ကျောက်မိသားစု ထွက်လာပြီး အသေခံစမ်း
Vol. 86-89 Ch. 1277
ယဲ့ဖန်က ပိုင်ရွှယ်ကိုဆွဲ၍ ဟိုတယ်ထဲမှ ထွက်လာပြီး လီဝေ့က အနောက်မှ လိုက်လာသည်။ ထိုသို့သောအချိန်၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၏။
လီဝေ့၏ ဆက်သွယ်ရေးကိရိယာထဲသို့ ပုံပေါင်းများစွာ ဝင်လာပြီး ထိုပုံများက အုတ်ဂူများ၏ ပုံ ဖြစ်နေသည်။ ယင်းကို ကြည့်ပြီးနောက် လီဝေ့ ရုတ်တရက် ထိတ်လန့်သွားရသည်။
“ပိုင်ရွှယ် ဒါ နင့်အမေရဲ့ အုတ်ဂူ မဟုတ်လား၊ ဘာလို့ ပွင့်နေရတာလဲ”
ပိုင်ရွှယ်၏ မျက်နှာ ဖြူရော်သွားပြီး ဆက်သွယ်ရေး ကိရိယာကို ချက်ချင်း လုယူကာ ပုံများကို သေချာ ကြည့်လေသည်။
ယင်းသည် တကယ်ပင် သူမအမေ၏ အုတ်ဂူ ဖြစ်နေပြီး လက်ရှိတွင် ပွင့်နေကာ ခေါင်းတလားက တစစီ ပျက်စီး၍ မြေကြီးပေါ်၌ ရှုပ်ပွနေသည်။
ထို့နောက် ယောက်ျားသားတစ်စုက သူမမိခင်၏ အလောင်းကို အုတ်ဂူထဲမှ ထုတ်ကာ မဆင်မခြင် နင်းချေ၍ အလောင်းပေါ်၌ ကျင်ငယ်စွန့်ပြီး ရှစ်ပိုင်း ပိုင်းကာ မီးရှို့ပစ်လိုက်သည့် ဗွီဒီယိုပါ ရောက်လာသည်။
ဗွီဒီယို၏ အစမှအဆုံးတိုင် ထိုယောက်ျားများ၏ ညှာတာမှုမရှိသော ဟက်ဟက်ပက်ပက် ရယ်မောသံများ ပြည့်နှက် နေ၏။
နင်းချေ၍ ဖျက်စီးစော်ကားခြင်း။ ဤသည်က သေလူကို မလေးမစား ပြုလုပ်ခြင်းပင်။ သူတို့၏ စကားလုံးများနှင့် လုပ်ရပ်များက ပိုင်ရွှယ်၏ ခံနိုင်ရည် အဆုံးအထိ ထိပါးနေပြီး သူမ ရင်ထဲ၌ တဆစ်ဆတ် နာကျင်လာရသည်။
ဤသည်ကိုမြင်သော် ပိုင်ရွှယ် ကြက်သေ သေသွားပြီး နေရာမှာတင် မလှုပ်မယှက် ရပ်နေမိသလို တစ်ကိုယ်လုံး တုန်ယင်လာ၏။
မလှမ်းမကမ်း၌ ရှိနေသည့် ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ဤထိတ်လန့်စရာ အဖြစ်က ပိုင်ရွှယ်အား သတ်လိုက်သည်နှင့် မထူးခြားနားဖြစ်နေကြောင်း သူ ရိပ်မိသည်။ သူမရင်ကို မြားပေါင်း ထောင်ချီဖြင့် ပစ်နေသလိုပင်။
*ဒီကလေးမလေး အခုဆို ရင်ထဲမှာ နာကျင်နေလောက်ပြီပဲ*
“ဟေ့ကောင် ဒါ ငါ့ကျောက်မိသားစုကို ရန်စရင် ဖြစ်လာမယ့် အဆုံးသတ်ပဲ၊ ဒီလက်ဆောင်ကြီးကို သဘောကျ ရဲ့လား”
မျက်နှာပြင် ပြောင်းလဲသွားပြီး ကျောက်ထျန်းရှုံး၏ ရက်စက်သော မျက်နှာထားနှင့် အပြုံးကြီး ပြုံးနေသောပုံ ပေါ်လာသည်။
