← Chapters

အရမ်း နောက်ကျသွားပြီ

Vol. 17 Ch. 182

အရမ်း နောက်ကျသွားပြီ

Vol. 17 Ch. 182

ဒါပေမဲ့ အဲ့ဒါကို ဘယ်သူမှ ဂရုမစိုက်နိုင်ဘဲ ပစ္စည်းတွေကို ကိုင်ပြီးတော့သာ ကျိုင်းကောင်တွေကို ရိုက်နှက်ဖမ်းဆီးနေခဲ့သည်။ ပိုက်ကွန်နှင့် လူတွေက ကျိုင်းကောင် ဘယ်နှကောင်ကိုပဲ ဖမ်းမိပါစေ ၊ ခြေထောက်နှင့် နင်းချေဖိသတ်ပြီး ကျိုင်းကောင်တွေကို ဆက်လက်ဖမ်းဆီးနေခဲ့ကြသည်။

အိပ်ရာခင်းတွေ ၊ စောင်တွေကို ကိုင်ထားတဲ့ လူတွေကတော့ ကျိုင်းကောင်တွေကို စောင်တွေ ၊ အိပ်ရာခင်းတွေနှင့် ဖုံးအုပ်ပြီး အပေါ်ကနေ ခြေလှမ်းပြင်းပြင်းနှင့် ဆောင့်နင်းပစ်ကြသည်။

ကျိုင်းကောင်တွေက တဖြည်းဖြည်း ပိုများလာသည်။ တချို့ အကောင်တွေကို လူတွေက ဖမ်းဆီးလိုက်နိုင်ပြီး တချို့အကောင်တွေကတော့ မီးပုံထဲကို သူ့ဘာသာ ခုန်ဝင်ကာ မီးလောင်သေဆုံးသွားကြသည်။ ခုန်ဆွခုန်ဆွနှင့် မီးခိုးတွေကို ရှောင်ရှား၍ တောင်ကြားထဲကို ပျံသန်းသွားဖို့ လုပ်နေတဲ့ ကျိုင်းကောင်တွေကတော့ မြေကြီးပေါ်ကို တဖုတ်ဖုတ် ပြုတ်ကျကာ ပျော်ရွှင်နေတဲ့ ကြက်တွေ ၊ ဘဲတွေဆီမှာ အစားခံလိုက်ရသည်။

ဒီနေ့ ကျိုင်းကောင် ဘယ်နှကောင်ကို သတ်လိုက်လဲ ဆိုတာ ဘယ်သူမှ မသိသလို ထင်းတွေ ဘယ်လောက် သုံးလိုက်ရလဲ ဆိုတာကိုလည်း ဘယ်သူမှ မသိကြပါ။ အဆိပ်ငွေ့တွေကို သူတို့ ဘယ်လောက် ရှူသွင်းလိုက်မိလဲ ဆိုတာကိုလည်း ဘယ်သူမှ မသိ။

ဒီကျိုင်းကောင်တွေကို ဒီနေရာမှာတင် ရအောင် မတားဆီးနိုင်ရင် တစ်ရွာလုံးရဲ့ ကောက်ပဲသီးနှံတွေ ရေစုန်မျှောပြီ ဆိုတာကိုပဲ လူတိုင်း သိသည်။

ဟဲရှောင်ယာက အိမ်လုပ် ဆီးသီးစွပ်ပြုတ်အေးတွေကို ရေပုံးကြီးတွေနှင့် ခပ်ထည့်ထားပြီး ရွာထဲက အမျိုးသမီးတွေအား ထိုရေပုံးတွေကို တောင်ပေါ်သို့ သယ်သွားဖို့ ညွှန်ကြားနေခဲ့သည်။ ခဏအကြာမှာ ဆီးသီးစွပ်ပြုတ်တွေ ကုန်သွားသောအခါ တွင်းရေအေးအေးလေးတွေကို ဆက်လက်ပို့ဆောင်ပေးသည်။

လူတိုင်းရဲ့ အဝတ်အစားတွေက ချွေးတွေဖြင့် ရွဲရွဲစိုနေပြီး ချွေးသီးချွေးပေါက်များသည် ဆံပင်ပေါ်ကနေ မိုးရေစက်တွေ စီးကျနေသလိုမျိုး အဆက်မပြတ် စီးကျနေသည်။

