စီရင်သူ အင်မော်တယ်
Vol. 36 Ch. 474
"ဂူကောင်တွေနဲ့ တိုက်ခိုက်ခံထားရတာလား။ အင်မော်တယ်သုံးယောက်က ဂူကျင့်ကြံသူတွေဆိုတော့ ဒီလူ့ဒဏ်ရာတွေက သူတို့ လက်ချက်လား။ မြေအင်မော်တယ်က သေပြီး ကောင်းကင်အင်မော်တယ်က နားခိုရာဂိုဏ်းမှာ ပိတ်မိနေတယ်။ လူသားအင်မော််တယ်ဆိုတဲ့ကောင် လုပ်တာများလား"
ဤအရာက ယွမ်ရှောင်၏ ခန့်မှန်းချက်သက်သက်သာ ဖြစ်ပြီး ဓားယာဥ်အတွင်းမှ လူနှင့် လူသားအင်မော်တယ် မည်သူက ပို၍ သန်မာကြောင်း မသေချာပေ။ သူက ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်ကို ဆင့်ခေါ်၍ အကြမ်းထည် စွမ်းအားနှင့် ပတ်သက်လျှင် အမြင့်ဆုံး ဖြစ်သည့် ဓားပျံအသွင် ပြောင်းလဲလိုက်၏။ ထို့နောက် သူက ၎င်းကို စီးနင်း၍ ခပ်လှမ်းလှမ်းသို့ နောက်ဆုတ်သွားကာ ချီစွမ်းအင်များ ဖြည့်တင်းပြီး စွမ်းအားသုံးပါးဓားသိုင်း ထုတ်ဖော်ရင်း ဓားယာဥ်ထံ ရုတ်တရက် ပြေးဝင်သွားသည်။ ၎င်း၏ အရှိန်က နီးကပ်လာလေလေ ပို၍ မြန်လေလေ ဖြစ်ပြီး အနက်ရောင်ဆံပင်နှင့် အဖြူရောင်ဝတ်ရုံ လေထဲတွင် ရိုင်းစိုင်းစွာ လွင့်ပျံနေသည်။
မိုးပြာရောင်အလင်းတန်းသည် လေထုကို ထိုးဖောက်၍ ဓားယာဥ်၏ အလယ်ဗဟိုထံ တည့်တည့်မတ်မတ် ပျံသန်းသွားကာ ခဏအတွင်း ဝင်တိုက်မိသွားသောအခါ ဘုန်းခနဲ မြည်သံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ တန်ပြန်အားကြောင့် ဓားရော လူပါ လွင့်ထွက်သွားကာ ခြေထောက်များပင် ထုံကျင်သွားသော်လည်း ဓားယာဥ်၌ ခြစ်ရာမျှသာ ထင်၍ အပျက်အစီး မရှိပေ။ သို့သော် တိုက်ခိုက်မှု၏ အကျိုးဆက်အဖြစ် နယ်မြေဓာတ်လုံး တုန်ခါ၍ စွမ်းအား စိမ့်ထွက်ခြင်း ပိုမို မြန်ဆန်လာကာ ပေါက်ကွဲလုနီးပါးပင်။
"ဒီယာဥ်ကို လုပ်ထားတဲ့ ကုန်ကြမ်းက သာမန်မဟုတ်ဘူး။ မင်းရဲ့ ကိုယ်ပွား ဘယ်မှာလဲ။ သူ့လက်သည်းတွေနဲ့ဆိုရင် ရလောက်တယ်"
