နယ်မြေဓာတ်လုံး
Vol. 36 Ch. 467
ယွီချန်၏ စကားကို ကြားလိုက်ရသောအခါ ကာကွယ်သူများနှင့် လူသားများ မျှော်လင့်ချက်မဲ့သွားကာ မရေမတွက်နိုင်သော ကမ္ဘာများမှ သက်ရှိတိုင်း၏ အသက်ဓာတ်ကို ဝါးမျိုခြင်းသည် သည်းမခံနိုင်စရာ လုပ်ရပ်ပင်။ ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရသောအခါ လူသားများ၏ ထုံးစံအတိုင်း ကောင်းကင်ကို မေးခွန်းထုတ်နေကြသည်။
"ကောင်းကင်က သက်ရှိတွေကို ကယ်တင်ဖို့ ဘာကြောင့် မလှုပ်ရှားရတာလဲ"
ထိုအချိန်တွင် လူများစွာ မြေပြင်၌ ထိုင်ချလိုက်မိပြီး နောက်ဆုံး မျှော်လင့်ချက် ရောင်ခြည် ဖြစ်သည့် ယွမ်ရှောင်ထံ ပြိုင်တူ လှည့်ကြည့်မိလိုက်၏။ သူတို့ကို ကယ်တင်ပေးပါရန် ဒူးတုပ်ရှိခိုး၍ တောင်းဆိုချင်သော်လည်း ထိုအပြုအမူများကို တစ်ဖက်လူ မနှစ်သက်သောကြောင့် ထိန်းချုပ်ထားခဲ့သည်။
"ယိုယွင်းချီက ကမ္ဘာတွေကို ရောက်ဖို့ အချိန်လိုသေးတယ်မလား"
"ဟုတ်တယ်။ အနည်းဆုံး လပိုင်းလောက်နဲ့ အများဆုံး နှစ်ပိုင်းပဲ"
မကြာခင် လောကကြီးတစ်ခွင် အဆိပ်သင့်သွားမည်ကို ယွီချန်က အရိပ်အမြွက် ပြောပြလိုက်သည်။
"ဒါကရော ဘာလဲ"
ယွမ်ရှောင်သည် ကောင်းကင်အထက်ရှိ နေနှင့် လ ပေါင်းစည်းထားသည့် စက်လုံးကြီးကို ညွှန်ပြ၍ မေးခွန်းထုတ်လိုက်သောအခါ သူမက အောက်ပါအတိုင်း ရှင်းပြခဲ့၏။ ၎င်းသည် နယ်မြေဓာတ်လုံး ဖြစ်ကာ ကောင်းကင်မှ ရှေးဟောင်းအပျက်အစီးနယ်မြေကို ကောင်းချီးပေးထားခြင်းဖြစ်ကာ ကျင့်ကြံသူတိုင်းအတွက် အဓိကကျသည်။ ဤနေရာရှိ စွမ်းအင်တိုင်း၏ အခြေခံဖြစ်ကာ ရှေးဟောင်းအပျက်အစီးနယ်မြေ ဆက်လက်သွားလာနိုင်ရန် မောင်းနှင်ပေးနေသည့် အချက်လည်း ဖြစ်၏။ သစ်ပင်များပင် ဆက်လက်ရှင်သန် ကြီးထွားရေးအတွက် ၎င်းမှ ဖြာထွက်လာသော အလင်းရောင်ကို စုပ်ယူကြရသည်။ ထို့နောက် အင်မော်တယ်သုံးပါး ရောက်ရှိလာပြီးနောက် နယ်မြေဓာတ်လုံးကို နေနှင့်လ အဖြစ် ခွဲထုတ်ကာ ယိုယွင်းချီများ သွတ်သွင်းပြီး ရာစုနှစ်ပေါင်းများစွာ ကြာသောအခါ ပြောင်းလဲသွားကြောင်း ရှန်ချန်းက ဆက်လက် ရှင်းပြပေး၏။
"ဒါတွေကို သိထားတာ ကြာနေပြီလား"
"မဟုတ်ဘူး။ နေနှင့်လ ပေါင်းစည်းသွားမှသာ ဓာတ်လုံး တစ်ခုခုမှားနေတာကို ငါ နားလည်နိုင်ခဲ့တယ်"