ပန်းပဲဆရာရှားရှန့်ပင်လျှင် တုတ်ကောက်တစ်ချောင်းကို အားပြုရပ်တည်၍ ကျိုင်းကောင်တွေကို သစ်သားပြားကြီးတစ်ချပ်နှင့် မရပ်မနား ရိုက်နှက်ကာ လာရောက်ကူညီပေးခဲ့သည်။

ဒါပေမဲ့ ဘယ်သူကမှ ပင်ပန်းတယ် ၊ ခက်ခဲတယ်လို့ မညည်းညူဘဲ လူတိုင်းသည် တူညီသော လုပ်ဆောင်ချက်တွေကို ထပ်တလဲလဲ လုပ်ဆောင်နေခဲ့သည်။ ကျိုင်းကောင်တွေ ထွက်ပေါ်လာတဲ့ နေရာတိုင်းကို အကုန်လုံး တစ်စုတစ်ဝေး သွားရောက်တားဆီးကြသည်။

တရားသူကြီးစုန့်သည် တောင်ပေါ်ကနေ အဆုံးမရှိသော ရေစီးကြောင်းကြီးသဖွယ် အဆက်မပြတ် ပျံသန်းလာတဲ့ ကျိုင်းကောင်တွေကို ကြည့်ကာ ကြောက်လည်း ကြောက် ၊ စိတ်‌လည်း သက်သာရာရမိသည်။

ကံကောင်းစွာဖြင့် ကျိုင်းကောင်တွေက ဟဲဝမ်ရွာရဲ့ အနောက်ဘက် တောင်တန်းပေါ်ကနေ ရောက်လာတာ ဖြစ်ပြီး ဟဲဝမ်ရွာမှာ လီယောင် ရှိနေ၏။ မဟုတ်ရင် ဒီနှစ်မှာ ပိုင်ချွမ်းတစ်ခရိုင်လုံးရဲ့ ပြည်သူတွေ ပတ်ပြေးနေဖို့သာ တတ်နိုင်လောက်သည်။

အချိန်က ညမှောင်ရီပျိုးခါနီးပြီ ဖြစ်ပြီး လူတိုင်းသည် အားအင်ကုန်ခမ်းကာ ပင်ပန်းနွမ်းနယ်နေခဲ့သည်။ သူတို့ရဲ့ အဝတ်အစားတွေမှာလည်း ဖုန်မှုန့်တွေ ၊ သဲမှုန့်တွေ အထပ်ထပ် ပေကျံနေသော်လည်း ကျိုင်းကောင်တွေကတော့ တစ်သုတ်ပြီး တစ်သုတ် ရောက်လာကာ လျှိုမြောင်ထဲကနေတစ်ဆင့် တောင်တစ်ဝက်အထိတောင် အောင်အောင်မြင်မြင် တက်နေကြပြီ ဖြစ်သည်။

လီယောင်ရဲ့ ကန်စွန်းဥစိုက်ခင်း မူ ( ၁၀၀ ) ကျော်ဟာ ကျိုင်းကောင်အုပ်ရဲ့ လက်ချက်ကြောင့် ရုပ်ပျက်ဆင်းပျက် ပျက်စီးသွားခဲ့သည်။ ဒါပေမဲ့ လောလောဆယ်မှာ အဲ့ဒါကို ဝမ်းနည်းကြေကွဲနေဖို့ အချိန်မရှိပါ။ ဒီလောက် အပျက်အဆီး ပမာဏက သူတို့ သည်းခံနိုင်သေးသည်။

“ ထင်းတွေ ကျန်သေးလား။ ”

“ လူတွေ သွားယူနေတယ်။ ” ဝမ်ကျားဖူသည် ပစ်လဲချင်လောက်အောင် ပင်ပန်းနေသော်လည်း သူ့ရဲ့ ခန္ဓာကိုယ်ပိန်ပိန်လေးက တောင့်ခံ‌နေဆဲ။ “ ထင်းတွေ မကြာခင် ရောက်လာတော့မှာပါ။ ”

