နတ်ဆိုး၊ မိစ္ဆာနှင့် လူသား ပေါင်းစပ်ခြင်း
Vol. 36 Ch. 477
သွေးမိစ္ဆာ နယ်မြေ၏ မြေအောက်သို့ ရောက်သောအခါ စစ်မင်းသမီးသည် အဆုံးမရှိ ကျယ်ဝန်းသော ချော်ရည်ပူများကို အံ့သြတကြီး ငေးနေမိသည်။ အောက်သို့ရောက်လေလေ အပူချိန် မြင့်တက်လာလေလေ ဖြစ်ကာ အကယ်၍ ယန်နယ်ပယ်သို့ ရောက်ရှိထားခြင်း မဟုတ်လျှင် ဆင်းသက်လာနိုင်မည် မဟုတ်ချေ။ ၎င်းသည် ကမ္ဘာပေါင်းများစွာတွင် အကြီးဆုံး မြေအောက်မီးတောင် ဖြစ်နိုင်သော်လည်း သူမသည် ဗဟိုချက်အထိ ဆင်းသက်သွားရန် ရဲစွမ်းသတ္တိ ရှိစွာ ကြွေးကြော်နေ၏။ အသက်ကို ပြင်းပြင်းရှူ၍ အောက်ဆင်းရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားကာ အသစ်ရရှိလာသော အလွန်ကြီးမားသည့် စွမ်းအားအတိုင်းအတာကို စမ်းသပ်ရန် ဆန္ဒရှိသည်။ သွေးနီရောင် နဂါးတစ်ကောင်အလား သူမသည် ချော်ရည်နှင့် မီးတောက်များကို ခွဲ၍ ထိုးဆင်းသွားကာ ထူးထူးဆန်းဆန်း လှပနေသော မြင်ကွင်းပင်။
"သာမန်လောကမှာ ဒီလောက်မြင့်တဲ့ အပူချိန်မျိုး ရှိတာ မဖြစ်နိုင်ဘူး"
အချိန်ခဏအကြာတွင် အရာအားလုံးကို လောင်ကျွမ်းနိုင်လောက်အောင် ပူပြင်းသည့် ချော်ရည်များအလယ် ရောက်ရှိသွား၍ သူမသည် အောက်သို့ ငုံ့ကြည့်ရန် ကြိုးစားနေသည်။
"အပျက်အစီးတွေ အကုန်ပြာကျသွားပြီ။ ဘာမှမကျန်တာ အံ့သြစရာမဟုတ်ဘူး"
ယွမ်ရှောင်က စိတ်ပျက်သွားဟန်ဖြင့် ရေရွတ်နေသောကြောင့် သူမ စပ်စုလိုက်မိ၏။
"ဘာအပျက်အစီးတွေလဲ"
"သွေးမိစ္ဆာယာဥ်ရဲ့ အကြွင်းအကျန်တွေ။ တကယ်လို့ ဒါကသာ ရှေးဟောင်းအပျက်အစီးနယ်မြေလောက် ကြီးမားရင် တောတောင်ရေမြေနဲ့ မျိုးနွယ်အမွေအနှစ်တွေ ကျန်ခဲ့ရမှာပေါ့။ ဒါပေမယ့် ချော်ရည်တွေကလွဲလို့ ဘာမှ မရှိဘူးဆိုတော့ အကုန် ပျောက်ကွယ်သွားလောက်ပြီ"
သွေးမိစ္ဆာမျိုးနွယ်၏ တည်ရှိမှုသည် လောကအတွင်းမှ ဖျောက်ပစ်ခံလိုက်ရပြီး မည်သည့်အခါကမှ မရှိခဲ့ဖူးသကဲ့သို့ပင်။
"ယာဥ်ကြီးတစ်ခုလုံးကို ပျက်စီးအောင် ဘာကလုပ်နိုင်မှာလဲ"
သူမက ချော်ရည်များ စီးဝင်နေသော တွင်းနက်ကြီးတစ်ခုထံ ငေးကြည့်ရင်း ရေရွတ်သည်။
"ငါ ထင်တာ မမှားရင် နယ်မြေဓာတ်လုံး ဖြစ်မယ်။ ဆက်သွားကြည့်"
