ဘယ်နေရာက ပိုက်ဆံရမှာလဲ
Vol. 17 Ch. 187
လျို့ယွင်သည် နောက်ဆုံးတော့ သတ္တိစုစည်းလိုက်ပုံဖြင့် သူ မေးချင်နေတဲ့ မေးခွန်းကို မေးခဲ့သည်။ “ ဒေါ်လေး ၊ ကျွန်တော် … ”
လီယောင်က သူ့ကို “ နင် ပြောစရာမလိုဘူး။ ငါ ပြောမယ်။ ” ဟု ချက်ချင်း ဖြတ်ပြောလိုက်လျှင် လျို့ယွင်တစ်ယောက် ကြောင်အသွားလေသည်။ “ ဒေါ်လေးက ကျွန်တော် ပြောမယ့် စကားကို သိနေတာလား။ ”
“ သိတယ်။ ” လီယောင်က လှေပေါ်က ငါးမျှားတံကို ယူကာ တီကောင်တစ်ကောင်နှင့် ငါးစာတပ်ပြီး ရေထဲကို လှမ်းပစ်ပြီးတော့မှ စနောက်သလို ပြောလိုက်သည်။ “ ငါ့ရဲ့ ဘယ်လောက်မှ မရှိတဲ့ ပိုင်ဆိုင်မှုလေးတွေကို နင်တို့ မျက်စိကျနေတာ မဟုတ်လား။ ”
လျို့ယွင်ရဲ့ မျက်နှာက ရဲတက်သွားသည်။ လတ်စသတ်တော့ အဒေါ်လီက သူ့ရည်ရွယ်ချက်တွေကို တကယ် သိနေတာပဲ။
အမှန်အတိုင်း ပြောရလျှင်တော့ ဒါက သူ လုပ်ချင်တဲ့ အရာ မဟုတ်ပါ။ တာ့လင်တိုင်းပြည်ဟာ မြောက်ပိုင်းက လူရိုင်းတွေဆီမှာ ခဏ ခဏ အလစ်ဝင်တိုက်ခံရပြီး ဒီနှစ်ထဲမှာ ပိုဆိုးလာကာ နွေဦးရာသီက စပြီး တာ့လင်တိုင်းပြည်ရဲ့ နယ်စပ်ဒေသတွေကိုတောင် ဝင်ရောက်လာ၏။
ထိုအချိန်မှာ တာ့လင်ရဲ့ တပ်သားတွေကတော့ အရည်အသွေးကောင်းတဲ့ စစ်မြင်းတွေ ၊ လက်နက်တွေ ၊ ချပ်ဝတ်တန်ဆာတွေ လိုအပ်နေသည်။ လုံလောက်မှုမရှိတဲ့ စားနပ်ရိက္ခာတွေကိုပါ ပေါင်းလိုက်တော့ သူတို့ဟာ ခြေလှမ်းတိုင်းမှာ နောက်ဆုတ်နေခဲ့ရသည်။
မြောက်ပိုင်းရှိ နယ်စပ်ဒေသတွေမှာ မိုင်တစ်ရာကျော်အထိ ကျူးကျော်ခံခဲ့ရပါပြီ။
“ ကျွန်တော့်မှာ တခြား ရွေးချယ်စရာ မရှိလို့ပါ ဒေါ်လေး။ ဒါပေမဲ့ ဒေါ်လေးဆီက ပစ္စည်းတွေကို ဘယ်တော့မှ ဈေးနှိမ်ပြီး မဝယ်ဘူးလို့ ကတိပေးပါတယ်။ ”
“ ဈေးနှိမ်တာတွေ ၊ မနှိမ်တာတွေကို ပြောနေစရာ မလိုပါဘူး။ ပြောရရင် ငါကလည်း တာ့လင်တိုင်းပြည်ရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။ အဲ့တော့ တာ့လင်းတိုင်းပြည်ကိုပဲ အမြဲတမ်း ရှေ့တန်းတင် စဉ်းစားမှာပါ။ ”
“ ဒေါ်လေးက အရမ်း စိတ်ထားမြင့်မြတ်တယ်။ ”
လီယောင်က “ ဒါပေမဲ့ ငါ့မှာ အခြေအနေ နှစ်ခုတော့ ရှိတယ်။ ” ဟု ပြန်ပြောလိုက်သည်။
“ ပြောပါ အဒေါ်လီ။ ”