“ ကျွန်မ အဲ့ဒီကို သွားကြည့်ပြီးသွားပြီ။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ဒီကျိုင်းကောင်တွေက နောက်ဆုံးအသုတ် ဖြစ်လောက်တယ်။ အမှောင်ထုကို အခွင့်အရေးယူပြီး ကျိုင်းကောင်တွေအကုန်လုံးကို မီးတောက်တွေနဲ့ ဒီနေရာကို လာအောင် ဆွဲဆောင်ထားပေးပါ။ ”

သစ်ကိုင်းခြောက်တွေကို တင်ဆောင်ထားတဲ့ လှည်း တစ်ဒါဇင်ကျော် ရောက်လာကာ လီယောင်ရဲ့ ကန်စွန်းဥစိုက်ခင်းထဲမှာ မီးပုံတွေ အများကြီးကို ဖိုထားလိုက်သည်။

မီးတောက်မီးလျှံတွေက ကောင်းကင်သို့ပင် အရောင်ဟပ်နေကာ ကောင်းကင်ရဲ့ နေရာအများစုကို ရဲရဲ‌နီနေစေသည်။ ဘေးပတ်ဝန်ကျင်းက ကျိုင်းကောင်တွေအကုန်လုံးက မီးတောက်တွေကို စိတ်ဝင်စားသွားပြီး မီးပုံဆီသို့ ဦးတည်ပျံသန်းလာခဲ့ကြသည်။

“ အကုန်လုံး တောင့်ခံထားကြမယ်။ ဒါက နောက်ဆုံးအသုတ်ပဲ။ ” ဝမ်ကျားဖူရဲ့ အားရတက်ကြွဖွယ်ကောင်းလှသည်။ မီးပုံနားကို ရောက်လာတဲ့ ကျိုင်းကောင်တွေကို သူတို့ စတင်ဖမ်းဆီးလိုက်ကြသော်လည်း အဲ့လို ဆိုရင်တောင် ကျိုင်းကောင်တွေကို အရေအတွက် နည်းနည်းလေးပဲ ကျန်စေဖို့အတွက် သူတို့ ညသန်းခေါင်ထိ အလုပ်ရှုပ်ခဲ့ရသည်။

လီယောင်က ချွေးတို့ဖြင့် စိုကပ်နေတဲ့ သူမရဲ့ ဆံပင်တွေကို စည်းနှောင်ကာ ကန်စွန်းဥစိုက်ခင်းထဲမှာ ခြေပစ်လက်ပစ် ထိုင်ချပစ်လိုက်သည်။ တရားသူကြီးစုန့်ကလည်း သူ့ရဲ့ အရာရှိအဝတ်အစား ညစ်ပတ်မှာကို မစိုးရိမ်သည့်အလား သူမနှင့်အတူ ထိုင်ချသည်။

လူကြီးလူငယ် ရွာသူ ၊ ရွာသား တစ်ထောင်ကျော်ကတော့ ပိုလို့တောင် ပင်ပန်းကာ ချက်ချင်းပဲ ပစ်လှဲလိုက်ကြသည်။

“ အမျိုးသမီးလီ … မင်းရဲ့ ဟဲဝမ်ရွာက သိပ်ကို အံ့ဩစရာကောင်းတယ်။ ကျိုင်းကောင်ကပ်ဘေးကို လူတွေ အနိုင်ယူနိုင်တာကို ကျုပ်ဘဝမှာ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ ” ဟု တရားသူကြီးစုန့်က ပြောသည်။

“ ဒီလိုမျိုး အနိုင်ရဖို့အတွက် အချိန်မှန် ၊ နေရာမှန် ၊ လူမှန်နဲ့ စည်းလုံးညီညွှတ်မှု လိုအပ်တယ်။ ” ဟု လီယောင်က ပြန်ပြောလိုက်သည်။ “ ဒီနေ့ မိုးရွာလို့ မီးပုံတွေ ဖိုလို့ မရရင် ၊ တောင်ပေါ်ကနေ ကျိုင်းကောင်တွေ ဆင်းမလာရင် ၊ သူတို့ သွားတဲ့ လမ်းကြောင်းက ဒီလျှိုမြောင် မဟုတ်ရင် ၊ ရွာသားတွေက စည်းလုံးညီညွှတ်မှုမရှိရင် ကျွန်မတို့ ရှုံးနိမ့်သွားလောက်တယ်။ ”

