← Chapters

သွေးမိစ္ဆာနယ်မြေ၏ လျှို့ဝှက်ချက်

Vol. 36 Ch. 476

သွေးမိစ္ဆာနယ်မြေ၏ လျှို့ဝှက်ချက်

Vol. 36 Ch. 476

"ဘာဖြစ်နေတာလဲ။ ဘာကြောင့် သွေးမိစ္ဆာနယ်မြေက ခြောက်ကပ်နေတာလဲ"

"မပြောတတ်ဘူး"

အချိန်ကြာလာသည်နှင့် အမျှ ပတ်ဝန်းကျင်ကမ္ဘာများတွင် သွေးနံ့နှင့် သေခြင်းတရား အငွေ့အသက်များ ပျောက်ကွယ်ကုန်သဖြင့် ကျင့်ကြံသူများ သတိထားမိလာကြ၏။ အတိတ်တွင် ၎င်းသည် ပွက်ပွက်ဆူနေသော မိစ္ဆာသွေးများ စီးဆင်းပြည့်နှက်နေသဖြင့် သတ္တိရှိသော သူရဲကောင်းများပင် ခြေမချရဲပေ။

"တကယ် ပျောက်သွားတာလား။ နှစ်ပေါင်းများစွာ လှုပ်ရှားနေတဲ့ မိစ္ဆာသွေးလှိုင်းလုံးကြီးတွေ ရက်ပိုင်းအတွင်း ပျောက်ကွယ်သွားပြီ"

"ကောင်းကင်ဘုံက ငါတို့လို ဆင်းရဲဒုက္ခ ခံစားနေရတဲ့ လူတွေကို သနားလို့လား"

သွေးမိစ္ဆာနယ်မြေကြောင့် ရင်တထိတ်ထိတ် ရှင်သန်ခဲ့ရသော ကျင့်ကြံသူများရော သာမန်လူသားများပါ ပျော်ရွှင်ဝမ်းမြောက်ကြပြီး မျက်နှာ အထက်၌ အစစ်အမှန် အပြုံးများ ပွင့်လန်းလာကာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော အိပ်မက်ဆိုးကြီး ပျောက်ကွယ်သွားသည့်အတွက် အောင်ပွဲခံနေကြသည်။ ရှေးဟောင်းအပျက်အစီးနယ်မြေမှ ပရမ်းပတာ အခြေအနေနှင့် ကမ္ဘာပေါင်းများစွာသို့ ယိုယွင်းချီ ပျံ့နှံ့လာမည့်အကြောင်း မသိနားမလည်သော လူသားများ စိတ်သက်သာရာရကုန်၏။ ဓားအစောင့်အရှောက် အပါအဝင် ထိပ်တန်းကျင့်ကြံသူများသာလျှင် မြေအင်မော်တယ် သေဆုံးကာ ရှေးဟောင်းအပျက်အစီးနယ်မြေ ပရမ်းပတာ ဖြစ်၍ တကယ့်ကပ်ဘေးကြီး နီးကပ်လာသည်ကို သိရှိနားလည်ကြသည်။ ထိုအချိန်တွင် ကျင့်ကြံသူများစွာသည် လောဘ၏ စေ့ဆော်မှုကြောင့် တိတ်ဆိတ်ငြိမ်သက်သွားသော သွေးမိစ္ဆာနယ်မြေထံ ရဲရင့်စွာ ဝင်ရောင်သွားကြပြီဖြစ်သည်။