“မင်း စိတ်တိုနေလား၊ မင်း ဒေါသထွက်နေတယ်မလား၊ ဒါဆို ငါ့ဆီလာခဲ့၊ ငါ မင်းကို ကျောက်မိသားစု အိမ်တော်မှာ စောင့်နေတယ်”
ထိုအခိုက်တွင် ပိုင်ရွှယ်သည် ဆက်သွယ်ရေး ကိရိယာကို ပစ်ချ၍ သည်းသည်းမည်းမည်း မိုးရွာနေသော ညအမှောင်ယံအချိန်၌ ထွက်ပြေး သွားလေသည်။
“ငါ … ငါ အမှားလုပ်မိသွားပြီလား”
လီဝေ့ ကြက်သေ သေနေသော မျက်နှာနှင့် ပြောလိုက်သည်။ သူမ ဒါကို ပိုင်ရွှယ်ကို မပြလိုက်သင့်ဟု တွေးမိကာ နောင်တရစိတ်ကို အနည်းငယ် ခံစားမိသွားသည်။
“မဟုတ်ဘူး မှားတာ မင်းမဟုတ်ဘူး၊ သေသင့်တာလည်း မင်း မဟုတ်ဘူး”
ယဲ့ဖန်၏ မျက်လုံးများသည် လျှပ်စီးသဖွယ် စူးလက်နေပြီး ပိုင်ရွှယ် ပျောက်သွားသည့်ဘက်သို့ ပြေးလိုက်သွားသည်။ မိုးများ သည်းနေပြီး ဆောင်းရာသီ၏ ညတာက ချမ်းအေးလှသည်။
ယဲ့ဖန်သည် သူမမိခင်၏ အုတ်ဂူရှေ့၌ သွေးပျက်၍ မျှော်လင့်ချက်မဲ့စွာ ရပ်နေသော ကလေးမလေးကို ကြည့်နေမိသည်။ သူမသည် မျက်စိရှေ့မှ မီးလောင်ထားသဖြင့် မည်းနက်နေသော မြေကြီးအား ဗလာနတ္ထိ ဖြစ်နေသော မျက်ဝန်းများဖြင့် ကြည့်နေ၏။
မိုးစက်များက မျက်နှာပေါ်သို့ ကျဆင်းနေသဖြင့် သူမ၏ မျက်ရည်များလား၊ မိုးစက်များလည်း သဲသဲကွဲကွဲ မြင်ရရန် မဖြစ်နိုင်တော့ချေ။
ပို၍ ကြောက်စရာကောင်းသော ခံစားချက်မှာ သူမရင်အား ဓားတစ်လက်ဖြင့် မွှေ့ယမ်းခံလိုက်ရသကဲ့သို့ နှလုံးသားက တဆစ်ဆစ် နာနေသော ခံစားချက်ပင်။ သူမနှလုံးသားက ချက်ချင်း ဘာမှမရှိတော့သလို ဖြစ်သွား လေသည်။
မူလက သူမသည် သူမ၏ မိခင်ဟူသော အမျိုးသမီးအား အလွန် အထင်သေးခဲ့မိသည်။ သို့သော် ထိုသို့ခံ စားချက်ရှိရုံနှင့် သူမမိခင်ကို သူမ အဆုံးရှုံးခံနိုင်သည်ဟု မဆိုလိုပါ။
သူမ ဆုံးပါးသွားသော်လည်း အနည်းဆုံးတော့ ပိုင်ရွှယ် သူမအုတ်ဂူသို့ မကြာခဏ လာတွေ့နိုင်သလို မိခင်ဖြစ်သူအား အနည်းငယ် အပြစ်တင်နိုင်ပြီး တစ်ခါတလေ သူမ မည်မျှ အဓိပ္ပာယ်မဲ့စွာ နေခဲ့ကြောင်း ပြောနိုင်ကာ သူမရင်ထဲမှ ခံစားချက်တစ်ချို့ကိုလည်း ရင်ဖွင့်နိုင်၏။
သို့သော် ယခုအခါတွင်မူ သူမအုတ်ဂူက အတူးခံလိုက်ရပြီး သူမအလောင်းက ပြာကျကာ မိုးရေတို့ဖြင့် ဆေးကြောခြင်း ခံလိုက်ရလေပြီ။ လက်ရှိအခါ၌ ပိုင်ရွှယ် သူမကို အပြီးတိုင် ဆုံးရှုံးလိုက်ရလေသည်။
