စစ်သူကြီးကျင်း
Vol. 14 Ch. 162
ခဏလောက် စကားစမြည်ပြောဆိုပြီးနောက် ထန်မင်လွေ့သည် နောက်ဆုံးတွင် လိုရင်းကို မေးမြန်းလာခဲ့သည်။
“အစ်ကိုကြီးမော့၊ မရီးမော့၊ ဒီတစ်ခေါက် အရုပ်တွေကို ဘယ်လိုဖြစ်လို့ မယူလာရတာလဲ။”
ဟဲကျစ်ယန်က သူ့လက်တွေကိုဖြန့်ပြီး အမှန်တရားကို ပြောပြသည်။
“မကြာသေးမီက သခင်လေးထန်ရဲ့ အရုပ်ရောင်းရငွေကို ကျွန်မ မသိဘူးလေ။ ဒါကြောင့် အရုပ်တွေကို ကျွန်မတို့နဲ့အတူ မယူလာခဲ့မိဘူး။ ကျွန်မတို့တွေ ဆိပ်ခံနားမှ ခြံဝင်းတစ်ခု ငှားထားတယ်။ အဲဒီမှာ အရုပ်တွေကို သိမ်းထားလို့ အဆင်ပြေတယ်။ သခင်လေးထန် အချိန်မရွေး ပစ္စည်းတွေ လာယူလို့ ရတယ်။”
“ကောင်းပါပြီ၊ ကျွန်တော် အရုပ် နည်းနည်းလောက် ယူဖို့ အစ်ကိုကြီးမော့နဲ့ မရီးမော့တို့နောက် လိုက်လာခဲ့မယ်။”
ထန်မင်လွေ့သည် ကုန်ပစ္စည်များ လိုက်ယူဖို့ စိတ်အားထက်သန်နေခဲ့သည်။ လက်ဖက်ရည်သောက်နေတာတောင် အရသာပျက်သွားသလို ခံစားခဲ့ရသည်။
ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် ဤကဲ့သို့သော ပျင်းစရာကောင်းသည့် စကားဝိုင်းတွင် အချိန်မဖြုန်းချင်သောကြောင့် ထန်မင်လွေ့ကို ကုန်ပစ္စည်းလိုက်ယူဖို့ ခေါ်လာခဲ့ကြသည်။
ထန်မင်လွေ့သည် သူတို့နေထိုင်ရာနေရာကို သိပြီး ကုန်ပစ္စည်း သွားယူဖို့ အသွားအပြန် အဆင်ပြေမည်ဟု ခံစားမိသောကြောင့် ယနေ့တွင် သူနှင့်အတူ အရုပ် ( ၅၀ ) ကိုသာ ယူဆောင်သွားခဲ့သည်။
ဒီတစ်ခေါက် ဝင်ငွေက အတော်လေး များသည်။ ထို့ကြောင့် ဟဲကျစ်ယန်သည် အမျိုးသမီးများအတွက် လုပ်အားခကို တစ်ရုပ်လျှင် ငွေတစ်လျန်းစီ ပေးခဲ့သည်။
အမျိုးသမီးများ၏ ဝင်ငွေ တိုးပွားလာသော်လည်း အရုပ်ပြုလုပ်သည့် ကုန်ပစ္စည်းများမှာလည်း သိပ်မကြာခင်မှာ ကုန်သွားခဲ့သည်။
ဟဲကျစ်ယန်သည် ဒါကို အချိန်တန်လျှင် ရပ်တန့်ဖို့ စီစဉ်ထားခဲ့သည်။ ဒီကနေ ရသည့် ဝင်ငွေက သူ့ကိုယ်သူ ထောက်ပံ့ရန် ငွေအလုံအလောက် ရရှိထားပြီးဖြစ်သည်။ ဒီအတွက် ပြဿနာတွေ မများစေချင်ဘူး။
ထန်မင်လွေ့သည် စီးပွားရေးလုပ်ရာတွင် အလွန်တော်သည်။ ခုနစ်ရက်အတွင်း အမျိုးသမီးများ ချုပ်လုပ်ထားသည့် အရုပ်တွေ အကုန်လုံးကို ရောင်းချနိုင်ခဲ့သည်။
ရှဲ့မိသားစုနှင့် ဖန့်မိသားစုတို့သည် ငွေလျန်း ( ၅၀ ) ကို တစ်ဖန် ခွဲဝေရရှိခဲ့ပြန်သည်။
ယခုအချိန်မှာတော့ သူတို့မိသားစုသည် အရုပ်များပြုလုပ်ခြင်းမှ ငွေလျန်းဒါဇင်များစွာကို စုဆောင်းထားနိုင်ခဲ့ပြီဖြစ်သည်။
