← Chapters

စပါးစပါးရိတ်သိမ်းခြွေလှေ့စက်

Vol. 17 Ch. 184

စပါးစပါးရိတ်သိမ်းခြွေလှေ့စက်

Vol. 17 Ch. 184

“ ကျုပ် လုပ်ထားတာကို တစ်ချက်လောက် လာကြည့်ပါဦး လီယောင်။ ”

ပန်းပဲအလုပ်ရုံရဲ့ ခြံထဲမှာ စက်မှုလုပ်ငန်းသုံးပစ္စည်းတစ်ခုနှင့် အတော်လေး ဆင်တူတဲ့ ၊ ( ၂ ) မီတာအမြင့်ရှိသော စတုရန်းပုံသဏ္ဍာန် သံမဏိအစိုင်အခဲ ရှိပြီး ထိုအစိုင်အခဲကို အမျိုးမျိုးသော အစိတ်အပိုင်းတွေနှင့် ပါဝင်ဖွဲ့စည်းထားသည်။

ဒါက ရှားရှန့် တီထွင်ဖန်တီးထားတဲ့ ပစ္စည်းဖြစ်ပြီး ဟိုးအစတုန်းကနှင့် ယှဉ်လျှင် အများကြီး တိုးတက်လာတဲ့ ရေနွေးငွေ့စက်အင်ဂျင်ရဲ့ ခြောက်ခုမြောက် မျိုးဆက်ဟု ပြောလို့ ရသည်။

နည်းနည်းလေးတော့ ကြီးလွန်းနေသေးတာ တစ်ခုတော့ ချို့ယွင်းချက်ရှိသည်။ ဒီစက်ကြီးကို လူငယ် ( ၁၅ ) ယောက်ကျော်လောက် ဝိုင်းသယ်ရင်တောင် မောင်းတံမရှိဘဲ သယ်နိုင်မှာ မဟုတ်ပေ။

“ ဒီစက်ကို နှိုးကြည့်ရအောင်။ ”

“ ကောင်းပြီ။ ”

ရှားရှန့်ရဲ့ ညွှန်ကြားချက်အတိုင်း အလုပ်သင်နှစ်ယောက်က ကျောက်မီးသွေးတချို့ကို ယူလာပြီး ရေနွေးငွေ့အင်ဂျင်ရဲ့ မီးပြင်းဖိုထဲကို ထည့်ကာ သံတံခါးကို ပြန်ပိတ်လိုက်သည်။

“ စက်က စပြီး လည်ပတ်တော့မယ်။ အားလုံး အာရုံစိုက်ထားပေးကြပါ။ ”

ရှားရှန့်ရဲ့ ညွှန်ကြားချက်နှင့်အတူ လေမှုတ်စက်ရဲ့ ပထမဆုံး အဆို့ရှင်တစ်ခုကို ဖွင့်ပြီး လေတွေ အများကြီးကို မီးပြင်းဖိုရဲ့ ပိုက်တွေထဲ မှုတ်သွင်းကာ အထဲက မီးတောက်တွေကို အရှိန်အဟုန်ပြင်းပြင်းနှင့် တောက်လောက်အောင် လုပ်ရသည်။ မီးပြင်းထဲမှာ ကျောက်မီးသွေးတွေ ခပ်ပြင်းပြင်းလေး တောက်လောင်နေပြီ ဆိုတော့မှ နောက်ထပ် အဆို့ရှင်တစ်ခုကို ဖွင့်ရသည်။

ဒါက မီးပြင်းဖိုထဲကို လောင်စာတွေ ရောက်စေဖို့ အထူးတလည် တီထွင်ထားတဲ့ စက်ပစ္စည်း ဖြစ်သည်။ လီယောင်ရဲ့ ညွှန်ကြားမှုအောက်မှာ ရှားရှန့်က လူစုပြီး ကျောက်မီးသွေးကို အမှုန့်ကြိတ်ကာ ရေနှင့် ရော၍ အနှစ်ဖြစ်အောင် လုက်ထားတာမို့ ကျောက်မီးသွေးမှုန့်တွေက ပိုက်တွေထဲကို တိုက်ရိုက် လွှင့်ပါမသွားသလို ပမာဏကို ကောင်းကောင်း ပိုထိန်းချုပ်လို့ ရသည်။

