ဧကရာဇ်
Vol. 17 Ch. 186
လျို့ယွင် နေပြည်တော်ကို ခဏတာ ပြန်သွားပြီးနောက် မင်းသားဘွဲ့အပ်နှင်းခံလိုက်ရတယ် ဆိုတာကို သိလိုက်ရသော လီယောင်သည် အံ့ဩသွားခဲ့သည်။
မင်းသားတစ်ပါး ဖြစ်သွားတယ် ဆိုတာက သူ့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတစ်ခု ရှိလာတော့မှာ ဖြစ်ပြီး ယိကျိုးစီရင်စုတစ်ခုလုံးဟာ လျို့ယွင်ရဲ့ ပိုင်နက် ဖြစ်လာတော့မယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်သည်။ တစ်နှစ်မှာ စုဆောင်းရရှိသမျှ အခွန်ဘဏ္ဍာတွေ အကုန်လုံးက သူနှင့်သာ သက်ဆိုင်ပြီး အနည်းအကျဉ်းကိုပဲ ဧကရာဇ်တရားရုံးတော်ကို ပေးစရာလိုပါသည်။
သာမန်အသိဉာဏ်ရှိတဲ့ ဘယ်သူမဆို ဒါက ဧကရာဇ်ရုံးတော်ရဲ့ အခွင့်အာဏာ အားလျော့လာတာကို သိနိုင်သည်။ ဧကရာဇ်က သူ့သားကို လွန်ကျူးတဲ့ အတိုင်းအတာတစ်ခုထိ သည်းသည်းလှုပ် ချစ်တာ သိသာထင်ရှားသည်။
ဒါပေမဲ့ အကောင်းဘက်က ကြည့်လျှင်တော့ ဧကရာဇ်တရားရုံးတော်ရဲ့ ထိန်းချုပ်ဟန့်တားမှုတွေ မရှိတော့ရင် လျို့ယွင်က ယိကျိုးစီရင်စုကို ကောင်းကောင်း အုပ်ချုပ်ပြီး ပြည်သူတွေဟာလည်း ပိုကောင်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါလိမ့်မည်။
အစဉ်အလာအရ တရားသူကြီးစုန့်လို စီရင်စုတရားသူကြီးတွေက နေပြည်တော်ကို ပြန်ပြီး ရာထူးအသစ် သတ်မှတ်ပေးမှာကို စောင့်ဆိုင်းလို့ ရသလို ဒီမှာပဲ ဆက်နေပြီး လျို့ယွင်အား သူတို့ရဲ့ ယိကျိုးကို စီမံခန့်ခွဲရာမှာ ကူညီလို့လည်း ရသည်။
သို့သော် အုပ်ချုပ်ရေးမှုးကိုတော့ ရာထူးပြောင်းရွေ့သွားမှာ မဟုတ်ပါ။
“ အုပ်ချုပ်ရေးမှူးလီကို နေပြည်တော်က မနေ့တုန်းက ဆင့်ခေါ်လို့ ပြန်သွားပြီ။ ” ဟု လျို့ယွင်က ပြောလိုက်သည်။ “ ဒါပေမဲ့ ဒီလို မဖြစ်ရင်တောင် သူ့ကို ရုံးတော်ကနေ ဖယ်ရှားပြီး ဒီတစ်ခေါက် သူ့ရဲ့ တာဝန်ပေါ့လျော့တဲ့ ကျိုင်းကောင်ကာကွယ်ရေးဆောင်ရွက်မှုတွေကို စစ်ဆေးခံရလိမ့်မယ်။ အနာဂတ်မှာ သူ နေပြည်တော်မှာ တက်လမ်းမရှိတဲ့ ရာထူး အသေးအဖွဲလေးတွေကိုပဲ ရလောက်တော့မယ်။ ”