ငွေကို ခြိုးခြိုးခြံခြံ သုံးစွဲနေသည့် ကာလပတ်လုံး အနောက်မြောက်ဘက်သို့ ရောက်ရှိပြီးနောက် စိတ်အေးချမ်းသာစွာဖြင့် အိမ်နှင့် မြေကို ဝယ်ယူနိုင်မည်ဖြစ်ကာ မိသားစု စားဝတ်နေရေးအတွက် စိတ်ပူစရာ မလိုတော့ပါ။
ဒီအတွက်ကြောင့် မိသားစုနှစ်စုရဲ့ ကျေးဇူးတင်စိတ်တွေက ပိုမိုအားကောင်းလာခဲ့ပါသည်…။
သူတို့က ဒီမှာ ခဏလောက် နေရဦးမယ်လို့ ထင်ကြပြီး နှစ်သစ်ကို ဒီမှာ ကုန်ဆုံးဖို့ကိုတောင် ပြင်ဆင်ထားကြသည်။
မမျှော်လင့်ဘဲ အစီအစဉ်များသည် အပြောင်းအလဲများကို လိုက်မမီဘဲ ဖြစ်လိမ့်မည်ဟု ဘယ်သူထင်မိမှာလဲ။
နန်ဟန်ကို ရှာဖွေရန် တော်ဝင်တရားရုံးမှ စေလွှတ်လိုက်သော တပ်ကြီးများသည် မြို့တွင်းသို့ ဝင်ရောက်လာခဲ့သည်။
အဖွဲ့ကို ဦးဆောင်လာသည့် စစ်သူကြီးကျင်းသည် နယ်စပ်တွင် ရှိနေစဉ် မော့မိသားစုထံမှ ကြင်နာမှုကို လက်ခံရရှိခဲ့သည်။
မူလက မော့မိသားစု၏ ပိုင်ဆိုင်မှုများ အသိမ်းခံရပြီး ပြည်နှင်ဒဏ်ပေးခံရသောအခါတွင် သူသည် မော့မိသားစုအား တိတ်တဆိတ် သွားကြည့်ချင်ခဲ့သည်။
မမျှော်လင့်ဘဲ၊ ဧကရာဇ်ရွှင်းဝူသည် ဤအချက်ကို သတိပြုမိနေခဲ့သည်။ မော့မိသားစုနှင့် နီးစပ်ဖူးသူတိုင်းကို မော့မိသားစုဝင်တွေ မြို့ထဲမှ ထွက်ခွာသွားသည့် သတင်း မရရှိမချင်း သူတို့အား နန်းတော်ထဲမှာ နေရမယ်လို့ အမိန့်ပေးခဲ့သည်။
စစ်သူကြီးကျင်း၏ မိသားစုဝင်များသည် မော့မိသားစုကြောင့် ဧကရာဇ်မင်းကို စော်ကားမိမည်ကို စိုးရိမ်သောကြောင့် သူ့အား မည်သည့်လှုပ်ရှားမှ မလုပ်ဆောင်ဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့သည်။
ဤအကြောင်းကြောင့် စစ်သူကြီးကျင်းသည် ရက်အတော်ကြာ အပြစ်ရှိသည်ဟု ခံစားခဲ့ရသည်။
သူ ဒီကို လာဖို့ စေတနာ့ဝန်ထမ်းလုပ်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ ပြည်နှင်ဒဏ်ပေးခံရသည့် မော့မိသားစုဝင်နောက် အမှီလိုက်ဖို့နှင့် သူတို့ကို တိတ်တဆိတ် အကူအညီပေးနိုင်ဖို့ မျှော်လင့်ခဲ့တာပင် ဖြစ်သည်။
သို့သော် သူ သွားရမည့် လိုရာခရီးသို့ မရောက်မချင်း ပြည်နှင်ဒဏ်ပေးခံရသည့် ခရီးတန်းကို မတွေ့ခဲ့ရပေ။
စစ်သူကြီးကျင်းသည် မော့မိသားစုနှင့် တွေ့ဆုံနိုင်မည့် အခွင့်အရေးကို လွတ်သွားပြီဟု ခံစားမိသောအခါတွင် သူ့လူများကို သူတို့လိုရာခရီးအတိုင်း ဆက်လက်ချီတက်ဖို့ အမိန့်ပေးဖို့ကိုသာ တတ်နိုင်ခဲ့သည်။ မြို့ထဲမှာ မင်းသားဟန်ကို လိုက်ရှာနေချိန်တွင် သူ့ရှေ့မှာ အကျွမ်းတဝင်ရှိသော ပုံရိပ်တစ်ခုကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။
မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် ရိက္ခာများ ဝယ်ယူရန် ထွက်လာခဲ့ကြသည်။ သူတို့နောက်မှာ စစ်သားများ၏ အသံကို ကြားသောအခါတွင် သူတို့၏ ပုံရိပ်ကို လျှော့ချဖို့ လမ်းဘေးသို့ တမင်တကာ ဆင်းရပ်ပေးခဲ့သည်။
မထင်မှတ်ဘဲ စစ်သူကြီးကျင်းသည် မော့ကျိုးယွီ၏ နောက်ကျောကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိနေခဲ့သည်။
“ဒါက မော့မိသားစုရဲ့ သခင်လေးမော့များလား။”
မော့ကျိုးယွီက ရပ်ပြီး နောက်လှည့်ကြည့်သည်။
“စစ်သူကြီးကျင်း”
စစ်သူကြီးကျင်းသည် မြင်းပေါ်မှ အမြန်ဆင်းပြီး မော့ကျိုးယွီဆီသို့ လျှောက်လာခဲ့သည်။ ထို့နောက် သူက မော့ကျိုးယွီကို ဂရုတစိုက် စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် မော့ကျိုးယွီ၏ ပခုံးပေါ် ပြင်းထန်စွာ ရိုက်ချလိုက်သည်။
“ကောင်းတယ်၊ မင်း အသက်ရှင်နေသေးတာပဲ၊ ဒါ အရမ်းကောင်းတယ်။”
ထို့နောက် သူသည် ကျယ်လောင်စွာ ရယ်မောလိုက်သဖြင့် လမ်းသွားလမ်းလာအားလုံး၏ အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။
စစ်သူကြီးကျင်းကို လူများဝိုင်းအုံကြည့်နေကြောင်း တွေ့လိုက်ရတော့ သူ့လူတွေက လူများကို လိမ္မာပါးနပ်စွာ မောင်းထုတ်လိုက်ကြသည်။
စစ်သူကြီးကျင်းကိုတွေ့လိုက်ရတော့ မော့ကျိုးယွီသည်လည်း ရင်းနှီးမှုကို ခံစားခဲ့ရသည်။
“စစ်သူကြီး၊ မင်းသားဟန်ပျောက်ဆုံးမှုကို စုံစမ်းဖို့ ရောက်လာတာလား။”
စစ်သူကြီးကျင်းသည် မော့ကျိုးယွီကို အပေါ်အောက်ငုံ့ကြည့်ပြီး သူ့နားအနားသို့ကပ်ကာ ပြောလိုက်သည်၊ “မင်း ဒီလူအိုကြီးကို ပြောကြည့်၊ မင်းသားဟန်ရဲ့ ပျောက်ဆုံးမှုက မင်းနဲ့ သက်ဆိုင်နေလား။”
မော့ကျိုးယွီကို စမြင်ပြီးကတည်းက မင်းသားဟန်၏ ပျောက်ဆုံးမှုသည် မော့ကျိုးယွီနှင့် တစ်ခုခု ပတ်သက်နေလိမ့်မည်ဟု ခံစားမိနေသည်။
“စစ်သူကြီးကတော့ ကျိုးယွီကို တကယ် မှားယွင်း အပြစ်တင်နေတာပဲ။ မင်းသားဟန်နဲ့ ကျွန်တော်က အာဃာတ မရှိဘူး။ ကျွန်တော် သူ့ကို ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်ပါ့မလဲ။ ဒါ့အပြင် အခု ကျွန်တော်က ပြည်နှင်ဒဏ်ပေးခံထားရသူလေ။ တော်ဝင်တရားရုံးရဲ့ အငြင်းပွားမှုတွေက ကျွန်တော်နဲ့ မသက်ဆိုင်တော့ဘူး။ ကျွန်တော့်ရဲ့ မိသားစုဝင်တွေအားလုံး အနောက်မြောက်ဘက်ကို ဘေးကင်းကင်းနဲ့ ရောက်ရှိသွားပြီး အေးအေးဆေးဆေး နေထိုင်နိုင်ဖို့ကိုပဲ မျှော်လင့်တယ်။”
