← Chapters

ကောင်းကင်နယ်မြေ

Vol. 36 Ch. 472

ကောင်းကင်နယ်မြေ

Vol. 36 Ch. 472

ကောင်းကင်နယ်မြေသည် စည်ကားသက်ဝင်လှုပ်ရှားနေပြီး လူသားများ၏ မျက်နှာအထက်တွင် အတိတ်မှ ကြောက်စိတ်များ ကင်းရှင်းကာ စစ်မှန်သော အပြုံးကိုယ်စီ ရှိနေကြသည်။ နတ်ဆိုးအန္တရာယ် ပျောက်ကွယ်သွားသောကြောင့် နတ်ဘုရားတိုက်ကြီးသည် စိုးရိမ်စရာ မရှိတော့သဖြင့် ဆူညံစည်ကားလာခဲ့၏။ ယွမ်ရှောင်သည် ဓားပျံ ထိန်းချုပ်ရင်း သေမျိုးလူသားများ၏ ဘဝအား ခံစားနိုင်စေရန် လန်ရီကို ခေါ်ဆောင်လာခြင်းပင်။

"သူတို့က အစစ်အမှန် ပျော်ရွှင်ပြီး မျှော်လင့်ချက်တွေ အပြည့်ဖြစ်နေပါလား"

သူမက အောက်ဘက်ရှိ မြင်ကွင်းကို ငုံ့ကြည့်ရင်း ကျေနပ်စွာ ပြောလိုက်သည်။

"ဒါပေမယ့် နယ်မြေဓာတ်လုံးသာ ယိုယွင်းချီတွေကို ဆက်ပြီး ထုတ်လွှတ်နေရင် ဒီနေရာလည်း မလွတ်မြောက်နိုင်ဘူး"

ယွမ်ရှောင်၏ အသံက စိတ်များ အလွန်လေးလံနေပုံပေါ်သဖြင့် သူမကို မော့ကြည့်မိစေခဲ့သည်။ ၎င်းသည် အောက်ကမ္ဘာများစွာအတွက် ကပ်ဘေးကြီးဖြစ်သောကြောင့် ဇာတိမြေကို ကာကွယ်ရန် အင်မော်တယ် သုံးပါးကို အနိုင်ယူရပေလိမ့်မည်။

"အင်မော်တယ်သုံးပါး အကြောင်း မေ့ထားလိုက်ရအောင်။ ဒီနေရာကို မှတ်မိလား"

သူက စကားလမ်းကြောင်းပြောင်းကာ နန်းတော်တစ်ခုထံ ခေါ်ဆောင်သွားသောအခါ လန်ရီ၏ စိတ်များ စတင် ရှုပ်ထွေးလာသည်။

"သေချာမမှတ်မိပေမယ့် ရင်းနှီးသလိုပဲ"

"ဘယ်လိုရင်းနှီးတာလဲ"

"အိပ်မက်ထဲမှာ မြင်ဖူးတာထင်တယ်"

"အိပ်မက်ထဲမှာ နတ်လှေတစ်စင်းနဲ့ နဂါးပလ္လင်တစ်ခုရော မပါဘူးလား"

"ဘယ်လိုလုပ် သိတာလဲ"

ရုတ်တရက် ဆန်လွန်းသော မေးခွန်းကြောင့် သူမမှာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားရ၏။

"ငါလည်း အဲ့လိုမျိုး အိပ်မက်မက်ဖူးလို့"

သူက လန်ရီ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်သောအခါ နွေးထွေးမှုသည် ရင်ဘတ်အထိ ပျံ့နှံ့သွားသည်။

"လမ်းလျှောက်ရအောင်"

"မရဘူး"

အကယ်၍ အောက်သို့ ဆင်းသက်သွားလျှင် သာမန်ပြည်သူများက သူမကို ချန်ရီအဖြစ် မှတ်မိသွားကြမည်ဖြစ်ရာ ယွမ်ရှောင်က ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။ သူက စိတ်ဝင်စားစရာတစ်ခု ပြမည်ဟု အကြောင်းပြချက်ပေးကာ နန်းတော်အတွင်းရှိ ခမ်းနားသော ခန်းမကြီးတစ်ခုထံ ခေါ်ဆောင်သွားခဲ့၏။ ဖယောင်းတိုင်မီးများ တောက်ပစွာ လင်းထိန်နေပြီး ရွှေရောင်နဂါးတိုင်လုံးများထံ အလင်းဖြာကျနေသည်။ လှပတင့်တယ်သော ပလ္လင်ထံ ဦးတည်နေသော လှေကားထစ်များအပေါ် သူက တစ်လှမ်းချင်းတက်ကာ နေရာယူလိုက်ပြီး ငုံ့ကြည့်လိုက်သောအခါ ဖြူစင်စွာ လှပနေသည့် မိန်းကလေးထံ ဖြစ်သည်။ ချန်ရီက အာဏာပြင်းထန်၍ တည်ငြိမ်သူ ဖြစ်သော်လည်း လန်ရီသည် ပိုမိုနူးညံ့ကာ တွယ်တာတတ်သူတစ်ယောက် ဖြစ်၏။ သူမသည် ရင်းနှီးနေသော နန်းပလ္လင်ကို မြင်လိုက်ရသောအခါ အိပ်မက်ထဲမှ မြင်ကွင်းများ သတိရလာသဖြင့် ဝတ်ရုံကို လက်ချောင်းလေးများဖြင့် ညှစ်ချေနေမိသည်။