သူမသည် ယွမ်ရှောင်၏ ညွှန်ကြားချက်အတိုင်း အောက်သို့ ငုပ်လျှိုးသွားကာ အလင်းရောင်များ တောက်ပနေပြီး မြေအောက်သို့ ဆင်းသက်နေခြင်း မဟုတ်ဘဲ ကြယ်များထံ ပျံသန်းနေသကဲ့သို့ ထင်မှတ်ရ၏။ အပူချိန်ကို တောင့်ခံရင်း ဆက်တိုက်ဆင်းသက်လာရာ အပူလှိုင်းများ ဖြာထွက်နေသည့် အလင်းရောင် စက်လုံးကြီးကို မြင်လိုက်ရပြီး သိပ်သည်းသော ချီစွမ်းအင်များ ပြည့်နှက်နေသည်။
"ဒါက နယ်မြေဓာတ်လုံးလား"
"ဟုတ်တယ်။ မိစ္ဆာယာဥ်ရဲ့ တစ်ခုတည်းသော အကြွင်းအကျန်ပဲ"
နောက်ဆုံးတွင် ယွမ်ရှောင်သည် ယိုယွင်းချီများ ထုတ်လွှတ်နေသော နယ်မြေဓာတ်လုံး အဟောင်းကို အစားထိုးရန် မိစ္ဆာယာဥ်၏ နယ်မြေဓာတ်လုံးကို ရွေးချယ်လိုက်သည်။ ၎င်းကို အစားထိုးလိုက်လျှင် ကမ္ဘာပေါင်းများစွာ ယိုယွင်းပျက်စီးနေသည်အား ပြန်လည် ပြောင်းလဲနိုင်ချေ ရှိ၍ စစ်မင်းသမီးလည်း ဝမ်းသာနေ၏။
"မင်းရဲ့ ဘိုးဘေးတွေက ကမ္ဘာပေါင်းများစွာအတွက် အကျိုးပြုပေးခဲ့တာပဲ။ အခု ထွက်သွားကြစို့"
"ဒါကို ယူသွားဖို့ မကြိုးစားတော့ဘူးလား"
ယွမ်ရှောင်က ထွက်သွားရန် အကြံပေးလိုက်သဖြင့် သူမကို နားမလည်နိုင် ဖြစ်သွားစေသည်။
"အနားကပ်သွားလို့ မီးလောင်မသေရင်တောင် ကံကောင်းလှပြီ။ အင်မော်တယ်သုံးပါး ပြဿနာက မပြီးသေးလို့ ယူသွားနိုင်ရင်တောင် အရှုပ်အထွေးပဲ ဖြစ်လာလိမ့်မယ်"
သူက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
"အနည်းဆုံးတော့ ပြဿနာကို ဖြေရှင်းနည်း တွေ့ပြီ။ နင်သာ မရှိရင် ဘယ်သူမှ ရှာဖွေနိုင်မှာ မဟုတ်ဘူး။ ကမ္ဘာပေါင်းများစွာက လူသားတွေ ဂူကျင့်ကြံသူတွေရဲ့ ကျွန်ဖြစ်လာမှာကို ကယ်ပေးနိုင်ခဲ့တာပဲ။ နင်က ရက်စက်တတ်ပေမယ့် သာမန်လူတွေအတွက် ကယ်တင်ရှင် ဖြစ်လာပြီ"
သူမသည် နယ်မြေဓာတ်လုံးကို ငေးမောရင်း အတိတ်တွင် ပျက်စီးသွားခဲ့သော သွေးမိစ္ဆာနယ်မြေအကြောင်း တွေးတောမိရာမှ ချီးကျူးခဲ့သည်။
"တော်...တော် မပြောနဲ့။ ငါ ဒါမျိုးတွေ မကြိုက်ဘူးဆိုတာ နင် သိတယ်။ အချိန်သုံးရက်ပြည့်တော့မယ်။ မူလကိုယ်နဲ့ မြန်မြန် ပူးပေါင်းဖို့ လုပ်တော့။ အိပ်မက်ပင်လယ် ကမာနတ်ဆိုးတွေနဲ့ ကောင်းကင်အင်မော်တယ်ကို တိုက်ခိုက်ဖို့ အချိန်တန်ပြီ"