အခု ထိုနည်းလမ်းက အတော်လေး အောင်မြင်သွားပုံရကာ ရှားရှန့် ပြုလုပ်ထားတဲ့ အဆို့ရှင်နှစ်ခုက အစကတည်းက စနစ်တကျ လည်ပတ်နေခဲ့သည်။

မီးပြင်းဖိုထဲမှာ မီးတွေ တဖြည်းဖြည်း အရှိန်ပြင်းပြင်းနှင့် တောက်လောင်လာသည်နှင့်အမျှ ခွက်ထဲက ရေတွေ ဆူပွက်လာကာ ပိုက်တွေထဲကနေ အပူချိန်မြင့်မားသော ရေနွေးငွေ့ထွက်လာပြီး စက်ထဲက ဓါးသွားတွေကို လျင်မြန်စွာ လည်ပတ်စေ၏။ ထို့အတူ စက်ဝိုင်းပုံလက်ကိုင်ကိုလည်း အရှိန်ပြင်းပြင်းနှင့် လည်ပတ်စေသည်။

“ မဆိုးဘူး။ နည်းနည်းတော့ ပုံစံကျလာပြီ။ ”

လီယောင့်ရဲ့ ခွင့်ပြုချက်ကို ရတော့မှ ရှားရှန်းရဲ့ နှလုံးသားထဲမှာ အနည်းငယ် စိတ်အေးသွားသည်။ ဒီစက်ပစ္စည်းအတွက် သူ့ဦးနှောက်တွေ ပူထူနေအောင် ကုတ်ခြစ်စဉ်းစားခဲ့သော်လည်း ဒီစက်က အရမ်း သေးငယ်ဖို့ ဘာလို့ မဖြစ်မနေ လိုအပ်ရတာလဲ ဆိုတာကိုတော့ သူ နားမလည်ပါ။

“ ရှင် နောင်ပိုင်း သိလာပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မ ဒီနေ့ တခြားတစ်ခု လုပ်ဖို့ လာခဲ့တာ။ ”

လီယောင်က အသေးစိတ်ရေးသားထားတဲ့ တည်ဆောက်ပုံစာရွက်တွေကို ထုတ်ယူလိုက်သည်။ ရှားရှန့်သည် ထိုစာရွက်တွေကို သေချာ ဖတ်ကြည့်ပြီးတဲ့နောက် ဒါတွေက သူ ထင်ထားတာထက် အများကြီး ပိုရိုးရှင်းတာကို သဘောပေါက်သွားသည်။

“ ဒီစက်ပစ္စည်းက ဘာအတွက်လဲ။ ”

“ စပါးစပါးရိတ်သိမ်းခြွေလှေ့စက်။ ”

ရှားရှန့် : ???

“ စပါးတွေကို အစေ့ခြွေဖို့အတွက်လေ။ ”

…

“ အားလုံးပဲ အာရုံစိုက် နားထောင်ပေးကြပါ။ ဆန်စပါးတွေ ရင့်မှည့်နေပြီ။ ကောက်ရိတ်သိမ်းဖို့ မြန်မြန် လုပ်ကြပါ။ ”

ဝမ်ကျားဖူရဲ့ အသံက ဟဲဝမ်ရွာထဲမှာ မနက်စောစောကတည်းက စီစီညံညံ ထွက်ပေါ်နေခဲ့သည်။ ရွာလူကြီးတစ်ယောက်အနေနှင့် သူ့မှာ ရွာသူ ၊ ရွာသားတွေကို သတိပေးပြီး လယ်ကွင်းထဲမှာ တက်တက်ကြွကြွ အလုပ်,လုပ်ဖို့ ကြီးကြပ်ညွှန်ကြားရမယ့် တာဝန်ရှိသည်လေ။

