လျော့တိလျော့ရဲဖြစ်လာတဲ့ ငရဲ
Vol. 17 Ch. 185
ရှားရှန့်က အလုပ်သင်တွေ အများကြီးကို ခေါ်သွားပြီး ညလုံးပေါက် အလုပ်,လုပ်ခဲ့ကာ နောက်ဆုံးတော့ အရုဏ်တက်ချိန်မတိုင်ခင်မှာပဲ စပါးရိတ်သိမ်းခြွေလှေ့စက် ငါးလုံးကို ပြုလုပ်နိုင်ခဲ့သည်။ လီယောင့်အိမ်မှာ ရှိတဲ့ စက်တစ်လုံးကိုပါ ထည့်ပေါင်းလျှင် စုစုပေါင်း ခြောက်လုံး ရှိသည်။
တစ်ရွာလုံးဟာ ဒီစက်ခြောက်လုံးကို အသုံးပြုလျက် ကောက်ရိတ်သိမ်းခြွေလှေ့ဖို့ သုံးရက်သာ အချိန်ယူလိုက်ရကာ ဆန်တွေအကုန်လုံးကို သူတို့ရဲ့ အိမ်ကို ပြန်သယ်သွားခဲ့ကြသည်။
ဟဲဝမ်ရွာကို လာစစ်ဆေးတဲ့ တရားသူကြီးစုန့်သည် ရွှေရောင်လွှမ်းနေတဲ့ စပါးခင်းတွေ ရုတ်တရက် ပျောက်ကွယ်သွားတာကို သတိထားမိသွားသည်။
“ ဝမ်ကျားဖူ … မင်းတို့ရွာက စပါးတွေ ဘယ်ရောက်ကုန်တာလဲ။ ”
“ အကုန်လုံး အိမ်ကို သယ်ပြီးသွားပါပြီ။ ”
ရယ်သံနှောတဲ့ ဝမ်ကျားဖူရဲ့ စကားကြောင့် တရားသူကြီးစုန့်က သူ နောက်ပြောင်နေတာလို့ ထင်သွားသည်။ နှစ်စဉ်နှစ်တိုင်း ဆန်စပါးတွေကို ရိတ်သိမ်းဖို့ အနည်းဆုံး ဆယ်ရက်ကနေ ဆယ့်ငါးရက်ထိ ကြာတတ်တာကို သူ သိသည်။
သူ ဟဲဝမ်ရွာကို နောက်ဆုံးတစ်ခေါက် လာခဲ့တာ ပြီးခဲ့တဲ့ လေးရက်တုန်းကမှကို သူတို့က စပါးတွေကို ရိတ်သိမ်းပြီးသွားပြီတဲ့လား … ။
ဝမ်ကျားဖူက “ လီယောင်က စပါးတွေကို ရိတ်သိမ်းဖို့ နောက်ထပ် စက်ပစ္စည်းတစ်မျိုး ထပ်တီထွင်လိုက်တယ် တရားသူကြီးစုန့်။ ” ဟု အပြုံးလေးဖြင့် ပြောလိုက်သည်။
လီယောင့်ရဲ့ လုပ်ဆောင်ချက် ဆိုတာကို ကြားချိန်မှာတော့ တရားသူကြီးစုန့် မအံ့ဩတော့ပေ။ ဒီလို အရေးကိစ္စကြီးတွေအတွက် လီယောင့်မှာ စိတ်ကူးကောင်းတွေ မရှိတာကမှ ထူးဆန်းလိမ့်မည် ဆိုတာ သူ သိသင့်သည်။
“ ကျုပ်ကို အဲ့စက်ကို မြန်မြန် ပြပေးပါ။ ”
“ တရားသူကြီးမင်း ကြည့်လို့ ရပေမဲ့ လက်တွေ့ပြစရာ စပါးတွေတော့ မရှိတော့ဘူး။ ”