ယွမ်ရှောင်က ညွှန်ကြားလိုက်ပြီး လက်ရှိတွင် မူလကိုယ်သည် ဂူကောင်များကို သန့်စင်ရင်း စီရင်သူကို ကယ်တင်နေရသောကြောင့် ယိုယွင်းမှု နယ်ပယ်မှ အဆင့်မတက်နိုင်သေးပေ။ ထို့ကြောင့် ယိုယွင်းမှုနယ်ပယ်တွင် ရပ်တန့်နေခြင်းကို စစ်မင်းသမီးက လျှာထုတ်၍ စနောက်လိုက်ပြီး မြေအောက်မှ အမြန်ဆုံးနှုန်းဖြင့် ပြန်လည် ထွက်ခွာလာခဲ့သည်။ မူလတွင် စီရင်သူကို ကယ်တင်ခြင်းမှာ နယ်မြေဓာတ်လုံး အသစ် တောင်းဆိုရန် ဖြစ်ပြီး ပြဿနာ ပြေလည်သွားသောကြောင့် ကုသခြင်းကို ရပ်တန့်ပစ်လိုက်၏။ တစ်ဖက်လူက ရန်သူလား မိတ်ဆွေလား မသိနိုင်သောကြောင့် အဖြေရှိပြီးသား ပြဿနာအတွက် စွန့်စားရန် မထိုက်တန်ချေ။ လောလောဆယ်တွင် အင်မော်တယ်သုံးပါး ခေါ် ဂူကျင့်ကြံသူများကို မရှင်းပစ်နိုင်ခင် ရန်သူများ ထပ်မံပေါ်ပေါက်လာလျှင် ခက်ခဲမည် မဟုတ်ပါလော။
"နင်က တော်တော် အကျိုးအကြောင်း ဆီလျော်တာပဲ"
"ဒါက လောကကြီးရဲ့ ခါးသီးတဲ့ အမှန်တရားကို မြင်ဖူးလို့ ဖြစ်ပေါ်လာတဲ့ သတိထားမှုပဲ။ သူစိမ်းတွေအပေါ် ငါ လုံးဝ မယုံကြည်နိုင်ဘူး"
ယွမ်ရှောင်က အေးဆေးတည်ငြိမ်သော လေသံဖြင့် ရှင်းပြ၏။
"အခု စီရင်သူက ဘယ်လိုနေလဲ"
"ဂူကောင် တော်တော်များများ ရှင်းပစ်ပြီးပြီဆိုတော့ နေ့ဝက်ကြာရင် ပြန်ကောင်းလာနိုင်တယ်။ ဒါပေမယ့် ငါက ကုသတာကို ရပ်ထားလိုက်ပြီ။ သေမင်းလက်ထဲကနေ ကယ်ပြီးပြီဆိုတော့ လောစရာ မလိုဘူး"
သူ့အတွက် ကျင့်ကြံသူတစ်ယောက်၏ အသက်ထက်စာလျှင် လောကကြီးကို ကယ်တင်ရန်က ဦးစားပေးတာဝန် ဖြစ်သည်။
"မိစ္ဆာ"
စစ်မင်းသမီးက မြေပြင်အထက်သို့ ဘွားခနဲ တက်လာသောအခါ ရတနာ ရှာဖွေရန် ရောက်နေသူများ ကြောက်လန့်တကြား ထွက်ပြေးကုန်သည်။ သူမက လိုက်လံဖမ်းဆီးမနေဘဲ သွေးမိစ္ဆာနယ်မြေကို နောက်ဆုံးတစ်ချက် လှမ်းကြည့်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
"မင်းလည်း သွေးမိစ္ဆာမျိုးနွယ်ကို တကယ် ဂရုမစိုက်ပါဘူး။ ဟန်ဆောင်မနေနဲ့။ ငရဲကိုးထပ်ကမ္ဘာဆီ မြန်မြန် လာခဲ့။ ဘာလဲ ငါ အပြစ်ပေးတာကို ခံချင်လို့လား"
"သိပါပြီဟဲ့"
ယွမ်ရှောင်က ဆူပူလိုက်သောအခါ သူမသည် မျက်စောင်းတစ်ချက်ဝင့်ကာ ခြေဆောင့်၍ ချက်ချင်း ထွက်ခွာလာခဲ့၏။
"ဘာလို့ ရပ်လိုက်တာလဲ။ သူ နိုးလာရင် ငါတို့ကို ကူညီပေးနိုင်တယ်မလား"
ငရဲကိုးထပ် ကမ္ဘာရှိ မြို့တစ်မြို့အတွင်း ယွမ်ရှောင်သည် စီရင်သူကို ကုသပေးနေရာမှ ရပ်တန့်လိုက်သဖြင့် ကျောင်းအုပ်ယွီကို ဇဝေဇဝါ ဖြစ်သွားစေသည်။
