သူစိမ်းတစ်ယောက်
Vol. 36 Ch. 473
"မင်းပြောသလိုဆိုရင် ကပ်ဘေးလူဝင်စားတွေက တစ်ယောက်တည်း ဖြစ်နေပြီး အကျင့်စရိုက် မတူကြတာပေါ့။ ရှေးအင်မော်တယ်ဘိုးဘေးရဲ့ အတွင်းစိတ်တောင် သူတို့နဲ့ ကွာခြားပါ့မလား"
ကြယ်ပြာက တွေးတွေးဆဆ ပြောလိုက်၏။ ၎င်းမှာ အထင်အမြင်တစ်ခုသာ ဖြစ်၍ ခန့်မှန်းချက် သက်သက် ဖြစ်ပြီး ဘဝက ရှုပ်ထွေးပွေလီလှသည်။ ဥပမာပြောရလျှင် လက်ရှိ ယွမ်ရှောင်နှင့် အတိတ်မှ ယွမ်ရှောင်ပင် အခြေအနေအရ ကွာခြားမှုများ ရှိလာခဲ့သည်။ ယွမ်ရှောင်သည် ဝိညာဥ်ကျောက်ကို ဖယောင်းတိုင်မီးရောင်အောက်တွင် စိုက်ကြည့်ရင်း သီးခြား ဝိညာဥ်တစ်ခု မဟုတ်ဘဲ ခံစားချက်များ ကိန်းဝပ်နေသည့် မှတ်ဉာဏ်အစိတ်အပိုင်းတစ်ခု ဟု သတ်မှတ်ထား၏။
"မင်းထင်ထားတာ ဖြစ်နိုင်ချေများတယ်။ တစ်ခု သတိထားမိလား။ တူညီတဲ့ အဖြစ်အပျက်ကို ရင်ဆိုင်ရရင်တောင် ရွေးချယ်မှုတွေ မတူကြဘူး။ ချန်ရီက သူ့တာဝန်ကို ပိုအလေးထားပြီး လန်ရီကျတော့ မင်းကို တာဝန်ထက် ပိုပြီး ချစ်မြတ်နိုးတယ်"
ကြယ်ပြာ၏ အသံက တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ထွက်ပေါ်လာပြန်သည်။
"အခြေအနေ မတူဘူး။ ချန်ရီနဲ့ ငါတွေ့ဆုံတာက သူစိမ်းသက်သက် အခြေအနေ ဖြစ်လို့ ရိုးရှင်းတယ်။ လန်ရီကျတော့ လက်တွေ့မှာရော အိပ်မက်ထဲမှာပါ ငါ့ကို ရင်းနှီးတယ်"
ယွမ်ရှောင်က ရှင်းပြလိုက်သောအခါ ကြယ်ပြာလည်း အဓိပ္ပါယ်ပါပါ ပြုံးလိုက်မိသည်။ အိပ်မက်ကို လက်တွေ့ ဖြစ်လာအောင် အကောင်အထည် ဖော်လိုသော်လည်း ရှေ့တိုးမရ နောက်ဆုတ်မရ အခြေအနေ ဖြစ်သည်။ သူမက သူ့ကို မထိခိုက်စေချင်သောကြောင့် ဆက်ဆံရေး အဆင့်တက်လိုလျှင် ခွန်အားနှင့် ကျင့်ကြံဆင့် သာလွန်သည်အထိ စောင့်ရပေလိမ့်မည်။
"အစ်ကိုကြီးက တကယ့်ကောင်ပဲ။ စဥ်းစားကြည့်လိုက်။ ကပ်ဘေးလူဝင်စားတိုင်းက မင်းနဲ့ အိပ်မက်ထဲမှာ ထပ်ကာထပ်ကာ ဆုံဖူးလိမ့်မယ်။ အဆုံးမရှိတဲ့ မိန်းမတွေ ရထားသလိုပေါ့။ တစ်ယောက်ချင်းစီက အသစ်ဖြစ်နေပြီး ပထမဆုံးအကြိမ်တွေကို စားသောက်ရမှာလေ။ တကယ် မိုက်တယ်"
လနီက လက်မထောင်ပြ၍ ချီးကျူးလိုက်သောအခါ ယွမ်ရှောင်ပင် ဆွံ့အသွားကာ နဖူးကို လက်ဝါးဖြင့် ဖြောင်းခနဲ ရိုက်လိုက်မိသည်။
"မင်းရဲ့ အတွေးတွေက အောက်ပိုင်း ရောက်လွန်းနေပြီ"
