← Chapters

ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းချိန်

Vol. 17 Ch. 183

ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းချိန်

Vol. 17 Ch. 183

အုပ်ချုပ်ရေးမှူး လွှတ်လိုက်တဲ့ လူတွေ လမ်းတစ်ဝက်ကိုတောင် မရောက်သေးခင်မှာပဲ ခရိုင်အသီးသီးက ကပ်ဘေးသတင်းတွေ ရောက်လာခဲ့သည်။ ကြိုတင်ကာကွယ်မှုတွေ တစ်ခုမှ ဆောင်ရွက်မထားတဲ့အတွက် ကောက်ပဲသီးနှံတွေရဲ့ ( ၉၀ ) ရာခိုင်နှုန်းကျော် ပျက်စီးသွားခဲ့သည်။

ကောက်ရိတ်သိမ်းချိန်က မကြာခင် ရောက်လာတော့မှာ ဖြစ်ကာ အဝါရောင်သမ်းစပြုနေတဲ့ လယ်ကွင်းထဲက စပါးပင်တွေအကုန်လုံး အလကားဖြစ်သွားခဲ့သည်။

အရာရာတိုင်းကို တွက်ချက်ကြည့်ပြီးတဲ့နောက် ယိကျိုးခရိုင် တစ်ဝှမ်းမှာ အနည်းဆုံး ဆန်စပါး ( ၃၀ ) ရာခိုင်နှုန်း ဆုံးရှုံးသွားပြီး လူဦးရေ သုံပုံတစ်ပုံသည် ဒီနှစ်မှာ အစာရေစာပြတ်လပ်မှုကို ရင်ဆိုင်ရလိမ့်မည်။

အုပ်ချုပ်ရေးမှူးလီသည် အတိုင်ပင်ခံဟွမ်းကို ပြင်းပြင်းထန်ထန် ရိုက်နှက်ကာ လမ်းဘေးက ရေဆိုးမြောင်းထဲသို့ ကန်ချရင်း သူ့နဖူးပေါ်မှာ သွေးကြောတွေ ထောင်ထလာတဲ့ထိ ဒေါသထွက်နေမိသည်။

ကံကောင်းစွာဖြင့် စီရင်စုအများစုက အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်ခဲ့တာမို့ ဆန်စပါး ( ၇၀ ) ရာခိုင်နှုန်းကို ထိန်းသိမ်းနိုင်ခဲ့သည်။ ဒါပေမဲ့ ထိုအောင်မြင်မှုက သူနှင့် မသက်ဆိုင်ဘဲ တရားသူကြီးစုန့် ၊ လီယောင် ၊ ကာကွယ်ရေးခေါင်းဆောင်ကျန်းနှင့် တခြားလူတွေရဲ့ ဆောင်ရွက်မှု ဖြစ်သည်။

သူ ဒီတစ်ခေါက် အမှားလုပ်မိပြီ ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိတဲ့ အုပ်ချုပ်ရေးမှူးလီက နေပြည်တော်ကို အသနားခံလွှာ အမြန် တင်ကာ သူ့အမှားကို ကြိုတင်ဖာထေးခဲ့သည်။ ပြီးတော့ သူ ပူပူနွေးနွေး ရရှိထားတဲ့ ရာထူးကို မြဲစေဖို့အတွက် သူ့မိသားစုကလည်း ဘက်ပေါင်းစုံကနေ အဆက်အသွယ်တွေနှင့် ကြိုးစားပေးခဲ့သည်။

…

ဟဲဝမ်ရွာတွင် ဖြစ်သည်။

ကျိုင်းကောင်ကပ်ဘေးကို အောင်မြင်စွာ အနိုင်ယူပြီးတဲ့နောက် ရွာသူ ၊ ရွာသားတွေဟာ အလုပ်တွေနှင့် ပြန်ပြီး လုံးလည်ချာလည်မလိုက်သေးခင် တစ်ရက်တာ အနားယူခဲ့ကြသည်။ သူတို့လို သာမန်လူတွေအတွက်တော့ ဒါက ဒုက္ခရောက်စေတဲ့ ကပ်ဘေးတစ်ခု ဆိုရင်တောင် ဒါကို ကျော်လွှားနိုင်သရွေ့ ဆက်လက် ရှင်သန်ရပ်တည်ရပါဦးမည်။

ကျောင်းမှာလည်း အတန်းတွေကို ပြန်လည်စတင်ခဲ့သလို အလုပ်တွေရုံကိုလည်း ပြန်လည်ဖွင့်လှစ်ပြီး လီယောင်ကတော့ သူမရဲ့ သက်သောင့်သက်သာရှိသော အငြိမ်းစားကာလကို ရှေ့ဆက်ခဲ့လေသည်။

တစ်နေ့တာက လျင်လျင်မြန်မြန်ပဲ ကုန်ဆုံးသွား၏။ လီယောင် ညစာအတွက် ဘယ်လို အသစ်အဆန်းတစ်ခုခု စားရင် ကောင်းမလဲလို့ တွေးနေတုန်းမှာပဲ တုရှောင်ဟွေ့က ခြံထဲကို ဝင်လာသည်။ “ အဒေါ်လီ … ကျွန်မ အဒေါ်နဲ့ တိုင်ပင်စရာလေး ရှိလို့ပါ။ ”

“ ဘာများလဲ။ ”

“ ကျွန်မ အလုပ်ရုံမှာ ဆက်မလုပ်တော့ဘူး။ အဲ့ဒါကြောင့် အဒေါ် ကျွန်မနေရာကို တာဝန်ယူပေးနိုင်မယ့် တစ်ယောက်ယောက်ကို ရှာထားသင့်ပြီ။ ”

လီယောင် အနည်းငယ် အံ့ဩသွားသည်။ တုရှောင်ဟွေ့က အခုဆို အလုပ်ရုံများစွာရဲ့ ငွေကိုင်ခေါင်းဆောင်မို့ ပိုက်ဆံတွေ အများကြီးကို စီမံခန့်ခွဲရသည်။ ဒါပေမဲ့ ထိုအလုပ်က မပင်ပန်းသလို လစာလည်း မနည်းပါ။ ဘာလို့ ဒီကောင်မလေး ဆက်မလုပ်ချင်ရတာပါလိမ့် … ။

“ ပြဿနာတစ်ခုခု ရှိလို့လား။ ”

“ ဟင့်အင်း ၊ မရှိပါဘူး အဒေါ်လီ။ ကျွန်မ ဒီအလုပ်ကို လုပ်ရင်း လုပ်ရင်းနဲ့ ကျွန်မမှာ ရှိတဲ့ အသိပညာ ဗဟုသုတတွေက အရမ်းကို နည်းပါးလွန်းတယ် ဆိုတာ သိလာလို့ပါ။ အဲ့ဒါကြောင့် ကျွန်မ ကျောင်းတက်ပြီး ပညာရပ်အသစ်တွေကို လေ့လာချင်တယ်။ ”

သူမရဲ့ ပကတိ ရိုးဖြောင့်သော အမူအရာကို ကြည့်ကာ လီယောင် ဒီလုံမပျိုလေးကို အမှန်တကယ်ပင် သဘောကျသွားမိသည်။

သူမ မှတ်မိသလောက်ဆို မနှစ်တုန်းက တုရှောင်ဟွေ့ စရောက်လာခါစက သူမဟာ ဟင်းသီးဟင်းရွက်ရိုင်းတွေကို ဘယ်လို တူးရမလဲ ၊ ဝက်စာမြက်တွေကို ဘယ်လို ဖြတ်ရမလဲ ၊ ဝမ်အာ့ကို ပေးဖို့ တောင်ပေါ်က သစ်သီးရိုင်းတွေကို ဘယ်လို ခူးလာရမလဲ ဆိုတာပဲ သိတဲ့ ကျေးတောသူမလေးတစ်ယောက်သာ ဖြစ်ခဲ့၏။

ဒါပေမဲ့ တစ်နှစ်အတွင်းမှာပဲ သူမဟာ ပညာရဲ့ အရေးပါမှုနှင့် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဖို့ လိုအပ်ကြောင်းကို နားလည်လာခဲ့သည်။

“ နင် ဒီလို တွေးတာ ကောင်းတယ်။ ငါ ခွင့်မပြုစရာအကြောင်း မရှိပါဘူး။ ”