တရားသူကြီးစုန့်သည် သူနှင့် နှစ်ပေါင်းများစွာ သိကျွမ်းလာခဲ့တဲ့ အုပ်ချုပ်ရေးမှူးလီ အဲ့ဒီလိုမျိုး အဆုံးသတ်သွားကြောင်း သိလိုက်ရတော့ အလွန် စိတ်မကောင်းဖြစ်သွားမိသည်။ အုပ်ချုပ်ရေးမှူးလီသာ သူ့စကားကို နားထောင်ပြီး ကျိုင်းကောင်တွေကို တိုက်ခိုက်ဖို့ အနည်းငယ် အားစိုက်ပြီး လူတွေကို စီစဉ်ပေးခဲ့ရင် ဒီတစ်ခေါက် နေပြည်တော်ကို ပြန်သွားပြီးနောက်ပိုင်း သေချာပေါက် ရာထူးတိုးပါလိမ့်မည်။
“ တရားသူကြီးစုန့်က ဘယ်လို ဆက်လုပ်မယ်လို့ ရည်ရွယ်ထားလဲ။ ” ဟု လျို့ယွင်က မေးသည်။
တရားသူကြီးစုန့်ရဲ့ နှလုံးသားထဲမှာတော့ နေပြည်တော်ကို ပြန်သွားချင်သည်။ ဘာပဲပြောပြော နေပြည်တော်မှာ သူ့မိသားစုနှင့် သူငယ်ချင်း ၊ အသိမိတ်ဆွေတွေ ရှိသည်။ ပြီးတော့ ဒီနှစ်ပိုင်းအတွင်း ပိုင်ချွမ်းမှာ သူ အတော်လေး တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့တာကြောင့် အခုချိန် ပြန်သွားရင် သူ့ရဲ့ ကောင်းမှု ၊ မကောင်းမှုတွေ မျှခြေညီသွားပြီး သူ့ရာထူးဟောင်းကို ပြန်ရယူနိုင်ပါလိမ့်မည်။
ဒါပေမဲ့ ဘာ့ကြောင့်ရယ်မသိဘဲ ထိုစကားကို ပြောဖို့ အချိန်ကျလာသောအခါ စကားလုံးတွေကို သူ ပြန်မျိုချလိုက်မိသည်။ ပိုင်ချွမ်းခရိုင်က ပြည်သူတွေနှင့် သူ့ကြားမှာ ခိုင်မာတဲ့ နှောင်ကြိုးတစ်ချောင်း ရှိနေပြီ ဖြစ်ကာ သူတို့ကလည်း သူ့ကို ခင်မင်လေးစားကြသည်။
နောက်ပြီး စိတ်ထဲမှာ မရေမတွက်နိုင်တဲ့ အတွေးအခေါ်ကောင်းတွေ ရှိတဲ့ လီယောင်နှင့် ဟဲဝမ်ရွာလည်း ရှိသည်။ သူ ဒီတိုင်း ထွက်သွားရင် လီယောင် နောက်ဆက်တွဲ တီထွင်မယ့် ထူးခြားဆန်းသစ်တဲ့ ပစ္စည်းတွေကို ချက်ချင်း သိနိုင်မှာ မဟုတ်တော့ပါ။ ထို့ကြောင့် အနည်းငယ် ဒွိဟဖြစ်နေမိသည်။
