ကမာနတ်ဆိုးဘုရင်
Vol. 36 Ch. 470
အိပ်မက်ပင်လယ် ကမာနတ်ဆိုးများ ရောက်လာသောအခါ လူတိုင်း ကျောစိမ့်သွားကြပြီး အင်မော်တယ်သုံးပါး မတိုင်ခင်ကဆိုလျှင် ရှေးဟောင်းအပျက်အစီးနယ်မြေ၏ ရန်သူများ ဖြစ်သည်။ များပြားလှသော ကမ္ဘာများတွင် ၎င်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ဝမ်းနည်းဖွယ်ရာ ပုံပြင်များ မနည်းလှပေ။ သိုင်းဧကရာဇ်မျိုးနွယ်သည် သွေးမိစ္ဆာ သင်္ဘောကို ဖျက်ဆီးနိုင်ခဲ့သော်လည်း အမေ့ခံနတ်ဆိုးပင်လယ်ကိုမူ လုံးဝ မအောင်နိုင်ဖူးချေ။ အေးစက်စက် အကြည့်များ သတိထားနေစဥ် ပုံရိပ်နှစ်ရာကျော်သည် မြူခိုးများကို ဖြတ်သန်း၍ သာယာနာပျော်ဖွယ် ရယ်မောသံများ ဆွဲဆောင်မှုရှိစွာ ထုတ်ဖော်ရင်း နီးကပ်လာကြသည်။ အပြည့်အဝ ရုပ်လုံးပေါ်မလာသေးသော်လည်း ယွမ်ရှောင်၏ နားအတွင်း ၎င်းတို့က တီးတိုးပြောဆိုနေသကဲ့သို့ ချိုမြိန်စွာ ကြားနေရ၏။ မကြာမီ မြင်ကွင်းအတွင်း ပါးလွှာသော ပိတ်စများ ဝင်ရောက်လာကာ လေထဲတွင် ကခုန်နေသည့် အလှပဂေးအုပ်စုတစ်ခု ထွက်ပေါ်လာသဖြင့် ယောကျ်ားသားများ အကြည့်တို့ ပြင်းထန်ကုန်သည်။
အံ့သြစရာကောင်းလောက်အောင် ကမာနတ်ဆိုးများက အမများ ဖြစ်နေကာ သာမန် မိန်းကလေးအသွင် မဟုတ်ဘဲ လှပသူများချည်း ဖြစ်နေ၏။ တစ်ယောက်ချင်းစီတွင် သေးသွယ်သော ခါး၊ ရှည်လျားဖြောင့်စင်းသော ခြေတံများ၊ ပေါ်လွင်ထင်ရှားသည့် ကောက်ကြောင်းများ ပိုင်ဆိုင်ထားသဖြင့် ပြည့်စုံလွန်းနေသည်။ ဆံပင်ရှည်များက လေထဲတွင် လွင့်မျော၍ မျက်နှာအသွင်အပြင် မျိုးစုံကို အလှဆင်ပေးထား၏။ အချို့က ဆွဲဆောင်အား ပြင်းထန်၍ အချို့မှာ ချစ်စရာ ကောင်းပြီး အချို့သည် ကျက်သရေရှိရှိ လှပကြသည်။ လူသားများ၏ အကြည့်ကို ဆွဲဆောင်နိုင်သော အရာမှာ ဝတ်စားဆင်ယင်မှု ဖြစ်ပြီး ပါးလွလွ ပိတ်စာများက လွဲလျှင် မည်သည့်အရာကိုမျှ ဝတ်ဆင်မထားချေ။ အလှပဂေး နှစ်ရာကျော်သည် သီဆိုကခုန်ရင်း ချဥ်းကပ်လာသောအခါ ယောကျ်ားတိုင်း၏ မျက်လုံးများ မီးဝင်းဝင်းတောက်၍ လှုပ်ရှားလိုက်သော ခန္ဓာကိုယ်အစိတ်အပိုင်းများထံ ဖမ်းစားခံနေရပုံပေါ်သည်။ တစ်ဖက်မှာ နတ်ဆိုးမျိုးနွယ် ဖြစ်သော်လည်း ဤအခြေအနေမျိုးတွင် သူတော်စင်များပင် ဆွဲဆောင်ခံရနိုင်ချေ ရှိ၏။