ယခင်က မည်းနက်ပုပ်ပွ၍ အနံ့ဆိုးသော သွေးများ ချော်ရည်ပမာ တောက်လောင်နေသော်လည်း အစအနမကျန် ပျောက်ကွယ်ကာ အငွေ့ပျံသွားသည့်အလားပင်။ သူတို့သည် မြူခိုးများ ဖုံးလွှမ်းနေသော မြေပြင်တွင် သတိထား ရှေ့ဆက်ရင်း အံ့သြစရာ ပြောင်းလဲမှုကို စပ်စုနေကြ၏။ မီးများ လောင်ကျွမ်းထားသော ဖုန်းဆိုးမြေ၏ အလယ်ဗဟိုတွင်မူ ပွက်ပွက်ဆူနေသော မိစ္ဆာသွေးများ ကျန်ရစ်နေဆဲပင်ဖြစ်ရာ မည်သူမျှ အနားမကပ်ရဲချေ။ ထိုပတ်ဝန်းကျင်၌ မြူခိုးများအပြင် အပူလှိုင်းများလည်း တဝုန်းဝုန်း တောက်လောင်နေကာ နောက်ဆုံးမိစ္ဆာသွေးကန်အတွင်း အလှပဂေးတစ်ယောက် ရှိနေ၏။ သူမ၏ ဆံပင်များက ခါးအထိ ဖြာကျနေကာ သွေးနီရောင် နဂါးဂျိုနှစ်ချောင်း သရဖူပမာ ထွက်ပေါ်နေသည်။ ခန္ဓာကိုယ်ကောက်ကြောင်းများက ညှို့ဓာတ်ပြင်းပြင်း လှပကာ နှင်းဆီရောင် နှုတ်ခမ်းဖူးဖူးအပြင် အေးစက်စက် အကြည့်စူးစူးမှာ အလှတရားကို တန်ဆာဆင်ထား၏။ အပူရှိန်ကြောင့် အဝတ်အစားများ ပြာကျသွားသောအခါ ယင်မိစ္ဆာမျိုးနွယ်၏ သဘာဝအလှကို အမြင့်ဆုံး ဖော်ထုတ်ပြသလျက် ရှိသည်။

"ဝုန်း"

နောက်ဆုံးသော မိစ္ဆာသွေးများသည် စစ်မင်းသမီးထံ လှိုင်းလုံးကြီးပမာ စီးဝင်နေကာ ကပ်ဘေးမိစ္ဆာသွေးအဖြစ် ပြောင်းလဲသွားကြသည်။ နူးညံ့လှပသော အသားအရေက သွေးရောင်သန်းသွားသဖြင့် နှလုံးရပ်သွားလောက်အောင် ဝိညာဥ်ကို ဖမ်းစားနိုင်သည့် အလှမျိုးပင်။ လက်ရှိတွင် သူမသည် ကမ္ဘာပေါင်းများစွာရှိ မိစ္ဆာမျိုးနွယ်ဝင်များအနက် အပြည့်စုံဆုံး ဖြစ်လာကာ ဆွဲဆောင်နိုင်စွမ်း ပိုမိုမြင့်မားသဖြင့် လူသားမျိုးနွယ်၏ အမြင်၌ ယင်မိစ္ဆာမျိုးနွယ်နှင့် သွေးဆောင်ဖြားယောင်းခြင်းကို တွဲမြင်နေခြင်း ဖြစ်ပေလိမ့်မည်။ ယင်မိစ္ဆာများကို ယောကျ်ားများကို မြှူဆွယ်စားသောက်တတ်သည့် စုန်းမဟူ၍လည်း ခေါ်ဝေါ်ကြပြီး သူမသည် သွေးမိစ္ဆာနယ်မြေရှိ သွေးအားလုံးကို ဝါးမျိုစားသောက်လိုက်သည့် စုန်းမတစ်ယောက် ဖြစ်လာခဲ့ပေ၏။ ကပ်ဘေးမိစ္ဆာသွေးသည် သူမ၏ အရှိန်အဝါနှင့် အငွေ့အသက်ကို ကာမရာဂဆန္ဒကို မီးညှိုပေးနိုင်မည့် လောင်စာအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

"အရမ်းပူတယ်"

သူမက တိုးညှင်းစွာ ရေရွတ်၍ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ယခုမှနိုးထလာသကဲ့သို့ မှုန်မှိုင်းရီဝေနေသော မျက်ဝန်းများ၌ ပျင်းရိသယောင် ထွက်ပေါ်နေ၏။ လက်နှစ်ဖက်မြှောက်၍ တစ်ချက်သမ်းဝေရင်း အညောင်းဆန့်လိုက်သောအခါ ယစ်မူးဖွယ် ကောက်ကြောင်းအလှ ထင်ရှားသွားသည်။ သူမက အမှန်တကယ် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားခြင်းဖြစ်ကာ နိုးထလာသောအခါ အခြေတည်အဆင့် ယန်နယ်ပယ်သို့ ရောက်ရှိနေကြောင်း ဝမ်းမြောက်ဖွယ် သိခဲ့ရ၏။ ဤအချက်အရ သူမသည် ကျင့်ကြံရေး လမ်းကြောင်းတွင် အမြင့်အသစ်တစ်ခုသို့ တက်လှမ်းရန် နီးကပ်လာပြီဖြစ်ကာ လောက၌ အစစ်အမှန် အင်မော်တယ်အဖြစ် ကြောက်ရွံ့လေးစားကြပေလိမ့်မည်။