လျို့ယွင်က တရားသူကြီးစုန့် နှုတ်ဆိတ်နေတာကို ကြည့်ပြီး သူ့ရည်ရွယ်ချက်ကို ချက်ချင်း ထုတ်မပြောခိုင်းတော့ဘဲ “ ဒီမင်းသားက ယိကျိုးစီရင်စုရဲ့ တရားသူကြီးတွေ အကုန်လုံးကို သုံးရက်အတွင်း စုဝေးလိုက်ပါ့မယ်။ အဲ့ဒီတော့မှ တရားသူကြီးစုန့်ရဲ့ ရည်ရွယ်ချက်ကို ပြောလို့ ရပါတယ်။ ” ဟု ပြောလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ယိကျိုးမင်းသား။ ”
လျို့ယွင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ “ တကယ်တော့ ခင်ဗျား ဒီမှာပဲ ဆက်နေလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်နေတာ။ ”
ဒုတိယ စကားတစ်ဝက်ကို သူ မပြောဘဲ ချန်ရစ်ထားလိုက်ပေမဲ့ တရားသူကြီးစုန့်က ထိုစကားကို ခန့်မှန်းနိုင်သည်။ ဒီယိကျိုးမင်းသားက အနာဂတ်မှာ သူ့ကို အများကြီး အားကိုးပါလိမ့်မည်။
“ ဟုတ်ပြီ။ ဒီနေ့က ကျွန်တော့်ညီမလေးယန်ရန်ရဲ့ တစ်လပြည့်မွေးနေ့ ဆိုတော့ ဒီအကြောင်းတွေ မပြောဘဲ နေရအောင်။ ကျွန်တော် ဒေါ်လေးရဲ့ လက်ရာကို မစားရတာ ကြာပြီ။ ဒီနေ့ များများလေး စားသွားရမယ်။ ”
လျို့ယွင်က အရင်တုန်ကလိုပဲ လီယောင်နှင့်အတူ စားပွဲတစ်ဝိုင်းတည်းမှာ ပေါ့ပေါ့ပါးပါး ဝင်ထိုင်ရင်း ၊ သူ့ပန်းကန်ထဲကို အစားအသောက်တွေ ထည့်ရင်း လူတိုင်းနှင့် စကားစမြည်ပြောနေခဲ့သည်။
တရားသူကြီးစုန့်က ဟဲဝမ်ရွာထဲမှာ ကျိုင်းကောင်တွေကို တိုက်ခိုက်ခဲ့တဲ့ အကြောင်းတွေကို ပြောပြလိုက်တော့ လျို့ယွင်သည် အဲ့ဒါကို လွတ်သွားတဲ့ ကိုယ့်ကိုယ်ကိုယ် ပိုလို့တောင် နောင်တရသွား၏။
“ ကျွန်တော်သာ သိခဲ့ရင် အဲ့လို ကိစ္စမျိုးကို မလွတ်အောင်လို့ စောစော ပြန်လာတယ်။ အဒေါ်လီ့အိမ်မှာ ကျွန်တော် ကြော်စားလို့ ရမယ့် ကျိုင်းကောင် နည်းနည်းပါးပါး ကျန်သေးလား။ ”
“ အများကြီးတော့ မကျန်တော့ဘူး။ နင် စားချင်ရင် နင်ကိုယ်တိုင် လယ်ကွင်းထဲမှာ သွားဖမ်းလေ။ ငါ နင့်ကို ကြော်ကျွေးမယ်။ ”
“ ဟုတ်ကဲ့။ ” လျို့ယွင်က သူ့ရဲ့ ကိုယ်ရံတော်ပိုင်စုန့်ဘက်ကို လှည့်ပြီး ပြောလိုက်သည်။ “ နေ့ခင်းကျရင် ဝမ်ရှောင်စစ်ကို လမ်းပြခိုင်းပြီး ကျိုင်းကောင်တွေ သွားဖမ်းလိုက်။ ”
ပိုင်စုန့် : ???
