အပြင်မထွက်ရအမိန့်
Vol. 17 Ch. 190
ဝမ်အာနှင့် ရှုရှစ်ယို့သည် တစ်ကြိမ်သာ ထိပ်တိုက်ရင်ဆိုင်ဖူးသော်လည်း တစ်ယောက်ကို တစ်ယောက် မဟာရန်သူတော်ကြီးတွေအဖြစ် မြင်နေကြပြီ ဖြစ်သည်။
ရှုရှစ်ယို့က ယိကျိုးစီရင်စုရဲ့ အတော်ဆုံးကျောင်းသား ဖြစ်သော်လည်း ကဗျာစပ်ပြိုင်ပွဲတွင် ဝမ်အာ့ဆီမှ ရှုံးနိမ့်သွားပြီးနောက် ပြန်ဆုံတွေ့ချိန်မှာ သူ့အပြုံးတွေက ရန်စချင်တဲ့ အရိပ်အယောင်တွေ ထွက်ပေါ်နေသည်။
“ ညီလေးဝမ်ကို ဒီရက်ထဲ မရောက်လောက်သေးဘူးလို့ ထင်ထားတာ။ ”
“ အိမ်မှာ လုပ်စရာ ထွေထွေထူးထူးလည်း မရှိတာနဲ့ စောစော လာခဲ့လိုက်တာပါ။ ”
“ မင်း ထောက်ခံချက်လက်မှတ်ရော ရပြီးပြီလား။ ”
“ ဘာထောက်ခံချက်လက်မှတ်လဲ။ ”
“ ညီလေးဝမ်က မသိဘူး ထင်တယ်။ ဒီနှစ် ယိကျိုးမင်းသားက စီရင်စုစာမေးပွဲအတွက် စည်းမျဉ်းအသစ်တွေ ထုတ်ပြန်ထားတယ်။ စာဖြေသူတွေအကုန်လုံးမှာ ယိကျိုးတက္ကသိုလ်က ထောက်ခံချက်လက်မှတ်တွေ ရှိနေရမယ်။ စာမေးပွဲပုံစံလည်း ပြောင်းလဲသွားတယ်လို့ ငါ ကြားတယ်။ ဪ … ဟုတ်သားပဲ ၊ ညီလေးဝမ်နဲ့ ယိကျိုးမင်းသားနဲ့ သိတယ် မဟုတ်လား။ ”
ဝမ်အာက ‘ ငါ အဲ့ဒီယိကျိုးမင်းသားကို လွန်ခဲ့တဲ့ နှစ်ရက်တုန်းကမှ အစ်ကိုလို့ ခေါ်ထားတာ ’ လို့ စိတ်ထဲကပဲ ပြန်ပြောလိုက်သည်။
“ သိပါတယ်။ ”
“ ဟားဟား ၊ ပိုင်ချွမ်းခရိုင်က အရမ်း ချောင်ကျတော့ အစ်ကိုဝမ် မသိလောက်သေးဘူးလို့ ထင်နေတာ။ ” ဟု ရှုရှစ်ယို့က ပြောလိုက်သည်။ “ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ၊ ဘာတွေပဲ ပြောင်းလဲသွား ပြောင်းလဲသွား ၊ ညီလေးဝမ်အာနဲ့ ငါနဲ့ ဒီနှစ် စာမေးပွဲမှာ အမှတ်ကောင်းကောင်း ရလိမ့်မယ်လို့ ယုံပါတယ်။ ”
“ အစ်ကို့ရဲ့ ဆုမွန်ကောင်းအတွက် ကျေးဇူးတင်ပါတယ်။ ”
ထိုအချိန်မှာပဲ ဆိုင်ရှင်က ကျသင့်ငွေကို တွက်ချက်လို့ ပြီးသွားကာ ဝမ်းသာအားရ ပြောလိုက်သည်။ “ စုစုပေါင်း ကျသင့်ငွေက ငွေချောင်း ( ၄၂၅ ) ချောင်းပါ။ သခင်လေးက ဘယ်အိမ်တော်ကလဲ ဆိုတာ ကျုပ် မေးလို့ ရမလား။ အဲ့ဒါမှ တစ်ယောက်ယောက်ကို စာအုပ်တွေ ပို့ပေးခိုင်းလို့ ရအောင်လို့ပါ။ ”