အိပ်ပျော်နေရင်းဖြင့် အဆင့်တက်ရခြင်းမှာ အလွန်ဝမ်းသာစရာကောင်းကြောင်း စစ်မင်းသမီး ကျေနပ်စွာ တွေးနေခဲ့သည်။ အကယ်၍ ယွမ်ရှောင်သာ ကယ်တင်ပေးခဲ့ခြင်း မရှိလျှင် သူမအနေဖြင့် အသက်၁၈နှစ် ကိုပင် ကျော်လွန်နိုင်မည်မဟုတ်ကြောင်း ကောင်းကောင်းသိထား၏။ ကိုယ်တွင်း၌ ကပ်ဘေးမိစ္ဆာသွေး၏ စွမ်းအားနှင့် ခမ်းနားသော အရှိန်အဝါ လွှမ်းမိုးနေသဖြင့် ပြိုင်ဘက်ကင်းခွန်အားကို ခံစားမိနိုင်သည်။

"ငါ တော်တော် အစွမ်းထက်လာပါလား"

သူမက လက်သီးဆုပ်၍ ကိုယ့်ကိုကိုယ် စစ်ဆေးရင်း စီးဆင်းနေသည့် မိစ္ဆာသွေးများကို အာရုံခံနေစဥ် မိမွေးတိုင်းဖမွေးတိုင်း ဖြစ်နေကြောင်း သတိထားမိသဖြင့် အလန့်တကြား ဖြစ်သွား၏။

"ငါ့အဝတ်တွေ ဘယ်ရောက်ကုန်တာလဲ"

"ကျင့်ကြံနေရင်း အပူလောင်သွားတာ"

နှလုံးသားအတွင်းမှ တည်ငြိမ်သော စကားသံတစ်ခု ထွက်ပေါ်လာသည်။

"ဘာလို့ စောစောက မပြောတာလဲ။ ငါ့ကို ကြည့်ပြီး အရသာခံနေတာမလား။ နှာဘူး"

သူမက ရှက်စိတ်နှင့် ဒေါသကြောင့် ပါးပြင်တစ်ခုလုံး နီရဲလာကာ ရင်ဘတ်နေရာ၌ လက်နှစ်ဖက် ယှက်ကာထား၏။

"ဘာတွေ ရှက်နေတာလဲ။ ငါက နှလုံးသားထဲမှာ နေထိုင်တာမို့ သွေးကြောတွေပဲ မြင်ရတာဟ"

"တော်ပါသေးတယ်"

သူမက စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချကာ နှုတ်ခမ်းဆူ၍ သိုလှောင်အိတ်အတွင်းမှ သားရေချပ်ဝတ်တစ်စုံ ထုတ်ယူ ဝတ်ဆင်လိုက်သည်။

"ဒါပေမယ့် ငါ ကြည့်ချင်ရင်ရော မင်းခွင့်ပြုချက် လိုသေးတာလား"

"အရူးကောင်။ ရုပ်ချောသလောက် အတွင်းစိတ်က ပုပ်ပွနေတာပဲ။ တော်ပြီ၊ နင်နဲ့ စကားမပြောဘူး"

ယွမ်ရှောင်က ရုတ်တရက် စနောက်လိုက်သောကြောင့် သူမသည် နှုတ်ခမ်းကိုက်ကည တစ်ဖက်လှည့်သွားသည်။

"ငါသာ တကယ်ဆိုးရင် မင်း စိတ်ကောက်ရဲမှာတောင် မဟုတ်ဘူး"

"ဘယ်သူက စိတ်ကောက်နေလို့လဲ ဟွန့်"