နဝမမြောက်မင်းသား … မဟုတ်ဘူး ၊ ယိကျိူးမင်းသားက ဒီကို ရောက်လာတာနှင့်တစ်ပြိုင်နက် မတူညီတဲ့ လူအသစ်တစ်ယောက် ဖြစ်သွားတယ်လို့ သူ ခံစားရသည်။
အစားအသောက်တွေကို တည်ခင်းဧည့်ခံပြီးသွားတော့ လီယောင်က ရွာသူ ၊ ရွာသားတွေအား မကုန်သေးတဲ့ ဟင်းလျာတွေကို အိမ်ကို သယ်သွားကာ ဖြည်းဖြည်းချင်း စားခိုင်းခဲ့သည်။ အကုန်လုံးက သူမရဲ့ စိတ်ကို နားလည်တာမို့ အားနာမနေတော့ပါ။
သူတို့က အစားအသောက် ထုပ်ပိုးပြီးသွားတော့ စားပွဲတွေ ၊ ထိုင်ခုံတွေ ၊ ပန်းကန်လုံးတွေ ၊ တူတွေကို သန့်ရှင်းရေးလုပ်ဖို့တောင် ဝိုင်းကူညီပေးခဲ့သည်။
လျို့ယွင်ကတော့ သူ့ရဲ့ ဖောင်းကားနေတဲ့ ဗိုက်ကို ပွတ်ရင်း လာပြောသည်။ “ အဒေါ်လီက ငါးလည်း မျှားတတ်တယ်လို့ ခုနတုန်းက ချွန်းနျဉ် ပြောတာ ကျွန်တော် ကြားထားတယ်။ ”
“ အေး။ ”
“ အဒေါ် ကျွန်တော့်ကို ငါးဖမ်းနည်း သင်ပေးပါလား။ ”
“ သင်ပေးမယ်လေ။ အခုပဲ သင်ပေးမယ်။ ”
လီယောင်ကလည်း အခုမှ ဗိုက်တင်းနေအောင် စားသောက်ထား၍ လမ်းလျှောက်ချင်နေတာမို့ လျို့ယွင်နှင့် ပိုင်စုန့်ကို ခေါ်ပြီး ရေလှောင်တမံသို့ ထွက်လာခဲ့လိုက်သည်။
ရေလှောင်တမံကို ရောက်တော့ လျို့ယွင်က “ လှေက အရမ်း သေးတယ် ပိုင်စုန့်။ မင်း လိုက်မလာနဲ့တော့။ အဒေါ်လီနဲ့ ငါနဲ့ပဲ သွားလိုက်မယ်။ ” ဟု ပြောလိုက်လျှင် ပိုင်စုန့် အနည်းငယ် မျက်မှောင်ကြုတ်သွားရသည်။ လျို့ယွင်က ရေမကူးတတ်ပါ။ လီယောင်က အန္တရာယ်မရှိဘူးလို့ ထင်ရပေမဲ့ လှေစီးနေတုန်း လျို့ယွင်ကို အန္တရာယ်ပြုခဲ့ရင် …
ပိုင်စုန့်သည် ထိုအတွေးကြောင့် ခေါင်းခါယမ်းပြီး ကိုယ့်ကိုယ်ကိုယ် ရယ်ချင်သလို ပြုံးလိုက်မိသည်။ လီယောင်သာ လျို့ယွင်ကို အမှန်တကယ် အန္တရာယ်ပေးချင်ရင် အဲ့လို လုပ်ဖို့ အခွင့်အရေးတွေ မရေမတွက်နိုင်အောင် ရှိခဲ့ဖူးပါသည်။
လှေလေးပေါ်ကို သူတို့နှစ်ယောက် တက်လိုက်ကြသည်။ ဒီလို ရေလှောင်တမံအကြီးကြီးပေါ်မှာ ကိုယ်တိုင် လှေလှော်ဖူးတာ လျို့ယွင်အတွက် ပထမဆုံးအကြိမ်မို့ အတော်လေး စိတ်လှုပ်ရှားနေသည်။ သို့သော် လှေလှော်ခြင်းနှင့် မရင်းနှီးတဲ့ သူ့ကြောင့် လှေက ရေပေါ်မှာ ဆက်တိုက် ချာလပတ်ရမ်းကာ အချိန်အတော်ကြာ လှော်ပြီးတဲ့ထိ ဝေးဝေး မရောက်သေးပါ။