ဒီတစ်ခေါက်မှာ လီယောင်ကိုယ်တိုင်တောင် အလွန် အံ့အားသင့်ခဲ့ရသည်။ ဟဲဝမ်ရွာသူ ၊ ရွာသားတွေဟာ ပြိုင်ဖက်ကင်းလောက်အောင် စည်းလုံးညီညွှတ်စွာဖြင့် အတူတူ ပူးပေါင်းဆောင်ရွက်၍ ဒီကျိုင်းကောင်ကပ်ဘေးကြီးကို တွန်းလှန်ခဲ့သည်။

တကယ်တော့ လက်ရှိအချိန်မှာ လူတိုင်းမှာ ပိုက်ဆံနည်းနည်းပါးပါးတော့ ရှိသေးတာမို့ စိုက်ခင်းတွေ ပျက်စီးသွားရင်တောင် ထမင်းငတ်မယ့်လူ တစ်ယောက်မှ မရှိပါ။

သို့သော်လည်း လူတိုင်းက သီးနှံစိုက်ခင်းတွေကို စိတ်ပါလက်ပါ ကာကွယ်ပြီး ကျိုင်းကောင်တွေကို ခုခံခဲ့သည်။ ဒါက တောင်သူလယ်သမားတွေရဲ့ ကောက်ပဲသီးနှံအပေါ် ထားတဲ့ နှစ်သက်မက်မောမှု ဖြစ်လောက်သည်။

“ လူ လေး ၊ ငါးယောက်ကတော့ ငါနဲ့အတူ ဒီမှာ နေပြီး စောင့်ကြပ်ပေးဦး။ ” ဟု ရွာလူကြီးဝမ်ကျားဖူက ပြောလိုက်သာ်။ “ ကျန်တဲ့ လူတွေကတော့ ညစာစားဖို့ ကျောင်းကို အမြန် သွားကြတော့။ ကြီးမြတ်တဲ့ အမျိုးသမီးလီက ဒီနေ့ လူတိုင်းအတွက် အရသာရှိတဲ့ အစားအသောက်တွေ အများကြီး ပြင်ဆင်ပေးထားတယ်။ ”

ကျောင်းဝင်းထဲကို ခြေမချရသေးခင်ကတည်းကပင် အသားနှင့် ဟင်းသီးဟင်းရွက်တွေရဲ့ မွှေးရနံ့ပေါင်းစုံကို အနံ့ရသည်။

ဟဲရှောင်ယာက အိမ်မှာ တစ်နေ့ခင်းလုံး အမျိုးသမီးတွေေအများကြီးကို ဦးဆောင်ညွှန်ကြားပြီး လူတစ်ထောင်ကျော်အတွက် လုံလောက်တဲ့ အစားအသောက်တွေ ၊ ဟင်းလျာတွေကို ချက်ပြုတ်ပေးထားသည်။

ကျောနှင့်ရင် ကပ်ဝင်လုမတတ် ဗိုက်ဆာနေသော လီယောင်သည် ထမင်းပန်းကန်လုံးထဲကို ခပ်မောက်မောက် ခူးထည့်ကာ ခွေးခြေ ရှာမနေတော့ဘဲ ထောင့်တစ်နေရာမှာ ထိုင်ချပြီး စတင် စားသောက်နေလိုက်သည်။ တရားသူကြီးစုန့်ကတော့ အဲ့ဒါကို ကြည့်ပြီး ခေါင်းခါယမ်းနေခဲ့သည်။ ဒါက သတ္တမအဆင့် အမျိုးသမီးစွမ်းဆောင်ရှင်တဲ့လား … ။ တခြားလူတွေသာ သူမကို ဒီလို ပုံစံနှင့် တွေ့သွားရင် ဘာစကားတွေ ပြောကြမလဲ မသိပါ။

