← Chapters

အထက်တန်းလွှာ၏ လက်ပါးစေများကို သတ်ဖြတ်ခြင်း၊ သတ္တမအဆင့် အခွင့်အလမ်းကို ရရှိခြင်း။

Vol. 7 Ch. 85

အထက်တန်းလွှာ၏ လက်ပါးစေများကို သတ်ဖြတ်ခြင်း၊ သတ္တမအဆင့် အခွင့်အလမ်းကို ရရှိခြင်း။

Vol. 7 Ch. 85

သုံးရက်မျှသာ ကြာမြင့်ပြီးနောက်…

နောက်ထပ် တုန်လှုပ်ဖွယ် သတင်းတစ်ခု ထပ်မံ ရောက်ရှိလာခဲ့လေသည်။ မျက်ခုံးနီ ပုန်ကန်သူတပ်သည် ယွင်ဇီမြို့အား တစ်ဖန်ပြန်လည် တိုက်ခိုက်လာခဲ့ချေပြီ။

ယခုတစ်ကြိမ်တွင် သူတို့၏ တိုက်ခိုက်မှု အရှိန်အဟုန်သည် ပိုမို ကြီးမားလာပြီး စစ်သည်အင်အား သိန်းချီ စုစည်းထားကြသည်။

ယွင်ဇီမြို့ရှိ စစ်သည်အားလုံးသည် မြို့အတွင်း၌သာ တုန်လှုပ်ချောက်ချားစွာ ပုန်းအောင်းနေကြပြီး မျက်ခုံးနီ ပုန်ကန်သူတပ်အား ထွက်တိုက်ရဲခြင်း မရှိကြချေ။

ဤအခြေအနေသည် ယွင်ဇီမြို့သူမြို့သားများကို အလွန်အမင်း တုန်လှုပ်သွားစေခဲ့သည်။

"ရူးကုန်ကြပြီ... ရူးကုန်ကြပြီ... မျက်ခုံးနီ ပုန်ကန်သူတပ်က ပြန်အသက်ဝင်လာပြီး စစ်သည်အင်အား သိန်းချီ စုဆောင်းလိုက်နိုင်တယ်တဲ့"

"ပြီးခဲ့တဲ့ တိုက်ပွဲတုန်းက မျက်ခုံးနီ ပုန်ကန်သူတပ်က လုံးဝ တပ်ပျက်သွားတာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး အခု စစ်သားတွေ ပိုများလာရတာလဲ"

"ဟက်...တိုင်းပြည် အုပ်ချုပ်သူတွေဘက်က ဘယ်လောက်ထိ ပျက်စီးနေလဲဆိုတာ မင်းလည်း သိတာပဲ... နှစ်တိုင်း အခွန်တွေကောက်တော့ လူတွေက ခါးကျိုးနေပြီလေ... အခုဆိုရင် မျှော်လင့်ချက်မဲ့နေတဲ့သူတွေမှ အများကြီးပဲ"

"သေချာပေါက်ပဲ... အပြင်ဘက်က အခြေအနေ ဘယ်လိုရှိလဲ မင်းတို့ မသိကြဘူးမလား... ရွာတွေ တစ်ရွာပြီးတစ်ရွာ ပျက်စီးကုန်ပြီကွ... သာမန်လူတွေဆို အသက်ရှင်ဖို့ လမ်းစကို မရှိတော့ဘူး... မျက်ခုံးနီ ပုန်ကန်သူတပ်က အကူအညီလိုတယ်၊ ဝင်ရောက်သူတိုင်း ထမင်းတစ်နပ်ကျွေးမယ်လို့ အော်လိုက်တာနဲ့ လူတွေက တွေဝေမနေဘဲ ဝင်လိုက်ကြတာပဲ"

"ဒါက လက်တွေ့ဘဝပဲကွ... ငါတို့ ယွင်ဇီခရိုင်တင် မဟုတ်ဘူး... ဝေနိုင်ငံ ခရိုင် ၁၃ ခုလုံး စစ်မီးတွေ တောက်လောင်နေတာ... ဒါကြောင့် နန်းတော်က အင်အားမရှိတော့ဘဲ စစ်ကူမပို့နိုင်တော့တာ... ငါတို့ ကိုယ့်ဟာကိုယ်ပဲ တိုက်ကြရတော့မှာပေါ့"