“ ဟားဟား ၊ ဒါက ပိုင်ချွမ်းခရိုင်က လာတဲ့ ညီလေးဝမ်အာလေ ဆိုင်ရှင်ဟုန့်ရဲ့။ ”
“ အာ … ”
ဆိုင်ရှင်က ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ငွေချောင်း ( ၄၀၀ ) ကျော်ကို တွန့်ဆုတ်နှောင့်နှေးမှုမရှိ လွတ်လွတ်လပ်လပ် သုံးပစ်လိုက်တဲ့ ဝမ်အာ့ကို ကြည့်ပြီး ယိကျိုးစီရင်စုရဲ့ လူချမ်းသာမိသားစုထဲက သခင်လေးတစ်ယောက်ယောက် ဖြစ်လိမ့်မည်ဟု ထင်ထားတာပါ။ လတ်စသတ်တော့ ကျေးတောသားတစ်ယောက် ဖြစ်နေတာလား … ။
“ ဒါဆို ကျုပ် ဒီစာအုပ်တွေကို သခင်လေးရဲ့ တည်းခိုခန်းကို ပို့ခိုင်းလိုက်ရမလား။ ”
ဝမ်အာက “ ရတယ်။ ဒီနေ့တော့ စာအုပ်တွေကို ဒီမှာပဲ ထားခဲ့လိုက်မယ်။ ကျွန်တော်တို့ မနက်ဖြန် အိမ်ဝယ်မှာ ဆိုတော့ အဲ့ကျမှ လာယူတော့မယ်။ ” ဟု ပြောလိုက်သည်။
“ အိုး ၊ သိပ်ကို ကောင်းပါပေတယ်။ ”
“ ကျွန်မ အခုတစ်ခါတည်း ပိုက်ဆံရှင်းလိုက်မယ်နော်။ ”
တုရှောင်ဟွေ့က ပြောရင်း ငွေစက္ကူတချို့ကို သူမရဲ့ ပိုက်ဆံအိတ်ထဲက ထုတ်ပေးလိုက်၏။
ဆိုင်ရှင်ဟုန်က ထိုငွေစက္ကူတွေကို စစ်ဆေးကြည့်လိုက်သည်။ တကယ့် ပိုက်ဆံအစစ်တွေဟ … ။ သူ ပိုလို့တောင် မျက်လုံးပြူးသွားရပါသည်။ ဒီလုံမပျိုလေးက ဆွေကြီးမျိုးကြီးက သခင်မလေးတစ်ယောက်နှင့် မတူတာတောင် ပိုက်ဆံတွေ အများကြီး ရှိနေတယ်တဲ့လား … ။ သူမက ပိုင်ချွမ်းခရိုင်က လီမိသားစုကလား … ။
“ တဆိတ်လောက်ပါ။ မောင်ရင်က သခင်မလီရဲ့ ဒုတိယသားတော့ မဟုတ်လောက်ပါဘူးနော်။ ”
“ ဟုတ်ပါတယ်။ ကျွန်တော်ပါ။ ”
“ အိုး … ဘုရားရေ ၊ မောင်ရင့်ကိုတောင် မမှတ်မိနိုင်လောက်အောင် အမြင်ကန်းနေတဲ့ ဒီမျက်လုံးတွေကို ခွင့်လွှတ်ပေးပါ။ ” ဆိုင်ရှင်ဟုန်ရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ တောက်ပသွားပြီး ကျယ်လောင်စွာ ချီးကျူးလိုက်သည်။ “ သခင်လေးဝမ်အာ … မောင်ရင်က ဒီယိကျိုးစီရင်စုမှာ သိပ်ကို နာမည်ကြီးတာနော်။ ”
ဝမ်အာ အံ့အားသင့်သွား၏။ သူ ယိကျိုးစီရင်စုကိုတောင် တစ်ခါမှ မရောက်ဖူးဘဲနဲ့ ဘယ်လိုလုပ် နာမည်ကြီးနေရတာလဲ … ။
“ ဆိုင်ရှင်က ကျွန်တော့်ကို မြှောက်နေပါပြီ။ ”