သို့သော်လည်း ဟဲဝမ်ရွာမှာတော့ အပြင်လူတွေ တစ်ယောက်မှ မရှိတာမို့ သူလည်း သူ့ပန်းကန်တွေကို သယ်ပြီး လီယောင့်အတိုင်း ထောင့်တစ်နေရာမှာ ထိုင်စားနေလိုက်သည်။

လူတိုင်း တိတ်ဆိတ်စွာ စားသောက်နေတုန်းမှာပဲ တခြားရွာတွေဆီက သတင်းတွေကို တစ်ခုပြီး တစ်ခု ကြားရသည်။ တခြားရွာတွေမှာလည်း ကျိုင်းကောင်အရေအတွက်တွေ အများကြီး ပေါ်လာပေမဲ့ ဟဲဝမ်ရွာနှင့် ယှဉ်လိုက်လျှင် နည်းပါးတာမို့ အောင်မြင်စွာ သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။

အိမ်နီးချင်း စီရင်စုတွေမှာလည်း အတူတူပဲ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် လူတိုင်းက အစောကြီးကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတာမို့ ဆုံးရှုံးမှု ကြီးကြီးမားမားတွေ မဖြစ်လိုက်ဘဲ အနည်ဆုံးတော့ ကောက်ပဲသီးနှံတွေရဲ့ ( ၉၀ ) ရာခိုင်နှုန်းကို ထိန်းသိမ်းနိုင်ခဲ့သည်။

ထိုသတင်းကို ကြားသည်နှင့် လူတိုင်း အလွန် ပျော်ရွှင်သွား၏။ ကောင်းကင်တစ်ခုတည်းအောက်က လူတွေက တစ်မိသားစုတည်းပဲလို့ ပြောလို့ ရသည်။ တခြားဒေသက လူတွေ ထမင်းမငတ်ဘူး ဆိုရင် ကောင်းကင်အောက်မှာ ငြိမ်းချမ်းနေမှာ ဖြစ်ပြီး ဟဲဝမ်ရွာသူ ၊ ရွာသားများသည်လည်း အမှန်တကယ် ငြိမ်းချမ်းသော နေ့ရက်များကို ပိုင်ဆိုင်နိုင်လိမ့်မည်။

ပြီးတော့ ဒါတွေအကုန်လုံးကို လီယောင်က လူတိုင်းအတွက် ကူညီပေးခဲ့တာ ဖြစ်သည်။ လီယောင်သာ မရှိရင် ဟဲဝမ်ရွာထဲက လူတွေအကုန်လုံး နောက်နှစ်အနည်းငယ်ထိ ငတ်မွတ်ခေါင်းပါးနေရမှာ သေချာသည်။

“ အခု ငါတို့ ကြီးမြတ်တဲ့ အမျိုးသမီးလီရဲ့ လူထုအကျိုးပြု ဆောင်ရွက်ချက်တွေအတွက် အမှတ်တရကျောက်တိုင်ထောင်ထားလို့ ရပြီ ထင်တယ်။ ”

“ ဟုတ်တယ် ဟုတ်တယ်။ ပြီးရင် ဒီကိစ္စကို ရွာလူကြီးနဲ့ သွားပြောရမယ်။ ငါတို့ အဒေါ်လီအတွက် အမှတ်တရကျောက်တိုင်ထောင်ပေးရမယ်။ ”

လီယောင် : … ငါက အရှင်လတ်လတ်ကြီး အကောင်းအတိုင်း ရှိသေးတာကို ဘာလို့ အမှတ်တရကျောက်တိုင်ထောင်မှာလဲ။

“ အုပ်ချုပ်ရေးမှူးလီ … တရားသူကြီးစုန့်က လူတစ်ယောက် ထပ်လွှတ်လိုက်ပါတယ်။ ”

မနက်စာစားနေသော အုပ်ချုပ်ရေးမှူးလီတစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