"ဟမ်း... ပျက်စီးနေတဲ့ ဘုရင်... ဒုက္ခရောက်နေတဲ့ ပြည်သူတွေ... ငါသာဆိုရင်လည်း ပုန်ကန်မိမှာပဲ"

"ဟုတ်ပါ့... ဒီလိုအခြေအနေမျိုးမှာတောင် ငွေကြေးဂိုဏ်းက ငါတို့ကို ခေါင်းပုံဖြတ်နေတုန်းပဲ... မျက်ခုံးနီ ပုန်ကန်သူတပ် ယွင်ဇီမြို့ထဲ ဝင်လာပြီး ငွေကြေးဂိုဏ်းကကောင်တွေအားလုံးကို ရှင်းပစ်မယ့်အချိန်ကို ငါ မစောင့်နိုင်တော့ဘူး"

"မင်းတို့ ပြောနေတာ ဟုတ်တော့ဟုတ်ပေမဲ့... မျက်ခုံးနီ ပုန်ကန်သူတပ်က ကောင်းလား မကောင်းလား ဆိုတာ ဘယ်သူမှ မသိဘူးဟ... တကယ်လို့ သူတို့ကသာ ဓားပြအုပ်စုပဲ ဖြစ်နေမယ်ဆိုရင် ငါတို့ကံကြမ္မာက ဘာမှ ထူးလာမှာ မဟုတ်ဘူး"

လူအများက အပြန်အလှန် ငြင်းခုံနေကြလေသည်။

အချို့က လက်ခုပ်တီး အားပေးကြသည်။ မျက်ခုံးနီ ပုန်ကန်သူတပ်သည် ယွင်ဇီမြို့သို့ ဝင်ရောက်ကာ ဆွေးမြည့်နေသော နန်းတော်ကို ဖြုတ်ချပြီး ပြည်သူများအတွက် အသက်ရှင်ရပ်တည်ခွင့် ရယူပေးမည့် တရားမျှတသော တပ်မတော်ဟု ယုံကြည်နေကြသည်။ အချို့ဆိုလျှင် မျက်ခုံးနီ ပုန်ကန်သူတပ်သို့ ဝင်ရောက်လိုကြသည်။

အုပ်ချုပ်သူနှင့် ဂိုဏ်းအဖွဲ့များ၏ ဖိနှိပ်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရပြီး အသက်ရှင်ရန် လမ်းစ မရှိတော့သောကြောင့် ဖြစ်သည်။

ဆိုရိုးစကား ရှိသည်မဟုတ်လော... ခြေဗလာနှင့်လူသည် ဖိနပ်စီးထားသူကို မကြောက်ဘူး (ဘာမှ ဆုံးရှုံးစရာ မရှိသူက ဘာကိုမှ မကြောက်တော့ဘူး) ဟူ၍။

ဤအခြေအနေအထိ တွန်းပို့ခံလိုက်ရပြီဖြစ်ရာ ဘုရင်ကို ပြန်တိုက်ခိုက်လိုက်ခြင်းက ပိုကောင်းပေသည်။

အနည်းဆုံးတော့ ထွက်ပေါက်တစ်ခု ရှိလာနိုင်သည်။

အခြားသူများမှာမူ လေးနက်စွာ စိုးရိမ်ပူပန်နေကြသည်။ ဘုရင်ရော၊ မျက်ခုံးနီ ပုန်ကန်သူတပ်ပါ လူကောင်းများ မဟုတ်ကြကြောင်း သူတို့ ယုံကြည်ထားကြသည်။

ယခုတိုက်ပွဲသည် အာဏာလုပွဲ သက်သက်သာ ဖြစ်သည်။

မျက်ခုံးနီ ပုန်ကန်သူတပ်က နန်းတော်ကို ဖြုတ်ချလိုက်လျှင်ပင် မင်းဆက်ပြောင်းလဲသွားရုံသာ ရှိမည်ဖြစ်ပြီး သာမန်လူများ၏ ဘဝကမူ ယခင်အတိုင်းသာ ရှိနေပေလိမ့်မည်။

ပိုကောင်းလာဖို့ ဝေးစွ။

အမှန်စင်စစ် ပရမ်းပတာ ဖြစ်နေချိန်တွင် အသက်ရှင်ရန်ပင် မသေချာတော့ချေ။

သို့သော် သူတို့ မည်သို့ပင် တွေးတောနေပါစေ စစ်ပွဲဖြစ်ပွားခြင်းကို သူတို့ ထိန်းချုပ်နိုင်စွမ်း မရှိကြပေ။