ယွမ်ရှောင်၏ အေးစက်စက်အကြည့်မှာ စူးရှစွာ ကျရောက်လာသဖြင့် သူက ချက်ချင်း ခေါင်းယမ်းပြခဲ့သည်။ ဓာတ်လုံး နှစ်ခု ပြန်လည် ပေါင်းစည်းသွားလျှင် ကပ်ဘေး ဖြစ်လာမည်ဟု ကြိုတွက်ထားသော်လည်း ဤမျှလောက် ပြင်းထန်ရက်စက်မည်ဟု သူ မသိခဲ့ပေ။ စောစောစီးစီး သိနိုင်လျှင် သိုင်းဧကရာဇ်မျိုးနွယ်၏ နောက်လိုက်များက အောက်စည်းသို့ ရောက်ရှိနေမည် မဟုတ်ချေ။ ကမ္ဘာပေါင်းများစွာသို့ ချီစွမ်းအား ဖြန့်ကျက်ထောက်ပံ့ပေးထားသော နယ်မြေဓာတ်လုံးက လက်ရှိတွင် မူလအခြေအနေသို့ ပြန်လည် ပေါင်းစည်းသွားသော်လည်း သက်ရှိများအတွက် အဆိပ်အတောက်ဖြစ်စေမည့် အရင်းအမြစ် ဖြစ်လာခဲ့၏။
"ကျန်တဲ့ ရန်သူနှစ်ယောက်မှာရော နည်းလမ်း တစ်ခုခု ရှိနိုင်မလား။ သူတို့ ရှုံးနိမ့်သွားရင်တောင် ဓာတ်လုံးက မပြောင်းလဲတော့ဘူးလား"
ကျောက်စိမ်းအင်မော်တယ် မျှော်စင်သခင်က စိုးရိမ်ပူပန်စွာ ဝင်ပြောလိုက်ပြီး လူတိုင်း ၎င်းကို မော့ကြည့်ကာ စိတ်သောကရောက်နေသည်။
"ယွမ်ရှောင် ရှေးဟောင်းမျှော်စင် ပျက်စီးသွားပြီ။ ငါတို့အတွက် မင်းကို အားကိုးရတော့မယ်။ ကျန်တဲ့ ဂူကျင့်ကြံသူနှစ်ယောက်ကိုရော သတ်ပေးနိုင်မလား"
ယွီချန်က မျှော်လင့်ချက် အပြည့်ထားသော မျက်ဝန်းများဖြင့် တောင်းဆိုလာခဲ့၏။
"လောလောဆယ် မရသေးဘူး။ မြေအင်မော်တယ်ကို သတ်နိုင်လိုက်တာကလည်း တိုက်ဆိုင်သွားလို့။ ကျုပ်က အခု ယိုယွင်းမှုနယ်ပယ် အစောပိုင်းအဆင့်ပဲ ရှိသေးတယ်"
ယွမ်ရှောင်က ခေါင်းခါပြလိုက်၏။
"မင်း ကျင့်ကြံဖို့ အချိန် ဘယ်လောက်ယူမလဲ။ နှစ်ပိုင်းလောက်ဆို အဆင်ပြေမလား"
"မလိုအပ်ဘူး။ ရက်အနည်းငယ်လောက် ခင်ဗျားတို့ တောင့်ခံထားနိုင်ရင် ရပြီ"
သူ၏ အဖြေစကားကြောင့် လူအုပ်ကြီးက အံ့အားသင့်သွားကာ တစ်ဖက်လူ၏ အစစ်အမှန် ပါရမီအကြောင်း သဘောပေါက်ကုန်သည်။ သူက ရက်အနည်းငယ်အတွင်း အမှန်တကယ် အစွမ်းထက်လာခြင်းဖြစ်ပြီး အားနည်းဟန်ဆောင်နေသူ တစ်ယောက် မဟုတ်ချေ။
"ကောင်းပြီ။ ဒီလောက်ကတော့ ငါတို့ သည်းခံနိုင်တယ်။ တက်ကျမ်းကို မလေ့ကျင့်ကြနဲ့"
မျှော်စင်သခင်က ကြေညာလိုက်ပြီး လူတိုင်း၏ စိတ်ထဲတွင် ယွမ်ရှောင် ဟူသော မျှော်လင့်ချက်တစ်ခု တောက်ပလာသည်။
"နီအန်နဲ့ မင်းက ကမ္ဘာတစ်ခုတည်းက လာတာ မဟုတ်လား။ ဆက်ဆံရေးက ဘယ်လိုအခြေအနေ ရှိလဲ"
"မကောင်းဘူး။ ဂူကျင့်ကြံသူတွေကို သတ်ပြီးရင် ဒီကောင်နဲ့လည်း စာရင်းရှင်းရမှာပဲ"
