← Chapters

ခက်ခဲသော တိုက်ပွဲ

Vol. 17 Ch. 181

ခက်ခဲသော တိုက်ပွဲ

Vol. 17 Ch. 181

“ တရားသူကြီးစုန့် ရောက်လာပြီ လီယောင်။ ” ချွန်းနျဉ်က အပြင်ကနေ ပြေးဝင်လာသည်။ “ သူနဲ့အတူ အိမ်နီးချင်း စီရင်စုတွေက တရားသူကြီးတွေလည်း ပါလာတယ်။ ”

လီယောင် အိမ်ပြန်ရောက်တော့ ဝမ်အာက စီရင်စုတရားသူကြီးတွေကို ဧည့်ခန်းထဲမှာ ခရီးဦးကြို၍ ရေနွေးကြမ်းနှင့် ဧည့်ခံပေးထားသည်။ အိမ်ထဲကို ဝင်လာတဲ့ လီယောင့်ကို မြင်သည်နှင့် တရားသူကြီးတွေအကုန်လုံး ချက်ချင်း မတ်တပ်ရပ်လိုက်ကြသည်။

“ ကျုပ်တို့ မင်းကို အထင်ကြီး လေးစားနေတာ ကြာပါပြီ အမျိုးသမီးလီ။ ”

“ ကျွန်မကလည်း ရှင်တို့အားလုံးကို နှုတ်ခွန်းဆက်သပါတယ်ရှင်။ ထိုင်ကြပါ။ ”

ဒီလို ဓလေ့ထုံးတမ်းတွေနှင့် ကျင့်သားမရတဲ့ လီယောင်သည် စိတ်ထဲမှာ အနည်းငယ် အနေရခက်နေမိသည်။ တရားသူကြီးစုန့်က လွဲလို့ ကျန်တဲ့ တရားသူကြီးတွေ အကုန်လုံးက သတ္တမအဆင့် အရာရှိတွေ ဖြစ်နေလို့ သူမ အလွန်အကြူး စာပေဆန်တဲ့ လောကဝတ်အသုံးအနှုန်းတွေကို သုံးစရာမလိုတာ တော်သေးသည်။

လူတိုင်း ထိုင်ခုံမှာ နေရာယူပြီးသည်နှင့် တရားသူကြီးစုန့်က သူတို့ ဒီကို ရောက်လာရတဲ့ အကြောင်းအရင်းကို ရှင်းပြသည်။

လတ်စသတ်တော့ လီယောင့်ရဲ့ ကျိုင်းကောင်နှိမ်နှင်းရေးနည်းစနစ်တွေက အလွန် ထိရောက်သောကြောင့် သူတို့က ကျေးဇူးတင်စကားပြောဖို့ ရောက်လာကြတာ ဖြစ်နေသည်။ သူတို့က လက်ဆောင်လေးတွေလည်း ယူလာခဲ့ကြပြီး တရားသူကြီးစုန့်ထံက ကြိုတင်သတိပေးစာ ရထားလို့လားတော့ မပြောတတ်ဘဲ လက်ဆောင်တွေအကုန်လုံးက အရမ်း တန်ဖိုးကြီးတဲ့ လက်ဆောင်တွေ မပါ,ပါ။ ထို့ကြောင့် လီယောင်လည်း လက်ခံလိုက်သည်။

သူတို့ ရောက်လာရတဲ့ ရည်ရွယ်ချက်က သိပ်မရိုးရှင်းတာကိုတော့ သူမ သိသော်လည်း ပိုအရေးကြီးတဲ့ ပြဿနာတစ်ခုက အရံသင့်ရှိနေလေသည်။

ပိုင်ချွမ်းခရိုင်ရဲ့ အိမ်နီးချင်း စီရင်စုတွေဖြစ်တဲ့အလျောက် သူတို့က ကျိုင်းကောင်ကပ်ဘေးကို ကာကွယ်ဖို့ တက်တက်ကြွကြွ ကြိုးစားနေပေမဲ့ တခြား စီရင်စုတွေကတော့ မဆိုင်သလို ငြိမ်နေ၏။

