စစ်မင်းသမီး၏ အခြေအနေ
Vol. 36 Ch. 471
လူသူကင်းမဲ့သော သွေးမိစ္ဆာနယ်မြေ၏ အနက်ပိုင်းတွင် မည်းနက်နေသော သွေးများ သုံးပုံတစ်ပုံအထိ လျော့ကျသွားကာ အမှောင်ထု၌ စွမ်းအင်လှိုင်းများ တုန်ခါကာ အနီရောင်ချီများ ပျံ့နှံ့လာ၏။ နောက်ဆုံးတွင် လူသားအင်မော်တယ်သည် တိုက်ပွဲမှ ထွက်ခွာသွားသောကြောင့် မောဟိုက်၍ ရင်ဘတ် တစ်ခုလုံး နိမ့်ချည်မြင့်ချည် ဖြစ်နေသည့် စစ်မင်းသမီး လူလုံး ထွက်ပြလာသည်။
"ငါ့ကိုယ်ငါ သေပြီလို့ ထင်ထားတာ။ အနည်းဆုံးတော့ သူ့ကို နှောင့်နှေးအောင် အချိန်ဆွဲထားလိုက်နိုင်တယ်"
သူမက စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချကာ ရေရွတ်လိုက်မိ၏။ အကယ်၍ ဂူကျင့်ကြံသူနှစ်ယောက်သာ ရှေးဟောင်းအပျက်အစီးနယ်မြေသို့ ပြန်ရောက်လာခဲ့လျှင် သေချာပေါက် နိုင်ပွဲရမည် ဖြစ်သော်လည်း ကိုယ့်ကိုကိုယ် အထင်ကြီးလွန်း၍ မောက်မာကြသည်။ သူတို့က နားခိုရာဂိုဏ်းကို သိမ်းယူရန်၊ ရှေးဟောင်းမျှော်စင်ကို ဖျက်ဆီးရန်နှင့် သွေးမိစ္ဆာ လက်ကျန်များကို သတ်ဖြတ်ရန် တပြိုင်နက် ကြိုးစားခဲ့သဖြင့် အရာမထင်တော့ပေ။
"ငါ ဘာဆက်လုပ်ရမလဲ"
သူမက နှလုံးသားထံ ဆက်သွယ်ကာ မေးမြန်းလိုက်သော်လည်း စူးရှသော နာကျင်မှုတစ်ခု ဆောင့်တက်လာသဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ဒွါရကိုးပေါက်အတွင်းမှ သွေးများ အလိုအလျောက် စီးထွက်လာကာ ဝေဒနာ ခံစားနေရသည့် သူမ ရှေ့မှောက်၌ ယွမ်ရှောင်အဖြစ် ဖွဲ့စည်းလာ၏။ ဤသွေးပုံရိပ်သည် ခန္ဓာကိုယ်နှင့် ဆက်သွယ်နေဆဲ ဖြစ်သောကြောင့် ဝိညာဥ်ရော ရုပ်ခန္ဓာပါ ထိခိုက်မှု မရှိခဲ့ပေ။
"ဘာလို့လဲ။ ဒါက နာကျင်လွန်းတယ်"
"မင်းလုပ်တာ နှေးလွန်းတယ်။ ငါကိုယ်တိုင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ"
"အား"
"အသားကျသွားမှာပါ"
သူမက နာကျင်စွာ ညည်းညူ၍ အပြစ်တင်လိုက်သော်လည်း ယွမ်ရှောင်မှာ ခံစားချက်မဲ့စွာ ပြန်ပြောလာသဖြင့် စိတ်ပျက်အားငယ်နေပြီး ထွက်ပြေးမရနိုင်သဖြင့် သည်းခံနေရုံသာ တတ်နိုင်၏။ သူမက ဒေါသကို မျိုသိပ်၍ စိတ်ထဲတွင် ဆဲနည်းပေါင်းစုံဖြင့် မကျေမနပ် အော်ဟစ်နေခဲ့သည်။ ထိုအချိန်တွင် သွေးဖြင့် ဖွဲဲ့စည်းထားသော ပုံရိပ်သည် ဧရာမ တွင်းနက်ကြီးအသွင် ပြောင်းကာ ပတ်ဝန်းကျင်ရှိ မိစ္ဆာသွေးများကို လောဘတကြီး စုပ်ယူနေပြီ ဖြစ်သည်။ တိုက်ပွဲကြောင့် အရည်ပျော်သွားသော သွေးများက စုပ်ယူနှုန်းကို ပိုမို မြန်ဆန်စေကာ ရေလှိုင်းကြီးများပမာ ယွမ်ရှောင်ထံ တဝုန်းဝုန်း စီးဝင်လာသဖြင့် စစ်မင်းသမီးပင် လွင့်ထွက်မသွားအောင် ကုပ်တွယ်ထားရ၏။ ရှင်းပြမရနိုင်သော ခံစားချက်များကြောင့် သူမ၏ မျက်ရည်များက အတားအဆီးမရှိ ထွက်ကျလာသောအခါ သူ့ကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။
"ဘာလို့ ငိုနေတာလဲ"
"ဒီနေရာမှာ သေဆုံးခဲ့ရတဲ့ ငါ့မျိုးနွယ်ဝင်တွေရဲ့ နာကျင်မှုနဲ့ ဒေါသကို ခံစားမိတယ်"
"ဒါတွေအားလုံးက သမိုင်းမှာ ကျန်ခဲ့ပြီ။ ဒါကို ကျော်လွန်ဖို့ ကြိုးစားပါ"
ယွမ်ရှောင်က ခဏတာ တိတ်ဆိတ်သွားကာ ဖြောင်းဖြပေးရန် ကြိုးစားလိုက်သော်လည်း စစ်မင်းသမီးသည် ဒေါသသံကလေးဖြင့် ခွန်းတုံ့ပြန်ခဲ့သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လူသားတွေက ကိုယ့်ကိုကိုယ် ကောင်းမွန်တယ်လို့ အသံကောင်းဟစ်ပြီး လုပ်ချင်တာ လုပ်ကြတယ်။ မိစ္ဆာတွေ မျိုးတုံး သတ်ဖြတ်ခံရတော့ ဘာဆက်ဖြစ်မှာလဲ။ ငါတို့ရဲ့ သမိုင်းမှာ လူသားမျိုးနွယ်က အပြစ်သားပဲ"
"ငါလည်း မပြောတတ်ဘူး။ ဒါပေမယ့် ငါကိုယ်တိုင် လူသား တစ်ယောက် ဖြစ်နေတော့ မျိုးနွယ်အတွက် တိုက်ပွဲဝင်ရမယ်"
"နင်က လူသားရော ဟုတ်သေးရဲ့လား"
သွေးပုံရိပ်က တစ်ချက်စိုက်ကြည့်၍ တိတ်ဆိတ်သွားကာ မျက်နှာလွှဲလိုက်ပြီး မိစ္ဆာသွေးများကို အငမ်းမရ ဆက်လက်စုပ်ယူနေသည်။
"မင်းရဲ့ မေးခွန်းကို အခု မဖြေနိုင်ဘူး။ အတူတူ ရှေ့ဆက်သွားကြတာပေါ့။ တစ်နေ့ကျရင် ငါတို့ အဖြေကို ရှာတွေ့လောက်ပါတယ်"
နောက်ဆုံးတွင် ၎င်းက တစ်လုံးချင်း ပြောလာသောအခါ သူမမှာ မရေမရာဖြင့် ပြန်မေးလိုက်၏။
"ငါက နင်နဲ့အတူ အဲ့လောက်အထိ ရှိနိုင်ပါ့မလား"
"ရှိနိုင်တယ်"
၎င်းက ခိုင်မာပြတ်သားသော အသံဖြင့် အတည်ပြုပေးလာသောအခါ စစ်မင်းသမီး၏ မျက်နှာ၌ အပြုံးတစ်ခု ဖြစ်တည်လာသည်။
"စကားပြောတာ တော်လောက်ပြီ။ ယန်နယ်ပယ် အဆင့်တက်ဖို့ ကြိုးစားလိုက်ရအောင်"