ရှန်ချန်း၏ မေးခွန်းကို သူက အမှန်အတိုင်း ပြောလိုက်သောအခါ နီအန်နှင့် ပူးပေါင်းတိုက်ခိုက်ရန် မျှော်လင့်ထားသူများ စိတ်ပျက်သွားကြသည်။ သို့သော် ဤလူငယ်က မြေအင်မော်တယ်ကို သတ်ဖြတ်နိုင်ခဲ့သော အချက်ကြောင့် မျှော်လင့်ချက် ပျက်စီးသွားခြင်း မရှိပေ။
"ဒါဆိုရင် ငါတို့ ဒီမှာ ဆက်နေကြမလား"
ဖုန်းချန်း၊ ယွီချန်နှင့် ကာကွယ်သူများသည် သူ၏ သဘောထားကို တောင်းခံလိုက်ကြပြီး တိုက်ပွဲအပြီးတွင် လူငယ်လေးတစ်ယောက်က လူသားမျိုးနွယ်၏ ခေါင်းဆောင် အလိုလို ဖြစ်လာခဲ့၏။
"ဒီနေရာမှာ နေလို့ မဖြစ်ဘူး။ လူသားအင်မော်တယ်က ပြန်လာနေပြီ။ ဒီမှာဆိုရင် သူက တိုက်ပွဲအတွက် အသက်ဓာတ်တွေ ဝါးမျိုနိုင်တယ်။ ကျုပ်တို့အတွက် အားသာချက် မရှိဘူး"
ယေဘူယျပြောရလျှင် နယ်မြေဓာတ်လုံးသည် ယိုယွင်းချီများကို ထုတ်လွှတ်နေသရွေ့ ရှေးဟောင်းအပျက်အစီးနယ်မြေသည် အင်မော်တယ်သုံးပါး၏ အမာခံ စခန်း ဖြစ်လာ၍ အသက်ဓာတ်များ ထောက်ပံ့ရန် ထိန်းချုပ်ခံထားရသူလည်း မနည်းမနောပင်။
"ငရဲကိုးထပ်ကမ္ဘာကို သွားကြမယ်"
"ကောင်းကင်အင်မော်တယ် ရှိနေတယ် မဟုတ်ဘူးလား"
"ရှိတယ်။ သူက ထောင်ချီတဲ့ အိပ်မက်နတ်ဆိုး ကမာကောင်တွေနဲ့ တိုက်ခိုက်ပြီး နားခိုရာဂိုဏ်းကို သိမ်းပိုက်ဖို့ ကြိုးစားနေတယ်"
ယွမ်ရှောင်က ဆက်လာမည့် အစီအစဥ်ကို အေးအေးဆေးဆေး ရှင်းပြလိုက်သည်။
"နီအန် မရှိဘူးဆိုရင် ငါတို့ ငရဲကိုးထပ်ကမ္ဘာကို သွားတာက အဆင်ပြေပါ့မလား"
ယွီချန်က အခြားကမ္ဘာတစ်ခုကို ရွေးချယ်စေလိုသဖြင့် ထောက်ပြခဲ့၏။
"ကျုပ်နောက်ကို လိုက်ချင်သလား"
"ကောင်းပြီ။ မင်းက ငါတို့ရဲ့ ခေါင်းဆောင်ပဲ"
ယွမ်ရှောင်က အဓိပ္ပါယ်ပါပါ ကြည့်လိုက်သောအခါ ယွီချန်နှင့် ရှန်ချန်း အကြည့်ချင်း ဖလှယ်၍ ချက်ချင်း သဘောတူလိုက်ကြ၏။
"ပစ္စည်းတွေ သိမ်းကြ။ အသိစိတ်ဝင်လာတဲ့ လူအားလုံး ငါနဲ့ အတူ ငရဲကိုးထပ်ကမ္ဘာကို လိုက်လာခဲ့"
အင်မော်တယ်သုံးပါး မျိုးဆက်များက မျိုးပြုတ်လုနီးပါး ဖြစ်သွားသောကြောင့် ကာကွယ်သူများနှင့် ရှေးဟောင်းမိသားစုကြီးများမှ ကျင့်ကြံသူများသာ ကျန်ရစ်သည်။
"တခြားသူတွေကို ဘယ်လိုလုပ်မလဲ"
ရူးသွပ်စွာ ကျိန်ဆဲနေသည့် သားဖြစ်သူကို ကြည့်ရင်း မျှော်စင်သခင်က သက်ပြင်းချကာ အကူအညီတောင်းလိုက်သည်။