တကယ်တော့ လူတိုင်းက ဒီနေ့ကို စောင့်နေကြတာမို့ သူ သတိပေးနေစရာတောင် မလိုပါ။

ဝမ်ကျားဖူသည် သူ့မိသားစုကိုလည်း ခေါ်ထားပြီး တံစဉ်းတွေ ကိုင် ၊ လေးထောင့်ပုံ သစ်သားရေပုံးတွေကို သယ်၍ လယ်ကွင်းတွေဆီသို့ ဦးတည်ထွက်လာခဲ့သည်။

သို့သော် လယ်ကွင်းထဲကို သူ ရောက်သွားချိန်မှာတော့ ဘယ်သူကမှ ဆန်စပါးတွေကို မရိတ်သိမ်းဘဲ တစ်နေရာမှာ အကုန်လုံး စုဝေးနေတာကို တွေ့လိုက်ရသည်။

“ မင်းတို့တွေ အလုပ်မလုပ်ဘဲနဲ့ ဘာကို ဝိုင်းကြည့်နေကြတာလဲ။ ”

ဝမ်ကျားဖူက လူအုပ်ထဲကို တိုးဝှေ့ဝင်သွားလိုက်လျှင် အကုန်လုံးက လယ်ကွင်းအဆုံးက ထူးထူးဆန်းဆန်း ပုံသဏ္ဍာန်ရှိတဲ့ စက်တစ်လုံးကို ဝိုင်းကြည့်နေကြတယ် ဆိုတာ မြင်သွားသည်။ ဒီစက်ပစ္စည်းက လီမိသားစုရဲ့ အပိုင် ဆိုတာကို ဘယ်သူမှ ပြောပြပေးစရာမလိုဘဲ သူ တန်းသိလိုက်ပါသည်။

ဒါပေမဲ့ သူလည်း တခြားသူတွေလိုပဲ ဒီစက်ကို ဘာအတွက် အသုံးပြုရမှာလဲ ဆိုတာ သိချင်သည်။

ခဏကြာတော့ လီယောင်ကလည်း သူမရဲ့ တစ်မိသားစုလုံးကို ခေါ်၍ ရောက်လာသည်။

“ နင် အဲ့ဒါ ဘာလုပ်မလို့လဲ လီယောင်။ ”

လီယောင်က လူတွေ သူမကို အမျိုးသမီးလီလို့ ခေါ်တာကို မကြိုက်သောကြောင့် အသက်ကြီးတဲ့ ရွာသူ ၊ ရွာသားအား သူမကို နာမည်ရင်းအတိုင်းသာ ခေါ်ခိုင်းထားတာ ဖြစ်သည်။ သူမက စပါးစပါးရိတ်သိမ်းခြွေလှေ့စက်ရဲ့ အသုံးပြုပုံကို ရှင်းပြလိုက်သည်။ ဒီစက်ကို လူတိုင်းကိုလည်း အသုံးပြုစေချင်တာကြောင့် လျှို့ဝှက်မထားပါ။

“ ဒီစက်က စပါးတွေကို အရင်ကထက် လေးဆ ၊ ငါးဆလောက် ပိုမြန်တဲ့ အရှိန်နှုန်းနဲ့ အစေ့ခြွေလို့ ရတယ်လို့ နင် ပြောနေတာလား။ ”

“ ဟုတ်ပါတယ်။ ”

လူအုပ်ကြီးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သော်လည်း သူတို့ရဲ့ စိတ်ထဲက သိပ်မယုံကြည်ချင်ကြ။ စပါးရိတ်သိမ်းရတာ အဲ့ဒီလောက် မရိုးရှင်းပါ။ စပါးပင်တွေကို အရင်ဆုံး ဖြတ်တောက်ပြီး အစည်းလိုက် စုစည်းရသည် ၊ အဲ့ဒီနောက် သစ်သားစည်ပိုင်းပေါ် တင်ကာ သန့်ရှင်းတဲ့ စပါးစေ့တွေ ရလာတဲ့အထိ ရိုက်နှက်ထုထောင်းရသည်။ အနည်းဆုံး အချက်နှစ်ဆယ်ကျော်လောက် ရိုက်နှက်မှ တစ်စည်းလောက် ရတာမျိုး ဖြစ်၏။