“ ကျေးဇူးတင်ပါတယ် အဒေါ်လီ။ ”

“ ဒါပေမဲ့ ပညာသင်တာက ပညာသင်တာပဲ။ နင် အလုပ်ရုံကိစ္စတွေကိုလည်း ဆက်ပြီး စီမံခန့်ခွဲရမယ်။ ” ဟု လီယောင်က ဆက်ပြောလိုက်သည်။ “ တကယ်တော့ အလုပ်ရုံမှာ တစ်နေ့တစ်နေ့ လုပ်စရာက သိပ်ရှိတာမှ မဟုတ်တာ။ နင် အဲ့ဒီကို စာအုပ်တွေ ယူသွားပြီးတော့တောင် စာဖတ်လို့ ရတယ်။ ”

“ ဒါပေမဲ့ … ဒါပေမဲ့ အဲ့လို လုပ်ရင် ကျွန်မ ပညာသင်တာ အရမ်း နှောင့်နှေးမှာစိုးတယ်။ ”

“ နင်က ငယ်ငယ်လေးပဲ ရှိသေးတာ။ နင့်မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ဘာလို့ မြန်မြန်ဆန်ဆန် ပညာသင်ချင်နေတာလဲ။ ”

“ ကျွန်မ … ”

တုရှောင်ဟွေ့က ရုတ်တရက် ရှက်ရွံ့စွာ ခေါင်းငုံ့သွားပြီး အချိန်အတော်ကြာသည်ထိ ဗလုံးဗထွေးပြောနေခဲ့သည်။ ဒါ တော်တော်လေး ထူးဆန်းပါသည်။ သူမကို အရင်တုန်းက လီယောင် ဒီလို ပုံစံမျိုးနှင့် တစ်ခါမှ မမြင်ဖူးပေ။

“ နင် ပြောချင်တဲ့ စကားကိုသာ ပြောစမ်းပါ။ ငါ့ရှေ့မှာ ရှက်နေစရာ မလိုဘူး။ ”

“ ဟို … သခင်လေး တိုင်းပြည်အဆင့်စာမေးပွဲကို အောင်ပြီး ပညာရှိကျောင်းသား ဖြစ်သွားရင် ကျွန်မ … ကျွန်မ သူနဲ့ ကိုက်ညီမှုမရှိမှာကို စိုးရိမ်လို့ပါ။ ”

လီယောင် : … လတ်စသတ်တော့ ဒါတွေအကုန်လုံးက အချစ်ကြောင့်တဲ့လား။ ဒီကလေးမ ဒီလောက် အလောတကြီးဖြစ်နေတာ အံ့ဩစရာမရှိပါ။ ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းချိန် ပြီးသွားရင် ဝမ်အာက စီရင်စုအဆင့်စာမေးပွဲ ဝင်ဖြေလိမ့်မည်။ ကျောင်းမှာတုန်းက နေပြည်တော်က ကျောင်းသားတွေ ပြောသွားသလိုပဲ စာမေးပွဲဖြေဆိုသူ ကျောင်းသား ( ၁၀ ) ယောက်ထဲက ( ၇ ) ယောက် ၊ ( ၈ ) ယောက်လောက်က စာမေးပွဲအောင်နိုင်သည်။

စီရင်စုအဆင့် စာမေးပွဲကို အောင်မြင်သွားတဲ့ ကျောင်းသားတစ်ယောက်ဟာ နောက်ထပ်အဆင့် စာမေးပွဲတွေကို ဆက်လက်ဖြေဆိုလို့ ရသလို အစိုးရရုံးမှာ အလုပ်ဝင်လို့လည်း ရသည်။ အဲ့ဒါက ဧကရာဇ်နန်းတော်ထဲကို ခြေတစ်လှမ်းချနိုင်တာနှင့် အတူတူပဲ ဖြစ်ပြီး အရာရှိဖြစ်ဖို့ တစ်ဝက် သေချာနေပြီလို့တောင် ပြောလို့ ရသည်။