"မကြည့်နဲ့"
ယွမ်ရှောင်က ကမာနတ်ဆိုးများကို စိုက်ကြည့်နေသောအခါ လန်ရီသည် မိန်းကလေးသဘာဝအတိုင်း သဝန်တိုနေသည်။
"ငါက ဒီမျက်လုံးကို သုံးနေတာပါ"
သူက နဖူးရှိ ဒေါင်လိုက် မျက်လုံးကို ညွှန်ပြကာ ပုလဲဖြူရောင် ကမာကောင်များအား စစ်ဆေးနေသည်။
"ဘာမြင်ရလဲ"
"အခွံကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေတဲ့ ကမာကောင်တွေ"
သူသည် ထိုမိန်းကလေးများ၏ ပုံသဏ္ဍာန်အစစ်အမှန်ကို မြင်နိုင်စွမ်း ရှိသောကြောင့် သူမကို စိတ်အေးသွားစေသည်။ သို့သော် သူက ဝိညာဥ်မျက်လုံးကို တစ်ကြိမ်သာ အသုံးပြု၍ ဖန်ဆင်းထားသော မိန်းကလေးများကို ကြည့်နေခြင်းပင်။ အိပ်မက်ပင်လယ် ကမာနတ်ဆိုးမျိုးနွယ်တွင် ဘုရင်မှ လွဲလျှင် အားလုံးက အမဖြစ်သဖြင့် မျိုးနွယ်တစ်ခုလုံး မောင်းမဆောင်ကြီးနှင့် ဆင်တူပေ၏။ ကမာနတ်ဆိုးအားလုံးသည် အမ အဖြစ် မွေးဖွားလာကြပြီး ဘုရင်တစ်ပါး သေဆုံးသွားလျှင် ရွေးချယ်ခံ အမတစ်ကောင်က အထီးအဖြစ် အလိုအလျောက် ပြောင်းလဲသွားကာ မျိုးဆက်ပြန့်ပွားရေးကို ထမ်းဆောင်သည်။ ဤအမွေဆက်ခံသော နည်းလမ်းဖြင့် မျိုးဆက်တိုင်း ၎င်းတို့က ပိုမို သန်မာလာကာ အကောင်းဆုံး မျိုးရိုးဗီဇများ ဖြစ်တည်လာခဲ့သည်။ လောကကြီးတွင် အံ့ဖွယ်ရာများ ပြည့်နှက်နေပြီး မိသားစုဟူ၍ မရှိဘဲ မျိုးနွယ်တစ်ခုလုံးနှင့် မိတ်လိုက်နိုင်သော ကမာမျိုးနွယ်က လူသားကျင့်ဝတ်နှင့် ကြည့်ရလျှင် အလွန်ထူးဆန်းပေ၏။
ထိုအချိန်တွင် ကမာနတ်ဆိုးများက တန်းစီလိုက်ကြပြီး နှစ်ဖက် ခွဲသွားကာ အနက်ရှိုင်းဆုံးသော မြူခိုးအတွင်းမှ နှင်းဖြူရောင် ပိတ်စ ခြုံလွှမ်းထားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူမ၏ အဝတ်အစားက နည်းပါးသော်လည်း အရိုင်းဆန်သည်ဟု မခံစားရဘဲ ကျက်သရေရှိသော အင်မော်တယ်ကျင့်ကြံသူတစ်ယောက် အလားပင် ထင်မှတ်ရ၏။ ဆွဲဆောင်မှု ပြင်းထန်သော ခန္ဓာကိုယ်က ဆန္ဒကို ကိုယ်စားပြုသော်လည်း မျက်နှာလေးမှာ သန့်ရှင်းစင်ကြယ်လှသည်။
"ဒီမိန်းကလေးက အလှဆုံးပဲ"
"ဒါက ကမာနတ်ဆိုးဘုရင်ပဲ"