“ ဘယ်ကသာ။ ဒါက အမှန်တရားပါ။ ယိကျိုးစီရင်စုမှာ ရှိတဲ့ ကျောင်းသားတိုင်း ငါတို့စီရင်စုရဲ့ ထိပ်တန်းကျောင်းသားကို ပိုင်ချွမ်းခရိုင်ရဲ့ ချီရှီပွဲတော် ကဗျာစပ်ပြိုင်ပွဲမှာ မောင်ရင် အနိုင်ယူခဲ့တယ် ဆိုတာ သိတယ်။ ”
ထိုဖြစ်ရပ်ရဲ့ နစ်နာသူဖြစ်တဲ့ ရှုရှစ်ယို့သည် ရှက်ရွံ့မှုကြောင့် မခံမရပ်နိုင်အောင် ဒေါသထွက်သွားကာ ပါးစပ်စည်းကမ်းမရှိတဲ့ ဆိုင်ရှင်ရဲ့ လည်မျိုထဲကို နံစော်နေတဲ့ ခြေအိတ်တွေ အများကြီး ထိုးထည့်ချင်သွားသည်။
သို့သော်လည်း ဆိုင်ရှင်ဟုန်က ဝမ်အာ့ကို နာမည်ဂုဏ်သတင်းအရသာ သိပြီး ရှုရှစ်ယို့ကိုတော့ လူကိုယ်တိုင် မမှတ်မိပေ။ ထို့ကြောင့် သူက ရှုရှစ်ယို့ရဲ့ အမူအရာပြောင်းလဲသွားတာကို သတိမပြုမိဘဲ ကျယ်လောင်စွာ ဆက်လက်ကြွားဝါနေခဲ့သည်။ “ အဲ့ကဗျာက အရမ်း ကောင်းတယ်။ တစ်ရက်တည်းမှာတင် ဂဠုန်မင်းလို လေထဲမှာ ( ၁၀၀၀ ) လီလောက် မြင့်မားနေတာ။ ပထမဆုံး ကဗျာစာသားနဲ့တင် သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်းတယ်။ ”
တစ်စုံတစ်ယောက်က သူ့မျက်နှာကို စိုက်ကြည့်ပြီး ချီးကျူးတာခံရခြင်းက ဝမ်အာ့ကို အတော်လေး ရှက်ရွံ့သွားစေခဲ့သည်။ အထူးသဖြင့် တကယ်တမ်းမှာ ထိုကဗျာက သူ့အမေ ရေးထားတာ ဖြစ်နေလို့ပါပဲ။ ဒါ့ကြောင့် ပိုလို့တောင် အနေရခက်မိသည်။
သူ အနေရခက်သော အပြုံးတုတစ်ခုကို အားယူပြုံးကာ ဟဲရှစ်ယို့ဘက်ကို လှည့်ပြောဖို့ပဲ တတ်နိုင်သည်။ “ ကျွန်တော်တို့ နောက်ရက်ပိုင်းလောက် နေရင် စီရင်စုစာမေးပွဲမှာ ထပ်တွေ့ကြမယ်နော် အစ်ကိုရှု။ ”
“ အေး အေး။ မင်းရဲ့ ထောက်ခံချက်လက်မှတ်ကို ယူဖို့လည်း မမေ့နဲ့ ညီလေးဝမ်အာ။ ”
ဝမ်အာတို့လူစု ထွက်သွားတော့မှ ရှုရှစ်ယို့ရဲ့ အပြုံးမျက်နှာက ရုပ်ပျက်ဆင်းပျက် မည်းမှောင်ကျသွားလေသည်။ ဆိုင်ရှင်က သူ့ကို အခုမှ “ လျစ်လျူရှုထားမိလို့ တောင်းပန်ပါတယ် သခင်လေး။ သခင်လေးကို ကျုပ် ဘာယူပေးရမလဲ။ ” ဟု လာမေးသည်။
“ ဘာမှ ယူမပေးနဲ့။ မယူဘူး။ ”
ရှုရှစ်ယို့က အင်္ကျီလက်ကို ဝှေ့ယမ်းပြီး ဆိုင်တံခါးကို ဝုန်းခနဲ တွန်းထွက်သွားလျှင် ဆိုင်ရှင်တစ်ယောက်တည်း အူကြောင်ကြောင် ကျန်ရစ်ခဲ့သည်။ “ သူ ဘာလို့ ရုတ်တရက်ကြီး ဒေါသထွက်သွားတာလဲ။ ငါ သူ့ကို သိပ်မချီးကျူးလို့ ဒေါသထွက်သွားတာလား။ ”