အခြားတစ်ဖက်မှာ တုရှောင်ဟွေ့ကတော့ သာမန်ကျေးတောသူမလေးတစ်ယောက်ပဲမို့ ဝမ်အာ အောင်မြင်ကျော်ကြားသွားရင် သူတို့ကြားမှာ အရမ်း ကွာဟသွားမှာကို စိုးရိမ်နေပုံရသည်။

လီယောင်က လူငယ်တွေရဲ့ အချစ်ရေးရာကိစ္စတွေကို အလွန်အကြူး စွက်ဖက်ခြင်းအား အမြဲ ရှောင်ရှားခဲ့သော်လည်း ဝမ်အာနှင့် ကိုက်ညီဖို့အတွက် သူ့ကိုယ်သူ သက်သေပြဖို့ အစွမ်းကုန် ကြိုးစားနေသော တုရှောင်ဟွေ့ကို ကြည့်ကာ နည်းလမ်းတချို့ ချပေးလိုက်တော့သည်။

“ ဝမ်အာက စိတ်အပြောင်းအလဲလွယ်တဲ့ လူမျိုး မဟုတ်ဘူးလို့ ငါတော့ ယုံတယ်။ ”

“ အဲ့ဒါကို ကျွန်မလည်း သိပါတယ်။ ဒါပေမဲ့ သူ့ကို ကျွန်မအတွက်နဲ့ သိက္ခာမကျစေချင်ဘူး။ ” ဟု တုရှောင်ဟွေ့က မျက်နှာရဲရဲလေးဖြင့် ပြန်ပြောသည်။ “ အနည်းဆုံးတော့ ကျွန်မ တရားသူကြီးစုန့်ရဲ့ ဇနီးလိုမျိုး ပညာတတ်ပြီး ဗဟုသုတနှံ့စပ်ချင်တယ်။ ”

“ နင် ဘယ်လောက်ပဲ စာလေ့လာပါစေ ၊ သူ့လို ဖြစ်မှာတော့ မဟုတ်ဘူး။ ”

တရားသူကြီးစုန့်ရဲ့ ဇနီးကလည်း ပညာတတ်မိသားစုက ဆင်းသက်လာတာ ဖြစ်ပြီး ဉာဏ်ရည်ဉာဏ်သွေးကို မွေးကင်းစအရွယ်ကတည်းက ပျိုးထောင်ပေးခဲ့တာပင်။ အချိန်တိုအတွင်း အလွယ်တကူ လုပ်ယူလို့ ရတဲ့ အရာမျိုး မဟုတ်။

“ ဒါဆို ကျွန်မ ဘာလုပ်ရမလဲဟင်။ ”

“ ငါ နင့်ကို နည်းလမ်းတစ်ခု ပေးမယ်။ အဲ့နည်းလမ်းကို နင် လုပ်မှာလား ၊ မလုပ်ဘူး ဆိုတာကတော့ နင့်အပေါ်ပဲ မူတည်တယ်။ ”

“ ကျေးဇူးပြုပြီး ပြောပြပေးပါ အဒေါ်လီ။ ”

“ ကျောင်းကို သွားပြီး စီမံခန့်ခွဲလိုက်။ ငါတို့ရွာကျောင်းကို လောလောဆယ် ရွာလူကြီးက ဦးစီးနေတာ ဆိုပေမဲ့ သူက သိပ်ပြီး စာပေလေ့လာမှု မရှိဘူး ၊ အလုပ်လည်း အရမ်း များတယ်။ နင် ကျောင်းကို စီမံခန့်ခွဲရင်းနဲ့ နေ့တိုင်း နီးနီးကပ်ကပ် စာလေ့လာလို့ ရတယ်။ ”

“ ကျောင်းကို စီမံခန့်ခွဲရမယ် …… ။ လုပ်မယ် လုပ်မယ် ၊ ကျွန်မ လုပ်ပါ့မယ်။ ”

တုရှောင်ဟွေ့သည် သူမ ဝမ်အာ့ကို ကူညီနိုင်တော့မည် ဖြစ်ကြောင်း သိသွားသည်နှင့် မျက်လုံးလေးတွေ အရောင်တောက်လာခဲ့သည်။