ကြယ်ပြာက လေးနက်စွာ အကြံပေးလာ၏။ ရှေးဟောင်းအပျက်အစီးနယ်မြေမှ ထွက်ခွာလာသော်လည်း လနတ်သားသည် ဝေးဝေးထွက်ခွာသွားခြင်း မရှိသောကြောင့် ယွမ်ရှောင် လိုအပ်တိုင်း လက်တစ်ကမ်း၌ စောင့်နေခဲ့သည်။ သူက အချက်ပြလိုက်သည်နှင့်တပြိုင်နက် ငွေရောင်တောက်ပ၍ သွေးစက်များ ကင်းစင်နေပြီဖြစ်သော အမြှီးခြောက်ချောင်း မြေခွေးတစ်ကောင် ရောက်ရှိလာ၏။ အင်မော်တယ်သုံးပါး မျိုးဆက်များကို စားသောက်ပြီး ၎င်းက ပိုမို တက်ကြွလာပုံရကာ လက်ရှိ၌ ပျက်စီးနတ်ဆိုးခန္ဓာနှင့် နီအန်၏ ပြန်လည်ကုသနှုန်း နည်းလမ်းနှစ်မျိုးဖြင့် ဆက်လက် ကျင့်ကြံနေသည်။ နှစ်မျိုးလုံးသည် ပဋိပက္ခဖြစ်ခြင်းမရှိဘဲ လိုက်ဖက်ညီနေပြီး ကူကောင်များကို ဝါးမျိုခြင်းဖြင့် ၎င်းမှာ ယင်နယ်ပယ် အခြေတည်အဆင့်သို့ ရောက်ရှိသွား၏။ တိုက်ခိုက်ရေးစွမ်းအားကို နီအန်၏ နတ်သားရဲခန္ဓာကိုယ်မှ အဓိက ဖော်ထုတ်ခဲ့သော်လည်း ရှေးဟောင်းအပျက်အစီးနယ်မြေ၏ အရင်းအမြစ်များကြောင့် ပျက်စီးနတ်ဆိုးခန္ဓာလည်း လျင်လျင်မြန်မြန် တိုးတက်လာခဲ့သည်။ မျက်စိလေးလုံး အမြှီးခြောက်ချောင်း မြေခွေးနတ်ဆိုး၏ ရုပ်သွင်သည် ပိုမို ကြမ်းတမ်းခက်ထန်လာသကဲ့သို့ အေးစက်စက် ဆွဲဆောင်အားတစ်ခုလည်း ထုတ်လွှတ်နေ၏။
"ဓားယာဥ်လား။ ဖျက်ဆီးရမှာ နှမြောစရာပဲ"
လနတ်သားက ရောက်ရောက်ချင်း ဓားယာဥ်ကို နတ်ဆိုးလက်သည်းများဖြင့် ဆွဲဖွင့်ရင် ကြိုးစားလိုက်ပြီး နီအန်အသိစိတ်မှ မှတ်ချက်ပေးလာသည်။
"အဲ့တာကို သိတာလား"
"တကယ့်ကျင့်ကြံသူတွေရဲ့ လောကမှာ ဒါမျိုးက ပုံမှန်ပဲ"
နတ်သားရဲတစ်ကောင်ဆိုသော အဆင့်အတန်းကြောင့် နီအန်၏ မှတ်ချက်က ယုံချင်စရာကောင်းသော်လည်း အချိန်ကြာမြင့်စွာ ချုပ်နှောင်ခံထားရသဖြင့် စိတ်များ ရှုပ်ထွေးနောက်ကျိနေနိုင်သဖြင့် ယွမ်ရှောင်အနေဖြင့် မျက်စိမှိတ် မယုံကြည်နိုင်ချေ။
"ဒါက မင်းရဲ့ ပုံစံအမှန်လား"
အဝါရောင်မျက်လုံးများက နောက်စေ့သို့ ပြောင်းရွှေ့လာကာ သူ့ကို စိုက်ကြည့်နေသဖြင့် အမှန်တကယ် အံ့သြထူးခြားဖွယ် အနေအထား ဖြစ်သည်။
"ဟုတ်တယ်"
လနတ်သားက အားကုန်ထုတ်သုံးရင်း ဓားယာဥ်ကို ဆွဲဖွင့်ရင် အစွမ်းကုန် ကြိုးစားနေသည်။
"ငါတို့နှစ်ယောက် ပူးပေါင်းပြီး မင်းရဲ့ မူလကိုယ်ကို ရှင်းပစ်လိုက်ကြမလား"
