၏။

“ဒါ အမှိုက် ဟုတ်လား၊ မဟုတ်လား သက်သေပြမယ့် နည်းလမ်းက လွယ်ပါတယ်၊ ယန်ပုတီးလုံးကို ဖောက်ခွဲ လိုက်ရုံပဲ”

*ဘာ*

ထိုစကားကြောင့် လူတိုင်း မှင်တက်သွားသည်။

*ဒီခွေးမသား နောက်နေတာလား*

*ယန်ပုတီးလုံးကို ဖောက်ခွဲမယ် ဟုတ်လား၊ အဲ့လိုလုပ်မှတော့ ငါတို့ အသက်ရှင်ဦးမလား*

*ဒီကောင်က သက်သေပြဖို့ အကြမ်းဆုံးနည်းကို တကယ် သုံးမလို့လား*

*အရူး*

*ဒါ လုံးဝ ရူးနေတာ*

“အရူး မင်း ပုတီးလုံးကို နင်းချေလိုက်ရင် မင်းလည်း ပေါက်ကွဲသွားမှာပဲ၊ မင်း နင်းရဲလို့လား”

ဝူရှင်းထျန်း လှောင်ပြောင်လိုက်သည်။ ယဲ့ဖန် အသက်မရှင်ချင်စိတ် ဖြစ်မပေါ်လာမချင်း ဤယန်ပုတီးလုံးကို နင်းချေရဲ လိမ့်မည်ဟု သူ မယုံကြည်ပါ။

“အဲ့ဒါ မမှန်ဘူး”

ထိုသို့ပြောပြီး ယဲ့ဖန်က ယန်ပုတီးလုံးကို ဒေါသတကြီး နင်းချေလိုက်သည်။ သူ့အပြုအမူကြောင့် လူတိုင်း လိပ်ပြာလွင့်မတတ် ကြောက်လန့်ကာ မျက်နှာ ဖြူရော်သွားကြသည်။

“သူ့ကိုတား၊ သူ့ကိုတားကြ”

ကျန်းကျန့်လုံ သွေးပျက်စွာ အော်ဟစ်လေသည်။ ဝူရှင်းထျန်းသည်လည်း မျက်လုံးပြူးသွားပြီး ယဲ့ဖန်ကို မယုံသလို ကြည့်လိုက်မိသည်။

*ရူးနေပြီ ဒီကောင်လေး တကယ် လုပ်ရဲတာပဲ*

ထို့နောက် သူသည် ကျန်းကျန့်လုံ၏ လည်ပင်းအင်္ကျီစကို အလျင်အမြန်ဆွဲ၍ အနောက်သို့ အလျင်အမြန် ဆုတ်လိုက်ပြီး ပြတင်းပေါက်ကိုလည်း ခွဲလိုက်သည်။

“ဂျွတ်”

ယဲ့ဖန်၏ နင်းချေမှုကြောင့် ယန်ပုတီးလုံးသည် အက်ကွဲသံနှင့်အတူ ချက်ချင်း တစ်စစီ ပျက်စီးသွားလေသည်။ လူတိုင်း သွေးပျက်သွားပြီး ခေါင်းကို လက်ဖြင့်အုပ်၍ ပေါက်ကွဲမည့်အချိန်ကို စောင့်နေကြသည်။

တစ်စက္ကန့်၊ နှစ်စက္ကန့်၊ ဆယ်စက္ကန့်၊ တစ်မိနစ်အထိ ကြာမြင့်သွားသော်လည်း မျှော်လင့်ထားသည့် ပေါက်ကွဲမှု ဖြစ်မလာချေ။

သူတို့အားလုံး တစ်စုံတစ်ရာကို သတိထားမိသွားပြီး တအံ့တဩနှင့် မျက်လုံး ပြန်ဖွင့်လိုက်သည်။ ထိုအခါ ယဲ့ဖန်က နေရာ၌ လောကကို မထီမဲ့မြင်သော မျက်နှာထားနှင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ ခြေထောက် အောက်၌ ယန်ပုတီးလုံးက တစစီ ပြန့်ကြဲနေ၏။

“ဒီယန်ပုတီးလုံးက တကယ် အတုလား”

လီတောက်ချန်သည် သူ၏ ရင်ထဲမှ ကြောက်စိတ်ကို မေ့လျော့ကာ သတိလက်လွတ် ထုတ်ပြောလိုက်မိသည်။ အကယ်၍ ယန်ပုတီးလုံးသာ အစစ်ဖြစ်နေလျင် အစောကထဲက ပေါက်ကွဲသွားလောက်လေပြီ။ လူတိုင်း ဆူညံ ပွက်လောရိုက် သွားပြီး ယဲ့ဖန်အား အံ့ဩမှုအပြည့်ဖြင့် ကြည့်လာသည်။

*ဒီလူက တကယ် အတွင်းထဲအထိ ဖောက်မြင်နေတာပဲ*

ယဲ့ဖန် အသာပြုံးလိုက်သည်။

“ဒါ အတု မဟုတ်ဘူး၊ ဒါပေမဲ့ အတွင်းပိုင်းက ပျက်စီးနေပြီ၊ အဲ့တော့ ဘယ်လိုနည်းနဲ့မှ ယန်စွမ်းအင် မစုစည်းနိုင်ဘူး၊ အဲ့တော့ မပေါက်ကွဲနိုင်တော့ဘူး”