ယဲ့ဖန်သည် ဘေး၌ ရပ်နေပြီး စကားပြောခြင်း မပြုသလို ဘာအမူအရာမှ မပြဘဲ နှစ်သိမ့်ပေးခြင်းလည်း မပြုပေ။ အကြောင်းမှာ လက်ရှိတွင် နှစ်သိမ့်စကားများအားလုံးက အရာမရောက်နိုင်ပါ။
ခပ်လှမ်းလှမ်း၌ လီဝေ့က မျက်ရည်လည်ရွဲ ငိုကြွေးနေ၏။ သူမ ပိုင်ရွှယ်ကို ထီးမိုးပေးရန် အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း ယဲ့ဖန်၏ မျက်လုံးဖြင့် တားဆီးခြင်း ခံလိုက်ရသည်။ လက်ရှိတွင် ပိုင်ရွှယ်သည် မည်သို့သော နှစ်သိမ့်မှုမျိုးကိုမှ မလိုအပ်ချေ။
“အဆင်ပြေသွားမှာပါ၊ နောက်ကျရင် ကျွန်မ ဒီအကြောင်းကို မတွေးတော့ဘူး၊ ကျွန်မ သူ့အုတ်ဂူပေါ်မှာ အမွှေးတိုင် ထွန်းနေရတာ၊ လေနဲ့နေကြောင့် သူ့အုတ်ဂူ ပြန်ပေါ်လာမှာကို စိုးရိမ်နေရတာ၊ အခု ဒုက္ခသက်သာသွားတာပေါ့”
ပိုင်ရွှယ်က ဘေးသို့လှည့်၍ ယဲ့ဖန်အား ငိုသည်ထက် ကြည့်ရဆိုးသော အပြုံးမျိုး ပြုံးပြလေသည်။ ယဲ့ဖန်က သူမကို ရင်ခွင်တွင်းသို့ ထည့်၍ ပွေ့ဖက်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“မင်း ငိုချင် ငိုချလိုက်ပါ”
ထိုစကားကိုကြားသော် ပိုင်ရွှယ်၏ ခန္ဓာကိုယ်လေး တုန်ယင်သွားပြီး မျက်ဝန်းများ ရုတ်တရက် ပူလာပြီး သံကုန် အော်ဟစ်လေသည်။
“အား …”
ထို့နောက် သူမသည် ဝမ်းခေါင်းသံဖြင့် အော်ငိုလေသည်။ သို့သော် အသံက ငိုကြွေးနေခြင်းထက် ဝမ်းနည်းစွာ အော်ဟစ် နေသည်နှင့် ပိုတူနေသည်။ ရင်ကွဲစရာ ကောင်းလွန်းလှသည်။
ယဲ့ဖန်၏ နှလုံးသား တင်းကြပ်လာ၏။ သူ ပထမဆုံးအကြိမ်အဖြစ် ခွန်အားမဲ့သလို ခံစားမိလာ၏။ သူ မည်မျှ ရဲရင့်ပါစေ ပိုင်ရွှယ်၏ နှလုံးသား ဒဏ်ရာကို မကုစားပေးနိုင်ပါ။ သူ မလုပ်နိုင်သည့်အရာတစ်ခု ရှိနေပါတကား။
ရင်ကွဲသော အော်ငိုသံကို ကြားပြီး လီဝေ့ပါ မျက်ရည်ဖြိုင်ဖြိုင် ကျနေသည်။ ပိုင်ရွှယ် ယခု ခံစားနေရသည့် အတွင်း စိတ်ဒဏ်ရာကို သူမ တွေးမကြည့်ဝံ့ချေ။
ညသန်းခေါင်ယံ၌ ယဲ့ဖန် ပိုင်ရွှယ်ကို အိမ်သို့ ပြန်ခေါ်လာလိုက်သည်။ သူမ၏ ပြင်းထန်သော စိတ်ခံစားချက်နှင့် မိုးဒဏ်လေဒဏ်ကြောင့် ချမ်းစိမ့်မှုဒဏ်ကို ခံစားလာရသည်။ သူမ အိမ်သို့ ပြန်ရောက်သည်နှင့် အဖျားဝင် လေတော့သည်။