ထိုအချိန်တွင် ငရဲကိုးထပ်ကမ္ဘာ၌ မူလကိုယ် ယွမ်ရှောင်သည် မြေအင်မော်တယ်၏ အသက်တံဆိပ်ကို ဝါးမျိုနေခဲ့သည်။ ဟိုက်ဒရာတံဆိပ်တွင် ကြီးမားကျယ်ပြန့်သော တောတောင်ရေမြေများ အရိပ်ထင်လာ၍ အင်မော်တယ်သုံးပါး မျိုးဆက် ရုန်းကျင့်ကြံသူများ၏ အသက်တံဆိပ်များလည်း ပါဝင်၏။ ရုန်းအရေအတွက်က ကိုးသန်းအထိ မြင့်တက်လာကာ ခဏအတွင်း ဖျက်ဆီးအားပြင်းပြင်း ထုတ်လွှတ်နိုင်သည့် အစီအရင်ပေါင်း တစ်သိန်းကျော် ဖြစ်ပေါ်လာသည်။ ထို့အပြင် ရန်သူများထံမှ ရရှိလာသော ကပ်ဘေးနတ်ဆိုးအရိုးများကြောင့် ဓားအော်ရာ ဆယ်သန်းနီးပါး တိုးတက်လာသော်လည်း အတားအဆီးတစ်ခု ရှိနေကြောင်း ခံစားမိသဖြင့် ၎င်းတို့ကို ဆက်လက် မြှင့်တင်လိုလျှင် ကြီးမားသော စိန်ခေါ်မှု ဖြစ်လာပေလိမ့်မည်။ လက်ရှိတွင် သူက ရှေးဟောင်းအပျက်အစီးနယ်မြေ၌ လမ်းစဥ်နှစ်ခုတွင် ထိပ်တန်း ကျင့်ကြံသူ ဖြစ်လာကာ ကျင့်ကြံဆင့် မြင့်တက်ရန်သာ လိုအပ်နေ၏။
ယိုယွင်းနယ်ပယ်ကို ရင်ဆိုင်ရန် အလျင်စလို မလုပ်သင့်သောကြောင့် ယွမ်ရှောင် အနေဖြင့် ယိုယွင်းမှု လေးကြိမ် ထပ်မံရောက်ရှိလာမည်ကို စောင့်ဆိုင်းနေရုံသာ တတ်နိုင်သည်။ ရန်သူများသည် ဓားနှလုံးသားများက သူ၏ ခွန်အားကို ချက်ချင်း မြှင့်တင်ပေးနိုင်ကြောင်း သိသွားသဖြင့် အားလုံး ဖျက်ဆီးခဲ့ပုံရသဖြင့် တစ်ခုမှ မတွေ့ရချေ။ သူ့အတွက် အသုံးမဝင်သော ရတနာများနှင့် အရင်းအမြစ်များကိုမူ ရှေးဟောင်းအပျက်အစီးနယ်မြေနှင့် ငရဲကိုးထပ်ကမ္ဘာ ပြန်လည် တည်ဆောက်ရာ၌ အသုံးပြုရန် ရည်ရွယ်ထား၏။ ကျင့်ကြံပြီးနောက် သူက အခန်းထဲမှ ထွက်လာစဥ် အခြားအခန်းတစ်ခုတွင် လန်ရီသည် ကျင့်ကြံရေး၌ အာရုံဝင်စားနေသည်။
မိုးချုန်းသံများ တဝုန်းဝုန်း မြည်ဟီး၍ လျှပ်စီးများ ဖြစ်တည်နေခြင်းအပြင် ကျားဟိန်းသံများ ကျယ်လောင်စွာ ထွက်ပေါ်နေပြီး ကြီးမားသော အရှိန်အဝါတစ်ခု စတင် ပြန့်ထွက်လာသည်။ ကောင်းကင်နှင့် မြေပြင် တုန်ခါသွားကာ လေထဲတွင် လျှပ်စီးကြောင်းများ တလက်လက် ဖြစ်ပေါ်နေသဖြင့် မြင်ကွင်းမှာ ခမ်းနားထည်ဝါလှသော်လည်း ယွမ်ရှောင်အရှေ့တွင် ဖြူစင်၍ ချစ်စရာကောင်းသော မိန်းကလေး ထွက်ပေါ်လာခဲ့၏။
"အစ်ကို သတင်းကောင်းရှိတယ်။ ငါ ယန်နယ်ပယ်ကို ရောက်သွားပြီ"
သူမက ဝမ်းသာအားရ ပြေးထွက်လာ၍ လက်မောင်းကို တွဲကာ အလောတကြီး ပြောလိုက်သည်။