“ ကျွန်တော်တို့ အိမ်နီးချင်း စီရင်စုတွေနဲ့လည်း စကားပြောဆိုသွားပြီ။ ” ဟု ခေါင်းဆောင်ကျန်းက စိတ်ပျက်လက်ပျက် ပြောသည်။ “ ဒါပေမဲ့ ကျွန်တော်တို့စကားကို တစ်ယောက်မှ နားမထောင်ကြဘူး။ အုပ်ချုပ်ရေးမှူးလီက ဒီနှစ် ကျိုင်းကောင်ကပ်ဘေးကြီး မရှိဘူးလို့ ပြောထားလို့ ဘာမှ မပြင်ဆင်တာတဲ့။ ”

“ ကျွန်မ သွားပြောရင်တောင် ကျွန်မစကားကို နားထောင်ကြမှာ မဟုတ်ဘူး။ သူတို့က မကြားချင်ယောင်ပဲ ဆောင်နေကြမှာ။ ” ဟု လီယောင်က ပြောလိုက်သည်။

“ ကျွန်တော်တို့ကလည်း အမျိုးသမီးလီကို သူတို့ကို သွားမပြောပေးစေချင်ပါဘူး။ ” ဟု ခေါင်းဆောင်ကျန်းက စကားဆက်သည်။ “ အမျိုးသမီးလီက ဦးဆောင်ပြီး ကျွန်တော်တို့စီရင်စုတွေရဲ့ သတိပေးစာတွေကို ယိကျိုးအစိုးရရုံးကနေတစ်ဆင့် ယိကျိုးခရိုင်မှာ ရှိတဲ့ စီရင်စုတွေဆီ ပို့ပေးစေချင်တာပါ။ အဲ့ဒါကိုတောင် သူတို့က လိုက်နာဖို့ ငြင်းဆန်နေသေးတယ် ဆိုရင်တော့ ကျိုင်းကောင်ကပ်ဘေး ဖြစ်လာတဲ့ အချိန်ကျရင် အနည်းဆုံးတော့ ကျွန်တော်တို့ တာဝန်ကျေတယ်လို့ ပြောလို့ ရတယ်။ ”

တာဝန်ကျေတယ် ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်က စိတ်ရင်းစေတနာကောင်းလို့တော့ မဟုတ်ဘဲ ကိုယ့်ရဲ့ ကောင်းဂုဏ်သတင်းကို ထိန်းသိမ်းချင်တာ ပါသလို ဒီကိစ္စကနေ ရလာမယ့် နာမည်ကောင်းတွေကို လိုချင်တာကြောင့်လည်း ပါသည်။ ကပ်ဘေးအန္တရာယ်ကို သတင်းဖြန့်ပြီး နာမည်ကောင်းယူတာ အရာရှိတွေရဲ့ ထုံးစံပင်။

အဲ့ဒီလို နိုင်ငံရေးကိစ္စတွေထဲမှာ လီယောင် ဝင်မပါ‌ချင်သော်လည်း အဲ့ဒါက သူမ တခြားစီရင်စုတွေရဲ့ အခြေအနေကို လုံးဝ ဂရုမစိုက်ဘူး ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါ။

“ ရပါတယ်။ ” လီယောင်က စဉ်းစားချင့်ချိန်စွာ ပြောလိုက်သည်။ “ ဒါဆို တရားသူကြီးစုန့်ကို ဦးဆောင်ခိုင်းလိုက်ပါ။ “

ရာထူးအမြင့်ဆုံးဖြစ်တဲ့အလျောက် တရားသူကြီးစုန့် ဦးဆောင်တာကပဲ ကျိုးကြောင်းဆီလျော်သည်။ ပြီးရင် လူတိုင်းကို သတိပေးစာမူကြမ်း ရေးခိုင်းပြီး တံဆိပ်တုံးနှိပ်၍ ရုံးစာရေးတွေအား စီရင်စုတစ်ခုချင်းစီသို့ အမြန် ပေးပို့ခိုင်းလို့ ရသည်။

ရက်ပိုင်းလောက်အကြာမှာတော့ စီရင်စုတစ်ဝက်လောက်ကပဲ အရာရှိတွေရဲ့ သတိပေးစာကို အလေးအနက် မှတ်ယူပြီး လီယောင့်ရဲ့ နည်းလမ်းတွေအတိုင်း ကျိုင်းကောင်ကာကွယ်ရေးလုပ်ငန်းတွေကို စတင်ခဲ့တယ် ဆိုတဲ့ သတင်းကို ပြန်ကြားရသည်။ ဝေးလံတဲ့ စီရင်စုတွေက သတိပေးစာကို လုံးဝကို လျစ်လျူရှုထားသည်ဟု ဆိုသည်။