“ ပထမတစ်ခုက နင်က အခု ယိကျိုးစီရင်စုရဲ့ မင်းသား ဖြစ်နေပြီ ဆိုတော့ တခြားဒေသတွေကို ထိန်းချုပ်လို့ မရတော့ဘူး။ အနာဂတ်မှာ ယိကျိုးစီရင်စုရဲ့ ပြည်သူတွေကို နင် ပိုကောင်းကောင်း ဆက်ဆံရမယ်။ နင် အဲ့လို လုပ်ပါ့မယ်လို့ ကတိပေးရင် ငါ့မှာ ရှိတဲ့ အနည်းအကျဉ်းကို နင့်ကို ကျေကျေနပ်နပ်ကြီး ပေးလိုက်မယ်။ ”
“ စိတ်ချပါ အဒေါ်။ ကျွန်တော်လျို့ယွင်က ယိကျိုးစီရင်စုရဲ့ ပြည်သူတွေကို ဘယ်တော့မှ ချမနင်းပါဘူးလို့ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။ ” လျို့ယွင်က ခိုင်ခိုင်မာမာ ကတိသစ္စာပြုလိုက်သည်။ “ ပြီးတော့ အဒေါ်ရဲ့ ပိုင်ဆိုင်မှုတွေကို ကျွန်တော့်ကို ပေးစရာ မလိုပါဘူး။ ကျွန်တော့်ခမည်းတော်က အဒေါ် မျှဝေပေးတဲ့ ပစ္စည်းတွေနဲ့ ကျွန်တော်တို့ကို ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတစ်ခု လုပ်စေချင်တာပါ။ ”
လျို့ယွင်က အနည်းငယ် မျက်ခုံးပင့်လိုက်သည်။ “ နင့်ခမည်းတော်က တကယ်ရော အဲ့လို ပြောတာ ဟုတ်လို့လား။ အခု နင့်ဘာသာ ဇာတ်လမ်းဆင်ပြီး ပြောနေတာ မဟုတ်ဘူးလား။ ”
လျို့ယွင်က အနည်းငယ် ရယ်ချင်သွားသော အမူအရာလေးဖြင့် “ ကျွန်တော်က အဒေါ့်ကို အဲ့လို ကိစ္စနဲ့ ပတ်သက်ပြီး ဘာလို့ လိမ်ရမှာလဲ အဒေါ်ရယ်။ ခမည်းတော်က ယိကျိုးစီရင်စုကို သူကိုယ်တိုင် လာလည်ချင်နေတာပါ။ ဒါပေမဲ့ သူက အသက်လည်း ရနေပြီ ၊ နေပြည်တော်မှာလည်း ပြဿနာလေးတွေ များနေလို့ မလာနိုင်တာပါ။ ”
လီယောင်သည် နေပြည်တော်ရဲ့ အရေးကိစ္စတွေကို စိတ်မဝင်စားသလို ထိုကိစ္စတွေကို စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းလည်း မရှိပါ။ ဒါပေမဲ့ ခွန်အားလျော့နည်းတဲ့ အသက်အရွယ်ကို ရောက်နေတာတောင် တိုင်းပြည်ကို ကောင်းကောင်း အုပ်ချုပ်ဖို့ ကြိုးစားနေတဲ့ ဧကရာဇ်ကတော့ ပညာဉာဏ်ပြည့်ဝတဲ့ အုပ်ချုပ်သူဖြစ်ဟန်တူသည်။
“ ဒုတိယ အခြေအနေကတော့ ငါ ပြောသမျှ စကားတိုင်းကို နင် နားထောင်ရမယ်။ ” ဟု လီယောင်က ဆက်ပြောလိုက်သည်။ “ အထူးသဖြင့် ယိကျိုးစီရင်စုကို တိုးတက်အောင် လုပ်ဖို့နဲ့ ပတ်သက်လို့ နင့်ခမည်းတော်ရဲ့ သဘောဆန္ဒကို ဆန့်ကျင်ရမယ် ဆိုရင်တောင် နင် ငါ့ကို အပြည့်အဝ ကူညီပံ့ပိုးပေးဖို့ လိုတယ်။ အဲ့ဒါအတွက် နင် စိတ်ဆုံးဖြတ်ပြီးပြီလား။ ”