လန်ရီက ယွမ်ရှောင်ကို တံတောင်ဖြင့် တွတ်ကာ တီးတိုး သတိပေးလိုက်သောကြောင့် အူကြောင်ကြောင် ဖြစ်သွားစေသည်။ သူက မျက်လုံးကို ပွတ်သပ်၍ ယောက်ျားတို့ ရတနာ တည်ရှိသော နေရာသို့ ခိုးကြည့်လိုက်သောအခါ အမှန်တကယ်ပင် ဖုထစ်ဖောင်းကားနေ၏။ တစ်ဖက်လူမှာ ပြစ်မျိုးမှဲ့မထင် မိန်းမလှ ဖြစ်သော်လည်း ယောကျ်ားတို့ ရတနာ ရှိနေခြင်းက သဟဇာတ မဖြစ်လှပေ။ သို့သော် ကမာဘုရင်သည် လူသား မဟုတ်သော နတ်ဆိုးမျိုးနွယ်ဝင် ဖြစ်၍ ထူးဆန်းမှုများ ရှိနေရန် မျှော်လင့်ထားရပေလိမ့်မည်။ နောက်ဆုံးတွင် သူက အံ့အားသင့်နေရာမှ သတိပြန်ဝင်လာကာ ကမာဘုရင်ကို အထီးတစ်ကောင်အဖြစ် ပြောင်းလဲ လက်ခံလိုက်ရသည်။ ကမာမျိုးနွယ်၏ ဘုရင်ကိုယ်တိုင် လာတွေ့မည်ဟု မထင်ထားသောကြောင့် ကာကွယ်သူများ စိတ်လေးနေကြပြီး သူ့ကို ကာကွယ်ပေးရန် မျက်တောင်မခတ်ဘဲ စောင့်ကြည့်ထားကြ၏။
"ကျော်ကြားလှတဲ့ ယွမ်ရှောင်။ မင်းရဲ့ ရုပ်ရည်အကြောင်း ကြားဖူးတာ ကြာပြီ။ ဒီနေ့ တွေ့လိုက်ရတော့ တကယ့်ကို နတ်ဘုရားဆန်လွန်းတာပဲ။ အံ့သြချီးကျူးမိပါတယ်"
ကမာဘုရင်က စကားပြောလိုက်သောအခါ သူ၏ အသံသည် မိန်းကလေးများထက်ပင် ပို၍ နူးညံ့သိမ်မွေ့သဖြင့် ထူးခြားလွန်းသည်။
"ငါ့ကို မြှောက်ပြောမနေနဲ့။ မင်း ဘာလိုချင်တာလဲ"
အထီး အထီးချင်း ထူးဆန်းစွာ စကားပြောနေရသဖြင့် အောင့်သက်သက် ဖြစ်သွားသော ယွမ်ရှောင်က ခပ်ပြတ်ပြတ် တုံ့ပြန်၏။
"မင်းက မြေအင်မော်တယ်လို အစွမ်းထက် မကောင်းဆိုးဝါးကို ရှင်းပစ်လိုက်တယ်လို့ ကြားမိပါတယ်။ ဘယ်လိုလုပ်ခဲ့တာလဲ"
ကမာဘုရင်က သဘောကျဟန်ဖြင့် တခစ်ခစ် ရယ်မောရင်း စပ်စုနေသည်။ တစ်ဖက်လူမှာ ယိုယွင်းနယ်ပယ်သာ ဖြစ်ကြောင်း သူက ထင်ထင်ရှားရှား မြင်နိုင်သဖြင့် စိတ်ဝင်စားစပြုလာ၏။ အမေ့ခံနတ်ဆိုးပင်လယ်သည် ဂူကောင်များ မရှိသောကြောင့် ကပ်ဘေးနယ်ပယ်သာ ရှိ၍ ယင်နယ်ပယ်နှင့် ယန်နယ်ပယ် ကျင့်ကြံသူများ အဆမတန် ပေါများသည်။
"မင်းကိစ္စ မဟုတ်ဘူး။ မသိချင်နဲ့"
"မင်းလို ပါရမီရှင်တစ်ယောက်က ဒီလောက်ပွင့်လင်းမယ်လို့ မထင်ထားဘူး။ ဒါပေမယ့် ဆွဲဆောင်မှု ရှိတယ်"
ကမာဘုရင်က မဲ့ပြုံးတစ်ချက်ဖြင့် မျက်စောင်းထိုးလိုက်သောအခါ စကားပြောဆိုပုံနှင့် ကိုယ်အမူအရာများအရ တစ်ဘဝလုံး မိန်းကလေးအဖြစ်သာ နေထိုင်လာကြောင်း သိသာ၏။
"မင်းက ဒီလောက်ဒဲ့တိုးဆန်မှတော့ ငါလည်း လှည့်ပတ်ပြောမနေတော့ဘူး။ ကောင်းကင်အင်မော်တယ်ကို သတ်ဖို့ ပူးပေါင်းကြမယ်"