သူမ၏ မျက်နှာလေး လုံးဝ ဖြူရော်နေပြီး နဖူး၌ ချွေးစေးများ ပြန်နေပြီး အဖျားကြောင့် ညည်းနေမိသည်။ ယဲ့ဖန် သူမကို စောင်ခြုံပေးလိုက်ပြီးနောက် သူမကို မိနစ် အနည်းငယ်မျှ ကြည့်နေသည်။ ထို့နောက် လီဝေ့ကို ပြောလိုက်သည်။
“သူ့ကို ဂရုစိုက်လိုက်ပါ”
“ရှင် ဘယ်သွားမလို့လဲ၊ နင် ကျောက်မိသားစု အိမ်တော်ကို သွားမလို့တော့ မဟုတ်ပါဘူးနော်”
လီဝေ့ ချက်ချင်း သွေးပျက်သွားသည်။
“စိတ်ကိုငြိမ်အောင် ထားပါဦး၊ ကျောက်မိသားစုက အလွယ်တကူ သွားရှုပ်လို့ မရဘူး၊ သူ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကလည်း နင် ငါးစာကို ဟပ်မိလာအောင် လုပ်တာပဲ၊ နင့်ကိုယ်နင် ထောင်ချောက်ထဲ တိုးဝင် မလို့လား”
“ဘယ်သူမှ ငါ့အမျိုးသမီးကို အနိုင်မကျင့်နိုင်ဘူး၊ ဘယ်သူမှ”
ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ယန်စွမ်းအင်များ တိုးထွက်လာပြီး ဧကရာဇ်ကိုးပါး၏ ပုံရိပ်များ ပေါ်လာသည်။
“ဒါ … ဒါက”
လီဝေ့ အလွန် ထိတ်လန့်ကာ ကြမ်းပြင်ပေါ် လဲကျသွားပြီး မျက်နှာ ပြာနှမ်းကာ ယုံရခက်နေ၏။
*ဒါ ဘာနည်းလမ်းလဲ၊ ဘာလို့ ဒီပုံရိပ်ကိုးခုက ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအင်မျိုး ရှိနေရတာလဲ၊ ဖိနှိပ် နိုင်လွန်းလို့ အသက်တောင် မရှူနိုင်ဘူး*
“ဒီနေ့ပြီးရင် ထောင်ဟွာမြို့မှာ ကျောက်မိသားစုဆိုတာ မရှိတော့ဘူး”
ယဲ့ဖန်၏ စကားသံ ထွက်ပေါ်လာသောအခါ ထိုပုံရိပ်များအားလုံး လုံးဝ ပျောက်ကွယ်သွားသည်။ သူ့ကိုယ်ထဲမှ လူသတ်ချင်စိတ်ကို ထိန်းချုပ်ပြီးရင်း ထိန်းချုပ်ခဲ့ရသည်။ ယခု ပိုင်ရွှယ် အိပ်ပျော်သွားသဖြင့် သူ၏ ရူးမတတ် လူသတ်ချင်စိတ်ကို ထိန်းချုပ်ရန် မလိုတော့ချေ။
ယနေ့ ကျောက်မိသားစုကို သွေးဖြင့် ဆေးမည်။ အခြားသူများ သေရမည့်ဘေးကို တားဆီးရမည်။ ကျောက်ထျန်းရှုံးအား သူ့ဖခင် သေဆုံးရသည့်ပုံထက် အဆတစ်ရာမက ပိုဆိုးသော နည်းဖြင့် သေဆုံးရမည်ဟု သူ ကျိန်ဆိုလိုက်သည်။
ထိုအခိုက်တွင် ကျောက်မိသားစုတွင်း၌
“မိသားစုခေါင်းဆောင် အဲ့ကောင် လာမယ်လို့ ထင်ပါသလား”
ခေါင်းဆောင်တစ်ယောက်က သိချင်စိတ်ဖြင့် မေးလာသည်။