သာမန်လူများ အနေဖြင့် ရေစီးအတိုင်း လိုက်ပါရုံသာ ရှိတော့သည်။

"လုမိသားစု ဒီရက်ပိုင်း ငြိမ်နေတာ မဆန်းပါဘူး"

"တရားခံကို တစ်ခါမှ ပေါ်ပေါ်ထင်ထင် လိုက်မရှာခဲ့ဘူးနော်"

"မျက်ခုံးနီ ပုန်ကန်သူတပ်က ယွင်ဇီမြို့ကို တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ အကြောင်းကို သူတို့ သိနေလို့များလား"

"ဒီလောက်ကြီးမားတဲ့ ကပ်ဘေးကြီးနဲ့ ရင်ဆိုင်နေရတော့ လုမိသားစု အနေနဲ့ ဒီလို အသေးအဖွဲ ကိစ္စတွေကို ဖြေရှင်းဖို့ အချိန်မရှိတော့တာ ဖြစ်မယ်"

ကျန်းဖန် မေးစေ့ကို ပွတ်သပ်လိုက်ပြီး လုမိသားစု၏ ထူးခြားသော အပြုအမူများကို သဘောပေါက်သွားလေသည်။ သာမန်အချိန်များတွင်ဆိုလျှင် လုမိသားစုသည် တရားခံကို အုန်းအုန်းကျွက်ကျွက် လိုက်လံရှာဖွေနေမည် ဖြစ်သည်။

သာမန် လမ်းသွားလမ်းလာများပင် လုမိသားစု၏ လက်စားချေမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

သို့သော် ယခု မျက်ခုံးနီ ပုန်ကန်သူတပ် တိုက်ခိုက်လာချိန်တွင် အသုံးမကျသော သားတစ်ယောက် သေဆုံးမှုကို ကိုင်တွယ်ဖြေရှင်းရန် အတွက် လုမိသားစု၌ အချိန်မရှိတော့ပေ။

ဝှစ်…

ထိုအကြောင်းကို တွေးမိရင်း သတင်းအချက်အလက် စုဆောင်းပြီးနောက် ကျန်းဖန် အိမ်သို့ အမြန်ပြန်လာခဲ့လေသည်။

......

"ယောကျာ်း... မျက်ခုံးနီ ပုန်ကန်သူတပ်က ထပ်တိုက်ပြန်ပြီတဲ့... တို့တွေ ဘာလုပ်ကြမလဲဟင်"

စုဝေဝေသည် သတင်းကြားသည်နှင့် ချက်ချင်း စိုးရိမ်ပူပန်သွားရှာသည်။

စစ်ပွဲက ဤမျှ လျင်မြန်စွာ ရောက်ရှိလာလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိပေ။

အေးချမ်းသော နေ့ရက်များ အနည်းငယ် ပိုကြာရှည်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

ခေတ်ကာလက တကယ်ကို ပရမ်းပတာ ဖြစ်လွန်းလှသည်ဟုသာ ဆိုရတော့မည်။

သာမန်လူများမှာ အေးချမ်းစွာ နေထိုင်ခွင့် မရှိကြရှာပေ။

ကံကောင်းထောက်မစွာဖြင့် သူမ၏ ခင်ပွန်းသည် အလွန် စွမ်းရည်ရှိသူ ဖြစ်သောကြောင့်သာ... သို့မဟုတ်ပါက ဤပရမ်းပတာ ကာလတွင် သူမ သေသွားခဲ့လောက်ပြီ။

"မပူပါနဲ့"

"မျက်ခုံးနီ ပုန်ကန်သူတပ် ဖောက်ဝင်လာနိုင်မလား ဆိုတာကို ခဏထားလိုက်ဦး"

"သူတို့ ဖောက်ဝင်လာရင်တောင်မှ တို့တွေ ထိခိုက်မှာ မဟုတ်ပါဘူး"

ကျန်းဖန်က နှစ်သိမ့်ပေးလိုက်သည်။

မည်သို့ပင်ဆိုစေ သူသည် ယခုအခါ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း အဆင့် သိုင်းပညာရှင် တစ်ဦးဖြစ်ပြီး သူ၏ စွမ်းအားသည်လည်း ယခင်ကထက် အဆပေါင်းများစွာ ပိုမို သန်မာလာပြီ ဖြစ်သည်။