"လန်ရီ ဒီကိုလာ"

ယွမ်ရှောင်၏ အသံက နွေးထွေးကြင်နာသော်လည်း ငြင်းဆန်ခွင့် မရှိလောက်အောင် ပြတ်သားသည်။ သူမ၏ မျက်ဝန်းလေးများ ဟိုသည်ရွေ့လျားကာ လွတ်လမ်းရှာဖွေချင်သော်လည်း မတတ်သာတော့ဘဲ လှေကားထစ်များအပေါ် ရင်ခုန်စွာ တက်သွားခဲ့၏။ အနားသို့ရောက်သောအခါ သူက လန်ရီကို ညှင်သာစွာ ဆွဲဖက်၍ ပေါင်ပေါ် တွင် မျက်နှာချင်းဆိုင် ထိုင်စေသည်။

"အို.. အစ်ကို"

သူမက တိုးတိုးလေး ရေရွတ်၍ အသံတုန်ရီကာ ရှက်သွေးဖြာနေသောကြောင့် ပါးပြင်လေးများ မက်မွန်သီးပမာ ရဲမှည့်နေ၏။

"အခုက အခွင့်အရေးပဲ။ မြန်မြန်လုပ်လိုက်တော့"

နှင်းလုံးလေးက ရင်ဘတ်အတွင်းမှ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရင် အဆက်မပြတ် တိုက်တွန်းခဲ့သည်။ ဤအနေအထားက ရင်ခုန်ဖွယ်ရာ ဖြစ်ပြီး ယွမ်ရှောင်၏ လက်သည် သူမ၏ ဝတ်ရုံ ခါးစည်းကြိုးထံ ဖြည်းဖြည်းချင်း ဆင်းသက်လာကာ တစ်ချက်ဆွဲလိုက်ရုံဖြင့် လျှောကျသွားပေလိမ့်မည်။.

"ဘာ..ဘာလုပ်မလို့လဲဟင်"

သူမ၏ ရင်ခုန်သံက တဒုန်းဒုန်း မြန်လာ၍ နှုတ်ခမ်းများ စတင် ခြောက်သွေ့လာကာ တစ်ဖက်လူ၏ အထိအတွေ့များသည် ပြောပြမရနိုင်သော လောကအသစ်တစ်ခုသို့ ခေါ်ဆောင်သွားရန် အဆင်သင့် ဖြစ်နေပုံရသည်။

"ဒီပလ္လင်ပေါ်မှာ မင်းရဲ့ အိပ်မက်ထဲကအတိုင်း လက်တွေ ဖြစ်လာတာ မကောင်းဘူးလား"

ထိုစကားကြောင့် ဤပလ္လင်အထက်တွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများ သူမ၏ စိတ်ထဲတွင် အစီအရီ ထွက်ပေါ်လာသကဲ့သို့ နှင်းလုံးလေးမှာလည်း ယန်မီးဖိုကို ဝါးမျိုရန် ဖိအားပေးနေပြန်သည်။

"ဒါပေမယ့် အစ်ကိုက ညီမကို ချစ်ရဲ့လား။ တစ်ယောက်ကို တစ်ယောက် ချစ်ခင်မြတ်နိုးမှ ဒီလို ဖြစ်နိုင်တာ မဟုတ်ဘူးလား"

လန်ရီ၏ စိတ်ထဲတွင် စိုးရိမ်မှုတစ်ခု ဝင်ရောက်လာသောကြောင့် သူ၏ လက်ကို ဆုပ်ကိုင်ရင်း ညှင်သာစွာ မေးလိုက်သည်။

"အစ်ကိုက မင်းကို ချစ်တယ်"

"ဘာကြောင့်လဲ။ ရင်းနှီးတာတောင် ရက်ပိုင်းလေးပဲ ရှိသေးတာကို"

"မဟုတ်ပါဘူး။ အိပ်မက်ထဲမှာ ငါတို့ သိခဲ့တာ ကြာပါပြီ။ ညီမလေး ဒါက မင်းရဲ့ ကံကြမ္မာပဲ။ ဘယ်လိုပုံစံ ဖြစ်ဖြစ် အစ်ကိုနဲ့ သက်ဆိုင်တယ်။ တတ်နိုင်သမျှ ညှင်သာပေးပါမယ်"

ယွမ်ရှောင်၏ စကားကို ကြားလိုက်ရသောအခါ သူမ၏ တင်းမာနေသော စိုးရိမ်စိတ်များ အရည်ပျော်ကျသွားသည်။ မျက်ဝန်းလေးများမှ မျက်ရည်ဝဲတက်လာပြီး တစ်ယောက်နှင့် တစ်ယောက် နီးကပ်နေစဥ် သူမသည် နှုတ်ခမ်းကို ကိုက်၍ သူ၏လက်အတွင်းမှ ရုန်းကန်ပြီး တောင်းပန်သော အကြည့်ဖြင့် ကြည့်ကာ နန်းတော်အပြင်ရှိ ငရဲကိုးထပ်ကမ္ဘာဝင်ပေါက်ထံ ပြေးထွက်သွားလေသည်။