“ ကျွန်တော်က အဒေါ့်ကို ဆရာတော်ဖို့တောင် စီစဉ်နေပြီပဲ။ အဒေါ့်စကားကို နားမထောင်စရာ အကြောင်းမရှိပါဘူး။ ” လျို့ယွင်က ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။ “ ပြီးတော့ ကျွန်တော်က အခု ယိကျိုးမင်းသားဖြစ်နေပြီ ၊ ဒါက ကျွန်တော် အုပ်ချုပ်ခွင့်ရတဲ့ ဒေသပဲ။ ကျွန်တော် သင့်တော်တယ်လို့ ထင်တဲ့ အရာကို ခမည်းတော်ရဲ့ ဝင်ရောက်စွက်ဖက်မှုမပါဘဲ လုပ်နိုင်ပါတယ်။ ”
“ နင် ဒီနေ့ ပြောတဲ့ စကားကို မှတ်ထားမယ်လို့ ငါ မျှော်လင့်တယ်။ ”
“ လျို့ယွင်က အဒေါ့်ကို သေချာပေါက် စိတ်မပျက်စေရပါဘူး။ ”
“ ဒါဆို အလုပ်အကြောင်း ပြောကြတာပေါ့။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ငါ အုပ်ချုပ်ရေးမှူးရှုကို အရည်အသွေးမြင့် သံမဏိကို ထုတ်လုပ်တဲ့ နည်းစနစ်ကို ပေးခဲ့တယ်။ ”
“ အုပ်ချုပ်ရေးမှူးရှုက အဲ့နည်းစနစ်ကို ကျွန်တော့်ခမည်းတော်ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ အခု အဲ့ဒါက ကျွန်တော့်လက်ထဲမှာပါ။ ” ဟု လျို့ယွင်က ပြောလိုက်သည်။ “ ခမည်းတော်က ဘုရင့်စစ်တပ်မှာ အသုံးပြုဖို့အတွက် ကျွန်တော့်ကို နေရာရှာပြီး အရည်အသွေးမြင့် သံမဏိတွေ ထုတ်လုပ်ခိုင်းနေတာပါ။ ”
“ ယိကျိုးစီရင်စုမှာ သံမဏိလုပ်လို့ ရတဲ့ သတ္ထုရိုင်းတွေ ရှိတော့ ရှိပေမဲ့ အများကြီး မရှိဘူး။ ပြီးတော့ ကျောက်မီးသွေးလည်း မရှိဘူး။ အဲ့ဒါကြောင့် ထုတ်လုပ်ရေးကုန်ကျစရိတ်တွေက အရမ်း များလိမ့်မယ်။ ”
“ နန့်ကျောက်တိုင်းပြည်မှာ သတ္ထုရိုင်းတွေ အများကြီး ရှိတယ်။ ဒီကို သယ်ပူပို့ဆောင်ရတာလည်း ခက်ခဲမှာ မဟုတ်ဘူး။ ” ဟု လျို့ယွင်က ပြောလိုက်သည်။ “ ကျောက်မီးသွေးကတော့ မြောက်ပိုင်းကနေ ဒီကို ပို့ဆောင်တာက နည်းနည်းလေး ဈေးကြီးလိမ့်မယ် ဆိုပေမဲ့ လက်ခံပေးလို့ ရပါသေးတယ်။ ဘိလပ်မြေထုတ်လုပ်ဖို့အတွက် သတ္ထုချေးကိုလည်း အသုံးပြုလို့ ရတယ်။ ”
“ နင်က သံမဏိအလုပ်ရုံကို ဘယ်မှာ ဆောက်မယ်လို့ စီစဉ်ထားတာလဲ။ ”
“ ယိကျိုးစီရင်စု တောင်ပိုင်းမှာ ဖြစ်လောက်မယ်။ အဲ့ဒီမှာဆို နန့်ကျောက်တိုင်းပြည်နဲ့ ပိုနီးတယ်။ ”
“ ကောင်းသားပဲ။ ”
“ ဒါဆို သံမဏိအလုပ်ရုံတွေအတွက် အဒေါ်လီက နည်းစနစ်ကို ပေးပြီး ပိုင်ဆိုင်မှု ( ၂၀ ) ရာခိုင်းနှန်းကို ရမယ် ဆိုရင် ဘယ်လို သဘောရလဲ။ ”
နည်းစနစ်ကို မျှဝေပေးမှုအတွက် ပိုင်ဆိုင်မှု ( ၂၀ ) ရာခိုင်နှုန်းကို အလကားရမည်တဲ့။ သူက အတော်လေး စိတ်ရင်းစေတနာကောင်းသည်။