"ဘာကြောင့် မင်းတို့နဲ့ ပူးပေါင်းရမှာလဲ"
"ငါတို့ ရည်ရွယ်ချက်က တူညီနေတယ်။ နောက်ထပ် ဂူကျင့်ကြံသူတစ်ယောက် သေရင် မင်းက ရှေးဟောင်းအပျက်အစီးနယ်မြေကို ယူလိုက်၊ ငါက နားခိုရာဂိုဏ်းကို လိုချင်တယ်"
ကမာဘုရင်က မျက်ဝန်းများ ကျဥ်းမြောင်း၍ စိုက်ကြည့်နေရင်း အဆိုပြုလိုက်သည်။
"မင်းကို ယုံကြည်ရမှာလား"
ယွမ်ရှောင်က လက်နှစ်ဖက်နောက်ပစ်၍ ဖိအားပေးကာ မေးခွန်းထုတ်သည်။
"လူသားနဲ့ နတ်ဆိုးကြားက ရန်ငြှိုးအရ ကတိဆိုတာ မရှိဘူး။ ဒီမဟာမိတ်က အကျိုးအမြတ်အပေါ် မူတည်တယ်။ လောလောဆယ်မှာ ဂူကျင့်ကြံသူတွေက အင်အားကောင်းနေတယ်။ တိုက်ပွဲမှာ သူတို့ကို ရှင်းပစ်ပြီးရင် ငါတို့လည်း ဆက်ပြီး ပြိုင်ဆိုင်လို့ရတယ်"
"အပြောကောင်းတာပဲ။ ငါ့ဆီ ရောက်လာမှတော့ မင်းမှာ အစီအစဥ် ရှိပုံရတယ်"
"လုံးဝ စိတ်ချရတာတော့ မဟုတ်ဘူး။ ငါတို့ မျိုးနွယ်တစ်ခုလုံးက ကောင်းကင်အင်မော်တယ်ကို နားခိုရာဂိုဏ်းထဲမှာ ပိတ်ထားတယ်။ ပုံရိပ်ယောင်နဲ့ တရစပတိုက်ခိုက်လိုက်ရင် ဝိညာဥ်က အားနည်းသွားလိမ့်မယ်။ အချိန်တန်ပြီဆိုရင် အတူတူ တိုက်ခိုက်ကြမယ်"
"အချိန်ဘယ်လောက်ကြာမလဲ"
"သုံးရက်"
"သဘောတူတယ်"
ယွမ်ရှောင်က ခေါင်းညိတ်ပြသောအခါ ကမာဘုရင်သည် လေးစားစွာ ဦးညွှတ်၍ ချီးကျူးလိုက်၏။
"မင်းက တော်တော်လေး အမြင်ကျယ်ပါပေတယ်"
"ငါ့ကို နောက်ကျော ဓားနဲ့မထိုးဖို့ မျှော်လင့်တယ်။ မဟုတ်ရင် ငါ့ဒေါသက အကြောင်းသုံးပါး မရွေးဘူးနော်"
သူ၏ ခြိမ်းခြောက်စကားကို ကြားသောအခါ ကမာနတ်ဆိုးမလေးများသည် ခပ်သဲ့သဲ့ ရယ်မောကာ ပြိုင်တူဦးညွှတ်ရင်း နှုတ်ဆက် ထွက်ခွာသွားကြသည်။ လူသားများသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေပြီး ကမာနတ်ဆိုးမျိုးနွယ်က အန္တရာယ်ကြီးမားကာ ခြိမ်းခြောက်နိုင်စွမ်းမှာ ဂူကျင့်ကြံသူများအောက် မလျော့ပေ။
"အခုတော့ သဘောတူလိုက်ရုံကလွဲလို့ ရွေးချယ်စရာ မရှိဘူး။ သုံးရက်အတွင်း အပြောင်းအလဲတွေ ရှိလာလိမ့်မယ်"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ ပြောလိုက်သောအခါ ကာကွယ်သူများ စိတ်အေးသွားကာ သုံးရက်ဆိုသော အချိန်သည် သာမန်လူများအတွက် မျက်တောင်တစ်ခတ်စာ ဖြစ်သော်လည်း သူ့အတွက်မူ အပြောင်းအလဲ လုပ်နိုင်ရန် လုံလောက်ပေသည်။