…
အပြန်လမ်းမှာ တုရှောင်ဟွေ့က “ အဲ့လူက အစ်ကို့ကို သဘောမကျဘူးလို့ ခံစားရတယ် အစ်ကိုဝမ်အာ။ ” ဟု တီးတိုး ပြောသည်။ ဝမ်အာကတော့ ထိုစကားကို အိုးတိုးအမ်းတမ်းသာ ပြုံးပြလိုက်ပါသည်။ အရင်တုန်းကလို ကိစ္စ ပြီးတဲ့နောက် အများစုက သူ့ကို သဘောမကျလောက်တော့ပါ။
အနည်းဆုံးတော့ ဒီအစ်ကိုရှုက အပေါ်ယံမှာ ဟန်လုပ်ပြီး ယဉ်ကျေးပြနေတာမို့ သိပ်မဆိုးသေး။ ပိုဆိုးတဲ့ လူတစ်ယောက်သာ ဆိုပါက အခြေအနေတွေကို အခက်တွေ့အောင် ပြောင်ပြောင်တင်းတင်း လုပ်ပြီးနေပြီပင်။
“ သူ အစ်ကို့ကို လျို့ဝှက်ပြီး ဒုက္ခပေးဖို့ ကြိုးစားလိမ့်မယ်လို့ ထင်လား အစ်ကိုဝမ်အာ။ ” ဟု တုရှောင်ဟွေ့က တိုးတိုးလေး မေးလိုက်သည်။
“ မဖြစ်နိုင်လောက်ဘူး။ ကျောင်းသားတွေ စကားများတာ ၊ ကျယ်ကျယ်လောင်လောင် ရန်ဖြစ်တာတွေက ပုံမှန် ဆိုပေမဲ့ ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းတွေကိုတော့ ဘယ်တော့မှ သုံးမှာ မဟုတ်ဘူး။ ”
“ ညီမလည်း အဲ့လိုပဲ ဖြစ်ဖို့ မျှော်လင့်ပါတယ် … ”
သူတို့ လူတွေ ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေသော လမ်းတွေအတိုင်း လျှောက်လာရင်း တုရှောင်ဟွေ့က “ ကဲပါ ၊ ဒီအကြောင်း ဆက်မပြောကြရအောင်။ အစ်ကို အားလပ်နေတုန်း ဟိုနားဒီနား လျှောက်ပတ်ကြည့်ကြတာပေါ့။ ”
“ အင်း။ ”
…
လီယောင်နှင့် တရားသူကြီးကတော်သည် ယိကျိုးစီရင်စုရဲ့ ဒေသထွက် အစားအသောက်တွေသာမက နေပြည်တော်နှင့် ကျင်းနန်ဒေသရဲ့ အထူးထုတ်ကုန်တွေပါ ရှိနေသည့် သက်ဝင်လှုပ်ရှားနေသော လမ်းသွယ်လေးကို ကြည့်ကာ အံ့ဩနေမိသည်။
လမ်းတစ်လျှောက်မှာ လှည်းတွေ ၊ သုံးဘီးစက်ဘီးတွေနှင့် ဈေးသည်တွေက ကုန်ပစ္စည်းမျိုးစုံကို ရောင်းချနေကြသည်။
ထိုမြင်ကွင်းက လီယောင့်အား ညဈေးမြင်ကွင်းကို ပြန်သတိရသွားစေ၏။ ဒီကမ္ဘာလည်း အဲ့ဒီလို အရာမျိုးကို မြင်ရလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
“ ယိကျိုးနဲ့ ကျင်းနန်မှာပဲ ဒီလို နေရာမျိုးတွေ ရှိတာ။ ” ဟု တရားသူကြီးကတော်က ပြောသည်။ “ အရမ်းကို အေးချမ်းပြီး ချမ်းသာကြွယ်ဝတော့ ဒီက လူတွေကလည်း အရောင်အသွေးစုံလင်ကြတယ်။ ”