"ညီမ...ညီမ အဆင်သင့် မဖြစ်သေးဘူး"

"မင်း ရူးနေတာလား။ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကြီးကိုကွာ။ သူက မင်းကို အဖိုးတန် အရင်းအမြစ် ပေးတော့မှာလေ။ အဲ့တာကို တုံ့ဆိုင်းနေတာလား"

ထွက်ပြေးနေစဥ် နှင်းလုံးလေးက ခေါင်းပြူထွက်လာ၍ သူမကို အပြစ်တင် လိုက်သည်။

"ငါ သူ့ကို ချစ်တယ်။ ဘယ်လိုဖြစ်ဖြစ် မထိခိုက်စေရဘူး။ ငါ့ဘာသာ သန်မာလာအောင် လုပ်နိုင်တယ်။ ချစ်သူကို ဒုက္ခပေးတဲ့ ဖြတ်လမ်းနည်းတွေ သုံးစရာ မလိုဘူး"

လန်ရီက အသက်ပြင်းပြင်းရှူ၍ ဆုံးဖြတ်ချက် ပိုမို ခိုင်မာလာခဲ့သည်။

"ပြဿနာက မင်းမှာ အချိန်မရှိဘူး။ ယိုယွင်းချီတွေက ကမ္ဘာပေါင်းများစွာအထိ ပျံ့နှံ့နေပြီ"

၎င်းက အသံကုန်အော်ဟစ် သတိပေးကာ သွေးအန်မတတ် ဖြစ်နေသည်။

"သူ့ကို ငါ ကူညီပေးနိုင်တယ်။ သူက ဘာကြောင့် လူသားမျိုးနွယ်ကို ပျက်စီးစေရမှာလဲ။ ငါက သူ့ကို ပိုပြီး ကောင်းမွန်လာအောင် ထိန်းကျောင်းပေးမယ်"

သူမက လေးနက်စွာ ပြောလိုက်သောအခါ နှင်းလုံးလေးမှာ စိတ်ပျက်လက်ပျက် ညည်းညူရုံသာ တတ်နိုင်၏။

"မင်းက အချစ်စိတ်ကြောင့် ရူးနေတာပဲ"

"သူက လူကောင်းတစ်ယောက်ဆိုတာ အကုန်လုံးထက် ငါ ပိုသိတယ်"

လန်ရီက ပြေးနေခြင်းကို ခဏတာ ရပ်တန့်၍ လည်ပြန်ကြည့်လိုက်သော အခိုက်တွင် ယွမ်ရှောင်သည် ဖြစ်ပျက်သွားသော အခြေအနေကြောင့် အံ့သြမင်သက်နေ၏။

"မင်းရဲ့ ဆုလာဘ်လေးတော့ ထွက်ပြေးသွားပြီ။ ဘယ်လိုခံစားရလဲ ဟား..ဟား"

ကြယ်ပြာက ဝတ်ရုံထဲမှ တိုးထွက်လာ၍ နောက်ပြောင်လိုက်သည်။

"တကယ်တော့ ငါ ပျော်နေတာပါ။ သူမသာ ငါ့စွမ်းအားကို စုပ်ယူဖို့ ကြိုးစားရင် အခွင့်ကောင်းယူပြီး ချန်ရီအတွက် နှလုံးသားကို ဆွဲထုတ်ပစ်မိလိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ် သူမက အခု သန်မာနေပြီ။ ယန်နယ်ပယ်ကို ရောက်နေပြီဆိုတော့ ငါ မယှဥ်နိုင်ဘူး"

သူက လက်ထဲရှိ ကပ်ဘေးကျောက်တုံးကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

"မင်းက အတော်ရက်စက်တဲ့ကောင်"

ကြယ်ပြာက စုတ်တစ်ချက်သပ်၍ အပြစ်တင်လိုက်၏။

"မဟုတ်ဘူး။ လန်ရီနဲ့ ချန်ရီက တစ်ယောက်တည်းပဲ"

"သေချာလို့လား။ သူတို့က အကျင့်စရိုက်ချင်းတောင် မတူကြဘူး"

"အကျင့်စရိုက်ဆိုတာက ကြီးပြင်းလာတဲ့ ပုံစံအပေါ် မူတည်တယ်။ ဒါပေမယ့် ငါ ခံစားမိတယ်။ ဒီမိန်းကလေးနှစ်ယောက်က တစ်ယောက်တည်းဆိုတာ သေချာ သိသွားပြီ"

ယွမ်ရှောင်က ကပ်ဘေးဝိညာဥ်ကျောက်ကို ပွတ်သပ်ရင်း ယုံကြည်ချက်ရှိစွာ ပြောလိုက်လေသည်။

All Chapters