လယ်တစ်ဧကအတွက် စပါးပင်တွေကို ဖြတ်တောက်ပြီး စပါးနယ်ခြင်းကပင် လူ လေး ၊ ငါးယောက် ဝိုင်းလုပ်ရင်တောင် အနည်းဆုံး တစ်နေကုန် အချိန်ပေးရလေ့ရှိသည်။

ဒီစက်က တကယ်ပဲ လေးဆ ၊ ငါးဆလောက် ပိုမြန်တယ် ဆိုရင် တစ်ရက်မှာ လယ် ငါးဧက ၊ ခြောက်ဧက ပြီးမယ် ဆိုတဲ့ အဓိပ္ပာယ် မဟုတ်လား။ မဖြစ်နိုင်ဘူး ၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး … ။

“ ရှင်တို့ အလျင်စလို ကောက်ရိတ်သိမ်းစရာမလိုဘူး။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ကျွန်မတို့မိသားစုရဲ့ လယ်ကွင်းထဲက စပါးပင်တွေကို ကူပြီး ဖြတ်တောက်ပေး။ အဲ့ဒါဆို ဒီစက်ရဲ့ အကျိုးအာနိသင်ကို မြင်ရလိမ့်မယ်။ ရှင်တို့ရဲ့ စိတ်ထဲမှာ ဒီစက်ကို အသုံးဝင်တယ်လို့ ခံစားရရင် ပန်းပဲဆရာရှားက တစ်နေ့ကို ဒီလို စက်မျိုး သုံးခု ပြုလုပ်ပေးနိုင်တယ်။ မနက်ဖြန်က စပြီး လူတိုင်း သုံးဖို့ ဖြန့်ဝေပေးလို့ ရတယ်။ ”

“ ဟုတ်ပြီ။ ဒါဆို အရင်ဆုံး ကြည့်ကြတာပေါ့။ ”

သွက်လက်သော လူငယ်ဆယ်ယောက်ကျော် ရောက်လာကာ ကျွမ်းညီအစ်ကိုနှင့်အတူ လီယောင်ရဲ့ လယ်တွေကို စတင် ကောက်ရိတ်သိမ်းခဲ့ပြီး နာရီဝက်အတွင်းမှာပဲ တစ်ဧကနီးပါး ရိတ်သိမ်းပြီးစီးသွားခဲ့သည်။

လီယောင်က လုံလောက်ပြီ ဆိုတာကို မြင်တော့ တာ့ကျွမ်းနှင့် ဝမ်ယွမ်ပန်းအား စပါးစပါးရိတ်သိမ်းခြွေလှေ့စက်ရဲ့ ခြေနင်းကို စပြီး နင်းခိုင်းလိုက်သည်။

“ ခြေနင်းကို နင်းတဲ့အခါ ဂရုစိုက်ပါ။ ခြေနင်းက အောက်ခြေကို ထိသွားရင် အားမသုံးနဲ့ ၊ ခြေနင်းရဲ့ အရှိန်လေးအတိုင်းပဲ လွှတ်ထားပြီး ခြေထောက်ကို မြှောက်လိုက်။ အဲ့ဒါဆို စပါးစပါးရိတ်သိမ်းခြွေလှေ့စက်က သူ့ဘာသာသူ မရပ်မနား လည်ပတ်နေလိမ့်မယ်။ ”

ခဏလောက် လေ့ကျင့်အပြီးမှာ တာ့ကျွမ်းသည် ထိုနည်းစနစ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားခဲ့သည်။

တာ့ကျွမ်းနှင့် ဝမ်ယွမ်ပန်းက စပါးစပါးရိတ်သိမ်းခြွေလှေ့စက်ရဲ့ ခြေနင်းကို နင်းရင်း တစ်ချိန်တည်းမှာပဲ စက်ရဲ့ အပေါ်ကနေ စပါးပင်တွေကို ထည့်နေစဉ်မှာ အမျိုးသမီးတချို့က စပါးပင်အစည်းလိုက်တွေကို လယ်ထဲကနေ စတင် ယူဆောင်လာခဲ့ကြသည်။

“ တကယ်ပဲ ဒီလောက် မြန်တာလား။ ”