“ နေပြည်တော်မှာ ညဈေး မရှိဘူးလား။ ”
“ ပုံစံတကျ ရှိနေရမယ့် အရေးကြီးတဲ့ နေရာ ဆိုတော့ နေပြည်တော်တစ်ခုလုံးမှာ ည ( ၈ ) နာရီနောက်ပိုင်း အပြင်မထွက်ရအမိန့် ထုတ်ထားတယ်။ ပြည်သူတွေက အကြောင်းပြချက်မရှိဘဲ အပြင်သွားလို့ မရဘူး။ ”
အဲ့တော့ လူတွေက ည ( ၈ ) နာရီထိုးတာနဲ့ အိမ်ပြန်ပြီး အိပ်ရမှာလား … ။ ဧကရာဇ်က ဘာကို ဒီလောက် ကြောက်နေတာလဲ။ တစ်နေ့လုံး အလုပ်ရှုပ်နေခဲ့ရတဲ့ ပြည်သူတွေက ညဘက်မှာတော့ နည်းနည်းပါးပါး အပန်းဖြေချင်ကြသည်လေ။ အဲ့ဒါက စီးပွားရေးကိုလည်း တိုးတက်စေသည်။ ည ( ၈ ) နာရီနောက်ပိုင်း အပြင်မထွက်ရအမိန့်ထုတ်ထားတော့ ပြည်သူတွေရဲ့ ဘဝက ဘယ်လိုလုပ် ပျော်စရာကောင်းတော့မှာလဲ။
လီယောင်က ညဈေးထဲမှာ လှည့်ပတ်လျှောက်ကြည့်နေရင်း နောက်ဆုံးတော့ ပန်းမွှေးကောက်ညှင်းလုံးနှင့် တံတိုင်းမွှေးကိတ်မုန့်တွေကို ရှာတွေ့သွားကာ ဝယ်လိုက်ပြီး လောလောဆယ် ဗိုက်တင်းနေတာမို့ သက်သက် ဖယ်ထားလိုက်သည်။ အချဉ်ဖောက်ထားတဲ့ တိုဟူးတစ်ပွဲကိုတော့ ချက်ချင်း စားဖို့ ဝယ်ယူလိုက်၏။
တရားသူကြီးကတော်က ဒီလို မနှစ်မြို့စရာအနံ့ရှိတဲ့ အစားအသောက်ကို မစားချင်သော်လည်း အသားထက်ပင် မြိန်ယှက်စွာ စားနေတဲ့ လီယောင့်ကို ကြည့်ပြီး နောက်ဆုံးတော့ သတ္တိတချို့ စုစည်း၍ တစ်ကိုက် ကိုက်ကြည့်လိုက်သည်။
တော်တော်လေး အနံ့မကောင်းပေမဲ့ အမှန်တကယ်ပင် အရသာရှိသည်။ ပါးစပ်ထဲမှာ ဝါးရင်း ဝါးရင်း အရသာပိုထွက်လာခြင်းကြောင့် ဒီဟင်းလျာကို ဒီလို အရသာရှိအောင် ဘယ်လို လုပ်ထားဟု အံ့ဩမိသည်။
သူတို့နှစ်ယောက် ပျော်ရွှင်စွာ စားသောက်နေတုန်းမှာပဲ တာ့ကျွမ်းတို့အဖွဲ့ ရောက်လာသည်။ ဟဲရှောင်ယာက တိုဟူးချဉ်တစ်ပွဲကို ချက်ချင်း မှာယူပြီး တာ့ကျွမ်းရဲ့ ကန့်ကွက်မှုတွေကို လျစ်လျူရှုကာ တမြုံ့မြုံ့ စားနေခဲ့သည်။
နောက်ဆုံးတော့ ဝမ်အာနှင့် တုရှောင်ဟွေ့တို့ ပြန်ရောက်လာသည်။ သူတို့လည်း လက်ဆောင်တွေ အများကြီး ဝယ်ယူလာပြီး တုရှောင်ဟွေ့က လက်ဆောင်တချို့ကို သူမအမေအတွက် ပြန်ယူသွားဖို့ စီစဉ်ထားတာ ဖြစ်သည်။