လီယောင်သည် ထိုသတင်းကို နားထောင်သည်ဆိုရုံမျှသာ နားထောင်ပြီး ခေါင်းထဲက ထုတ်ပစ်လိုက်သည်။ သူမက အငြိမ်းစားယူထားတဲ့ အဘွားကြီးတစ်ယောက်ပါ ၊ ဒေသရဲ့ အရေးကိစ္စတွေကို စီမံခန့်ခွဲနိုင်တဲ့ လူမျိုး မဟုတ်။

အဲ့ဒီနေ့ နေ့လယ်မှာ တရားသူကြီးစုန့်က ခြစ်ခြစ်တောက် ပူပြင်းနေသော နေရောင်အောက်မှာ ရွာတွေကို လိုက်လံစစ်ဆေးခဲ့သည်။ အဲ့ဒီနောက် နေ့လယ်စာစားချိန် ရောက်တော့ လီယောင့်အိမ်မှာ နေ့လယ်စာ အလကား စားဖို့အတွက် ဟဲဝမ်ရွာကို အချိန်ကိုက် ရောက်လာသည်။

သဘာဝကျစွာပင် ရုံးစာရေးတွေကလည်း ဓလေ့ထုံးတမ်းတွေကို လိုက်နာမနေတော့ပါ။ အချိန်အကြာကြီး အတူရှိနေပြီးတဲ့နောက် သူတို့အားလုံး ရင်းနှီးနေပြီမို့ ဓလေ့ထုံးတမ်းတွေကို သူစိမ်းဆန်စွာ လိုက်နာစရာ မလိုတော့။

ဒီနေ့ လီယောင်က တရားသူကြီးစုန့်ကို ဧည့်ခ၌ဖို့အတွက် ကျိုင်းကောင်တွေ အများကြီး ကြော်ထားသည်။ ရုံးစာရေးတွေက အားရပါးရ စားနေပေမဲ့ တရားသူကြီးစုန့်ကတော့ နည်းနည်းလေး ပျို့အန်ချင်နေတာကြောင့် တစ်ကောင် ၊ နှစ်ကောင်လောက် အရင် မြည်းကြည့်ပြီးတော့မှ မျက်လုံးပြူးသွားလေသည်။

“ လူတွေ ကြောက်လန့်ရွံရှာရတဲ့ ကျိုင်းကောင်တွေက ဒီလောက်တောင် အရသာရှိတဲ့ ဟင်းတစ်ခွက် ဖြစ်လာနိုင်တယ် ဆိုတာကို တွေးကြည့်ရင် ကမ္ဘာကြီး တကယ့်ကို အံ့ဩစရာကောင်းတာပဲ။ ”

လီယောင်ကတော့ ‘ ကျိုင်းကောင်းတွေကိုသာ ပေါပေါများများနှင့် ဖမ်းရလွယ်ရင် လူတွေ ကြော်စားလို့ မျိုးတုန်းသွားလောက်ပြီ ’ ဟူ၍ စိတ်ထဲက တစ်ယောက်တည်း တွေးနေမိသည်။

“ ပြဿနာတက်ပြီ အဒေါ်လီ။ ” သူတို့ စားနေတုန်းမှာပဲ ဖန်မိသားစုက နျိုတန်းက အပြေးအလွှား ရောက်ချလာသည်။ “ ကျိုင်းကောင်တွေ လာနေပြီ။ ကျိုင်းကောင်တွေ အများကြီး လာနေပြီ။ ”

“ ဘယ်လို။ ”

လူတိုင်း ထိတ်လန့်သွားကြသည်။ ကာကွယ်ရေးကို သူတို့ ဒီလောက် အားစိုက်ပြီး လုပ်ထားတာတောင် ကျိုင်းကောင်တွေကို မတားဆီးနိုင်ဘူးလား … ။

“ ဘယ်မှာလဲ။ ”

နျိုတန်းက “ တောင်စောင်းပေါ်ကနေ ဆင်းလာတာ။ ကျွန်တော့်အဘွားနဲ့ ဦးလေးလီလည်း အဲ့ဒီကို သွားကြပြီ။ ” ဟု အထိတ်တလန့် ပြန်ပြောသည်။

“ တစ်ချက်လောက် သွားကြည့်ကြမယ်။ ”

