နှင်းလုံးလေး
Vol. 36 Ch. 468
ယွမ်ရှောင်သည် လန်ရီ၏ အင်္ကျီရင်ဘတ်အတွင်း အသေအချာ ရှာဖွေရင်း နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွား၏။ သူမ၏ မျက်နှာက နီရဲနေပြီး အနောက်တွင် ကျင့်ကြံသူများ လိုက်ပါလာသောကြောင့် ရှက်သွေးဖြာနေသည်။
"မိပြီ။ ကြောင်လေးပါလား"
သူ၏ လက်ကို ဆွဲထုတ်လိုက်သောအခါ လက်ဖဝါးထက်ပင် သေးငယ်သော ကြောင်ဖြူလေးတစ်ကောင် ကိုက်ခဲလျက်သား ပါလာသည်ကို မြင်လိုက်ရ၏။
"မင်းကို ကိုက်သတ်ပစ်မယ်"
၎င်းက ဒေါသတကြီး အော်ဟစ်၍ ခြိမ်းခြောက်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေသော်လည်း သေးငယ်၍ ဆွတ်ဆွတ်ဖြူနေသော သဏ္ဍာန်လေးမှာ ချစ်စရာကောင်းလွန်းနေသည်။
"ဒီကြောင်လေးက လှသားပဲ။ ဘယ်က ရောက်လာတာလဲ"
ယွမ်ရှောင်က လန်ရီကို ဖက်ထားရင်း စူးစမ်းလိုစိတ်ဖြင့် ကြောင်လေး၏ ပေါင်နှစ်ဖက်အကြား လှမ်းကြည့်ကာ အထီးအမ ခွဲခြားနေသည်။ ၎င်းက ဒေါသ ပိုထွက်လာ၍ အမွေးများထောင်သည်အထိ မာန်ဖီကာ ဟိန်းဟောက်နေ၏။
"သူက ညီမရဲ့ အဖော်သားရဲလေးပါ။ မွေးထားတာကြာပြီ။ သူက လျှောက်သွားရတာ ကြိုက်လို့ အရင်က မရှိတာ"
လန်ရီသည် ၎င်းကို ပြန်လည်ဆွဲယူ၍ အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ ယွမ်ရှောင်နှင့် သူမ အပြင်လောကတွင် သိကျွမ်းသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည် မဟုတ်ပါလော။
"ကြောင်လေးရဲ့ နာမည်က ဘာလဲ"
"နှင်းလုံးလေး"
ယွမ်ရှောင်က သူမ၏ အနောက်တွင် ရပ်လိုက်ပြီး ပခုံးပေါ် မေးတင်၍ ရင်ဘတ်အတွင်း ငုံ့ကြည့်ကာ တစ်လုံးချင်း မေးခဲ့သည်။
"နှင်းလုံးလေး မင်း ငါ့ကို မှတ်မိလား"
"မှတ်မိတယ်။ လူသတ်သမား အမှိုက်သရိုက် မင်းက လန်ရီကို အနိုင်ကျင့်ရဲတယ်။ ကျိန်စာသင့်ပါစေ"
"ဒါဆိုရင် ဒီကောင့်ကိုရော မှတ်မိလား"
သူက ချက်ခနဲ အတွေးပေါက်ကာ အင်္ကျီရင်ဘတ်ထဲမှ အနက်ရောင် သားရဲလေးကို ဆွဲထုတ်ပြလိုက်သောအခါ နှင်းလုံးလေးမှာ မျက်လုံးများ ဝိုင်းစက်၍ သိသိသာသာ တုန်လှုပ်သွားပုံရ၏။
"ရုပ်ဆိုးလိုက်တာ။ ဘာကောင်ကြီးလဲ"
"ပါးစပ်ပိတ်ထားစမ်း"
"နောက်တစ်ခါ ထပ်ပြောရင် မင်းကို အစိမ်းလိုက် စားပစ်မယ်"
ကြယ်ပြာရော လနီပါ ပြိုင်တူ ငေါက်ငမ်းလိုက်သော်လည်း ၎င်းက ကြောက်လန့်မနေဘဲ ပြန်လည် စိန်ခေါ်ခဲ့သည်။