တရားသူကြီးစုန့်က တစ်ချက်လောက် စဉ်းစားပြီး “ ရတယ်။ ကျုပ်တို့ တခြားရွာမှာ စမ်းသပ်ကြည့်လို့ ရတယ်။ ” ဟု ပြောလိုက်သည်။ ထို့နောက် စပါးရိတ်သိမ်းခြွေလှေ့စက်တွေကို ကြည့်ပြီးတော့ ဝမ်ကျားဖူအား ရွာထဲက သုံးဘီးစက်ဘီးတွေကို သွားယူခိုင်းပြီး ထိုစက်ခြောက်လုံးကို နီးစပ်ရာ ပိုင်ယွင်ရွာသို့ ပို့ဆောင်ခိုင်းလိုက်သည်။
ပိုင်ယွင်ရွာသူ ၊ ရွာသားတွေဟာ ဝမ်ကျားဖူရဲ့ ညွှန်ကြားချက်အတိုင်း ထိုစက်တွေကို အသုံးပြုကာ လယ်တွေရဲ့ သုံးပုံတစ်ပုံကို တစ်နေ့တည်းနှင့် ရိတ်သိမ်းနိုင်ခဲ့သောကြောင့် တရားသူကြီးစုန့် သဘောအကျကြီးကျသွားသည်။
“ ဒီလို စက်ပစ္စည်းကောင်းတစ်ခုအကြောင်း ဧကရာဇ်တရားရုံးတော်ကို သတင်းပို့ရမယ်။ အရည်အချင်းရှိတဲ့ အမျိုးသမီးလီကို မဖြစ်မနေ ဆုချရမယ်။ ”
ထို့ပြင် တရားသူကြီးစုန့်သည် အစိုးရရုံးတော်ရဲ့ နာမည်ကို အသုံးပြု၍ စက်ခြောက်လုံးအား ငှားရမ်းကာ တခြားရွာတွေဆီ ပို့ပြီး ထိုရွာက ရွာသူ ၊ ရွာသားတွေကို စူးစမ်းလေ့လာခိုင်းခဲ့သည်။
စပါးရိတ်သိမ်းခြွေလှေ့စက်ရဲ့ အကျိုးကျေးဇူးတွေကို စမ်းသပ်ပြီးတဲ့ ရွာသူ ၊ ရွာသားများသည် ဟဲဝမ်ရွာကို ချက်ချင်း ပြေးသွားပြီး သူတို့လည်း စက်တစ်လုံးကို ဝယ်ချင်သည်ဟု ပြောခဲ့သည်။
ရှားရှန့်သည် မရေမတွက်နိုင်တဲ့ အမှာစာတွေကို ကြည့်ပြီး ကုန်ကြမ်းပစ္စည်းတွေနှင့် အစိတ်အပိုင်းတွေကို လုံလုံလောက်လောက် ပြင်ဆင်ထားတဲ့အတွက် ဝမ်းသာသွားသည်။ ဒီအတိုင်းဆို သူ စက်တွေအများကြီးကို နေ့တိုင်း ထုတ်လုပ်နိုင်ပါလိမ့်မည်။
စပါးရိတ်သိမ်းခြွေလှေ့စက် အပိုတွေကို ဟဲဝမ်ရွာရဲ့ လီမိသားစု အဆင့်မြင့်စတိုးဆိုင်မှာ ရောင်းချသည်။ ပိုင်ချွမ်းဈေးမှာ အနယ်နယ် အရပ်ရပ်က ခရီးသွားကုန်သည်တွေ အမြဲတမ်း ဝင်ထွက်သွားလာနေတာမို့ ဟဲဝမ်ရွာရဲ့ လီမိသားစု အဆင့်မြင့်စတိုးဆိုင်မှာ ထုတ်ကုန်အသစ် ကြေညာထားတာကို မြင်သည်နှင့် ဘာမှ မေးမြန်းမနေဘဲ တစ်လုံး တန်းဝယ်လိုက်ကြသည်။
ပြီးတော့ စပါးရိတ်သိမ်းချိန်က အရမ်း တိုတောင်းတာကြောင့်သာ မဟုတ်ရင် ရာသီတစ်ခုအတွင်းမှာပဲ စပါးရိတ်သိမ်းခြွေလှေ့စက်က တာ့လင်တိုင်းပြည်တစ်ဝှမ်းမှာ ပျံ့နှံ့နေပြီ ဖြစ်သည်။