စစ်သူကြီးကျင်းက ပေါ့ပေါ့ပါးပါး မေးလိုက်တာပဲဖြစ်သည်။ မော့ကျိုးယွီ၏ တည်ကြည်လေးနက်သော အမူအရာအရ သူ လိမ်ပြောနေပုံမပေါ်သည်ကို သူ မြင်လိုက်ရသည်။
“ဒါက မင်း မဟုတ်တာ ကောင်းတယ်။ မဟုတ်ရင် ဒီအဖိုးကြီးက မင်းကို ဘယ်လို လွတ်မြောက်အောင် ကူညီပေးရမလဲဆိုပြီး ခေါင်းခြောက်နေရလိမ့်မယ်။”
မော့ကျိုးယွီက ကိုးရိုးကားရားနိုင်စွာ ပြုံးလိုက်မိသည်၊ “စစ်သူကြီးကတော့ အရမ်းစိုးရိမ်နေတာပဲ။ မင်းသားဟန် ပျောက်သွားတာက ကျွန်တော်နဲ့ ဘာမှ မဆိုင်ပါဘူး။”
“ကောင်းပြီ၊ အခု ငါ စိတ်သက်သာရာရသွားပြီ” စစ်သူကြီးကျင်းက ပြောလိုက်ရင်း သူ့ဘေးနားမှ ဟဲကျစ်ယန်ကို လှမ်းကြည့်လိုက်သည်။
“ဒါက ဘဏ္ဍာရေးဝန်ကြီးရဲ့ သမီးလေးလား။”
စစ်သူကြီးကျင်းသည် ရန်သူထက် သူငယ်ချင်းဖြစ်နိုင်မှန်းကို ဟဲကျစ်ယန် မြင်နိုင်သည်။
စစ်သူကြီးကျင်းအား လေးစားစွာ အရိုအသေပေးလိုက်သည်၊ “မင်္ဂလာပါ စစ်သူကြီး”
စစ်သူကြီးကျင်းသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြန်သည်၊ “အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်၊ ကျိုးယွီက ဒီလိုချောမောလှပတဲ့ ဇနီးသည်ကို လက်ထပ်ခွင့်ရတာ အရမ်းကံကောင်းတယ်။”
မော့ကျိုးယွီသည် အခြားသူများ သူ့ဇနီးကို ချီးကျူးသောအခါ သူ ချီးကျူးခံရသည်ထက် ပို၍ ပျော်ရွှင်နေခဲ့သည်။
“ကျွန်တော့်မိန်းမက တကယ်ကောင်းတယ်။ သူ ကျွန်တော်နဲ့ လမ်းတစ်လျှောက်လုံး အများကြီး ဒုက္ခခံခဲ့ရတယ်။”
“ကောင်းပြီ၊ မင်းတို့နှစ်ယောက်က လိုက်ဖက်တဲ့ စုံတွဲတွေပဲ။ အနာဂတ်မှာ ကောင်းမွန်တဲ့ ဘဝကို ဖြတ်သန်းပြီး မော့မိသားစုရဲ့ မျိုးဆက်ကို ဆက်လက်ပြန့်ပွားနိုင်ဖို့ သားယောကျာ်းလေးတွေ ထပ်မွေးဖို့ ကြိုးစားရမယ်နော်။”
ခဏရပ်သွားပြီးနောက် စစ်သူကြီးကျင်းက ရိုးရှင်းစွာ ဆက်ပြောလာခဲ့သည်၊ “တူမလေး၊ စိတ်မပူနဲ့။ မင်းအဖေက အခြေအနေနဲ့ အချိန်အခါကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်တဲ့ မြေခွေးအိုကြီးပဲ။ သူက မရိုးရှင်းတာကြောင့် မော့မိသားစုနဲ့ အိမ်ထောင်ရေးက ဆက်နွယ်နေတာကိုတောင် သူ့ကို မပတ်သက်စေခဲ့ဘူး။”
အတိုချုံးဖလှယ်ပြီးနောက် ဤစစ်သူကြီးသည် ကြင်နာတတ်ပြီး ပေါ့ပေါ့ပါးပါး နေထိုင်တတ်သူဖြစ်ကြောင်း ဟဲကျစ်ယန် ပြောနိုင်ပေသည်။
“ဒီလိုပြောပြပေးလို့ ကျေးဇူးတင်ပါတယ် စစ်သူကြီး။ မြို့တော်ကို ပြန်ရောက်တဲ့အခါ ကျေးဇူးပြုပြီး ကျွန်မ အဆင်ပြေနေပါတယ်၊ အဖေ့ကို ကျန်းမာရေး ဂရုစိုက်ပါလို့ ပြောပေးပါဦးရှင့်။”