“ အရမ်း မလောပါနဲ့။ ငါ ပြောတာ အရင် နားထောင်ဦး။ ” ဟု လီယောင်က ဆက်ပြောလိုက်သည်။ “ ဒီအလုပ်က အပေါ်ယံ ကြည့်တော့သာ ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျ တော်တော်လေး ရှုပ်ထွေးတယ်။ နင် ကျောင်းသားမျိုးစုံ ၊ ဆရာမျိုးစုံ ၊ မိဘမျိုးစုံနဲ့ ဆက်ဆံရမှာ။ ပြီးတော့ ငါ နင့်အတွက် ချမှတ်ပေးထားတဲ့ ပန်းတိုင်က ငါတို့ရွာကျောင်းအတွက်ပဲ ဆိုတာထက် အများကြီး ပိုတယ်။ ”

“ အနာဂတ်မှာ ဝမ်အာက တစ်နေရာရာမှာ အရာရှိတစ်ယောက် ဖြစ်သွားရင် နင် သူ့ရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ ကျောင်းတွေ အများကြီး တည်ထောင်ပေးရမယ် ၊ လူတွေ ပညာသင်ဖို့ အခွင့်အရေးရအောင် အပြင်းအထန် ကြိုးစားရမယ်။ ”

“ နင် ကောင်းကောင်း လုပ်နိုင်ရင် နင့်ရဲ့ အောင်မြင်မှုတွေနဲ့ ဂုဏ်သတင်းက ဒေသတွင်းမှာ အရေးပါတဲ့ လူတစ်ယောက်အနေနဲ့ ကျော်ကြားလာလိမ့်မယ်။ အဲ့အချိန်ကျရင် နင် ဝမ်အာ့ကို သိက္ခာကျအောင် လုပ်မိမှာ စိုးရိမ်စရာမလိုတော့ဘူး။ အဲ့အစား ဝမ်အာကပဲ နင့်ကြောင့် အကျိုးအမြတ်တွေ ရလိမ့်မယ်။ ”

သူမ ဝမ်အာ့ကို ကူညီနိုင်မယ်တဲ့လား … ။

ထိုစကားကို ကြားချိန်မှာ တုရှောင်ဟွေ့ရဲ့ မျက်လုံးတွေက ပိုလို့တောင် တောက်ပသွားပြီး “ ကျွန်မ လုပ်ချင်တယ်။ ” ဟု အမြန် ပြောလိုက်သည်။

“ အရမ်းကို ပင်ပန်းခက်ခဲရလိမ့်မယ် ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေလည်း အများကြီး ရှိလိမ့်မယ်။ လူချမ်းသာတွေနဲ့ အရာရှိတွေက နင့်ကို မနာလိုဖြစ်ပြီး နှောင့်ယှက်တာတွေတောင် ရှိရင် ရှိနိုင်တယ်။ အဲ့လို ဆိုရင်တောင် နင် လုပ်ချင်တုန်းပဲလား။ ”

တုရှောင်ဟွေ့က “ ကျွန်မ လုပ်ချင်ပါတယ်။ ” ဟု မယိမ်းမယိုင် ပြောလိုက်သည်။ “ ကျွန်မ ဝမ်အာကို ကူညီနိုင်ဖို့ ဆိုရင် ဘာမဆို လုပ်ချင်တယ်။ ”

“ ကောင်းတယ် ၊ ဒါဆို ငါ နင့်နေရာမှာ အစားထိုးလို့ ရမယ့် လူသစ်ကိူ ရှာတွေ့တာနဲ့ နင် အလုပ်ရုံကိစ္စတွေကို သူနဲ့ လွှဲခဲ့လိုက်တော့။ ပြီးရင်တော့ ငါတို့ရွာကျောင်းရဲ့ အရေးကိစ္စတွေအကုန်လုံးက နင့်တာဝန်ဖြစ်သွားပြီ။ ” ဟု လီယောင်က ပြောလိုက်သည်။ “ စိတ်မပူနဲ့။ နင် ကြိုးကြိုးစားစားနဲ့ ကောင်းကောင်း လုပ်မယ်လို့ ငါ ယုံတယ်။ ”