"တော်လောက်ပြီ။ ရန်ဖြစ်မနေကြနဲ့"
ကျားဖြူလေးက အနက်ရောင် သားရဲလေးကို မမှတ်မိသောကြောင့် ချန်ရီ၏ ကျားဖြူနှင့် ဆက်စပ်ခြင်း မရှိနိုင်ကြောင်း ယွမ်ရှောင် စဥ်းစားခန်းဝင်နေမိသည်။ သူ၏ ခန့်မှန်းချက် ရာနှုန်းပြည့် မှန်ကန်ခြင်း ရှိမရှိ ဆက်လက်စောင့်ကြည့်ရန် လိုအပ်ပေလိမ့်မည်။
"လန်ရီ အစ်ကိုထင်တာ မမှားရင် ဒါက ရှေးဟောင်းမျှော်စင်မလား"
"ဘယ်လိုလုပ် သိတာလဲ"
သူ၏ မေးခွန်းကြောင့် လန်ရီမှာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားသည်။ ဤအတိုင်းဆိုလျှင် သူမက ရှေးဟောင်းမျှော်စင်နှင့် ပေါင်းစည်းခြင်း အောင်မြင်ခဲ့သဖြင့် အကယ်၍ မြေအင်မော်တယ်သာ လက်ဦးမသွားလျှင် ပြန်လည် တိုက်ခိုက်နိုင်ခဲ့ပေလိမ့်မည်။ သူမက လူတိုင်းအတွက် မျှော်လင့်ချက် ဖြစ်သော်လည်း အမှားအယွင်း တစ်ခုကြောင့် အခြေအနေ ဆိုးရွားခဲ့၏။ ကံကောင်းသည်မှာ ယွမ်ရှောင်က အခြေအနေကို ပြောင်းလဲ၍ အခွင့်အရေးတစ်ခု ပြန်လည် ပေးအပ်ထားခဲ့သည်။
"ဒါဆိုရင် မင်းရဲ့ လုံခြုံရေးအတွက် စိတ်ချထားလို့ ရပြီလား"
"ရှေးဟောင်းမျှော်စင်ရဲ့ စွမ်းအားကို ချေဖျက်နိုင်သရွေ့ ပြဿနာ မရှိဘူး။ ကြီးကြီးမားမား တိုးတက်လာမယ်လို့ နှင်းလုံးလေးက ပြောတယ်"
အနာဂတ် အလားအလာအကြောင်း ပြောသောအခါ သူမ၏ မျက်ဝန်းလေးများ တောက်ပနေသည်။
"ဒါဆိုရင် ငါ့ကို ဖုံးကွယ်ထားဖို့ ကြိုးစားနေတာပေါ့"
ယွမ်ရှောင်က ခေါင်းတညိတ်ညိတ်ဖြင့် ကောက်ချက်ချလိုက်သောအခါ လန်ရီကို အပြစ်ရှိစိတ် ဖြစ်ပေါ်လာစေသည်။
"ညီမ မှားသွားပါတယ်"
"မင်းအပြစ် မဟုတ်လောက်ပါဘူး။ နှင်းလုံးလေးက ဘာမှ မပြောဖို့ မှာထားတာ ထင်တယ်။ ဟေ့ကောင် လန်ရီက ငါ့အပိုင်ပဲ။ မင်း လုယူချင်နေတာလား"
သူ၏ အမြင်တွင် နှင်းလုံးလေးမှာ ချန်ရီ၏ ကျားဖြူနှင့် ယှဥ်လျှင် ပို၍ ချစ်စရာကောင်းနေပြီး ရှေးဟောင်းမျှော်စင်နှင့် ရှေးခေါင်းလောင်းသည်လည်း ကျားဖြူတစ်ကောင်စီနှင့် ဆက်စပ်နေသဖြင့် စပ်စုလိုစိတ် ဖြစ်ပေါ်လာခဲ့သည်။ ချန်ရီ၏ အနားတွင် ၎င်းသည် ရှေးခေါင်းလောင်း ရတနာ ဖြစ်နေကာ လန်ရီ၏ အနားတွင်လည်း ရတနာတစ်ခု ဖြစ်နေပြန်ရာ ကာကွယ်မှု သင်္ကေတ ဖြစ်နေပုံပေါ်သည်။
"ဆရာ့ဆီကို ခဏ ပြန်သွားလိုက်ဦးမယ်"