“ကိစ္စမရှိဘူး။ ငါ တူမလေးအတွက် သတင်းစကားပါးပေးပါ့မယ်။”
အတန်ကြာ စကားပြောပြီးနောက် စစ်သူကြီးကျင်းသည် မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် အမှန်တကယ် လမ်းပေါ်တွင် လွတ်လွတ်လပ်လပ် လမ်းလျှောက်နေကြောင်းကို နောက်ဆုံးတွင် သတိပြုမိလိုက်သည်။
သူ့နားလည်မှုအရ ပြည်နှင်ဒဏ်ပေးခံရသည့် အကျဉ်းသားတွေကို အရာရှိတွေက အမြဲတမ်း စောင့်ကြည့်နေရမှာပဲ ဖြစ်သည်။ သူတို့က ဘယ်လိုတောင် မရိုးဖြောင့်ရတာလဲ။
“သခင်လေး၊ မင်းတို့နှစ်ယောက် ဘယ်လိုဖြစ်လို့ လမ်းပေါ်ရောက်နေတာလဲ။”
လက်ထဲမှာ ရိက္ခာတွေ အများကြီးကိုလည်း ကိုင်ဆောင်ထားပြီးတော့…
မော့ကျိုးယွီသည် စစ်သူကြီးကျင်း၏ စုံစမ်းမေးမြန်းမှုမှ အမှန်တရားကို ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက် မရှိပေ။
“ကျွန်တော် စစ်သူကြီးကို ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိပါဘူး။ ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့က တာဝန်ခံအရာရှိနဲ့ တော်တော်လေး အဆင်ပြေတယ်။ သူက ကျွန်တော်တို့ကို ရံဖန်ရံခါ ရိက္ခာဝယ်ဖို့ အပြင်ထွက်ခွင့်ပြုတယ်။”
“ကောင်းလိုက်တာ။ ငါ မင်းတို့တွေ မြို့တော်ကနေ ထွက်သွားပြီးနောက် မင်းရဲ့ ဒဏ်ရာတွေနဲ့ တာဝန်ခံအရာရှိတွေကို ကူညီဖြေရှင်းပေးမယ့်သူမရှိလို့ မင်း ဒုက္ခရောက်မှာကို ငါ အမြဲတမ်း စိုးရိမ်နေခဲ့တာ။ အခု မင်းကို ဒီလိုမြင်ရတော့ ငါ စိတ်သက်သာရာရသွားတယ်။”
ခေတ္တနားပြီးနောက် စစ်သူကြီးကျင်းက သက်ပြင်းချပြီး ဆက်ပြောခဲ့သည်။
“မင်းတို့မော့မိသားစုကို ပစ္စည်းဥစ္စာတွေ သိမ်းယူပြီး ပြည်နှင်ဒဏ်ပေးဖို့ အမိန့်ထုတ်ပြန်တဲ့နေ့မှာ မော့မိသားစုနဲ့ ဆက်ဆံရေးကောင်းတဲ့ ဝန်ကြီးတွေအားလုံးကို မင်းတို့တွေ မြို့တော်ကနေ မထွက်ခွာခင်အထိ နန်းတော်ထဲမှာ ဆက်နေဖို့ ဘုရင်မင်းမြတ်က အမိန့်ပေးခဲ့တယ်။”
ထို့ကြောင့် သူမ၏ မိဘများသည် မြို့မှ ပြည်နှင်ဒဏ်ပေးခံရပြီးနောက် သူတို့နောက်သို့ အမှီလိုက်ဖို့ အချိန်အတော်ကြာခဲ့သည်။ အကျင့်မကောင်းသော ဘုရင်မင်းမြတ်ကြောင့် သူတို့တွေ ထွက်လာလို့ မရခဲ့တာပင်။
တစ်ချိန်တည်းမှာပင် သူမ၏ မရီးမိသားစုဝင်များသည်လည်း တူညီသော အကြောင်းပြချက်ကြောင့် သူတို့ကို လာမတွေ့နိုင်တာဖြစ်နိုင်ကြောင်း သူမ ကောက်ချက်ချမိခဲ့သည်။
မရီးတွေက သူတို့၏ မိသားစုဝင်တွေကို မှားယွင်းအပြစ်တင်မိပုံရသည်။