“ ဆုံးဖြတ်ချက်ကို အမြန် မချနဲ့။ အိမ်ပြန်ပြီး နှစ်ရက် ၊ သုံးရက်လောက် စဉ်းစားလိုက်ဦး။ နင် အဲ့ဒါကို မလုပ်ချင်ဘူး ဆိုလည်း ကိစ္စမရှိဘူး။ အလုပ်ရုံမှာပဲ ငါတို့မိသားစုရဲ့ ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်းကို ဆက်ပြီး စီမံခန့်ခွဲပေးလို့ ရတယ်။ ”

တုရှောင်ဟွေ့ရဲ့ မျက်နှာက ပိုလို့တောင် နီရဲသွားသည်။ အဒေါ်လီက သူမအား ဝမ်အာနှင့် သဘောတူတယ်လို့ ပညာသားပါပါ ပြောလိုက်တာကို သူမ သိသည်။

တိတိကျကျ ပြောရလျှင် ဒီကိစ္စကြောင့်ပဲ တုရှောင်ဟွေ့ကလည်း ကျောင်းကို ကြိုးကြိုးစားစားနှင့် စနစ်တကျ စီမံခန့်ခွဲဖို့ ဆုံးဖြတ်ချက်ချလိုက်လေသည်။

ဆယ်ရက်အကြာမှာတော့ တုရှောင်ဟွေ့သည် အရေးကြီးတဲ့ စာရင်းအင်းကိစ္စတွေကို ဝမ်စန်းရဲ့ ချွေးမရှန်းရှစ်ထံသို့ တရားဝင် လွှဲပြောင်းပေးပြီး သူမကတော့ ရွာကျောင်းရဲ့ အရေးကိစ္စတွေကို တာဝန်ယူကာ ကျောင်းအုပ် ဖြစ်လာခဲ့သည်။

နေပြည်တော်က လာတဲ့ ကျောင်းသားတွေက ပညာမတတ်တဲ့ မိန်းကလေးတစ်ယောက်က ကျောင်းအုပ်လုပ်တာ မသင့်လျော်ဘူးလို့ ထင်ပေမဲ့ လီယောင်ကတော့ တုရှောင်ဟွေ့တစ်ယောက်တည်းကပဲ စာရင်းအင်းကိစ္စတွေ ၊ နေ့စဉ် အသေးအဖွဲ ပြဿနာလေးတွေကို စီမံခန့်ခွဲပေးနိုင်တယ် ဆိုတာကို သိသည်။ တကယ့် သင်ကြားရေးနှင့် သင်ယူမှုအပိုင်းက ကျောင်းသားတွေအပေါ်မှာပဲ မူတည်နေပါသေးသည်။

ကျောင်းသားတွေကလည်း ထိုစကားကို ကြားတော့မှ ကန့်ကွက်သံတွေ ရပ်သွားကြသည်။

ဆယ်ရက် ဆိုတဲ့ အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားကာ လယ်ကွင်းထဲက စပါးပင်တွေဟာ လေးလံဖောင်းအိလာလျက် လယ်ကွင်းတွေ အကုန်လုံးကို ရွှေရောင်လွှမ်းထားခဲ့သည်။ နောက်ဆုံးတော့ ဟဲဝမ်ရွာအတွက် ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းချိန် ရောက်ရှိလာပါတော့မည်။

လီယောင်က နေမထွက်ခင် မနက်စောစောကတည်းက ပန်းပဲအလုပ်ရုံကို သွားခဲ့သည်။ လတ်တလော တီထွင်စမ်းသပ်နေတဲ့ ပစ္စည်းအသစ်တွေ မရှိသော်လည်း လီယောင် အရင်တုန်းက ပေးအပ်ထားတဲ့ အလုပ်တွေက မပြီးသေးတာကြောင့် ပန်းပဲဆရာရှားရှန့်တစ်ယောက် နေ့တိုင်း အလုပ်ရှုပ်နေတုန်းပင်။

ဘာတိုးတက်မှုမှ မရှိတာတော့ မဟုတ်ဘဲ လီယောင်ရဲ့ စံချိန်စံနှုန်းတွေနှင့် ယှဉ်လျှင် လိုအပ်ချက်နည်းနည်းပါးပါး ရှိနေသေးတာပါ။

All Chapters