"သူ နိုးလာရင် ကျုပ်တို့ကို ကူညီမယ်ဆိုတာ သေချာလို့လား"
"မသေချာဘူး"
သူက တစ်ချက်စိုက်ကြည့်၍ လေးနက်စွာ မေးခွန်းထုတ်လိုက်သောအခါ တစ်ဖက်လူမှာ သက်ပြင်းချ၍ ခေါင်းခါရုံသာ။ လူတိုင်းသည် သုံးရက်အတွင်း ယွမ်ရှောင်၏ ကျင့်ကြံဆင့် တိုးတက်လာရန် မျှော်လင့်ထားသော်လည်း ယိုယွင်းမှုနယ်ပယ်တွင် ပိတ်မိနေဆဲ ဖြစ်၏။ ကံကောင်းသည်မှာ ရှေးဟောင်းမျှော်စင်နှင့် ပေါင်းစပ်ထားသော လန်ရီက ကြီးကြီးမားမား တိုးတက်လာကာ သိုင်းဧကရာဇ် ချပ်ဝတ် အကူအညီဖြင့် တိုက်ခိုက်ရေးစွမ်းအားသည် ယွီချန်ကိုပင် လိုက်မီလာခဲ့သည်။
"ကျုပ် အပြင် ခဏသွားလိုက်ဦးမယ်"
"စီရင်သူအပေါ် လောင်းကြေး မထပ်တော့ဘူးလား"
"ရွေးချယ်စရာ ရှိနေသရွေ့ မလုပ်ဘူး"
ယွမ်ရှောင် ရုတ်တရက် ထရပ်လိုက်သောအခါ ယွီချန်၏ မျက်ဝန်းများအတွင်း စိုးရိမ်စိတ်များ ရှိနေသည်။ ဖြစ်နိုင်သည်မှာ နှင်းလုံးလေးကဲ့သို့ သူမသည်လည်း တစ်ဖက်လူ၏ ရက်စက်ကြမ်းတမ်း၍ ပြတ်သားသော စရိုက်ကို အာရုံခံမိသောကြောင့်ပင်။
"ကျောင်းအုပ်ယွီ သူ့ကို ယုံကြည်ပါ"
"ကောင်းပြီ"
ရှန်ချန်းက ဝင်ပြောလိုက်သဖြင့် သူမလည်း အသက်ပြင်းပြင်းရှူ၍ ခေါင်းညိတ်ပြသည်။ စီရင်သူကို ကယ်တင်နေရာမှ ရုတ်တရက် ရပ်တန့်လိုက်သောအခါ သူတို့ အတွေးများမည်ဖြစ်ကြောင်း ယွမ်ရှောင် နားလည်ထား၏။
"ကျုပ် ပြန်လာရင် အရှိန်အဝါ ပြောင်းလဲသွားနိုင်တယ်။ ခင်ဗျားတို့ လက်ခံပေးဖို့ မျှော်လင့်ပါတယ်"
ယွမ်ရှောင်က တစ်လုံးချင်း လေးနက်စွာ မှာကြားလိုက်သည်။
"မင်း ဘယ်လို ပြောင်းလဲသွားပါစေ။ လူသားမျိုးနွယ်အတွက်ဆိုရင် ငါတို့ လေးစားပါတယ်"
ယွီချန်က ခေါင်းတစ်ချက် ယမ်း၍ အာမခံလိုက်သည်။ ထို့နောက် သူသည် လန်ရီကို တစ်ချက်ကြည့်၍ ပြုံးပြနှုတိဆက်ပြီး ချက်ချင်း ထွက်ခွာသွား၏။
"ဘာကြောင့် သူက စီရင်သူကို ဆက်မကယ်တော့တာလဲ"
ထိုအချိန်တွင် ယွီချန်သည် လန်ရီအနား ချဥ်းကပ်ကာ ခပ်တိုးတိုးမေးလိုက်သည်။
"မသိပါဘူး ဆရာ။ ဒါပေမယ့် အကြောင်းအရင်း ရှိမှာပါ။ ထုတ်ပြောလို့မရတဲ့ အခက်အခဲတွေ ရှိလောက်တယ်။ တပည့်တို့ သူ့ကို ယုံကြည်ရမယ်လေ"