စက်ထဲကနေ ဆန်စေ့တွေကို ဆက်တိုက် ထုတ်ယူပြီး စပါးတစ်ဧကနီးပါးကို တခဏအတွင်း ပြောင်ရှင်း‌သွားအောင် အစေ့ခြွေပြလိုက်တဲ့ တာ့ကျွမ်းနှင့် ဝမ်ယွမ်ပန်းကို ကြည့်ကာ ဝမ်ကျားဖူတစ်ယောက် အံ့ဩဘနန်းဖြစ်သွားသည်။

ဒီနှုန်းအတိုင်းသာဆို ကောက်ရိတ်သိမ်းမယ့် လူတွေသာ လုံလုံလောက်လောက် ရှိရင် တစ်ရက်ကို လယ် ငါးဧက ၊ ခြောက်ဧကလောက်က အသာလေးပဲ … ။ အရေးကြီးဆုံးကတော့ ဒီစက်နဲ့ဆို ပင်လည်း မပင်ပန်တော့ဘူး။

တကယ်လို့ မိသားစုတိုင်းမှာ ဒီစက်တွေ ရှိမယ် ဆိုရင် တစ်ရွာလုံးရဲ့ လယ်တွေကို အလွန်ဆုံး သုံးရက်အတွင်း ရိတ်သိမ်းလို့ ရပြီ ဖြစ်သည်။ အချိန်အခါမဟုတ် ရွာတဲ့ မိုးကြောင့် မရိတ်သိမ်းရသေးတဲ့ စပါးပင်တွေ မြေပြင်ပေါ်မှာ စိုစွတ်စွာ လဲကျကုန်မှာကို စိတ်ပူစရာမလိုတော့။

“ ဒီစက်က ဂျုံပင်တွေကိုရော အစေ့ခြွေလို့ ရလား လီယောင်။ ”

“ ရတယ်။ ဂျုံ ၊ မုယောစပါး ၊ အုတ်ဂျုံ … အကုန်လုံးကို အစေ့ခြွေလို့ ရတယ်။ ”

“ စက်တစ်လုံးကို ဘယ်လောက် ကုန်ကျမလဲ။ ”

“ ဈေးမကြီးပါဘူး။ ရွာသူ ၊ ရွာသားတွေအတွက်ဆို ငွေချောင်း တစ်ချောင်း ၊ နှစ်ချောင်းလောက်နဲ့ပဲ ဝယ်လို့ ရမယ်။ ”

ငွေချောင်း တစ်ချောင်း ၊ နှစ်ချောင်းတည်းနှင့် လူအင်အား အများအပြားကို ချွေတာနိုင်ပြီး တစ်မိသားစုလုံးကို တစ်ရာသီ ၊ နှစ်နာရီလောက် စိတ်အေးလက်အေး အနားယူနိုင်စေလိမ့်မည်။ ပိုအရေးကြီးတာကတော့ သံမဏိနှင့် လုပ်ထားတဲ့ စက်ပစ္စည်းမို့ တစ်ခါ ဝယ်ထားရုံနှင့် တစ်သက်လုံး အသုံးပြုသွားလို့ ရသည်။

“ ငါ ငါ့မိသားစုအတွက် တစ်ခု ဝယ်ချင်တယ်။ ”

“ ငါလည်း တစ်ခု ဝယ်ချင်တယ်။ ”

…

စပါးစပါးရိတ်သိမ်းခြွေလှေ့စက်ကို ရွာသားတွေက စိတ်အားထက်သန်စွာ ဝယ်ချင်နေတဲ့ စကားသံတွေကို ကြားလိုက်ရသော လီယောင်သည် မိသားစုတစ်စုကို စက်တစ်လုံး ဝယ်ဖို့ မလိုအပ်ကြောင်းနှင့် မိသားစုဝင် အရမ်း မများလျှင် မိသားစုအနည်းငယ်အတွက် စက်တစ်လုံးက လုံလောက်ကြောင်း ရှင်းပြလိုက်သည်။