"သူတို့ကို ထားခဲ့လိုက်ပါ။ ဘာဖြစ်ဖြစ် သူတို့မှာ သွားစရာ နေရာ မရှိဘူး"
ထိန်းချုပ်ခံထားရသူများကို ခေါ်ဆောင်သွားလျှင် မည်သည့်နေရာမဆို ရန်သူများအတွက် အားသာချက် ဖြစ်စေနိုင်၍ ယွမ်ရှောင်က အမိန့်ပေးလိုက်၏။
"ချက်ချင်း ထွက်ခွာမယ်"
ယွီချန်က လူအရေအတွက် စစ်ဆေး၍ ထွက်ခွာရန် ပြင်ဆင်နေစဥ် သူသည် လန်ရီအနားသို့ ပြန်လည် ရောက်ရှိလာသည်။ သူမက ဒဏ်ရာများ ပြန်လည် ကောင်းမွန်နေပြီး နတ်သမီးပမာ နူးညံ့လှပ၍ တောက်ပနေသော်လည်း မျက်ဝန်းများမှာ ဝမ်းနည်းနေသကဲ့သို့ ညှိုးငယ်နေ၏။
"ညီမကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
သူမက ဖြည်းဖြည်းချင်း ပြောလိုက်ပြီး စိတ်ခံစားချက်များ ပြင်းထန်သဖြင့် မျက်လုံးများ နီရဲလာသည်။
"ကျေးဇူးတင်စရာ မလိုပါဘူး"
သူက ပြောပြောဆိုဆိုနှင့် ဓားပျံကို ဆင့်ခေါ်ကာ သေးသွယ်သော ခါးကလေးကို စွေ့ခနဲဖက်၍ ခုန်တက်လိုက်သည်။
"နေကောင်းရဲ့လား။ အစ်ကို့ရင်ခွင်ထဲမှာ မင်း ငိုချင်ရင် ငိုလို့ ရတယ်နော်"
"မငိုဘူး။ ညီမက ဒီတစ်ကြိမ် ရှုံးနိမ့်ပြီး စိတ်ပျက်စရာ ဖြစ်ခဲ့တယ်။ နောက်တစ်ခေါက် အားနည်းသူ မဖြစ်ချင်တော့ဘူး။ အစ်ကို့ကို ကူညီပေးချင်တယ်"
လန်ရီက နှုတ်ခမ်းကိုက်၍ မငိုမိအောင် ထိန်းထားရင်း ပြတ်ပြတ်သားသား ပြောလိုက်၏။ ထိုအချိန်တွင် ယွမ်ရှောင်သည် ဓားပျံကို ထိန်းချုပ်ကာ ရှေးဟောင်းအပျက်အစီးနယ်မြေ အောက်ဘက်မှ ငရဲကိုးထပ်ကမ္ဘာသို့ ဦးတည်လိုက်သည်။ သူမ၏ ခါးကို တင်းကြပ်စွာ ဖက်ထားပြီး ရင်ခွင်အတွင်း ရောက်ရှိနေသဖြင့် ကိုယ်သင်းနံ့လေး မွှေးပျံ့သွား၏။ ရှက်သွေးဖြာနေသော ပါးပြင်ရဲရဲလေးမှာ အလွန်တရာ လှပပြီး နယ်မြေအနေအထား ပြောင်းလဲသွားသောအခါ သူက ရုတ်တရက် ပြောလိုက်သည်။
"မင်းကို ဒီလိုမျိုးဖက်ထားပြီး ကမ္ဘာပေါင်းများစွာရဲ့ ရှုခင်းကြည့်ဖို့ ခေါ်သွားချင်တယ်"
"ညီမလည်း လိုက်ချင်ပါတယ်"
"ရပ်လိုက်စမ်း နှာဘူးကောင်"
ထိုအခိုက်တွင် သူ၏ လက်က ခါးအောက်ဘက်သို့ ဆင်းလာသဖြင့် လန်ရီ၏ ကိုယ်လုံးလေး တွန့်သွားသကဲ့သို့ ဒေါသတကြီး အော်သံတစ်ခု အင်္ကျီရင်ဘတ်အတွင်းမှ ရုတ်တရက် ထွက်လာ၏။
"ဘယ်ကောင် ပြောနေတာလဲကွ"
"ဘာမှ မဟုတ်ပါဘူး"
လန်ရီက ပြာပြာသလဲ ငြင်းဆန်လိုက်သော်လည်း အံ့သြနေသော ယွမ်ရှောင်၏ အကြည့်မှာ လေးနက်စွာ ကျရောက်လာလေသည်။