သူမက ဆရာဖြစ်သူ၏ လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်၍ ယုံကြည်ချက်အပြည့်ဖြင့် အားပေးလိုက်၏။ ခြံဝန်းအတွင်းမှ ထွက်ခွာပြီးနောက် ကောင်းကင်သို့ ပျံတက်သွားသော ယွမ်ရှောင်သည် လမ်းခုလတ်၌ လနတ်သားနှင့် ပေါင်းစပ်လိုက်ရာ ရုပ်ခန္ဓာ သန်မာလာ၍ နတ်ဆိုးအရှိန်အဝါ ထွက်ပေါ်စပြုလာသည်။
"ဘုန်း"
သူ၏ အရှိန်က ရုတ်တရက် မြင့်တက်ပြီး တိမ်တိုက်များအကြား ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော သွေးနီရောင် အရိပ်ထံ ချဥ်းကပ်သွားပြန်၏။ ရုတ်တရက် ရောက်ရှိလာသော ယွမ်ရှောင်ကြောင့် စစ်မင်းသမီးမှာ ထိတ်လန့်သွားသော်လည်း မည်သူဖြစ်ကြောင်း သိလိုက်ရသဖြင့် ရန်တွေ့နေသည်။
"ဟွန့် နင်က လနတ်သားနဲ့ ပေါင်းလိုက်ရင် တကယ်နတ်ဆိုးဆန်လွန်းတယ်။ လူသားအသွင်က ပိုကောင်းတယ်"
"မင်းလည်း အဝတ်အစား လိုရင် ပြောစမ်းပါ။ မလုံမခြုံတွေ ဝတ်စားမနေနဲ့"
"ဒါက ရှင်တို့ လူသားတွေ လုပ်ထားလို့ သေးငယ်နေတာပဲ။ ဘယ်တတ်နိုင်မလဲ။ စကားမစပ် လန်ရီက တော်တော်ငယ်သေးတာပဲ။ ဘာလဲ နင်က ဖောက်လွဲဖောက်ပြန် ဝါသနာမျိုး ရှိနေတာလား"
"ငါက ငယ်ရွယ်နုပျိုတာကိုတင် ကြိုက်တာ မဟုတ်ဘူး။ အမျိုးအစားအစုံ အသက်အရွယ် မျိုးစုံကို လက်ခံပေးနိုင်တယ်နော်။ စမ်းကြည့်မလား"
"တော်တော် လုပ်စရာရှိတာ မြန်မြန်လုပ်။ ဒီလောက်မှားယွင်းနေတဲ့ စိတ်ကို ဖြောင့်မတ်မှန်ကန်သလို အသံကောင်းဟစ်မနေပါနဲ့"
စစ်မင်းသမီးမှာ တစ်ဖက်လူ၏ အရေထူမှုကြောင့် ခေါင်းကိုက်သွားသကဲ့သို့ မူးဝေနေသည်။ ထို့နောက် ယွမ်ရှောင်က သူမ၏ ခါးကို ဆွဲဖက်ကာ ရုပ်ခန္ဓာအား ထိန်းသိမ်းထားရန် နေရာတစ်ခု ရှာဖွေရန် ညွှန်ကြားသည်။
"ဟွန့်"
သူမက မျက်စောင်းထိုးနေသဖြင့် ကပ်ဘေးမိစ္ဆာသွေး မရှိတော့လျှင် ခဏတာ သေဆုံးရမည့် အချက်ကို မလိုလားကြောင်း သိသာသည်။
"နင်က အရပ်ပုလိုက်တာ"
ယင်မိစ္ဆာများ၏ ခန္ဓာကိုယ်အချိုးအစားကြောင့် ယွမ်ရှောင် မတ်တပ်ရပ်နေလျှင်ပင် သူမ၏ ရင်ဘတ်နားအထိသာ ရောက်သောကြောင့် လွှတ်ခနဲ ပြောလိုက်မိသည်။
"ဘာပြောတယ်။ ငါ အပြစ်ပေးတာကို ခံချင်နေပြန်ပြီလား"
သို့သော် တစ်ဖက်လူက မျက်မှောင်ကြုတ်၍ ခပ်တင်းတင်း စိုက်ကြည့်ကာ ငေါက်ငမ်းလိုက်သောကြောင့် ခြေထောက်နှစ်ဖက် အားပျော့ပြီး ထိတ်လန့်စရာ အတွေ့အကြုံများ ပြန်လည် မှတ်မိသွားလေသည်။