ဒါပေမဲ့ ဒီစက်တွေကို ဝယ်တဲ့ လူ တစ်ယောက်မှ မရှိတာ စိတ်ပူစရာမလိုပါ။ ထိုကုန်သည်တွေက စီးပွားရေးလာဘ်မြင်သည်။ စပါးရိတ်သိမ်းခြွေလှေ့စက်တွေကို ဒီနှစ်မှာ မသုံးနိုင်ရင်တောင် နောက်နှစ်ကျရင် သုံးနိုင်မှာပဲ မဟုတ်လား … ။ အရင်ဆုံး ဝယ်ပြီး အိမ်မှာ သိမ်းထားတာ ပိုကောင်းသည်။ နောက်နှစ်မှာ ဈေးတူတော့မှာ မဟုတ်။
…
တာ့ကျွမ်းက ဆန်တွေကို အခြောက်ခံပြီးသွားတော့ အခန်းတစ်ခန်းကို ရှင်းလင်းကာ သိုလှောင်ထားခဲ့သည်။ မိသားစုက ငွေကြေးမပြတ်လပ်သော်လည်း တစ်ခန်းလုံးမှာ ဆန်တွေ ပြည့်နေတဲ့ မြင်ကွင်းကို ကြည့်ပြီး ပြိုင်ဖက်ကင်းတဲ့ ပေါကြွယ်ဝမှုကို ခံစားရကာ နေ့တိုင်း မျက်နှာပေါ်မှာ အပြုံးဝေဆာနေခဲ့သည်။
စပါးရိတ်သိမ်းပြီးသွားရင် ဂျုံပင်နှင့် ကန်နိုလာပင်ကို စိုက်ဖို့ အချိန်တစ်ခု စောင့်ရမည် ဖြစ်ပြီး ကန်စွန်းဥတွေကို တူးဖို့လည်း အချိန်တစ်ခု စောင့်ရလိမ့်မည်။
ဒါပေမဲ့ ဒီအတောအတွင်းမှာ တစ်မိသားစုလုံး မအားလပ်ပါ။ တဖြည်းဖြည်း နီးကပ်လာတဲ့ စီရင်စုအဆင့်စာမေးပွဲကြောင့် ဝမ်အာက နေ့တိုင်း ကြိုးကြိုးစားစား စာလေ့လာနေသလို ဝမ်ရှောင်စစ်ကလည်း ဆရာတစ်ယောက်ရဲ့ သင်ကြားမှုအောက်မှာ စာသင်နေပြီ ဖြစ်သည်။
လီယောင်ကတော့ ရှောင်ယန်ရန်ရဲ့ တစ်လပြည့်မွေးနေ့အတွက် အစားအသောက်စာရင်းကို ပြင်ဆင်နေခဲ့သည်။
ဟဲဝမ်ရွာရဲ့ ဓလေ့ထုံးစံအရ ကလေးအသက် ရက် ( ၄၀ ) ပြည့်တဲ့အခါ တစ်လပြည့်မွေးနေ့ကို ကျင်းပပေးသည်။ သို့သော် ထိုဓလေ့ထုံးစံက ယောက်ျားလေးတွေအတွက်သာ ဖြစ်သည်။ မိန်းကလေးတစ်ယောက်ရဲ့ တစ်လပြည့်မွေးနေ့ကို ခမ်းခမ်းနားနား ကျင်းပပေးတာ လီယောင်တို့မိသားစုက ပထမဆုံးပင်။
ဟဲရှောင်ယာက ဟင်းအမည်တွေ ပြွတ်သိပ်နေသော အစားအသောက်စာရင်းကို ကြည့်ပြီး “ အမေ … ဒါက နည်းနည်းလေး များနေတယ်လို့ ကျွန်မ ခံစားရတယ်။ ” ဟု ပြောသည်။
“ များတယ် …… ”