"ငါက ထောက်ပြရုံပါ။ တကယ်တမ်း အစီအစဥ်တွေ ချနေတာက အစ်ကိုကြီးလေ"
လူတစ်ယောက်နှင့် တစ်ကိုယ့်နှစ်စိတ် သားရဲတစ်ကောင်က ငြင်းခုံရင်း ရန်ဖြစ်ချင်နေကြ၏။
"ချန်ရီ ငါလိုချင်တဲ့ အဖြေတွေက အထဲမှာ ရှိတယ်မလား"
သူက ဝိညာဥ်ကျောက်ကို ဆုပ်ကိုင်ရင်း လေးနက်စွာ ပြောလိုက်သောအခါ အလင်းရောင် ဖြတ်ခနဲ လက်သွားသော်လည်း ပြန်လည် ဖြေဆိုခြင်း မရှိချေ။
"တကယ်လို့ အင်မော်တယ်သုံးယောက် သေသွားပြီး ကမ္ဘာများစွာကို ပျံ့နှံ့နေတဲ့ ယိုယွင်းချီ ပျောက်ကွယ်သွားရင် လန်ရီကရော ကိုယ့်ကိုကိုယ် သတ်သေဦးမှာလား"
ခဏအကြာတွင် အတွေးတစ်ချက်ပေါ်လာသဖြင့် သူ၏ မျက်နှာ မည်းနက်သွားကာ လေးလေးနက်နက် မေးခွန်းထုတ်လိုက်၏။
"အစကတည်းက မင်း နားလည်ထားသင့်တယ်။ ကပ်ဘေးလူဝင်စားတိုင်းရဲ့ ဘဝက ခဏတာပဲ။ နိုင်နိုင် ရှုံးရှုံး သေရဖို့ ကံပါလာတယ်။ ဒါက ဘယ်သူမှ ဆုံးဖြတ် မရနိုင်ဘူး။ လူသားတွေနဲ့ သက်ရှိတွေရဲ့ ဆင်းရဲဒုက္ခကို ဖယ်ရှားဖို့ ရှေးအင်မော်တယ်ဘိုးဘေး ဖန်တီးထားတဲ့ အရာတစ်ခုပဲ။ လန်ရီနဲ့ အတူရှိရတဲ့ အချိန်တိုင်းကို တန်ဖိုးထားပေးလိုက်ပါ။ နောက်ထပ် ကပ်ဘေးလူဝင်စားတစ်ယောက်ကို ဘယ်အချိန်မှ တွေ့မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး"
ကြယ်ပြာက လေးကန်စွာ သက်ပြင်းချ၍ ခါးသီးသော အမှန်တရားအကြောင်း ရှင်းပြလိုက်သည်။ ယွမ်ရှောင် တိတ်ဆိတ်သွားပြီး အချိန်မတိုင်ခင် ခွဲခွာရမည့် နှလုံးသား ဝေဒနာကြောင့် ခေါင်းငိုက်စိုက်ကျသွား၏။
"မင်းကို တစ်ခုလောက် သတိပေးချင်တယ်"
"ဘာလဲ"
ကြယ်ပြာက ရုတ်တရက် ထူးထူးဆန်းဆန်း ပြောလာသဖြင့် ယွမ်ရှောင် စိုက်ကြည့်လိုက်မိသည်။
"ရှေးအင်မော်တယ်ဘိုးဘေးကလည်း မင်းကို ပျက်စီးစေချင်နေတယ်။ ဒီကစားပွဲအတွင်းမှာ နှလုံးသား ခံစားချက်တွေ စိတ်နှစ်မထားနဲ့။ တာအိုလောကကြီးရဲ့ အထွတ်အထိပ် ရောက်သွားရင် သူမကို နိုင်ပါ့မလားဆိုတာ မသေချာဘူး"
"တကယ်တော့ ဂိုဏ်းတူအစ်မကျောက်ကသာ မင်းအတွက် စစ်မှန်တဲ့ လက်တွဲဖော်၊ မင်းရဲ့ အိမ် ဖြစ်တယ်"
ထိုစကားကြောင့် သူ မျက်မှောင်ကြုတ်သွားစဥ် လနီသည်လည်း အရေးကြီးသော အချက်ကို ထောက်ပြပေးခဲ့သည်။
အပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်နယ်မြေမှ ဓားအပျက်အစီးနယ်မြေသို့ တိုက်ရိုက် ပျံသန်းလာခဲ့ပြီး ယွမ်ရှောင်၏ မြင်ကွင်း၌ ဓားကျင့်ကြံသူများမှာ ကိုယ့်ကိုကိုယ် မေ့လျော့ကာ ပုံရိပ်ယောင်အတွင်း မျောပါနေကြောင်း တွေ့လိုက်ရသည်။ ကံကောင်းစွာဖြင့် ဓားအစောက်အရှောက်နှင့် ယင်မိစ္ဆာဘုရင်သည် နတ်ဘုရားတိုက်ကြီးသို့ ရောက်ရှိနေသဖြင့် အန္တရာယ်မှ လွတ်မြောက်ခဲ့ကြ၏။ ဓားအပျက်အစီးနယ်မြေ၏ အခြေအနေက အင်မော်တယ်သုံးပါးနှင့် ကမာနတ်ဆိုး ပြဿနာများကို အရေးတကြီး ဖြေရှင်းရန် လိုအပ်ကြောင်း မီးမောင်း ထိုးပြနေသည်။ လန်ရီက သူ့ကို မထိခိုက်စေချင်သောကြောင့် အခြေအနေကို အတင်းအကြပ် ဖိအားပေးမည် မဟုတ်ဘဲ သူမ၏ ကျင့်ကြံခြင်း စွမ်းအားကိုလည်း ဝါးမျိုရန် အကြောင်း မရှိပေ။ နည်းလမ်းတစ်ခုခု ရှာဖွေရန် အချိန်တန်ပြီ ဖြစ်ကာ လူသားအင်မော်တယ်လည်း ရှေးဟောင်းအပျက်အစီးနယ်မြေသို့ ပြန်ရောက်နိုင်ချေရှိသဖြင့် ကိုယ်တိုင်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
တစ်ကိုယ်တော် လှုပ်ရှားနေသောကြောင့် ယွမ်ရှောင်က လွတ်လပ်ပေါ့ပါးကာ ဓားပျံ စီးနင်း၍ ကောင်းကင်တွင် မျောလွင့်နေသည့် သင်္ဘောကြီးထံ ဦးတည်သွားသည်။ ထိုနေရာတွင် လူသားများသည် တက်ကျမ်းကို ကျင့်ကြံ၍ အသက်ဓာတ် လျော့နည်းနေသည့် အချက်အား သတိမထားမိဘဲ ပျော်ရွှင်စွာ ရှိနေသောကြောင့် ဖိအားများ ပိုမို လေးလံစေသည်။ မြေအင်မော်တယ်နှင့် အင်မော်တယ်သုံးပါး မျိုးဆက် တစ်သိန်းကျော် သေဆုံးသွားသော်လည်း ပြောင်းလဲမှုက မထင်ရှားသဖြင့် စိတ်ပျက်စရာပင်။ သူ တိတ်တဆိတ် စောင့်ကြည့်နေစဥ် ပုံမှန်မဟုတ်သော အရာတစ်ခု ပေါ်ပေါက်လာကာ မိုးကုပ်စက်ဝိုင်း၌ အဖြူရောင်အလင်းများ လက်ခနဲ ဖြစ်သွား၏။ လှည့်ကြည့်လိုက်သောအခါ ကြယ်တံခွန်ပမာ ကြီးမားသော ဓားတစ်လက်သဏ္ဍာန် အရာတစ်ခုသည် ဟင်းလင်းပြင်ကို ထိုးဖောက်၍ တဝုန်းဝုန်း ဆင်းသက်လာနေခဲ့သည်။
"စွမ်းအား ကြီးမားတယ်။ ဘာကြီးလဲ"
ယွမ်ရှောင်က နှစ်ခါပြန် စဥ်းစားမနေဘဲ ဓားပျံစီးနင်း၍ ထိုအရာနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။ ၎င်းကို လိုက်မီအောင် နှစ်နာရီတိုင်တိုင် ပျံသန်းခဲ့ရသောကြောင့် အလွန်ဝေးကွာကြောင်း သိသာသော်လည်း ကျယ်လောင်သော ပေါက်ကွဲသံ နေရာတိုင်းမှ ကြားနေရသဖြင့် သာမန်အရာမျိုး