လီယောင် အုပ်ချုပ်ရေးမှူးရှုကို ပေးလိုက်တဲ့ နည်းစနစ်နှင့် ယှဉ်လျှင် နောက်ပိုင်းမှာ နည်းပညာအသစ်တွေ ထပ်ထည့်ပြီး တိုးတက်စေဖို့ အလားအလာတွေ အများကြီး ရှိတာမို့ လျို့ယွင်အတွက်လည်း ဒါက အရှုံးမရှိပေ။
လက်ရှိ ဘိလပ်မြေထုတ်လုပ်ရေး နည်းစနစ်တွေက အရမ်း အရည်အသွေးနိမ့်သည်။ လီယောင်သာ ပိုင်ဆိုင်မှု တချို့တစ်ဝက်ကို မရရင် ထိုနည်းစနစ်တွေကို ထပ်မပေးဖို့ သေချာသည်။
“ တခြား စီးပွားရေးလုပ်ငန်းတွေကရော ဘယ်လိုလဲ။ ” ဟု လီယောင်က မေးလိုက်သည်။ “ အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေ ၊ ဆေးဖက်ဝင်လိမ်းဆေးတွေ ၊ ကြမ်းပြင်ခင်းတဲ့ ကြွေပြားတွေ ၊ နွားလှည်းတွေ … နင် အဲ့လုပ်ငန်းတွေကိုရော မပူးပေါင်းချင်ဘူးလာား။ ”
လျို့ယွင်က အိုးတိုးအမ်းတမ်း ပြုံးလိုက်သည်။ “ အဲ့ဒါတွေကိုတော့ ထားလိုက်ပါတော့။ ဧကရာဇ်မိသားစုက အရမ်း လောဘကြီးတယ်လို့ လူတွေ ပြောတာမျိုး မဖြစ်စေချင်ဘူး။ ”
“ မီးရှူးမီးပန်းတွေကရော ဘယ်လိုလဲ။ ”
“ မီးရှူးမီးပန်းတွေ ….. ”
လျို့ယွင် အနည်းငယ် အံ့အားသင့်သွားရသည်။ အဒေါ်လီ မီးရှူးမီးပန်းတွေကိုမှ ဘာလို့ တစ်မျိုးတည်း ရွေးကွက်ပြောရတာလဲ ဆိုတာ သူ နားမလည်ပါ။ မီးရှူးမီးပန်းတွေကို သူ့မျက်လုံးနှင့် ကိုယ်တိုင် မမြင်ဖူးပေမဲ့ ကြားဖူးသည်။ အဲ့ဒါက ကောင်းကင်ပေါ်မှာ ရောင်စုံအလင်းတွေ ဖြာထွက်သွားစေတဲ့ ပစ္စည်းတွေ မဟုတ်လား … ။
ချမ်းသာတဲ့ အရာရှိတွေ ၊ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်တွေနှင့် ကုန်သည်ကြီးတွေက မီးရှူးမီးပန်းကို သဘောကျသော်လည်း ဧကရာဇ်မိသားစုကတော့ အသင့်အတင့် ကစားစရာတစ်ခုအဖြစ်သာ မြင်သည်။
“ မီးရှုးမီးပန်းတွေကိုလည်း ထားလိုက်ပါတော့။ ”
လီယောင် ခေါင်းညိတ်ပြလိုက်သည်။ မီးရှုးမီးပန်းတွေက ဘယ်လောက်တောင် အံ့ဩဖွယ်ရာကောင်းနိုင်လဲ ဆိုတာ ဧကရာဇ်မိသားစုက နားလည်ပုံမပေါ်ပါ။ သူတို့က နားမလည်မှတော့ သူမလည်း ထိုအကြောင်းကို ပြောပြမနေတော့ပါ။ မီးရှူးမီးပန်းတွေက အရမ်း ခေတ်ရှေ့ပြေးလွန်းနေသည်။
“ တခြား ပြောစရာတွေ ရှိသေးလား။ ” ဟု လီယောင်က မေးလိုက်တော့ လျို့ယွင်က တွန့်ဆုတ်သွားပြီးမှ “ လောလောဆယ်တော့ ပြောစရာမရှိတော့ပါဘူး။ ” ဟု ပြန်ပြောသည်။