“ အရိုက်မခံချင်ရင် မြန်မြန်လုပ်။ ”
သူတို့နောက်ကနေ အလွန် ရိုင်းစိုင်းကြမ်းတမ်းတဲ့ အသံ ထွက်ပေါ်လာ၍ လီယောင် လှည့်ကြည့်လိုက်တော့ ကျောပေါ်မှာ ခြင်းတောင်းကြီးတွေကို သယ်ထားတဲ့ ( ၁၀ ) နှစ်ဝန်းကျင် ကောင်လေးတစ်ယောက်နှင့် ( ၇ ) နှစ် ၊ ( ၈ ) နှစ်ဝန်းကျင် ကောင်မလေးနှစ်ယောက်တို့ကို မြင်လိုက်ရသည်။
ခြင်းတောင်းကြီးတွေထဲမှာ ဘာရှိလဲ မသိပေမဲ့ ကောင်မလေးနှစ်ယောက်ရဲ့ ခြေထောက်တွေက လမ်းလျှောက်ရင်း တုန်ခါနေတာမို့ ကြည့်ရတာ အရမ်းကို လေးလံပုံပေါ်သည်။ သူတို့ကို အော်နေတဲ့ လူက အသက် ( ၂၀ ) ကျော် အမျိုးသားတစ်ယောက်ဖြစ်ပြီး ကိုယ်လုံးကိုယ်ထည် ပိန်ပိန်ပါးပါးနှင့် သေးငယ်တောက်ပသော မျက်လုံးများ ၊ နှုတ်ခမ်းမွေးပါးပါးတို့က သူ့ပုံစံအား ပိုလို့တောင် အကြင်နာတရားကင်းမဲ့သော ပုံစံပေါက်စေသည်။
သူ့အော်သံကြောင့် ကလေးသုံးယောက်က ခြေလှမ်းတွေကို အရှိန်တင်လိုက်သော်လည်း ကောင်မလေးတစ်ယောက်ကတော့ အားမရှိတော့ပုံဖြင့် ယိုင်လဲသွားလျှင် တခြား ကောင်မလေးတစ်ယောက်က ခြင်းတောင်းကို အမြန်ချပြီး သူမကို ဆွဲထူပေးလိုက်သည်။
အလွဲလွဲ အချော်ချော်ဖြစ်သွားတာကို မြင်လိုက်ရတဲ့ မုတ်ဆိတ်မွေးနှင့် လူက မျက်နှာမည်းမှောင်သွားကာ ကောင်လေးရဲ့ ဗိုက်ကို မညှာမတာ ဆောင့်ကန်လိုက်သည်။ “ ဘာမှ သုံးစားမရတဲ့ ဟာတွေ။ မင်းတို့ အလုပ်,လုပ်နိုင်အောင်လို့ ငါက မင်းတို့ကို ကျွေးမွေးထားတာကွ။ ”
ထိုအမျိုးသားသည် ပါးစပ်က ဆဲဆိုရင်း လက်ကလည်း သစ်ကိုင်းတစ်ချောင်းကို လွှဲယမ်းပြီး နှိပ်စက်ခံနေရတာတောင် ဘာမှ ပြန်မလုပ်ရဲဘဲ ခေါင်းလေးတွေကိုသာ လက်နှင့် အုပ်ထားသော ကလေးသုံးယောက်ကို တရစပ် ရိုက်နေခဲ့သည်။
“ ရှင် ဘာလုပ်နေတာလဲ။ ” တုရှောင်ဟွေ့က နောက်ဆုံးတော့ ဒီတိုင်း ရပ်ကြည့်မနေနိုင်တော့ဘဲ အော်ပြောလိုက်သည်။ “ အရွယ်ရောက်နေတဲ့ ယောက်ျားရင့်မာကြီးတစ်ယောက်က ကလေးတွေကို မညှာမတာ ရိုက်နှက်နေတာတဲ့။ ရှင့်မှာ အသည်းနှလုံး မရှိဘူးလား။ ”
မုတ်ဆိတ်မွေးနှင့် လူက တုရှောင်ဟွေ့ကို စူးစူးဝါးဝါး ကြည့်သည်။ “ ဒါ မင်းနဲ့ ဘာဆိုင်လဲ။ ”