“တကယ်လို့ သူ မလာရင် ငါတို့ သူ့ကို ကိုယ်တိုင် သွားရှာရမှာပေါ့၊ ဒါပေမဲ့ အဲ့အခါကျရင် သူ့ကံကြမ္မာက အဲ့လောက် မကောင်းနိုင်ဘူး”
ကျောက်ထျန်းရှုံးက အလွန် ဂုဏ်ယူသော မျက်နှာထားဖြင့် အေးစက်စွာ မထီမဲ့မြင်ပြောလိုက်သည်။ ထို့နောက် သူသည် သူ့ဘေးမှ ရှေးဟောင်း စစ်သူကြီးတစ်ယောက်နှင့် ဆင်တူသည့် သံချပ်ကာ ဝတ်ဆင်ထားသော ကြံ့ခိုင် သန်မာသော အမျိုးသားတစ်ယောက်ကို ကြည့်လေသည်။
“အချိန်ကျလာရင် စီနီယာ စုန့်ကို လှုပ်ရှားပေးဖို့ ကျွန်တော် တောင်းဆိုပါရစေ”
ဧည့်သည်၏ အရှိန်အဝါက နဂါးတစ်ကောင်လိုပင်။ အရှိန်အဝါတိုင်း၌ နဂါးတစ်ကောင်၏ အသံများ ထွက်ပေါ် နေသလိုပင်။ သူထိုင်နေသည့်ဟန်က ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်နှင့် တူလှသည်။
စုန့်ယွမ်ပေါင် ရောက်နေခြင်းပင်။ စုန့်ယွမ်ပေါင်သည် မျက်ခုံးပင့်၍ သူ့ကို ဂရုမစိုက်သလို ကြည့်လိုက်သည်။
“ငါ တစ်ခါက မင်းတို့ကို ကူညီပေးမယ်လို့ ကတိပေးခဲ့တာ တစ်ကြိမ်ပဲ၊ အခုက ကတိကို တည်ရုံသက်သက်ပဲ”
“ဒါပေမဲ့ ဒီသုံးစားမရတဲ့ကောင်တွေကို အရင် လှုပ်ရှားခိုင်းဖို့ မင်းကို ငါ အကြံပေးချင်တယ်၊ ဘာလို့ဆို ဒီလူအိုကြီး အရင် လှုပ်ရှားရင် လူကြီးက ကလေးကို အနိုင်ကျင့်တယ် ဖြစ်နေမယ်၊ ဒီလို သုံးစားမရတဲ့သူကို ရှုံးရင် မင်းတို့လည်း နစ်နာတာပဲလေ၊ ဒီလူအိုကြီးရဲ့ ကြေးက မြင့်တယ်နော်”
စွန်းယွမ်ပေါင်က ဂုဏ်ယူစွာ ပြောလိုက်သည်။
*ငါ့လိုလူမျိုးကို ဒီလို မနူးမနပ် ကောင်လေးကို ရှင်းခိုင်းတာက ဟာသပဲ*
*အမှိုက်လေးတစ်စက ငါ့လက်ချက်မိဖို့ ထိုက်တန်လို့လား*
ကျောက်မိသားစုက သူ့အသက်ကိုသာ မကယ်ခဲ့ဖူးပါက ကျောက်ထျန်းရှုံး တောင်းဆိုလာသည့် တောင်းဆိုမှုကြောင့် သူ့ဦးခေါင်းကို လိမ်ချိုးမိလောက်သည်။
ခေါင်းဆောင်များနှင့် သိုင်းပညာရှင်များသည် စုန့်ယွမ်ပေါင်၏ သူတို့ကို အမှိုက်ဟု ခေါ်ဝေါ်၍ ပေါ်ပေါ်တင်တင် စော်ကားခြင်းအား ကြားသော်လည်း စိတ်မဆိုးရဲချေ။ သူတို့ မချိတရိ ပြုံးကာ ခေါင်းသာ ညိတ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် အခြားသူ၏ မျက်လုံးထဲတွင် သူတို့က တကယ်ပင် အမှိုက် ဖြစ်နေသောကြောင့်ပင်။