မဖြစ်နိုင်တော့ပေ။ ကံကောင်းစွာဖြင့် အချိန်ကြာလာသည်နှင့်အမျှ ၎င်းက နှေးကွေးသွားကာ ကမ္ဘာများစွာ အကြား၌ မျောလွင့်နေသည့် အဖြူရောင်အလင်းစက်အဖြစ် ငြိမ်သက်သွားခဲ့၏။ ၎င်းတွင် နယ်မြေဓာတ်လုံး၏ စွမ်းအားမျိုး ပါဝင်သော်လည်း ကွဲပြားကြောင်း အနီးသို့ရောက်လေလေ ပို၍ သိသာလေလေ ဖြစ်သောကြောင့် သူက အရှိန်မြှင့်တင်ပြီး တရကြမ်း လိုက်ပါသွားသည်။
"အခေါင်းတစ်ခုလား"
အနားသို့ ရောက်သောအခါ ယွမ်ရှောင် အံ့သြသွားပြီး အသေအချာ စစ်ဆေးကြည့်လိုက်သောအခါတွင်မှ ဆယ်ပေခန့်ရှည်လျားသော အဖြူရောင် ဓားကြီးတစ်လက် ဖြစ်ကြောင်း သိခဲ့ရ၏။ သို့သော် ၎င်းက လက်နက်တစ်ခု ဖြစ်ပုံမရသောကြောင့် ဓားသဏ္ဍာန်ပြုလုပ်ထားသော ယာဥ်ပျံတစ်မျိုးလည်း ဖြစ်နိုင်ချေရှိသည်။ ဓားအတွင်း၌ အနက်ရောင်မြူခိုးများ ဖုံးလွှမ်းထားသည့် အမျိုးသားတစ်ယောက် လဲလျောင်းနေကာ အတားအဆီးကို ကျော်ဖြတ်၍ မြင့်မြတ်သော အရှိန်အဝါ ထုတ်လွှတ်နေသည်။ သူ့ကို အံ့သြဘနန်း ဖြစ်စေသည့် အရာမှာ ယာဥ်၏ စွမ်းအင်ဗဟိုချက်သည် နယ်မြေဓာတ်လုံး အငယ်စား တစ်ခု ဖြစ်နေကာ အချင်းတစ်ပေခန့်ရှိသော အဖြူရောင် စက်လုံးအသွင် ဖြစ်၏။ သေးငယ်သော်လည်း ၎င်း၏ စွမ်းအားသည် ကမ္ဘာပေါင်းများစွာကို ထောက်ပံ့ပေးနိုင်ကြောင်း သူ အသေအချာ ခံစားနေရသည်။
"နယ်မြေဓာတ်လုံးနဲ့ မောင်းနှင်တဲ့ ယာဥ်ကို ဘယ်သူက ဖန်တီးခဲ့တာလား"
စူးစမ်းလိုစိတ်ဖြင့် ယွမ်ရှောင်က အနီးကပ်သွားရောက်ကာ စစ်ဆေးလိုက်သောအခါ ကောင်းကင်အုပ်စိုးသူ ဓားယာဥ် ဆိုသော အမည်နာမကို တွေ့လိုက်သည်။
"မြန်မြန်လုပ်။ ဒီလူက ဒဏ်ရာအပြင်းအထန် ရထားတယ်။ ယာဥ်ကလည်း ထိခိုက်နေပြီ။ နယ်မြေဓာတ်လုံးကလည်း အက်ကွဲပြီး ပေါက်ကွဲတော့မယ်။ သူ့ကို ကယ်ချင်ရင် အခု လုပ်ရမယ်"
နယ်မြေဓာတ်လုံးက ပြင်းထန်စွာ တုန်ခါ၍ မျက်နှာပြင်အထက်၌ အက်ကြောင်းများ ထင်သပ်ကာ စွမ်းအားများ စိမ့်ထွက်နေကြောင်း သတိထားမိသည့် ကြယ်ပြာက အလောတကြီး အော်ဟစ်လိုက်သည်။
"ယာဥ်ကို ဘယ်လိုဖွင့်ရမှာလဲ"
"အပြင်ဘက်ကဆိုရင် ဓားတစ်ချက်တည်းနဲ့ ရလောက်တယ်။ စမ်းကြည့်လိုက်"
"ကောင်းပြီ"
ယွမ်ရှောင်က ဓားယာဥ်၏ အတွင်းပိုင်း၌ မျက်နှာကို အမှောင်ထုဖြင့် ဖုံးကွယ်ထားသော လူထံ တစ်ချက်ကြည့်၍ ခေါင်းညိတ်လိုက်လေသည်။