လီယောင်က သူ့ကို အာရုံစိုက်ဖို့ အလွန် ပျင်းရိနေတာမို့ ဒီတိုင်းပဲ လွှတ်ထားခဲ့သည်။ အစကတည်းက လျို့ယွင် ဒီကို လာရတဲ့ ရည်ရွယ်ချက်က လှေလှော်ပြီး ငါးဖမ်းဖို့ မဟုတ်တာကို သူမ သိသည်။
ခဏလောက် လှေလှော်တမ်း ဆော့ကစားပြီးသောအခါ လျို့ယွင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ချွေးတွေ ရွဲနစ်သွားခဲ့သည်။ နောက်ဆုံးတော့ သူ လှေလေးကို ရေလှောင်တမံအလယ်ကို ရောက်အောင် လှော်နိုင်ခဲ့ပါပြီ။
“ ကျွန်တော် ပင်ပန်းနေပြီ ၊ ကျွန်တော် ပင်ပန်းနေပြီ။ ” လျို့ယွင်က လှော်တက်တွေကို အောက်ချလိုက်သည်။ “ ခဏ နားကြရအောင်။ ”
“ ဒီနေရာမှာ ငါတို့ ပြောတဲ့ စကားတွေကို ဘယ်သူမှ မကြားနိုင်ဘူး။ နင့်မှာ အရေးကြီးတဲ့ စကားတွေ ပြောစရာရှိရင် လွတ်လွတ်လပ်လပ် ပြောလို့ ရပြီ။ ”
“ အဒေါ်လီက ဘယ်အရာမှ ကျော်တက်လို့ မရလောက်အောင် လိမ္မာပါးနပ်တယ်။ ”
လျို့ယွင်က ဘေးတစ်ဖက်ကို ယိမ်းကာ ရေတချို့ကို လက်ခုပ်နှင့် ခပ်ယူ၍ မျက်နှာသစ်ပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ အဒေါ့်ကို ယိကျိုးနန်းတော်မှာ ကျွန်တော့်ရဲ့ သိုင်းဆရာလုပ်ပေးဖို့ ဖိတ်ခေါ်ချင်တယ်။ ”
လီယောင် : … ဒီကောင်လေးက စကားတစ်ခုခုပြောပြီဆို ဘယ်တော့မှ ဆင်ခြင်တွေးတောမှု မရှိဘူး။ သူမက အမျိုးသမီးတစ်ယောက်လေ ၊ ဘယ်လိုလုပ် သိုင်းဆရာဖြစ်နိုင်မှာလဲ … ။ ဖြစ်ချင်းဖြစ် သိုင်းဆရာပဲ ဖြစ်တော့မှာပေါ့။ ဒါပေမဲ့ အဲ့ဒါကလည်း သင့်လျော်မှန်ကန်ပုံမပေါ်ပါ။
ဘယ်လိုပဲဖြစ်ဖြစ် လျို့ယွင် ပြောချင်တဲ့ အဓိပ္ပာယ်ကို သူမ နားလည်သည်။ သူက သူမကို သူ့ရဲ့ စစ်ဗျူဟာရေးဆွဲသူ လုပ်စေချင်နေတာပင်။ သို့သော် သူမက အငြိမ်းစားယူဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ အရင်ဘဝကတည်းက အငြိမ်းစားယူချင်ခဲ့တဲ့ သူမအတွက် ဒီလို အရေးကိစ္စတွေထဲမှာ လုံးဝ မပတ်သက်ချင်ပေ။
“ ငါက သာမန် ရွာသူလယ်သမားတစ်ယောက်ပဲ။ ဘယ်လိုလုပ် သိုင်းဆရာဖြစ်နိုင်မှာလဲ။ ”