“ တကယ် ပြောစရာမရှိတော့ဘူးလား။ ”
“ ကျွန်တော် မဖြစ်မနေ တစ်ခုခု ပြောရမယ် ဆိုရင် ယိကျိုးစီရင်စုကို ဘယ်လို သေချာ အုပ်ချုပ်ရမလဲ ဆိုတာ အဒေါ့်ဆီက အကြံတောင်းချင်တယ်။ ”
“ သင့်လျော်ကောင်းမွန်တဲ့ အုပ်ချုပ်မှုမှာ ဘယ်လို အရည်အသွေးတွေ လိုတယ်လို့ နင် ထင်လဲ။ ”
“ အင်း … ” လျို့ယွင်က ခဏ စဉ်းစားနေသည်။ “ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ရမယ် ၊ အနည်းဆုံးတော့ အိမ်ထောင်စုက ဟဲဝမ်ရွာသူ ၊ ရွာသားတွေလို နေထိုင်နိုင်ရမယ် ၊ ပြီးတော့ ပြည်သူတွေက ဥပဒေကို လိုက်နာပြီး အိမ်နီးချင်းတွေနဲ့ သင့်သင့်မြတ်မြတ် နေရမယ်။ လောလောဆယ် ကျွန်တော် စဉ်းစားလို့ ရသလောက်တော့ ဒါပဲ။ ”
လီယောင်က ငါးကြင်းလေးတစ်ကောင်ကို ရေထဲကနေ ဖျတ်ခနဲ ဆွဲမြှောက်ယူပြီး သူမရဲ့ ငါးမျှားချိတ်မှာ နောက်ထပ် တီကောင်တစ်ကောင်ကို ချိတ်ကာ ဆက်လက် ငါးမျှားနေလိုက်သည်။
“ တကယ်တော့ အနှစ်ချုပ်လိုက်ရင် တစ်ခုတည်းပဲ လိုအပ်တယ် … အဲ့ဒါက ပိုက်ဆံပဲ။ ပြည်သူတွေက ချမ်းသာကြွယ်ဝလာရင် ဥပဒေချိုးဖောက်မှုတွေလည်း သဘာဝအလျောက် လျော့နည်းသွားမှာပဲ ၊ အသေးအဖွဲ ပြဿနာလေးတွေအတွက် မပြီးနိုင်မစီးနိုင် ငြင်းခုံနေတာတွေလည်း ရပ်သွားလိမ့်မယ်။ ဒါ့ကြောင့် အနှစ်ချုပ်လိုက်ရင် စကားလေးခွန်းပဲ ရှိတယ် : ချမ်းသာအောင်လုပ် တဲ့။ ”
“ ဒါဆို ကျွန်တော်တို့ ပြည်သူတွေကို ချမ်းသာအောင် ဘယ်လို လုပ်ပေးရမှာလဲ။ ”
“ အဲ့ဒါက မလွယ်ဘူး။ ဒါပေမဲ့ ငါ နင့်ကို ချမ်းသာဖို့အတွက် ဆိုရိုးစကားတစ်ခုကိုတော့ သင်ပေးနိုင်တယ်။ ”
“ ကျေးဇူးပြုပြီး ပြောပြပေးပါ အဒေါ်လီ။ ”
“ ချမ်းသာချင်ရင် အရင်ဆုံး လမ်းဆောက်ပါတဲ့။ ”
“ လမ်းဆောက်ပါ …… ”
လျို့ယွင်သည် ထိုစကားလုံးသုံးလုံးကို လေးလေးနက်နက် စဉ်းစားတွေးတောပြီးမှ ဖျတ်ခနဲ ဉာဏ်အလင်းပွင့်သွားသည်။ တကယ်တော့ သူ့ရှေ့က ပိုင်ချွမ်းခရိုင်က အကောင်းဆုံးဥပမာပဲ မဟုတ်လား … ။
မနှစ်တုန်းက ပိုင်ချွမ်းခရိုင်ဟာ ကပ်ရောဂါလျော့ကျစေရေးအတွက် အလဲအလှယ်အနေဖြင့် ဒုက္ခသည်တွေကို အလုပ်ပေးပြီး လမ်းတွေ အများကြီး ဆောက်လုပ်ခိုင်းခဲ့သည်။ တိတိကျကျ ပြောရလျှင် ထိုအချက်ကြောင့်ပဲ ရွာအားလုံးက ရွာသူ ၊ ရွာသားတွေ ခရီးသွားလာဖို့ အလွန် လွယ်ကူချောမွေ့သွားပြီး ဘယ်ပစ္စည်းကိုမဆို ဈေးကို ချက်ချင်း ယူသွားပြီး ရောင်းချနိုင်တာပင်။