"စောက်ရူး ငါက ကိုယ့်ကိုကိုယ် ဘာလို့ ပြန်သတ်ရမှာလဲ"
နီအန်က ကောက်ကျစ်စွာ အကြံပေးနေစဥ် လနတ်သား၏ အားထုတ်မှုကြောင့် ဓားယာဥ်၏ စက်ဝိုင်းသဏ္ဍာန် တံခါးမှာ စတင်အက်ကြောင်းထင်လာသည်။
"ဘေးဖယ်စမ်း။ ပေါက်ကွဲတော့မယ်"
နောက်ဆုံးတွင် တံခါး ပွင့်ထွက်လာသောအခါ ကြယ်ပြာက အရေးတကြီး သတိပေးလိုက်သဖြင့် လနတ်သားသည် ချက်ချင်း လူကို ဆွဲထုတ်ကာ နောက်ကျွမ်းပစ် ရှောင်တိမ်းလိုက်သကဲ့သို့ ယွမ်ရှောင်လည်း ဓားပျံဖြင့် ဆုတ်ခွာပေးခဲ့သည်။ ထို့နောက် ပြင်းထန်သော အပူလှိုင်းများနှင့်အတူ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသဖြင့် ကမ္ဘာပျက်သကဲ့သို့ ခံစားလိုက်ရ၏။ အရေးကြီးသော အခိုက်အတန့်တွင် ယွမ်ရှောင်က ပြတ်ပြတ်သားသား ဆုံးဖြတ်၍ လနတ်သားကို ဓားယာဥ်အတွင်းမှ လူအား လွှတ်ချစေကာ မူလခန္ဓာနှင့် ကိုယ်ပွား ပေါင်းစပ်ပစ်ခဲ့သည်။
"ဘာဖြစ်နေတာလဲ"
နီအန်က မြင်နေရသော အရာများကို မယုံကြည်နိုင်ဟန်ဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ယွမ်ရှောင်နှင့် လနတ်သားက တစ်ယောက်တည်း ဖြစ်သွားကာ ပျက်စီးနတ်ဆိုးခန္ဓာလည်း ဖြစ်ပေါ်လာသည်။
"မဖြစ်နိုင်ဘူး။ ငါ့ခန္ဓာကိုယ်က ဘယ်ရောက်သွားတာလဲ"
၎င်းက ထိတ်လန့်နေပြီး ဤပေါင်းစပ်မှုတွင် သွားစရာနေရာ မရှိသကဲ့သို့ ခံရခက်နေသည်။ ထိုအချိန်တွင် ပေါက်ကွဲမှုကြီးက သူတို့ထံ ပျံ့နှံလာပြီဖြစ်ရာ ယွမ်ရှောင်သည် ဓားယာဥ်အတွင်းမှ လူကို ချက်ချင်း ဆွဲယူလိုက်စဥ် မိုင်ပေါင်းရာချီ လွင့်ထွက်သွား၏။ ပျက်စီးနတ်ဆိုးခန္ဓာသည် ပေါက်ကွဲမှု စွမ်းအားများကို ခုခံနိုင်ခဲ့ပြီး ဆုံးရှုံးမှုအနည်းငယ်သာ ရှိသော်လည်း အနည်းဆုံး ကမ္ဘာပေါင်း တစ်ဒါဇင်ကျော်၏ မြေပြင်၌ ငလျင်ကြီးများ ဖြစ်ပေါ်လာသည်။ ၎င်းမှာ နယ်မြေဓာတ်လုံး အငယ်စား၏ စွမ်းအားသာ ဖြစ်၍ ပျက်စီးနတ်ဆိုးခန္ဓာသာ မရှိလျှင် သူ့အနေဖြင့် ခုခံနိုင်မည် မဟုတ်ချေ။
"မင်းတို့...မင်းတို့ကောင်တွေ ဘာလုပ်လိုက်တာလဲ"