"မင်း ထွက်လာလို့ ရပြီ"
ကမာနတ်ဆိုးများ ရောက်ရှိလာစဥ်က ပုန်းအောင်းနေသော နတ်ဆိုးဖြူကို ထွက်လာရန် သူက အချက်ပြလိုက်၏။
"သခင်လေးယွမ်"
သူမက အလွန်ရိုကျိုးဟန်ဖြင့် နှိမ့်ချစွာ ရပ်နေသောကြောင့် ယွီချန်နှင့် ကာကွယ်သူများ နားမလည်နိုင်ဖြစ်ကုန်သည်။
"အမေ့ခံနတ်ဆိုးပင်လယ်မှာ အလောင်းကောင်တွေ ရှိလား"
"အနက်ပိုင်းမှာ အများကြီး ရှိပါတယ်။ အတိအကျ ပြောရရင် ဒါက နှစ်ပေါင်းများစွာ တိတ်ဆိတ်နေတဲ့ အလောင်းပင်လယ်ကြီး တစ်ခု ဖြစ်နေပြီ"
"ကောင်းပြီ။ သူတို့ရဲ့ နယ်မြေကို လုယက်တိုက်ခိုက်ဖို့ မင်းကို အချိန်သုံးရက် ပေးမယ်။ ပြန်ရောက်လာရင် မကောင်းတဲ့ အလောင်းချီတွေကို နောက်တစ်ခါ သန့်စင်ပေးမယ်"
ယွမ်ရှောင်၏ စကားကြောင့် သူမက မော့ကြည့်လာပြီး အရေးကြီးသော အခိုက်အတန့်တွင် အနီးကပ် ကာကွယ်ပေးချင်သော်လည်း ပို၍ ကောင်းမွန်သော အစီအစဥ်များ ရှိမည်ဟု နားလည်ထားသည်။
"ဟုတ်ကဲ့။ ကျွန်မကို သွားခွင့်ပြုပါဦး"
ထို့ကြောင့် သူမက ရိုရိုသေသေ ခေါင်းညိတ်၍ လှည့်ထွက်သွားကာ သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးသည် မြူခိုးများအကြား တိုးဝင်ပျောက်ကွယ်သွားခဲ့၏။
"လူတိုင်း သုံးရက်အတွင်း အားမွေးထားကြပါ"
ညွှန်ကြားချက် စောင့်နေသော လူသားများကို ယွမ်ရှောင်က အမိန့်ပေးလိုက်ပြီး ယွီချန်နှင့် ရှန်ချန်း ဦးဆောင်ကာ လူတိုင်း နာခံလိုက်ကြသည်။ သူတို့က ငရဲကိုးထပ်ကမ္ဘာ အတွင်း ဆင်းသက်ကာ မြို့တစ်ခုအတွင်း ယာယီ စခန်းချလိုက်ကြ၏။ အင်မော်တယ်သုံးပါးနိုင်လျှင် ကမ္ဘာပေါင်းများစွာသည် ဂူကောင်အသိုက် ဖြစ်သွားပေလိမ့်မည်။ အကယ်၍ ကမာနတ်ဆိုးမျိုးနွယ် အနိုင်ရသွားလျှင် ကမ္ဘာပေါင်းများစွာ၌ ပုံရိပ်ယောင်အတွင်း နစ်မြုပ်နေမည့် အလောင်းများစွာ ပြည့်နှက်သွားပေလိမ့်မည်။ လမ်းကြောင်းနှစ်ခုလုံး၏ အဆုံးသတ်က သေခြင်းတရားထံ ဦးတည်နေသောကြောင့် ယွီချန်၏ မျက်ဝန်းများ၌ အဆုံးမရှိသော စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့လေသည်။
"လူငယ်လေးနှစ်ယောက်မှာ ဘယ်သူက မျှော်လင့်ချက်ကို ဖော်ဆောင်နိုင်မှာလဲ"