လီယောင်နှင့် တရားသူကြီးစုန့်သည် နေ့လယ်စာစားလို့ မပြီးသေးတာကိုတောင် မေ့လျော့သွားကာ တောင်အနောက်ဘက်သို့ ပြေးသွားခဲ့ကြသည်။

ရေကာတာကို သူတို့ ရောက်ချိန်မှာတော့ တောင်စောင်းတစ်လျှောက်မှာ ဖွေးဖွေးလှုပ်နေသော ကျိုင်းကောင်တွေကို မြင်လိုက်ရသည်။ တောထဲက မြက်ရိုင်းပင် တော်တော်များများဟာ ရိုးတံငုတ်တိုတွေဖြစ်အောင် ကိုက်ဝါးစားသောက်ခံထားရသည်။

ကြလွတ် ကြလွတ် …

သနားညှာတာမှုကင်းမဲ့သော ကိုက်ဝါးသံတွေက ညသန်းခေါင်အချိန်မှာ မိုးရွာချတဲ့ မိုးသံတွေနှင့် ဆင်တူပြီး ထိုအသံတွေကို နားထောင်ရုံနှင့်ပင် လူတွေကို ခေါင်းကျိန်းစေသည်။

ဝမ်ရှောင်စစ်က ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး တောအုပ်ထဲကို ပစ်လိုက်သော်လည်း အကြောက်အလန့်ကင်းသော ကျိုင်းကောင်တွေကတော့ တွေ့သမျှ အပင်ငယ်လေးတွေကို ပျော်ပျော်ကြီး စားသောက်ကာ ရွာဘက်ကို ချီတက်လာခဲ့သည်။

သူတို့ဘက်ကို တန်းတန်းမတ်မတ် ပျံသန်းလာတဲ့ ကျိုင်းကောင်တွေက လီယောင့်အင်္ကျီကိုတောင် ဝင်တိုက်သွားသည်။ ကျိုင်းကောင်အုပ်ကြီးဟာ သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးရေစက်တွေလားလို့တောင် ထင်မှတ်မှားရကာ လီယောင် လက်တစ်ဖက်တည်းနှင့် လေး ၊ ငါးကောင်လောက် ဖမ်းနိုင်မည်ဟု ခန့်မှန်းမိသည်။

ဒါက သာမန် ပြဿနာလေးတစ်ခု မဟုတ်တော့ဘဲ တကယ့် ကျိုင်းကောင်ကပ်ဘေးကြီး ဖြစ်နေပါပြီ။

ဝမ်ကျားဖူနှင့် ဖန်ရှစ်အန်းသည် ထိတ်လန့်သွေးပျက်မှုကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ မျက်နှာဖြူရော်ကာ အတောင့်သား ရပ်နေမိသည်။

“ ရွာကို အမြန် ပြန်ကြတော့။ ” ဒီလို အရေးပေါ် အခြေအနေမှာ လီယောင်က လူတိုင်းထက် တည်ငြိမ်နေသည်။ “ တောင်ခြေက လျှိုမြောင်ထဲမှာ ဂန္တမာပန်းခြောက်ပိုးသတ်ဆေးမှုန့်တွေနဲ့ မီးပုံကြီးတွေ ဖိုပြီး ကျိုင်းကောင်တွေကို တားရမယ်။ အကုန်လုံး ရွာထဲကို ပြန်ပြီး ပိုက်ကွန်တွေ ၊ အိပ်ရာခင်းတွေ ၊ စောင်တွေ ၊ ကျိုင်းကောင်တွေကို တားနိုင်မယ့် ပစ္စည်းမှန်သမျှကို ယူလာခဲ့ကြ။ ”

ဝမ်ကျားဖူနှင့် ဖန်ရှစ်အန်းတို့ သုတ်သီးသုတ်ပျာ ထွက်သွားချိန်မှာ လီယောင်က တရားသူကြီးစုန့်အား “ တခြားရွာတွေနဲ့ အိမ်နီးချင်း စီရင်စုတွေကို အမြန် သတိပေးလိုက်ပါ တရားသူကြီးမင်း။ ဒါက ခက်ခဲတဲ့ တိုက်ပွဲတစ်ခု ဖြစ်လိမ့်မယ်လို့ ကျွန်မ ထင်တယ်။ ”

“ မြန်မြန် ၊ တောင်အနောက်ဘက်ကို မြန်မြန် သွားကြ။ ကျိုင်းကောင်အုပ်ကြီးကို ငါတို့ တားရမယ်။ ”