နောက်ဆုံးတွင် ယွမ်ရှောင်၏ ရုပ်ခန္ဓာအထက်တွင် အဝါရောင်မျက်လုံးများ အတင်းတိုးထွက်လာ၍ တစ်ကိုယ်လုံး အနှံ့ စစ်ဆေးရင်း အဆက်မပြတ် အော်ဟစ်နေသည်။
"ငါ့ကိုယ်ပွားကို မင်းစားလိုက်ကတည်းက ခန္ဓာကိုယ် မရှိတော့တာ ကြာပြီ"
ယွမ်ရှောင်က အေးစက်စွာ ပြောလိုက်သဖြင့် လက်မခံနိုင်သော နီအန်၏ အသိစိတ်မှာ ပြိုကွဲမတတ် ဖြစ်သွား၏။ တစ်နေ့တွင် ၎င်းက ပြန်လည် လွတ်မြောက်ရန် မျှော်လင့်ထားသော်လည်း လက်ရှိအခြေအနေအရ မဖြစ်နိုင်သဖြင့် ကပ်ပါးကောင်သာသာပင်။ ပေါင်းစပ်ပြီးနောက် ယွမ်ရှောင်သည် လူသားဖြစ်နေသော်လည်း နတ်ဆိုးအရှိန်အဝါ ထွက်ပေါ်ပြီး အခြားသူများကို ရှင်းပြရန် ခက်ခဲပေလိမ့်မည်။ နီအန်၏ ဝိညာဥ်သည် အော်ဟစ်ငိုယိုရုံကလွဲ၍ ဝင်ရောက်စွက်ဖက်နိုင်စွမ်း ကင်းမဲ့သွားသောကြောင့် စိုးရိမ်စရာမရှိတော့ချေ။
ယွမ်ရှောင်က ပြန်လည် ခွဲထုတ်လိုက်သောအခါ ငွေရောင်ဆံပင်နှင့် လူငယ်အဖြစ် ထွက်ပေါ်လာပြီး နတ်ဆိုးအရှိန်အဝါ ပိုမို ပီပြင်လာကာ နီအန်၏ ဝိညာဥ်လည်း စိတ်သက်သာရာရသွား၏။
"ငါ့ရှေ့မှာ မင်းကိုယ်မင်း မြင့်မြတ်ချင်ယောင်ဆောင်မနေနဲ့။ ကောင်းကောင်း အလုပ်လုပ်ပေးရင် နားခိုရာဂိုဏ်းမှာ အချုပ်မခံရခင်က အနေအထားထက် ပိုတဲ့ ကံကောင်းခြင်းတွေ ရလာလိမ့်မယ်"
သူက အဝါရောင် မျက်လုံးများကို စိုက်ကြည့်၍ တစ်လုံးချင်း ပြောလိုက်သောအခါ နီအန်၏ အသိစိတ်အား ငြိမ်ကုပ်သွားစေသည်။ နတ်ဆိုးကိုယ်ပွားနှင့် လူသားမူလကိုယ် ပေါင်းစပ်ခြင်းက ရိုးရှင်းပုံရသော်လည်း ကျင့်ကြံသူတိုင်း လုပ်ဆောင်နိုင်မည့် အရာမျိုး မဟုတ်ချေ။ အချိန်ကြာလာလေလေ ၎င်းသည် တစ်ဖက်လူ၏ ကြောက်စရာကောင်းပုံကို နားလည်လာလေလေ ဖြစ်၏။ ယွမ်ရှောင်က ၎င်းကို လျစ်လျူရှု၍ ဓားယာဥ်အတွင်းမှ လူကို အနီးကပ် စစ်ဆေးကြည့်လိုက်သောအခါ ရိုးရှင်းပုံရသော အဖြူရောင် ချပ်ဝတ် ဝတ်ဆင်ထားကာ အချိတ်အဆက် တစ်ခုချင်းစီ၌ ရုန်းများ ထွင်းထုထားကြောင်း တွေ့လိုက်ရ၏။
"တံဆိပ်ပြားတစ်ခုပါလား"