လီယောင်ရဲ့ စကားကြောင့် ရွာသူ ၊ ရွာသားတွေကလည်း စပ်တူဝယ်ဖို့ လူတွေကို လိုက်ရှာခဲ့ကြပြီး နောက်ဆုံးမှာတော့ တစ်ထိုင်တည်းနှင့် စပါးစပါးရိတ်သိမ်းခြွေလှေ့စက် ငါးလုံး ရောင်းလိုက်ရလေသည်။

ဒီစပါးရိတ်သိမ်းခြွေလှေ့စက်တွေနှင့် ဆိုလျှင် ဘယ်သူကမှ သူတို့ရဲ့ လယ်တွေကို ဒီနေ့ အလောတကြီး ကောက်ရိတ်သိမ်းဖို့ မလိုအပ်တော့ပေ။ မိသားစုတစ်စုချင်းစီက လူတစ်ယောက်စီ စေလွှတ်ခဲ့ပြီး တစ်နေ့အတွင်းမှာပဲ လီယောင့်ရဲ့ ဒါဇင်ချီသော လယ်ဧကတွေကို ရိတ်သိမ်းပြီးစီးသွားကာ သူမအတွက်ပင် ပြန်သယ်လာပေးခဲ့သည်။

သို့သော်လည်း စပါးအထွက်နှုန်းကတော့ မများပါ။ လီယောင်က စိုက်ပျိုးရေးမှာ အလွန် သိပ္ပံနည်းကျသော နည်းစနစ်တွေကို အသုံးခဲ့သော်လည်း ပိုးသတ်ဆေးတွေ ၊ အဆင့်မြှင့်ထားတဲ့ မျိုးစေ့တွေ မရှိတာမို့ ချုံပြောရရင် လိုအပ်ချက်တွေ ရှိနေဆဲပင်။

တွက်ချက်မှုတွေ ပြုလုပ်လိုက်တော့ လယ်တစ်ဧကလျှင် စပါး ( ၆၀၀ ) ကတ်တီ ရိတ်သိမ်းရရှိကြောင်း စာရင်းထွက်လာသည်။ အစေ့ခြွေလှေ့ထားတဲ့ ဆန်စေ့အနေနှင့် ဆိုလျှင်တော့ ( ၄၀၀ ) ကတ်တီစွန်းစွန်း ရသည်။

သူတို့မိသားစုမှာ စုစုပေါင်း လယ် ( ၁၆ ) ဧက ရှိတာမို့ ဆန် ( ၇၀၀၀ ) ကတ်တီနီးပါး ရသည်။ ဒီအထွက်နှုန်းက မော်ဒန်ခေတ် ဆန်စပါးအထွက်နှုန်းရဲ့ သုံးပုံတစ်ပုံသာ ရှိပေမဲ့ ရွာသူ ၊ ရွာသားတွေကို ပါးစပ်အဟောင်းသားဖြစ်သွားစေဖို့တော့ လုံလောက်သည်။

တခြားမိသားစုတွေရဲ့ လယ်တွေအတွက်တော့ တစ်ဧကကို ဆန်စေ့ ( ၃၀၀ ) ကတ်တီ ဆိုတာ နတ်ဘုရားကို အမွှေးနံ့သာတွေနှင့် ပူဇော်ပသလို့ နတ်ဘုရားတွေ မ,စခြင်းဟု သတ်မှတ်နိုင်သည်။

လီယောင်တို့မိသားစု ပျိုးပင်တွေကို ပြောင်းရွေ့စိုက်ပျိုးတုန်းက အဲ့ဒီလို စိုက်ပျိုးတာဟာ ဆန်စပါးအထွက်နှုန်းတိုးစေလိမ့်မည်ဟု ဘယ်သူမှ မယုံကြည်ခဲ့တာ ‌နှမြောစရာကောင်းသည်။ အခုတော့ နောင်တတရားကြောင့် လူတိုင်းရဲ့ အူကလီစာတွေက အစိမ်းရောင်ပြောင်းသွားခဲ့သည်။

ဒါပေမဲ့ နောက်နှစ် ဆိုရင်တော့ သူတို့လည်း လီယောင့်ရဲ့ နည်းလမ်းအတိုင်း စိုက်ပျိုးရပါမည်။

All Chapters