“ ဟုတ်။ ဒီမှာ ကြည့်ဦးလေ အမေရဲ့ … ကြက်သား ၊ ဘဲသား ၊ ငါး ၊ ပုစွန် ၊ အသားနှပ်ဟင်း ၊ လုံငန်းသီး ၊ အသားငှာပနာမုန့် ၊ အသားပေါင်း ၊ ဒါနဲ့တင် အဓိကဟင်းလျာက ရှစ်မျိုးတောင် ဖြစ်နေပြီ။ နောက်ထပ် မွှေကြော်ဟင်းလျာ လေးမျိုး ၊ အအေးဟင်းလျာ လေးမျိုး ၊ အသားစွပ်ပြုတ် တစ်မျိုးနဲ့ အသီးအရွက်စွပ်ပြုတ် တစ်မျိုးလည်း ရှိသေးတယ်။ စားပွဲတစ်ဝိုင်းမှာ လူရှစ်ယောက်ပဲ ထိုင်မှာ ... ဒါတွေ အကုန်လုံးကို ကုန်ပါ့မလား။ ”
တကယ်တော့ လီယောင်လည်း ဒီလောက် ဟင်းလျာတွေ အများကြီး မပြင်ဆင်ချင်ပေမဲ့ ရွာသူ ၊ ရွာသားတွေက အလုပ်ရုံမှာ အလုပ်,လုပ်ပြီး ပိုက်ဆံရှာနေတာတောင် မိသားစုအများစုက ပြည့်ပြည့်စုံစုံ မနေနိုင်သေးဘဲ စားဝတ်နေရေး အဆင်ပြေရုံလောက်သာ ရှိတာကို သူမ သိသည်။
ပြီးတော့ လောလောလတ်လတ် ကျိုင်းကောင်ကပ်ဘေးမှာ စိုက်ခင်း ( ၁၀၀၀၀ ) မူနီးပါးကို တစ်ရွာလုံး ပူးပေါင်းကာကွယ်ပေးခဲ့သည်။ အဲ့ဒီတုန်းက လူတိုင်းကို ရိုးရိုးရှင်းရှင်း ထမင်းတစ်နပ်သာ ကျွေးပြီး သေချာ ကျေးဇူးမတင်လိုက်ရပါ။
ဒါ့ကြောင့် ဒီတစ်ခါက် အခွင့်အရေးရတုန်း ရှောင်ယန်ရန်ရဲ့ တစ်လပြည့်ကို ကျင်းပရင်း ဟင်းပွဲတွေ အများကြီးကို ပြင်ဆင်ထားချင်သည်။ စားလို့ မကုန်တဲ့ ၊ ကျန်တဲ့ ဟင်းလျာတွေကို ရွာသူ ၊ ရွာသားတွေ အိမ်ကို ပြန်သယ်သွားပြီး အေးအေးဆေးဆေး စားလို့ ရသည်လေ။
ဒါကလည်း ရွာသူ ၊ ရွာသားတွေကို သူမနည်းသူမဟန်နှင့် ဂရုစိုက်ပေးခြင်း ဖြစ်သည်။ ပြောရရင် သူမက ဒီမှာ အဘွားကြီးဖြစ်တဲ့အထိ နေသွားဖို့ စီစဉ်ထားတာကြောင့် လူတွေကို သူမရဲ့ နောက်ကွယ်မှာ သူမအကြောင်း နေ့တိုင်း အတင်းမတုပ်စေချင်ပါ။
ပိုက်ဆံတွေ အများကြီး ရှာထားတာပဲဥစ္စာ ၊ နည်းနည်းပါးပါး သုံးလိုက်လို့ သူမ မွဲမသွားပါဘူး။
“ ဒါဆို ထပ်ထည့်ကြတာပေါ့။ ” ဟု လီယောင်က ပြောလိုက်သည်။ “ လူတိုင်းအတွက် အိမ်အပြန် လက်ဆောင်ထုပ်လေးတွေလည်း ပြင်ဆင်ပေးထားလိုက်။ သကြားလုံး ၊ မြေပဲနဲ့ အဲ့လို ပစ္စည်းမျိုးလေးတွေပေါ့။ သူတို့ရဲ့ အိမ်ကို ပြန်ယူသွားပါစေ။ ”
ဟဲရှောင်ယာ : ……
သူမအမေမှာ ပိုက်ဆံချွေတာစုဆောင်းဖို့ ရည်ရွယ်ချက် လုံးဝ မရှိတာကို ဟဲရှောင်ယာ နားလည်သွားသည်။ သို့သော်လည်း ရှောင်ယန်ရန်အတွက် တစ်လပြည့်မွေးနေ့ကို အခုလို ခမ်းခမ်းနားနား ကျင်းပပေးမှာကို မြင်ရတော့ ဟဲရှောင်ယာရဲ့ စိတ်ထဲမှာ နွေးထွေးမိသည်။