ခါးတွင် ချိတ်ဆွဲထားသော တံဆိပ်ပြားကို စစ်ဆေးကြည့်လိုက်သောအခါ တစ်ဖက်တွင် မိုးကြိုးနဂါးသဏ္ဍာန်များ နှင့် မိုးကြိုးဌာနဟု ရေးထိုးထားကာ ကျန်တစ်ဖက်၌ ဓားချက်ကို စုတ်တံအဖြစ် အသုံးပြုပြီး ကောင်းကင်အုပ်စိုးသူအိမ်တော် ဟူ၍ ရေးသားထားသည်။ ထိုအခေါ်အဝေါ်များနှင့် သူက မရင်းနှီးသောကြောင့် ကျောင်းအုပ်ယွီနှင့် ရှန်ချန်းတို့ကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။ ထိုလူက အခြေအနေဆိုးရွားပြီး တစ်ကိုယ်လုံး အဆိပ်မိထားသကဲ့သို့ မည်းနက်နေကာ ချပ်ဝတ်အပေါ် အန်ထားသော သွေးစေးများတွင် ပိုးကောင်များ ပြည့်နှက်နေ၏။ ပိုးကောင်များမှာ မျက်လုံးနှင့် ခြေလက်များ မပါဝင်သော်လည်း ခန္ဓာကိုယ် တစ်ဖက်တစ်ချက်တွင် ပါးစပ်ပေါက်များစွာ ရှိ၍ အစွယ်တဖွေးဖွေးပင်။
"ဒီဂူကောင်တွေက မျက်စိနဲ့တောင် မြင်ရတယ်။ သေချာပေါက် အန္တရာယ်ရှိတယ်။ လောလောဆယ် ပြန်သွားတာပေါ့"
နယ်မြေဓာတ်လုံး အသေးစား ပေါက်ကွဲမှုသည် ငရဲကိုးထပ်ကမ္ဘာကိုလည်း သက်ရောက်စေသဖြင့် သူ ပြန်ရောက်သောအခါ ကောင်းကင်၌ အားလုံး စောင့်ကြိုနေကြ၏။
"ကျောင်းအုပ်ယွီ အကြီးအကဲရှန် ဒီလူ့ကို စစ်ဆေးပေးပါဦး"
သူက သွေးအလိမ်းလိမ်းဖြစ်နေသော လူကို ယွီချန်၏ ကြာပန်းအထက် တင်ပေးလိုက်ပြီး အရပ်ရှည်ရှည်နှင့် လူငယ်တစ်ယောက် ဟန်ပန်ဖြစ်သော်လည်း ကျင့်ကြံသူများ၏ အသက်ကို ခန့်မှန်းရန် မလွယ်ချေ။
"ယွမ်ရှောင် ပေါက်ကွဲမှုက ဘာကြောင့် ဖြစ်တာလဲ"
"ကောင်းကင်အုပ်စိုး ဓားယာဥ်ထဲက နယ်မြေဓာတ်လုံးအငယ်စား ပေါက်ကွဲသွားတာပါ။ ကျုပ်က မပေါက်ကွဲခင် သူ့ကို ကယ်လိုက်နိုင်တယ်"
ယွမ်ရှောင်၏ စကားကို ကြားလိုက်ရသောအခါ ရှန်ချန်းမှာ သိသိသာသာ တုန်လှုပ်ကာ ကောင်းကင်အုပ်စိုးအိမ်တော် ဟူ၍ ရေရွတ်လိုက်မိ၏။
"ဟုတ်တယ်"
သူက တံဆိပ်ပြကို ထုတ်ပြလိုက်သောအခါ ရှန်ချန်းမှာ နောက်တစ်ကြိမ် အံ့သြသွားခဲ့သည်။
"ကောင်းကင်အုပ်စိုးအိမ်တော်ရဲ့ စီရင်သူ အင်မော်တယ်"
"အကြီးအကဲရှန် ကျေးဇူးပြုပြီး အသေးစိတ် ပြောပေးပါ။ ဒီလူက မိတ်ဆွေလား၊ ရန်သူလား"
ယွမ်ရှောင်က အံ့သြစိတ်လှုပ်ရှားနေသော တစ်ဖက်လူထံ လေးနက်စွာ တောင်းဆိုလိုက်လေသည်။