လန်ရီမှာ တုန်တုန်ရီရီနှင့် တောင်းဆိုလိုက်သောကြောင့် မည်သည့်အချိန် နောက်ဆုတ်ရမည်ကို နားလည်သော ယွမ်ရှောင်ကိုယ်တိုင် ယွီချန်ထံ ပို့ဆောင်ပေးကာ အလျင်အမြန် ရှောင်ပေးလိုက်၏။
"မင်းကို ကယ်တင်ဖို့ သူက အရာအားလုံး စွန့်စားခဲ့တယ်။ ဒီလိုယောကျ်ားတစ်ယောက် ထပ်တွေ့ဖို့ မဖြစ်နိုင်ဘူး။ သူ့ကို လက်လွှတ်မခံနဲ့။ သာမန်လောကမှာ ဆိုရိုးတစ်ခု ရှိတယ်။ လိုက်ဖက်တဲ့ ချစ်သူ ဖြစ်ချင်တယ်။ အင်မော်တယ် မဖြစ်ချင်ဘူးတဲ့။ မင်းတို့က နှစ်မျိုးလုံး ဖြစ်နေတာ တကယ်ဝမ်းသာစရာပဲ"
ယွီချန်က လေးစားအားကျသော အပြုံးမျိုးဖြင့် တပည့်ဖြစ်သူကို မှာကြားနေသည်။
"လန်ရီ သတင်းကောင်း"
နှင်းလုံးလေးက အင်မတန် စိတ်လှုပ်ရှားနေဟန်ဖြင့် အင်္ကျီရင်ဘတ်အတွင်းမှ အော်ဟစ်လိုက်သည်။
"မင်းတော့ ပွပေါက်တိုးပြီ။ ယွမ်ရှောင်ကို ငါ ကိုက်လိုက်တုန်းက ရှေးဟောင်းသိုင်းလမ်းစဥ်ရဲ့ စွမ်းအား၊ သိုင်းမီးဖိုကို ရှာတွေ့ခဲ့တယ်"
၎င်း၏ မျက်လုံးများက ကောက်ကျစ်လိုဟန်ဖြင့် အရောင်များ တဖြတ်ဖြတ် လက်နေ၏။
"သိုင်းမီးဖိုကို သူက ဘယ်လိုလုပ် ကျင့်ကြံထားတာလဲ"
လန်ရီက နားမလည်နိုင် ဖြစ်နေခဲ့သည်။
"သူ့ရဲ့ မူလဇစ်မြစ်က ထူးခြားဆန်းကြယ်တယ်။ ဒါမျိုး ကျင့်ကြံနိုင်တာ မဆန်းဘူး။ ဒါပေမယ့် မင်းနဲ့ ကိုက်ညီပြီး သန့်စင်တဲ့ ဒီလိုရုပ်ခန္ဓာကို ရှာတွေ့ဖို့ အရမ်းခက်ခဲတယ်"
"အဲ့တာက ပွပေါက်တိုးတာနဲ့ ဘယ်လိုသက်ဆိုင်တာလဲ"
"အရေးပါတယ်။ မင်းက ယင်သိုင်းမီးဖိုကို ကျင့်ကြံပြီး သူက ယန်ဓာတ်ကို ကျင့်ကြံတယ်"
ထို့နောက် နှင်းလုံးလေးသည် လန်ရီ၏ နားသို့ ကပ်ကာ သူမ၏ ခွန်အားကို မြှင့်တင်ပေးနိုင်မည့် အစီအစဥ်အကြောင်း အသေးစိတ် ရှင်းပြလိုက်သောအခါ ပါးပြင်လေးများ ရဲပဒေါင်းခတ်သွားသည်။
"ပထမအကြိမ်မှာ စွမ်းအား အနည်းငယ် ယူမယ်။ ဒုတိယအကြိမ်မှာ သုံးပုံ တစ်ပုံ ယူ၊ နောက်ဆုံးမှာ ယန်မီးဖို တစ်ခုလုံးကို ဝါးမျိုပြီး ရှေးဟောင်းယင်ယန် သိုင်းမီးဖို ဖန်တီးလိုက်ရင် ငါက ယန်နယ်ပယ်ကို ချက်ချင်း ကျော်လွန်သွားမှာပေါ့။ မဖြစ်ဘူး။ မဖြစ်ဘူး။ ငါ သူ့ကို ဒုက္ခမပေးနိုင်ဘူး"
သူမက ကိုယ့်ဘာသာ တီးတိုးရေရွတ်နေရာမှ ပြင်းပြင်းထန်ထန် ခေါင်းယမ်း၍ ချက်ချင်း ငြင်းဆန်လိုက်လေသည်။