“ဒါပေါ့ သူတို့က ရှေ့ပြေးတပ်တွေပဲကို၊ တကယ်လို့ သူတို့ မအောင်မြင်ရင် ခင်ဗျားရဲ့ လှုပ်ရှားမှုနဲ့ ထိုက်တန်တယ်လို့ ပြနေတာပဲ၊ မဟုတ်ရင်တော့ ခင်ဗျားလက် ညစ်ပတ်စရာ မလိုပါဘူး”
ကျောက်ထျန်းရှုံးက နှိမ့်ချသော ဟန်ပန်ဖြင့် ခေါင်းတဆတ်ဆိတ် ညိတ်နေ၏။ ယနေ့ သူ ပြင်ဆင်မှုများအားလုံး လုပ်ခဲ့ပြီး ရှုကျိုးမှ နဂါးအသွင်ပြောင်းခြင်းအဆင့် ရောက်နေသည့် အသန်မာဆုံးသူများအားလုံးကို ဖိတ်၍ ယဲ့ဖန်ကို သတ်ရန် ပိုက်ဆံ များစွာ သုံးစွဲခဲ့ရသည်။
ယဲ့ဖန် လာရဲသည်နှင့် လူတစ်စု၏ တိုက်ခိုက်ခြင်း ခံရကာ အသတ်ခံရပေလိမ့်မည်။ ဤသိုင်းပညာရှင်များက ယဲ့ဖန်ကို မသတ်နိုင်လျင်တောင်မှ ကိစ္စမရှိပေ။ သူ့အနောက်၌ နာမည်ကျော် စုန့်ယွမ်ပေါင် ရှိနေ၏။ ထို့ကြောင့် ယဲ့ဖန် မသေနိုင်ဟု သူ မယုံကြည်ပါ။
သူ့စိတ်ထဲတွင် ဤသည်မှာ ပြီးပြည့်စုံသော ပြင်ဆင်မှု ဖြစ်ပြီး စုန့်ယွမ်ပေါင်သည် သူ၏ ပြီးပြည့်စုံသော ပြင်ဆင်မှု ဖြစ်လေသည်။ မည်သူမှ စုန့်ယွမ်ပေါင်ကို အနိုင်မယူနိုင်ဟု သူ ယုံကြည်ထားသည်။
“သခင်ကြီး ယဲ့ဖန် ရောက်လာပါပြီ”
ရုတ်ချည်းဆိုသလိုပင် လက်အောက်ငယ်သား တစ်ဘောက်က အပြေးဝင်လာပြီး သတင်းပို့လေသည်။
“ဪ လူ ဘယ်နှစ်ယောက် ပါလာလဲ”
ကျောက်ထျန်းရှုံးက ယဲ့ဖန် လာလိမ့်မည်ဟု ခန့်မှန်းမိထားသကဲ့သို့ အသာ မေးလိုက်သည်။
“သူ တစ်ယောက်တည်းပါပဲ”
“ဘာ”
ထိုအခိုက်တွင် ကျောက်ထျန်းရှုံး အပါအဝင် လူတိုင်း မှင်တက်သွားသည်။
*တစ်ယောက်တည်း ဟုတ်လား*
*တစ်ယောက်တည်း လာပြီး ငါတို့ ကျောက်မိသားစုကို လက်စားချေဖို့ စဉ်းစားနေတာလား*
*ဟာသပဲ၊ ဒီကောင် ဘာတွေ တွေးနေတာလဲ*
“ဟားဟား ကြည့်ရတာ ငါ ဒီနေ့ ဝင်ပါဖို့ မလိုတော့ဘူး ထင်တယ်”
စုန့်ယွမ်ပေါင်က လက်ပိုက်၍ အထင်သေးစွာ ပြုံးလိုက်သည်။ အခြားသော နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်များလည်း မချိုမချဉ် ပြုံးလာပြီး သူတို့ ပိုက်ဆံ အသာလေး ရသွားပြီဟု ထင်နေကြသည်။ သူတို့ လှုပ်ရှားချိန် မရောက်ခင်မှာပင် ထိုလူငယ်လေးက အခြားသူ၏ သတ်ဖြတ်ခြင်း ခံလိုက်ရမည့်ပုံပင်။
ကျောက်ထျန်းရှုံးသည်လည်း သွားများပေါ်အောင် ပြုံးလိုက်ပြီး မကောင်းသော အမူအရာမျိုး ဖြစ်လာ၏။