လူရာပေါင်းများစွာနှင့် ရင်ဆိုင်ရလျှင်ပင် သူသည် ဝိုင်းရံပိတ်ဆို့မှုကို အလွယ်တကူ ဖောက်ထွက်နိုင်စွမ်း ရှိသည်။

ထို့ပြင် မျက်ခုံးနီ ပုန်ကန်သူတပ်၏ အဓိက ရန်သူမှာ ယွင်ဇီမြို့ရှိ အထက်တန်းလွှာ မိသားစုများသာ ဖြစ်ပြီး သာမန်အရပ်သားများ မဟုတ်ပေ။

အရပ်သားများအတွက် ခြိမ်းခြောက်မှုအစစ်မှာ မျက်ခုံးနီ ပုန်ကန်သူတပ်မှ စည်းကမ်းမဲ့သော စစ်သားများသာ ဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် မျက်ခုံးနီ ပုန်ကန်သူတပ်က ယွင်ဇီမြို့ကို သိမ်းပိုက်လိုက်လျှင်ပင် ထိုစစ်သားများကို ကိုင်တွယ်ဖြေရှင်းနိုင်ရုံဖြင့် လုံလောက်သည်။

ထို့ကြောင့် ယွင်ဇီမြို့တွင် နေထိုင်ခြင်းသည် ကြီးမားသော အန္တရာယ် မရှိဟု သူ ခံစားရခြင်း ဖြစ်သည်။

စိုးရိမ်ရဆုံးအချက်မှာ ယွင်ဇီမြို့ တင်းမခံနိုင်တော့သည့်အခါ ဒေသခံများကို စစ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းလာမည်ကိုပင်။

ယွင်ဇီမြို့သားများကို ရှေ့တန်းတင်ပြီး တိုက်ခိုက်ခိုင်းကာ မြို့ကို စောင့်ကြပ်ခိုင်းမည် ဖြစ်သည်။

ထိုအခါ မြို့သားများအနေဖြင့် ငြင်းဆန်ရန် ခက်ခဲပေလိမ့်မည်။

"အင်း..."

ထိုစကားကို ကြားရသော် စုဝေဝေသည် ခေါင်းညိတ်လိုက်ပြီး စိတ်သက်သာရာ ရသွားလေသည်။

မည်သို့ပင်ဆိုစေ သူမ၏ ခင်ပွန်းသည် ကျင့်ကြံသူ၏ အမွေအနှစ်ကို ရရှိထားသူဖြစ်ပြီး တစ်ဝက်တစ်ပျက် ကျင့်ကြံသူဟု သတ်မှတ်နိုင်ကြောင်း သူမ သိထားသည်။

အနာဂတ် အန္တရာယ်များကို ရင်ဆိုင်ရာတွင် ပြဿနာကြီးကြီးမားမား ရှိမည် မဟုတ်ချေ။

ထို့ပြင် သူတို့တွင် အစားအသောက်များ မပြတ်လပ်သဖြင့် ယွင်ဇီမြို့ကြီး အစားအစာ ပြတ်လပ်သွားမည်ကို စိုးရိမ်စရာ မလိုပေ။

"ခေတ္တယာယီ ပုန်းအောင်းဖို့အတွက် လျှို့ဝှက်နေရာတစ်ခုတော့ ရှာဖို့ လိုကောင်းလိုလိမ့်မယ်"

"အဲ့ဒါမှ ယွင်ဇီမြို့ ဘုရင်ရော၊ မျက်ခုံးနီ ပုန်ကန်သူတပ်ရောက တို့တွေကို ရှာမတွေ့နိုင်မှာ"

"ပြီးတော့ စစ်ပွဲ လုံးဝ ပြီးဆုံးတဲ့အထိ ပုန်းအောင်းနေလို့လည်း ရမယ်"

"လောလောဆယ် ငါ့မှာ အစားအသောက်က အလုံအလောက် ရှိနေတာပဲ...အပြင်ဘက်နဲ့ ဆက်သွယ်စရာ မလိုဘူး"

ကျန်းဖန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူသည် သူ၏ နောက်ထပ် ဆုတ်ခွာမည့် အစီအစဉ်ကို စတင် စဉ်းစားလိုက်လေသည်။

All Chapters