ငရဲကိုးထပ်ကမ္ဘာ အခြေအနေ
Vol. 36 Ch. 469
"ဘာပြဿနာမှ မရှိဘူး။ သူက အစွမ်းထက်တယ်။ နင်က သိုင်းမီးဖိုကို ဝါးမျိုလိုက်ရုံပဲဆိုတော့ ပျက်စီးသွားလည်း ပြန်ကျင့်ကြံရုံ ရှိလိမ့်မယ်"
နှင်းလုံးလေးက လန်ရီကို အစွမ်းကုန် ဖြောင်းဖြနေသည်။
"ဒါပေမယ့် သူက ဂူကျင့်ကြံသူနှစ်ယောက်နဲ့ တိုက်ခိုက်ရတော့မယ်။ ငါ့ကြောင့် တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
သူမက မျက်မှောင်ကြုတ်၍ စဥ်းစားရင်း ငြင်းဆန်ရန် ဆုံးဖြတ်ချက် ပိုမို ခိုင်မာလာ၏။
"နင်ကမှ တကယ့် ကယ်တင်ရှင်လေ။ မင်း တည်ရှိနေရတဲ့ ရည်ရွယ်ချက်က လောကကြီးကို ကယ်တင်ဖို့။ သူက အချုပ်အနှောင်မဲ့ လူသတ်သမား တစ်ယောက်ပဲ။ သူ့အပေါ် မျှော်လင့်ထားတာက အန္တရာယ်များလွန်းတယ်။ သူက လူသားမျိုးနွယ်အတွက် ပြဿနာကောင် ဖြစ်ပေမယ့် နင်ကတော့ စစ်မှန်တဲ့ ကယ်တင်ရှင်ပဲ။ အချစ်ကြောင့် မျက်လုံးကန်းမနေနဲ့"
၎င်းက သူမ၏ အင်္ကျီကော်လာကို ဆွဲဆောင့်ကာ ပြင်းပြင်းထန်ထန် ငေါက်ငမ်းနေသည်။ နှင်းလုံးလေး၏ အမြင်တွင် ယွမ်ရှောင်သည် သေမျိုးလူသားတစ်ယောက်နှင့် မခြားဘဲ လောဘကြီးသည်၊ မိုက်မဲသည်၊ ဒေါသကြီးသည်၊ ကာမစိတ်လည်း ပြင်းထန်၏။ အကယ်၍ တစ်ဖက်လူသာ ထိန်းမနိုင် သိမ်းမရ ဒေါသထွက်သွားလျှင် လူသတ်ပွဲကြီးတစ်ခုထံ ဦးတည်သွားပေလိမ့်မည်။ ဤစကားလုံးများက သူမ၏ စိတ်အတွင်း ထိုးဖောက်ဝင်ရောက်သွားကာ ရက်ပိုင်းအတွင်း ယွမ်ရှောင် သတ်ဖြတ်ခဲ့သော လူအရေအတွက်ကို စဥ်းစားမိသောအခါ တစ်ဆို့ဆို့ ခံစားချက် ဖြစ်ပေါ်လာ၍ အသက်ရှူပင် ကြပ်လာသည်။
"သူ့ကို ဝါးမျိုလိုက်။ သုံးကြိမ်လောက်ပဲ လုပ်ရမှာပါ။ ပြီးရင် နင်လည်း ကယ်တင်ရှင် တာဝန်ကို အောင်မြင်လိမ့်မယ်။ သူကိုယ်တိုင်လည်း အရသာရှိမှာပါ။ နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်။ ဒီကောင်လေးက ရုပ်လည်း မဆိုးပါဘူး"
"ဒါပေမယ့် ငါ ဘယ်လိုလုပ်ရမလဲ မသိဘူး"
နှင်းလုံးလေး၏ အဆက်မပြတ် တိုက်တွန်းမှုကြောင့် လန်ရီမှာ ကန့်ကွက်နေရပြီး မျက်နှာလေး ရဲခနဲ ဖြစ်ဖြစ်သွားသည်။
"နင်က မိန်းကလေးတစ်ယောက်လေ။ ဒါလေးတောင် မသိဘူးလား"
"နင်ရော သိလို့လား"
"ငါက ရတနာတစ်ခု၊ ဘယ်လိုလုပ် သိမှာလဲ။ ငရဲကိုးထပ်ကမ္ဘာကို ရောက်ရင် စာအုပ်နည်းနည်း ရှာဖတ်ပြီး ပြောပြမယ်"
နောက်ဆုံးတွင် နှင်းလုံးလေးသည် တိမ်တိုက်များ လွှမ်းခြုံထားသော ငရဲကိုးထပ်ကမ္ဘာကို ငုံ့ကြည့်ရင်း သက်ပြင်းချကာ လန်ရီနှင့် သဘောတူညီချက် တိတ်တဆိတ် ရယူလိုက်သည်။