သူမက လျစ်လျူရှုထားပြီး ကောက်ကြောင်းများ ပေါ်လွင်အောင် ဖော်ပြထားသည့် သားရေဝတ်စုံကို တင်းတင်းကြပ်ကြပ် ဝတ်ဆင်လိုက်သောအခါ ဆွဲဆောင်အား ပိုမိုပြင်းထန်လာ၏။ ဖောင်းကား ကြွတက်နေသော ရင်ဘတ်နေရာမှ ယုန်နှစ်ကောင် တစွန်းတစ ရုန်းထွက်နေသဖြင့် ယွမ်ရှောင် မနေနိုင်ဘဲ မှတ်ချက်ပေးလိုက်မိသည်။

"မင်းက ခေါင်းမာတာကလွဲရင် တော်တော် လှတာပဲ။ အခု ကောင်းကောင်း အနားယူပြီးပြီမလား"

သူ၏ လေသံက ရုတ်တရက် လေးနက်သွားသော အပြောင်းအလဲကို သတိထားမိသဖြင့် စစ်မင်းသမီးလည်း ပေါ့ပေါ့တန်တန် သဘောမထားရဲချေ။

"ဟုတ်ကဲ့"

"ငါ ပြတဲ့ လမ်းကြောင်းအတိုင်း လိုက်သွား"

မိစ္ဆာသွေးများက သူမ၏ လက်ဖဝါးအထက်တွင် မြှားသဏ္ဍာန် စုစည်းကာ တစ်နေရာရာသို့ ညွှန်ပြနေသည်။ သွေးမိစ္ဆာနယ်မြေတွင် မိစ္ဆာသွေးများ ကျန်ရစ်သော်လည်း စစ်မင်းသမီးက အကန့်အသတ်သို့ ရောက်နေပြီဖြစ်သဖြင့် ဉာဏ်အလင်းမရှိဘဲ ဆက်လက်စုပ်ယူနေလျှင်ပင် အစစ်အမှန် အင်မော်တယ် ဖြစ်လာနိုင်မည် မဟုတ်ချေ။ ထို့အပြင် ဤနယ်မြေအောက်တွင် တစ်ခုခု ရှိနေပြီး လက်ကျန်သွေးများကို အကာအကွယ်အဖြစ် အသုံးချရန် ယွမ်ရှောင်က ရည်ရွယ်ထားသည်။

"လူသားအင်မော်တယ်က ဓားနဲ့ တိုက်လိုက်တုန်းက ထူးခြားတဲ့ စွမ်းအားတချို့ကို ငါ ခံစားမိတယ်"

"ငါ့ဘိုးဘေးတွေနဲ့ ဆက်စပ်နေတာလား"

"မှန်တယ်"

ထို့ကြောင့် သူမ၏ မျက်ဝန်းများ တောက်ပလင်းလက်သွားကာ ညွှန်ပြထားသော လမ်းကြောင်းအတိုင်း စတင် ခရီးနှင်လိုက်သည်။ မကြာမီပင် သူမ၏ ခြေထောက်အောက်တွင် သွေးလှိုင်းလုံးများ ထွက်ပေါ်လာကာ တလိမ့်လိမ့် ရွေ့လျားသွား၏။

"အထဲကို ဝင်သွားလိုက်"

"ငါ ပြာကျ မသွားလောက်ပါဘူးနော်"

မြှားက ချော်ရည်များ ပွက်ပွက်ဆူနေသော အက်ကြောင်းတစ်ခုထံ ဦးတည်နေသဖြင့် စစ်မင်းသမီးမှာ စိုးရိမ်တကြီး မေးလိုက်မိသည်။

"မင်းရဲ့ ကျင့်ကြံခြင်းက ယန်နယ်ပယ်ကိုတောင် ရောက်နေပြီ။ အဲ့လောက် သူရဲဘော မကြောင်နဲ့"

ယွမ်ရှောင်က လေသံတင်းတင်းဖြင့် တစ်ချက်ငေါက်လိုက်၏။ အမှန်တကယ်တွင် သူမသည် လျင်မြန်စွာ မြင့်တက်လာသော စွမ်းအားကို အသားမကျသေးသဖြင့် ဇဝေဇဝါ ဖြစ်နေသည်။ ကပ်ဘေးမိစ္ဆာသွေးဖြင့် အကာအကွယ် ဖန်တီးကာ သူမသည် ချော်ရည်ပူများအတွင်း ငုပ်လျှိုးသွားသော်လည်း ထိခိုက်ဒဏ်ရာ မရှိပါချေ။

All Chapters