“သေလမ်းရှာနေတဲ့ ကောင်လေးပဲ၊ ငါ့ကျောက်မိသားစုကို မင်းတစ်ယောက်တည်းနဲ့ ကိုင်လှုပ်နိုင်မယ်လို့ ထင်နေ တာလား၊ ကောင်းတယ် သိပ်ကောင်းတယ်”
“အားလုံးပဲ သူ့ကို မသတ်နဲ့ အရှင်ဖမ်းနိုင်အောင် လုပ်ပေးကြ၊ ကျုပ် သူ့ကို နည်းနည်းချင်းစီ နှိပ်စက်မယ်၊ အဲ့ဒါမှ သူ့ဘဝက သေတာထက် ဆိုးတဲ့ဘဝ ဖြစ်မှာ”
ကျောက်ထျန်းရှုံးက လက်သီးနှစ်ဖက်ကို ဆုပ်၍ နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်များကို တောင်းဆို လိုက်သည်။
“ကျောက်မိသားစုခေါင်းဆောင် ယဉ်ကျေးစရာ မလိုပါဘူးဗျာ၊ ဒီလိုကောင်လေးရဲ့ ဦးခေါင်းကို ယူဖို့ ဘယ်လောက်များ ခက်ခဲမှာမို့လို့လဲ၊ အရှင်ဖမ်းဖို့ဆို ပြောနေစရာတောင် မလိုဘူး၊ ဒီမှာ စောင့်နေ၊ ကျုပ် ပြန်လာခဲ့မယ်”
လူအိုကြီးတစ်ယောက်က ပြောပြီး အပြင်သို့ တန်းထွက်သွားသည်။
“စိတ်မပူနဲ့ ကျောက်မိသားစုခေါင်းဆောင် ငါးမိနစ်အတွင်း ခင်ဗျား အဲ့ကောင်ကို မြင်ရအောင် ဆွဲခေါ်လာခဲ့မယ်”
တစ်ယောက်ပြီးတစ်ယောက် ကတိပေးပြီး အထင်သေးသော မျက်နှာပေးဖြင့် ထွက်သွားကြသည်။
ထိုအချိန်တွင် ယဲ့ဖန်သည် ကျောက်မိသားစု အိမ်တော်၏ တံခါးရှေ့၌ ရပ်နေပြီး သူ့ရှေ့မှ အစောင့်အကြပ်ထူသော အိမ်တော်ကို ကြည့်ပြီး မျက်လုံးများက ပိုမို ခက်ထန်လာ၏။
“ဟေ့ ငတုံးကောင် မင်းကို ဘယ်သူက လာခွင့်ပြုလို့လဲ၊ မင်း ဘာလုပ်နေတာလဲ”
ထိုစဉ် လူငယ် ညီအစ်ကိုနှစ်ယောက်က ယဲ့ဖန် မူမမှန်ကြောင်း ခံစားမိပြီး ရှေ့တက်၍ မေးမြန်းလာသည်။ ယဲ့ဖန်က တစ်ချက်မော့ကြည့်၍ ခပ်အေးအေး ပြောလိုက်သည်။
“တံခါးကိုဖြတ်ပြီး မင်းတို့ကို သတ်မလို့”
ညီအစ်ကို နှစ်ယောက်လုံး မျက်မှောင်ကြုတ်သွားပြီး လက်ကို ခါးပေါ်တင်ကာ သေနတ်များကို ဆွဲထုတ်ရန် ပြင်လေသည်။
သို့သော် ယဲ့ဖန်က ရှေ့သို့ တစ်လှမ်းတိုးလာပြီး သူတို့၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် ဖမ်းချုပ်၍ အားဖြင့် ညှစ်လိုက်သည်။
“စိတ်မပူနဲ့၊ မင်းတို့ အထီးမကျန်ပါဘူး၊ မကြာခင် မင်းတို့ညီအစ်ကိုတွေ မင်းတို့ကို အဖော်ပြုဖို့ လိုက်လာလိမ့်မယ်”
“ဒုန်း”
ယဲ့ဖန်က မြင့်မားသော တံခါးကို ကန်ဖျက်၍ အထဲသို့ ဝင်သွားသည်။
“ကျောက်မိသားစု ထွက်လာပြီး အသေခံစမ်း”