ဝမ်ကျားဖူရဲ့ ဦးဆောင်မှုအောက်မှာ ရွာထဲကနေ ရွာသားတစ်ထောင်ကျော် ပြေးထွက်လာပြီး တချို့က ပိုက်ကွန်တွေ ၊ တချို့ကတော့ အိပ်ရာခင်းတွေ ၊ စောင်တွေကို သယ်လာကြသည်။

ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ထားလို့ တော်သေးရဲ့။ စိုက်ခင်းတွေဘေးမှာ ထင်းတွေကို အထပ်လိုက် စုပုံထားသလို ဂန္တမာပန်းခြောက်ပိုးသတ်ဆေးမှုန့်တွေကိုလည်း ကြိုတင်ပြင်ဆင်ထားသည်။ ကြံ့ခိုင်သန်မာတဲ့ လူငယ်တွေက လျှိုမြောင်ထဥမှာ ထင်းတွေကို မီတာ ( ၁၀၀ ) ကျော်အောင် အတန်းလိုက် စီတန်းထားပြီး အကာအရံတစ်ခုကို ဖန်တီးခဲ့သည်။

ထိုအကာအရံနောက်မှာတော့ ကျိုင်းကောင်တွေကို ဖမ်းဆီးဖို့ အဆင်သင့် စောင့်နေတဲ့ ရွာသူ ၊ ရွာသားတွေ ရှိသည်။ ကျိုင်းကောင်နှိမ်နှင်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကြက်အုပ်တွေ ၊ ဘဲအုပ်တွေ ၊ ငန်းအုပ်တွေကိုလည်း ခေါ်ထားသည်။ နေ့အချိန်ဆို သူတို့ကို အားကိုးလို့ ရသည်လေ။

“ ဟိုမှာ ကျိုင်းကောင်တွေ လာနေပြီ။ ”

လူတိုင်း ရပ်စောင့်နေကြတုန်းမှာပဲ သစ်ရွက်တွေကို အငမ်းမရ စားသောက်နေတဲ့ ကျိုင်းကောင်တွေရဲ့ တကြွပ်ကြွပ်အသံတွေနှင့်အတူ ဟိုးတောင်စောင်းပေါ်မှာ ကျိုင်းကောင်တွေ ဘွားခနဲပေါ်လာတာကို မြင်လိုက်ရသည်။

ပထမတော့ ဆယ်ဂဏန်း ၊ နောက်တော့ ရာဂဏန်း ၊ ထောင်ဂဏန်း … တဖြည်းဖြည်းနှင့် အဝါရောင်နှင့် အမည်းရောင် ရောနှောနေသည့် သိပ်သည်းအုံခဲနေသော ကျိုင်းကောင်အုပ်ကြီးသည် တောင်စောင်းတစ်လျှောက် လိမ့်ဆင်းလာခဲ့လေသည်။

ရွာသူ ၊ ရွာသားတွေအကုန်လုံး ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ ဒါက ကျိုင်းကောင်ကပ်ဘေး ဆိုတာကြီးလား … ။ ကြားရုံသာ ကြားဖူးပြီး မမြင်ဖူးတဲ့ လူအများစုက အခုမှ သူတို့မျက်စိနှင့် ကိုယ်တိုင် မြင်လိုက်ရသောအခါ စိတ်အတွင်းထဲက‌နေပါ တုန်လှုပ်သွားကြသည်။

“ ချက်ချင်း မီးပုံးကို မီးညှိတော့။ မြန်မြန်။ ”

အကာအရံနားကို ကျိုင်းကောင်တွေ ရောက်လာချိန်မှာပဲ ထင်းတွေမှာ ချက်ချင်း မီးစွဲသွားပြီး အပေါ်ကနေ ဂန္တမာပန်းခြောက်ပိုးသတ်ဆေးမှုန့်တွေကို ကျဲဖြန်းလိုက်လျှင် မီးခိုးလုံးထူထူတွေ အူထွက်လာသည်။

ရွှီး ရွီး …

မရေမတွက်နိုင်သော ကျိုင်းကောင်တွေက လူတွေရဲ့ ခန္ဓာကိုယ်တွေ ၊ မျက်နှာတွေကို အရှိန်နှင့် ဝင်တိုက်ကာ စူးအောင့်နာကျင်သွားစေခဲ့သည်။

All Chapters