ကလေးပုခက်ထဲမှာ အိပ်ပျော်နေတဲ့ ရှောင်ယို့လန်လေးကို ကြည့်ပြီး ကမ္ဘာပေါ်မှာ သူမလေးက အပျော်ရွှင်ရဆုံး မိန်းကလေး ဖြစ်နေနိုင်တယ်ဟု အတွေးဝင်မိသည်။
အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွားကာ ဝမ်ယန်ရန်ရဲ့ တစ်လပြည့်မွေးနေ့ပွဲနေ့ကို ရောက်လာသည်။ ဝမ်မိသားစုက လူကြီးလူငယ်မှန်သမျှ စောစောစီးစီးကတည်းက လာရောက်ကူညီပေးကာ မွေးနေ့ပွဲအတွက် ဆူဖြိုးသော ဝက်ငါးကောင်ကို သတ်ပေးပြီး ဈေးထဲကနေ အသားတွေ ၊ အသီးအရွက်တွေကို လှည်းလိုက် ဝယ်လာခဲ့သည်။
ဟဲမိသားစုစားသောက်ဆိုင်ရဲ့ ဟဲကျစ်ကျင်းက သူ့စားသောက်ဆိုင် စားဖိုမှူးများစွာကို စေလွှတ်ပြီး လီယောင်တို့မိသားစုအတွက် အထူးတလည် ချက်ပြုတ်ပေးစေခဲ့သည်။
ထိုနေ့မနက်မှာ ရွာသူ ၊ ရွာသားတွေဟာ လုပ်စရာသိပ်မရှိသောကြောင့် သန့်ရှင်းသပ်ရပ်သော အဝတ်အစားတွေကို ဝတ်ဆင်ပြီး ရောက်လာကြသည်။ ဒေသရဲ့ ဓလေ့ထုံးတမ်းအရ မိသားစုတစ်စုချင်းစီက စာအိတ်နီလေးတွေကို ပေးလေ့ရှိသည်။
ဒါပေမဲ့ လီယောင်က မင်္ဂလာရှိတဲ့ ပွဲအခမ်းအနားတွေအတွက် စာအိတ်နီတွေ ပေးတာ ကောင်းပေမဲ့ အရမ်း အလွန်အကျွံဖြစ်တာက မကောင်းဘူးဟု ကြိုပြောထားခဲ့သည်။ အကုန်လုံးကလည်း သူမမှာ ပိုက်ဆံမပြတ်လပ်တာကို သိနေတာမို့ ပျော်ပျော်ရွှင်ရွှင်ပဲ လိုက်နာခဲ့ကြသည်။
သူတို့အချင်းချင်း တိုင်ပင်ပြီးတဲ့နောက် မိသားစုတစ်စုချင်းစီဟာ ဝမ်ယန်ရန်လေး အသက်တစ်ရာတိုင်တိုင် သက်ရှည်ကျန်းမာပါစေ ဟူသော အဓိပ္ပာယ်ဖြင့် ဝမ် ( ၁၀၀ ) ပေးခဲ့သည်။
သို့သော် ဒါက လီယောင်နှင့် နီးကပ်တဲ့ ပတ်သက်မှုမျိုး မရှိတဲ့ ရွာသူ ၊ ရွာသားတွေအတွက်သာ ဖြစ်သည်။ စီးပွားရေးအရ လက်တွဲဖော်တွေ ၊ ဝမ်မိသားစုရဲ့ ဆွေမျိုးတွေကတော့ အဲ့ဒါကို မလိုက်နာပါ။ လူတိုင်းက လီယောင့်ရဲ့ ဦးဆောင်မှုကို လိုက်နာပြီး ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့တာမို့ စာအိတ်နီတွေကို ထူထူလေး ထုပ်ထားသည်။