ယွမ်ရှောင်သည် ငရဲကိုးထပ်ကမ္ဘာ၏ သစ်ပင်တောတောင်များကို မြင်ရသောအခါ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရ၏။ အထက်မှ ကြည့်လျှင် ၎င်းသည် ရှေးဟောင်းအပျက်အစီးနယ်မြေပမာ ပြောင်းလဲသွားကာ ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများ လွှမ်းခြုံ၍ စိတ်ကူးယဥ် လောကတစ်ခုနှင့် တူညီနေသည်။ သစ်ပင်များနှင့် သက်ရှိများက အလင်းပေါင်းစုံ တောက်ပ၍ ဒဏ္ဍာရီလာ နတ်သားရဲများ ကျက်စားနေကာ ကြားရသူအပေါင်း နားသောတဆင်နိုင်မည့် ဂီတသံ သဲ့သဲ့ ပျံ့လွင်လာ၏။ လူသားများသည် တောက်ပသော အလင်းရောင်အောက်တွင် အပြုံးကိုယ်စီဖြင့် ပျော်ပါးမြူးထူးနေကာ သုခဘုံတစ်ခုအလားပင်။ သာမန်လောကတစ်ခု ဖြစ်ခဲ့သော ငရဲကိုးထပ်ကမ္ဘာမှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်နေသောကြောင့် သူက ဝိညာဥ်မျက်လုံး ထုတ်ဖော်ကာ စစ်ဆေးလိုက်ရသည်။ ပုံရိပ်ယောင်အောက်မှ အစစ်အမှန် မြင်ကွင်းတွင် ၎င်းသည် အုံ့မှိုင်းမှောင်မိုက်နေကာ သတ္တဝါများက ကျင့်ကြံမှုကို ရပ်တန့်၍ ရူးသွပ်နေသည့်အလား စမ်းတဝါးဝါး သွားလာနေကြသည်။
"ဒါက အိပ်မက်ပင်လယ် ကမာနတ်ဆိုးတွေရဲ့ လက်ချက် ဖြစ်ရမယ်"
ယွီချန်က လူတိုင်းကို အသိပေးလိုက်ပြီး ကမာကောင်များသည် ငရဲကိုးထပ်ကမ္ဘာကို ပစ်မှတ်ထားနေခြင်း မဟုတ်ဘဲ ကောင်းကင်အင်မော်တယ်နှင့် တိုက်ပွဲမှ လျှံထွက်လာသော ပုံရိပ်ယောင်စွမ်းအားများသာ ဖြစ်၏။ ရှေးဟောင်းကျောင်းတော်၏ ယုံကြည်ချက်က နောက်တစ်ဖန် ယိမ်းယိုင်သွားကာ ကမာနတ်ဆိုး မျိုးနွယ်ကို သတိထားစရာမလိုဟု သတ်မှတ်ထားသော်လည်း အန္တရာယ်ပေးနိုင်စွမ်းသည် အင်မော်တယ်သုံးပါးအောက် မလျော့ချေ။
"အလောင်းနတ်ဆိုး"
လူတိုင်းက အခြေအနေကို သတိကြီးကြီးထားကာ စောင့်ကြည့်နေစဥ် အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နှင့် ဖြူဖပ်ဖြူရော် မိန်းကလေးတစ်ယောက် ချဥ်းကပ်လာသဖြင့် မျက်မှောင်ကြုတ်လိုက်ကြ၏။ အမေ့ခံနတ်ဆိုးပင်လယ်၌ ကမာနတ်ဆိုးမျိုးနွယ် မင်းမူနေခြင်း၏ အကြောင်းအရင်းမှာ အလောင်းနတ်ဆိုးများ ပျက်စီးလုနီးပါး ဖြစ်နေသောကြောင့်ပင်။ ရှေးဟောင်းကျောင်းတော်အတွက် လူသားမျိုးနွယ်အပေါ် အလောင်းနတ်ဆိုးတစ်ကောင် ပေးစွမ်းနိုင်သော အန္တရာယ်က ကြီးလွန်း၍ သတ်ဖြတ်လိုစိတ် ချက်ချင်း ဖြစ်ပေါ်လာကြ၏။ သို့သော် တစ်ဖက်လူက အနားသို့ ရောက်သောအခါ ယွမ်ရှောင်ကို လေးလေးစားစား ဦးညွှတ်၍ သခင်လေးယွမ်ဟု ခေါ်ဆိုလိုက်သောအခါ မယုံကြည်နိုင်ဟန်ဖြင့် အချင်းချင်း တစ်ယောက်ကို တစ်ယောက် ကြည့်နေမိကြသည်။
"အခြေအနေ ဘယ်လိုရှိလဲ"
"ကမာနတ်ဆိုးသုံးထောင်က ကောင်းကင်အင်မော်တယ်ကို နားခိုရာဂိုဏ်းထဲ ချောင်ပိတ်ထားပါတယ်"