“ အဲ့လိုတော့ မပြောပါနဲ့ အဒေါ်ရယ်။ အဒေါ့်မှာ အရမ်းကို ထူးခြားပြောင်မြောက်တဲ့ သိုင်းပညာရှိပါတယ်။ အဒေါ်သာ ကျွန်တော့်ကို ကူညီရင် ကျွန်တော် ယိကျိုးစီရင်စုကို ပိုကောင်းအောင် အုပ်ချုပ်နိုင်လိမ့်မယ်။ ”
လျို့ယွင်ရဲ့ မျက်နှာမှာ ဝမ်းနည်းမှုတွေ သိသိသာသာ ထင်ဟပ်နေသည်။ အများစုက ဟန်ဆောင်မှု ဆိုသော်လည်း လီယောင် အခုလို ဖြေလိမ့်မယ် ဆိုတာကို သူ အစကတည်းက ခန့်မှန်းထားပြီးသား ဖြစ်သည်။
သူ ဆက်ပြောမယ့် စကားတွေက အဒေါ်လီ့ကို မကျေမနပ်ဖြစ်စေနိုင်မယ့် အလားအလာများနေတာကြောင့် လျို့ယွင် ထိုအကြောင်းအရာကို ဘယ်လို ချဉ်းကပ်ရမှန်း မသိဘဲ နည်းနည်းလေး စိုးရိမ်ပူပန်နေရုံပါပဲ။
လီယောင်က အလွန် ပါးနပ်သည်။ လျို့ယွင်ကို မင်းသားဘွဲ့ အပ်နှင်းလိုက်တယ် ဆိုတဲ့ စကားကို ကြားကတည်းက ဧကရာဇ်က တစ်စုံတစ်ခုကို အကွက်ချနေတယ် ဆိုတာ ခန့်မှန်းမိသည်။
သူမရဲ့ လက်ထဲက ပစ္စည်းတွေက ရိုးရှင်းစွာပင် များပြားလွန်းနေပါပြီ။ အသီးအရွက်သနပ်လုပ်ငန်းနှင့် စက်ဘီးလုပ်ငန်းတင် မဟုတ်ဘဲ အရည်အသွေးမြင့် သံမဏိ ၊ ဘိလပ်မြေနှင့် လူအယောက်တစ်ရာကိုတောင် ကျော်လွန်နိုင်တဲ့ အင်အားရှိသော ရေနွေးငွေ့အင်ဂျင်တွေလည်း ရှိသည်။ ဘယ်ဧကရာဇ်က ဒီပစ္စည်းကို မလိုချင် ၊ မမက်မောဘဲ နေမှာတဲ့လဲ … ။
လက်ရှိ ဧကရာဇ်က တော်တော်လေး သဘောကောင်းနေလို့သာ သူမကို ပြောင်ပြောင်တင်းတင်း အမှုဆင်ပြီး သူမရဲ့ ပိုင်ဆိုင်မှုကို မသိမ်းယူဘဲ ပိုချောမွေ့တဲ့ နည်းဗျူဟာဖြစ်တဲ့ ‘ ပူးပေါင်းဆောင်ရွက်ခြင်း ’ ကို အသုံးပြုနေတာပါ။ ပြီးတော့ လျို့ယွင်က ဧကရာဇ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။
လီယောင် အခုအချိန်မှာ သူမ ပိုင်ဆိုင်ထားတဲ့ အရာအားလုံးကို စွန့်ပစ်ပြီး မိသားစုနှင့် ထွက်မပြေးချင်သောကြောင့် ဧကရာဇ်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ခွင့်မရှိ လက်ခံရပါလိမ့်မည်။ သူမ ဒီနည်းစနစ်တွေကို အခုလို အောင်မြင်တိုးတက်လာအောင် အများကြီး အပင်ပန်းခံခဲ့ရတာ ဖြစ်သည်။
ဒါပေမဲ့ အရေးအကြောင်းဆို သူမကိုယ်တိုင်အတွက် လွတ်လမ်းကိုလည်း လိုရမယ်ရ ရှာထားရပါမည်။