အထူးသဖြင့် ကျားကျန်းလျန့်နှင့် လျှို့ယွမ်က တစ်ယောက်ကို ငွေချောင်း ( ၃၀၀ ) နှင့် တခြားဒေသတွေက အမျိုးမျိုးသော ဒေသထွက်ထုတ်ကုန်တွေ ၊ ရှားပါးတဲ့ ထူးခြားပစ္စည်းတွေကို ပေးခဲ့ကြသည်။
တရားသူကြီးစုန့်ကလည်း သိပ်တော့ လျော့ကျမနေပါ။ သူကိုယ်တိုင် ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ကို လက်ဆောင်ပေးပြီး တရားသူကြီးစုန့်ရဲ့ ဇနီးကတော့ ယန်ရန်လေး အသက် ငါးနှစ် ၊ ခြောက်နှစ် ရောက်တဲ့အခါ ပန်ဆင်နိုင်ဖို့ ကျောက်စိမ်းဆံထိုးလေးတစ်ခုကို ပြင်ဆင်ပေးခဲ့သည်။
အိမ်နီးချင်း စီရင်စုတွေရဲ့ တရားသူကြီးတွေကလည်း သတင်းတွေကို ကြားသောအခါ လူကိုယ်တိုင် မလာသော်လည်း လီယောင့်အပေါ် လေးစားမှုကို ဖော်ပြသည့်အနေဖြင့် လက်ဆောင်တွေ ပို့ခဲ့သည်။
လီယောင်သည် ဧည့်သည်တွေနှင့် ပြည့်နှက်နေတဲ့ မွေးနေ့ပွဲကို ကြည့်ရင်း တစ်ခါတလေ ဒီလို စည်စည်ကားကားလေး နေတာကလည်း ကောင်းသားပဲဟု ခံစားလိုက်ရသည်။
နေ့လယ်အချိန် နီးကပ်လာတော့ မီးဖိုချောင်ထဲက စားဖိုမှူးတွေက အစားအသောက်တွေကို စတင် တည်ခင်းတော့မည်ဖြစ်ကြောင်း အသိပေးသည်။
ကျယ်ဝန်းသော ခြံထဲမှာ စားပွဲကြီးတွေ ၊ ထိုင်ခုံတွေကို ခင်းထားပြီး မွှေးပျံ့နေတဲ့ ဟင်းလျာတွေ တစ်ခုပြီးတစ်ခု ရောက်လာချိန်မှာပဲ မကြားရတာ ကြာပြီ ဖြစ်တဲ့ အသံတစ်သံက အပြင်ကနေ ထွက်ပေါ်လာသည်။
“ ဒေါ်လေးက ဒီလို ပွဲကြီးကို ကျင်းပနေတာတောင် ကျွန်တော့်ကို အသိမပေးဘူးပေါ့လေ။ ”
လူတိုင်း လှည့်ကြည့်လိုက်တော့ မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ နဝမမြောက်မင်းသားကို မြင်လိုက်ရသည်။
အခြေခံသဘောတရားအရ မင်းသား ရောက်လာရင် လူတိုင်းက ယောင်လို့တောင် ခေါင်းမော့မကြည့်ရဲဘဲ သူ့ကို ဒူးထောက်ကြိုဆိုရမှာ ဖြစ်သော်လည်း ဟဲဝမ်ရွာမှာတော့ အဓိကအားဖြင့် လီယောင်က သူ့ကို အလိုမလိုက်တာကြောင့် လျို့ယွင်ရဲ့ အရှိန်အဝါက အမှန်တကယ်ပင် သိပ်မရှိပါ။