"သူတို့ရဲ့ ရည်ရွယ်ချက်လည်း နားခိုရာဂိုဏ်းလား"
"ဟုတ်ပါတယ်။ လောလောဆယ် တိုက်ပွဲကတော့ သူမသာကိုယ်မသာ ဖြစ်နေပါပြီ။ နှစ်ဖက်လုံးက သတိထား တိုက်ခိုက်နေကြလို့ အဖြေပေါ်ဖို့ မလွယ်ဘူး"
ယွမ်ရှောင်က တိုက်ပွဲအကြောင်း မေးခွန်းထုတ်လိုက်သောအခါ နတ်ဆိုးဖြူသည် လေးလေးစားစား တင်ပြလိုက်၏။ သူက ယွီချန်တို့ဘက် လှည့်ကြည့်လာသောအခါ သားရဲနှစ်ကောင် အချင်းများနေစဥ် မုဆိုး အမြတ်ထွက်သည်ဟူသော ဆိုရိုးအကြောင်း ချက်ချင်း တွေးမိလိုက်ကြသည်။
"ကမာကောင်တွေက ငါတို့ကို တစ်ဖက်တစ်လမ်းက ကူညီပေးလိုက်တာပဲ"
ရှန်ချန်းက တွေးတွေးဆဆ မှတ်ချက် ပေးသည်။
"ဘာဖြစ်ဖြစ် သူတို့ကလည်း လူသားမျိုးနွယ်ရဲ့ ရန်သူပဲ။ ဘယ်သူနိုင်နိုင် သက်ရှိတွေအပေါ်မှာ ကပ်ဘေး ဖြစ်စေလိမ့်မယ်"
ယွီချန်က သက်ပြင်းချ၍ ခေါင်းယမ်းပြလိုက်၏။
"နောက်ထပ် ဘာဆက်လုပ်ရမလဲ"
"ကမာနတ်ဆိုးတွေက မြေအင်မော်တယ်ကို ငါတို့ သတ်လိုက်တာ သိသွားရင် ပူးပေါင်းဖို့ ကြိုးစားလာနိုင်တယ်"
ယွမ်တဟဲက သူ့အမြင်ကို မေးလာသဖြင့် စဥ်းစားခန်းဝင်နေသော ယွမ်ရှောင်သည် တစ်လုံးချင်း ဖြေလိုက်သည်။
"ဘယ်လိုဆုံးဖြတ်ဖို့ စဥ်းစားထားလဲ"
"ကျုပ်က ပုံရိပ်ယောင်ကို ကြောက်စရာမလိုဘူး။ အဓိကပြဿနာက ကောင်းကင်အင်မော်တယ် ဖြစ်နေတယ်။ သူ့ကို အရင်ရှင်းပစ်လိုက်ရင် ရှေးဟောင်းအပျက်အစီးနယ်မြေရဲ့ လူသားတွေ ထပ်ပြီး လွတ်မြောက်နိုင်လိမ့်မယ်"
"နတ်ဆိုးတွေနဲ့ မဟာမိတ် ဖွဲ့မလို့လား"
သူ၏ စကားကြောင့် လူတိုင်း အံ့အားသင့်သွားကာ မယုံကြည်နိုင် ဖြစ်ကုန်သည်။
"ဘာဖြစ်ကြတာလဲ။ လက်မခံနိုင်ဘူးလား"
"ဒါက ကျောင်းတော်ရဲ့ မူတွေနဲ့ ဆန့်ကျင်နေတယ်"
"သေရေးရှင်ရေး အချိန်မှာ လိုက်လျောညီထွေ လုပ်နိုင်ဖို့က ပိုအရေးကြီးတယ်"
ယွမ်ရှောင်၏ စကားက အဓိကအချက်ကို ထောက်ပြနေသဖြင့် လူတိုင်း အချိန်တစ်ခု တိတ်ဆိတ်သွားကာ သဘောတူညီခဲ့ကြ၏။
"မြင်လား။ သူက လူသေတွေကနေ ဖြစ်လာတဲ့ အလောင်းနတ်ဆိုးကိုတောင် နောက်လိုက်အဖြစ် လက်ခံထားတယ်။ အဲ့ဒီ နတ်ဆိုးကလည်း မိန်းကလေးပဲ။ ဒီကောင့်အကျင့်တွေက ဖောက်ပြန်လွန်းတယ်။ သူ့ကို မြန်မြန် ဝါးမျိုပြီး လောကကြီးကို ကယ်တင်လိုက်စမ်းပါ"
နှင်းလုံးလေးက နတ်ဆိုးဖြူကို ညွှန်ပြ၍ လန်ရီ၏ စိတ်ကို ပြောင်းလဲအောင် အတင်းအကြပ် တိုက်တွန်းနေသည်။
"အိပ်မက်ပင်လယ် ကမာနတ်ဆိုးတွေ ရောက်လာကြပြီ"
တိမ်တိုက်များအကြားတွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော ပုံရိပ်များ သူတို့ထံ ရောက်ရှိလာသောအခါ ယွမ်ရှောင်က ပြုံးလိုက်ပြီး ယွီချန်နှင့် ကာကွယ်သူများ သတိအပြည့် ဖြစ်သွားကြလေသည်။