“အဲ့လိုကိုး”

လီတောက်ချန် လေးကန်စွာ ခေါင်းညိတ်လိုက်ပြီးနောက် အသံတုန်တုန်ဖြင့် ဆက်ပြောလိုက်သည်။

“မင်းက တကယ့် ဆရာသခင်ပဲ”

ရတနာ အကဲဖြတ်သူများအားလုံး ယဲ့ဖန်ကို တအံ့တဩ ကြည့်နေကြသည်။

*ဒီကောင်လေးက ဝူရှင်းထျန်းတောင် မမြင်နိုင်တဲ့အရာကို တစ်ချက်ကြည့်ရုံနဲ့ မြင်နိုင်တာလား*

*မယုံနိုင်စရာပဲ*

ယဲ့ဖန်က နဂါးသခင်၏ မျိုးဆက်ကို အရှက်ခွဲလိုက်ခြင်းပင်။

“ဟားဟားဟား ကျန်းကျန့်လုံ ဘယ်သူက အရူးလဲ ပြောပါဦး၊ ဘယ်သူက အရူးလဲ၊ ဘယ်သူက လှည့်စားတာလဲ”

စွန်းရွင်တုံက ဟားတိုက် ရယ်မောသဖြင့် မျက်ရည်ပင် ကျလုမတတ် ဖြစ်နေ၏။ ကျန်းကျန့်လုံ၏ မျက်နှာထားက အလွန် သုန်မှုန်နေသည်။

ယဲ့ဖန်က ယန်ပုတီးလုံး၏ အခြေအနေကို သိနိုင်လိမ့်မည်ဟု ထင်မထားမိပေ။ သူသည် ဤယန်ပုတီးလုံးအား သန်းသုံးရာ အကုန်ခံ၍ ဝယ်ခဲ့သော်လည်း အမှိုက်တစ်ခု ဖြစ်နေ၏။ ရှက်ဖွယ်ကောင်းလိုက်လေခြင်း။

ကျန်းယန်ဟယ်နှင့် အခြားသူများလည်း ထူးဆန်းသော မျက်နှာပေးများ ဖြစ်နေကြသည်။ ကျန်းကျန့်လုံက ယဲ့ဖန်ကို လူလိမ်ဟု ပြောခဲ့ပြီး ယန်ပုတီးလုံးက အစစ်ဟု ကျိန်ပြောခဲ့သည်။ သို့ရာတွင် သူ အရှက်ဗြန်းဗြန်း ကွဲသွားလေပြီ။

ကျန်းကျန့်လုံ၏ စိတ်ကို သူတို့ နားလည်သဖြင့် ဤ သဘောထား ကျဉ်းမြောင်းသော လူယုတ်မာသည် ဘယ်သောအခါမှ လက်လျှော့မည် မဟုတ်ပါ။

ထိုအခိုက်တွင် သူက ယဲ့ဖန်ကို စူးရဲစွာ စိုက်ကြည့်လာ၏။

“ခွေးမသား မင်းကများ ဒီသခင်ကြီးရဲ့ အရာကို ဖျက်ဆီးရဲတယ်လား၊ ငါ့ကို ဆုံးရှုံးအောင် လုပ်တယ်ပေါ့လေ၊ ငါ မင်းအသက်ကို နုတ်ယူမယ်ကွ”

“အဘိုးဝူ သူ့ကို သတ်လိုက်ပါ”

“ဘယ်လို အသက်ရှင်ရမလဲ မသိတဲ့ကောင်၊ မင်းက သေချင်နေမှတော့ ငါ ဖြည့်ဆည်းပေးမယ်”

ဝူရှင်းထျန်းသည်လည်း ဒေါသထွက်နေ၏။ ဤသည်က အမြဲတမ်း ခန့်မှန်းမရနိုင်သောသူ ဖြစ်ခဲ့သည့် သူ့အား ကျင်းတူး၍ ပြေးပုန်းအောင် လုပ်နေခြင်းပင်။ ဤသည်က အားကြီးယောင် ဆောင်နေရာမှ အလိမ်ပေါ်သွားပြီး အရှက်ကွဲသွားသည့် အဖြစ်နှင့် တူနေ၏။

“ဝုန်း”

ရုတ်ချည်းဆိုသလိုပင် ကြမ်းပြင် တုန်ခါလာပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပျံ့လွင့်လာ၏။ ဤသို့သော စွမ်းအင်က လူတိုင်းကို ငလျင်ကြားထဲ ပိတ်မိ၍ အသက်မရှူနိုင်သော ခံစားချက်မျိုး ရလာအောင် ပြုလုပ်နေသည်။

ဝူရှင်းထျန်း၏ ခန္ဓာကိုယ်ကို ချီစွမ်းအင်များ ဖုံးအုပ်နေပြီး နီရဲနေသော မျက်လုံးများနှင့် ယဲ့ဖန်ကို စူးစိုက်ကြည့်လာသည်။

“ငါ မင်းကို သတ်မယ်ကွ”

စာစဉ် ၈၅ ဤတွင် ပြီးပါပြီ။

All Chapters