ထို့ကြောင့် အကုန်လုံးက သူ့ကို စည်းမျဉ်းစည်းကမ်းနှင့်အညီ နှုတ်ဆက်ရမည့်အစား သူနှင့် ပျော်ပျော်ရွှင်ရွှင်ပဲ စကားစမြည်ပြောနေခဲ့လေသည်။
တခြားနေရာမှာသာ ဒီလို အဖြစ်အပျက်မျိုး ကြုံရရင် လျို့ယွင် အမျက်တော်ရှပြီး မြေပြင်ပေါ်ကို ဦးခေါင်းပြတ် တစ်ရာကျော် လိမ့်ကျသွားရလိမ့်မည် ဖြစ်သော်လည်း လျို့ယွင်တစ်ယောက် ဟဲဝမ်ရွာနှင့် အသားကျနေပါပြီ။ ဒေါသထွက်ရမည့်အစား ဆန့်ကျင်ဘက်အနေဖြင့် ဒီခံစားချက်က အလွန် သက်သောင့်သက်သာရှိပြီး နန်းတော်မှာထက် အများကြီး ပိုလွတ်လပ်သည်ဟု ခံစားရသည်။
“ အရှင့်သား … ”
တရားသူကြီးစုန့်က ပါးစပ်ဖွင့်ရုံပဲရှိသေး ၊ လျို့ယွင်က သူ့ကို ချက်ချင်း စကားဖြတ်ပြောလိုက်သည်။
“ ကျွန်တော် အဲ့လို ဆက်မခေါ်နဲ့တော့။ ”
“ ဘာလို့ပါလဲ။ ”
“ ဘာလို့ဆို ကျွန်တော်က အရှင့်သား ဆိုတဲ့ နဝမမြောက်မင်းသား မဟုတ်တော့ဘူး။ အခု ယိကျိုးမင်းသား ဖြစ်သွားပြီ။ ”
ယိကျိုးမင်းသား …… ။ လျို့ယွင်ကို တကယ်ပဲ မင်းသားဘွဲ့ အပ်နှင်းလိုက်တာလား … ။
တရားသူကြီးစုန့် အံ့ဩထိတ်လန့်သွားမိသည်။ ယိကျိုးစီရင်စုရဲ့ ပြည်သူတွေ ၊ အရာရှိတွေအတွက်တော့ ဒါက စိတ်ပူစရာပါပဲ။
တာ့လင်တိုင်းပြည်က မင်းသားဘွဲ့အပ်နှင်းတာကို ရပ်ဆိုင်းထားတာ နှစ်ပေါင်းတစ်ရာကျော်ပြီ ဖြစ်ပြီး ထိုအစား ဒေသအသီးသီးကို အုပ်ချုပ်ဖို့ အရာရှိတွေကိုပဲ စေလွှတ်နေခဲ့တာ ဖြစ်သည်။ အဲ့ဒါက ဧကရာဇ်တရားရုံတော်ရဲ့ စီမံခန့်ခွဲမှုကို လွယ်ကူချောမွေ့ဖို့ ပါသလို မင်းသားတွေရဲ့ ဂိုဏ်းခွဲဝါဒကို ရှောင်ရှားဖို့နှင့် ရုံးတော်ရဲ့ အခွန်ဘဏ္ဍာကို တိုးချဲ့ဖို့လည်း ပါသည်။
သို့သော်လည်း နှစ်တစ်ရာကျော်အကြာ ဒီနေ့မှာတော့ ယိကျိုးစီရင်စုရဲ့ နောက်ထပ် မင်းသားတစ်ပါး ထွက်ပေါ်လာခဲ့ပါပြီ။ ထိုမင်းသားက ဧကရာဇ် အချစ်ဆုံး နဝမမြောက်မင်းသားလည်း ဖြစ်သည်။
တာ့လင်တိုင်းပြည်ရဲ့ အဏာအချက်အချာမှာ အတွင်းလူဟောင်း ဖြစ်ခဲ့ဖူးတဲ့ တရားသူကြီးစုန့်သည် ဒီကိစ္စက ထင်သလောက် လုံးဝ မရိုးရှင်းတာကို ကောင်းကောင်း သိသည်။
ဒီကမ္ဘာကြီး တကယ်ပဲ ကသောင်းကနင်းဖြစ်တော့မှာလား … ။