"မြန်လိုက်တာ"
ယွမ်ရှောင်က အသေအချာ စစ်ဆေးကြည့်လိုက်သောအခါ တောက်ပသော အလင်းရောင်နှင့် နေမင်းပမာ စွမ်းအင်များ တက်ကြွနေသည့် လန်ရီကို သတိပြုမိခဲ့သည်။ သူမ၏ အရှိန်အဝါက ခမ်းနားကြီးကျယ်၍ အကန့်အသတ်မဲ့ကာ သီးသန့်ကမ္ဘာတစ်ခု ဖြစ်တည်နေသယောင် ထင်မှတ်ရ၏။
"နှင်းလုံးလေး ကူညီပေးခဲ့တာလား"
"ညီမကိုယ့်ဘာသာ ကြိုးစားခဲ့တာပါ"
"ဒါဆိုရင် မင်းကို ငရဲကိုးထပ်ကမ္ဘာအကြောင်း လိုက်ပြမယ်"
ယွမ်ရှောင်က လန်ရီ၏ ခါးကို ချက်ချင်း ဆွဲဖက်လိုက်သောအခါ နှုတ်ခမ်းဖူးဖူးလေးများ ရှေ့ထွက်လာ၏။
"ဆက်ပြီး မကျင့်ကြံတော့ဘူးလား။ သုံးရက်နေရင် တိုက်ခိုက်ရတော့မှာလေ"
"မလုပ်တော့ဘူး"
"ယိုယွင်းမှုနယ်ပယ်ကြောင့်လား"
"ဟုတ်တယ်။ ဒါကြောင့် မင်းနဲ့အတူ စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်ချင်တာပဲ"
ယွမ်ရှောင်က ခပ်တိုးတိုး သက်ပြင်းချကာ တစ်ချက်ပြုံးပြလိုက်သည်။
"ဟုတ်ကဲ့"
သူမက ခေါင်းညိတ်လိုက်သောအခါ ဓားပျံအထက် စွေ့ခနဲ ပါသွားပြီး ရုတ်တရက် အရှိန်မြန်လာ၏။
"သေချာဖက်ထားနော်"
"ဒီလောက် မြန်မြန်သွားနေရင် ဘယ်လိုလုပ် ရှုခင်းကြည့်မှာလဲ"
ဓားပျံသည် လေခွင်း၍ အဝေးသို့ ပျံထွက်သွားသောအခါ ရင်ခွင်အတွင်း ရောက်နေသည့် လန်ရီက မော့ကြည့်လိုက်သည်။
"ငါ သွားချင်တဲ့ နေရာတစ်ခု ရှိတယ်"
ယွမ်ရှောင်၏ စကားကြောင့် သူမ စဥ်းစားနေစဥ် ရှေ့တည့်တည့်၌ ဝင်ပေါက်သဏ္ဍာန် စွမ်းအင်ဝဲတစ်ခု မြင်လိုက်ရသည်။
"ဒါက ဘယ်ကို ဦးတည်တာလဲ"
"ကောင်းကင်နယ်မြေ။ ငါတို့ ပထမဆုံး တွေ့ကြတဲ့ နေရာပေါ့။ မင်း သဘောကျမှာပါ"
စကားအဆုံးတွင် သူက ဓားပျံကို ဝင်ပေါက်ထံ ချက်ချင်း ဝင်ရောက်စေကာ တဖြတ်ဖြတ် လင်းလက်နေသော အရိပ်များအကြား ဖြတ်သန်းသွားသည်။
"လူသူနည်းပါးတဲ့ နယ်မြေတစ်ခုက အခွင့်အရေးကောင်းပဲ။ သုံးရက်အတွင်း သုံးကြိမ် လုပ်လိုက်ရင် မင်းက ဂူကျင့်ကြံသူတွေထက် သာလွန်သွားလိမ့်မယ်"
"ငါ မလုပ်ဘူး။ အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့"
နှင်းလုံးလေးက ဆက်သွယ်၍ ဝမ်းသာအားရ တိုက်တွန်းခဲ့သော်လည်း လန်ရီမှာ ငြင်းဆန်နေရင်းဖြင့် ကောင်းကင်နယ်မြေသို့ ရောက်ရှိခဲ့လေသည်။