သူ့ကို နေ့စဉ်ရက်ဆက် စိတ်အနှောင့်အယှက်လာ‌ပေးနေတဲ့ ဒီတရားသူကြီးစုန့်ဟာ တကယ့်ကို အလုပ်မရှိ ကြောင်ရေချိုးနေတာပဲ။ သူ ရုံးတော်ကို တာဝန်ယူထားတာ ဘယ်လောက်မှ မကြာသေးပေမဲ့ ဒီအတောအတွင်း တရားသူကြီးစုန့်ဟာ သူ့ဆီကို လူတွေ ခဏ ခဏ လွှတ်သည် ၊ လက်ရေးစာတွေလည်း ခဏ ခဏ ရေးပို့သည်။

“ ဘာကိစ္စလဲ ဆိုတာ သွားမေးလိုက်။ ”

“ မေးပြီးပါပြီ။ ပိုင်ချွမ်းခရိုင်မှာ မနေ့တုန်းက ကျိုင်းကောင်ကပ်ဘေးကြီး တစ်ခု ဖြစ်သွားခဲ့တယ် ဆိုတာကို လာသတင်းပို့တာပါတဲ့။ ”

“ ဘာ။ ” အုပ်ချုပ်ရေးမှူးလီရဲ့ တူတွေက ကြမ်းပြင်ပေါ်ကို ဒေါက်ခနဲ ပြုတ်ကျသွားသည်။ “ အခြေအနေ ဘယ်လို ရှိလဲ။ ”

“ ကြီးကြီးမားမား ထိခိုက်ဆုံးရှုံးမှု မရှိဘူးလို့ ပြောပါတယ်။ ကျိုင်းကောင်တွေ အကုန်လုံးကို သုတ်သင်နိုင်ခဲ့တယ်တဲ့။ ”

ကျိုင်းကောင်ကပ်ဘေးမှာ ကျိုင်းကောင်တွေအကုန်လုံးကို သုတ်သင်နိုင်ခဲ့တယ်တဲ့လား … ။

အုပ်ချုပ်ရေးမှူးလီ စိတ်‌သက်သာရာရသွားသည်။ ကျိုင်းကောင်ကပ်ဘေးကို လူတွေ သုတ်သင်နိုင်တယ် ဆိုမှတော့ ကျိုင်းကောင်တွေ အများကြီး မရှိလောက်ပါ။ တရားသူကြီးစုန့်က နာမည်ကောင်းလိုချင်လို့ ချဲ့ကားပြောနေတာပဲ ဖြစ်လိမ့်မည်။

သို့သော် သူ မနက်စာစားလို့တောင် မပြီးသေးခင်မှာပဲ တခြားခရိုင်တွေကကလည်း မနေ့ညတုန်းက ကျိုင်းကောင်ကပ်ဘေးကြီးကို ရင်ဆိုင်ခဲ့ရကြောင်း လူလွှတ်ပြီး သတင်းပို့လာလျှင် အုပ်ချုပ်ရေးမှူးလီ ငြိမ်မနေနိုင်တော့ပေ။

ထိုခရိုင်တွေက ပိုင်ချွမ်းခရိုင်နှင့်အတူ ကျိုင်းကောင်ကာကွယ်ရေးနှင့် နှိမ်နှင်းရေး လုပ်ငန်းစဉ်တွေကို ကြိုတင်ဆောင်ရွက်ထားတယ် ဆိုတာ သူ သိသည်။ ဒါပေမဲ့ ပြဿနာက တခြား ခရိုင်အများစုက ဘယ်လို ကြိုတင်ပြင်ဆင်မှုမျိုးကိုမှ လုပ်မထားတာပါပဲ။

ဒီခရိုင်တွေလည်း ကျိုင်းကောင်ကပ်ဘေးကို ရင်ဆိုင်ခဲ့ရတယ် ဆိုရင် အကျိုးဆက်က …

“ မြန်မြန်လုပ်။ ခရိုင်တွေအကုန်လုံးကို ကျိုင်းကောင်ကပ်ဘေးကို တစ်တပ်တစ်အား ကာကွယ်ကြဖို့ လူတွေလွှတ်ပြီး အမိန့်ပေးလိုက်။ ”

ဒါပေမဲ့ အခုအချိန်မှ ထုတ်ပြန်သော အမိန့်ဟာ အရမ်း နောက်ကျသွားခဲ့ပါပြီ။

All Chapters