ပြီးတော့ ဒါက မူလအားဖြင့် အဒေါ်လီရဲ့ စိတ်ကူး ဖြစ်၍ သေချာပါက် အမှားအယွင်းမရှိပါ။
“ ဒါပေမဲ့ လမ်းဆောက်တာက ငွေတွေ အများကြီး လိုတယ်။ ” လျို့ယွင်က သူ့ကိုယ်သူ နှိမ့်ချစွာ ပြောလိုက်သည်။ “ အခု ကျွန်တော်က ယိကျိုးမင်းသား ဖြစ်သွားပြီ ဆိုတာနဲ့ပဲ ပိုက်ဆံအများကြီး ထုတ်ပေးနိုင်ပြီလို့ မထင်ပါနဲ့။ ”
“ ဘယ်သူက နင့်ဆီက ပိုက်ဆံတောင်းနေလို့လဲ။ ”
လျို့ယွင်က ဆက်ပြောနေသည်။ “ ခမည်းတော်က ကျွန်တော့်ကို ဘာမှ ပေးမှာ မဟုတ်ဘူး။ ပြီးတော့ တိုင်းပြည်ရဲ့ ဘဏ္ဍာတိုက်ထဲမှာလည်း ဘဏ္ဍာတွေ တဖြည်းဖြည်း လျော့နည်းလာပြီ။ ”
“ နင့်ခမည်းတော်ဆီကလည်း ပိုက်ဆံတောင်းစရာ မလိုပါဘူး။ လမ်း ဆိုတာ ပြည်သူတွေအတွက် ဆောက်ပေးတာပဲ ၊ ကုန်ကျစရိတ်ကလည်း သူတို့ဆီကပဲ လာသင့်တာပေါ့။ ”
“ အဲ့ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ” လျို့ယွင်က ချက်ချင်း ခေါင်းခါယမ်းလိုက်သည်။ “ ကျွန်တော်က အခုမှ ရောက်ရုံပဲ ရှိသေးတယ် ၊ ပြည်သူတွေဆီက ပိုက်ဆံကို ထင်ရာစိုင်းပြီး တောင်းနေရင် သူတို့ မကျေနပ်မှာ သေချာတယ်။ အနာဂတ်မှာ ကျွန်တော်ယိကျိုးမင်းသားက အဆဲခံရလိမ့်မယ်။ ”
“ နင် သူတို့ဆီက ပိုက်ဆံတောင်းတာ မဟုတ်ပါဘူး။ ခဏ ချေးရုံပါပဲ။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ယိကျိုးစီရင်စုရဲ့ ပြည်သူတွေဆီက ပိုက်ဆံချေးပြီး သူတို့ကို အတိုးပေးပါ့မယ် ၊ သုံးနှစ်အတွင်း အတိုးရော ၊ အရင်းရော ပြန်ဆပ်ပါ့မယ်လို့ ကတိပေးလိုက်။ အဲ့ဒါဆို နင် ပိုက်ဆံရပြီ မဟုတ်ဘူးလား။ ”
“ ဒါပေမဲ့ သုံးနှစ်ပြည့်သွားရင် ကျွန်တော်က ဘယ်က ပိုက်ဆံနဲ့ အကြွေးဆပ်ရမှာလဲ။ ”
“ လမ်းတွေ ဆောက်ပြီးသွားတာနဲ့ ကုန်သွယ်ရေးက သေချာပေါက် တိုးတက်လာလိမ့်မယ် ၊ နေရာပေါင်းစုံက ရတဲ့ အခွန်အတုပ်တွေလည်း တိုးလာလိမ့်မယ်။ ဆား ၊ သံမဏိနဲ့ လက်ဖက်ခြောက်ကို ထိန်းချုပ်ရာကနေ ရတဲ့ အမြတ်အစွန်းတွေကိုပါ ထည့်ပေါင်းလိုက်ရင် နင် အဲ့ပိုက်ဆံကို ပြန်မဆပ်နိုင်ဘဲ နေမလား။ ”
“ အဒေါ် ပြောတာ ဟုတ်သားပဲ။ ဘာလို့ ဒီနည်းလမ်းကို အရင်တုန်းက ဘယ်သူမှ မစဉ်းစားမိတာပါလိမ့်။ ” လျို့ယွင်က ထပ်မေးလိုက်သည်။ “ ဒါပေမဲ့ ပြည်သူတွေက ဘယ်က ရတဲ့ ပိုက်ဆံနဲ့ ပစ္စည်းတွေကို ဝယ်မှာလဲ။ ”