တိတ်တဆိတ် သတိပေးခြင်း
Vol. 14 Ch. 164
ဖမ်းဝမ်သည် မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့၏ စိတ်နေသဘောထားကို နားလည်သည်။ သူတို့နှစ်ဦးသည် ပုံမှန်အတိုင်းဆို လူတိုင်းနှင့် လိုက်လျောညီထွေနေတတ်သူများဖြစ်ကြသော်လည်း သူတို့ကို မည်သူမှ မနှောင့်ယှက်ချိန်တွင်သာ ဖြစ်သည်။
အထူးသဖြင့် ဟဲကျစ်ယန်က ကျိုးလောင်ပါးကို အော်ဟစ်ခဲ့သည် မြင်ကွင်းဟာ သူ့စိတ်ထဲမှာ ယခုထိတိုင် ပြတ်ပြတ်သားသား ထင်ကျန်နေဆဲပါပင်...။
ဖမ်းဝမ်သည် နှစ်ပေါင်းများစွာ အစောင့်အကြပ်လုပ်လာသော်လည်း လမ်းခရီးတွင် အကျဉ်းသားတစ်ဦးနှင့် ထိတွေ့ဆက်ဆံဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ယခု သူသည် မော့ကျိုးယွီကို ညီအစ်ကိုကောင်းတစ်ဦးအဖြစ် မှတ်ယူခဲ့ပြီးဖြစ်ကာ သူတို့ကို အရှက်ရစေခြင်း သို့မဟုတ် တွက်ဆခံခြင်းမျိုး မဖြစ်စေလိုပါ။
ထို့ကြောင့် ဖမ်းဝမ်သည် စီရင်ထုံးများကို ကိုင်တွယ်ရင် လက်ထောက်တရားသူကြီးမင်းချွေ့ထံသို့ မသွင်းခင် သူတို့ကို အရင်ဆုံး သတိပေးထားသင့်သည်ဟု ခံစားခဲ့ရသည်။
ဒါကိုတွေးပြီး ဖမ်းဝမ်က အဖွဲ့ကို ခရိုင်အစိုးရရုံးမှာ စောင့်ဆိုင်းပြီး မော့မိသားစုထံကို သူတစ်ယောက်တည်း ရောက်သွားခဲ့သည်။
မော့ကျိုးယွီသည် ဖမ်းဝမ်ရောက်လာသည်ကိုမြင်သောအခါတွင် သူ့မှာ ပြောစရာ ရှိနေလိမ့်မည်ကို သူ သိသောကြောင့် မေးမြန်းဖို့ အစပြုခဲ့သည်။
“အစ်ကိုကြီးဖမ်း၊ အစ်ကိုကြီးမှာ ပြောစရာ ရှိလို့လား။”
ဖမ်းဝမ်သည် မော့မိသားစုဝင်များဆီသို့ ချဉ်းကပ်လာပြီး တိုးတိုးလေး ပြောလိုက်သည်၊ “ညီလေး၊ ယွင်ချန်ရဲ့ ခရိုင်တရားသူကြီးဟောင်းက တခြားနေရာတစ်ခုကို ပြောင်းရွှေ့သွားတယ်။ အခု ခရိုင်တရားသူကြီးမင်းအသစ်ကလည်း ရောက်မလာသေးဘူးဆိုတော့ လက်ထောက်ခရိုင်တရားသူကြီးချွေ့က မင်းတို့အတွက် လုပ်ထုံးလုပ်နည်းကို အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးလိမ့်မယ်။”
ဒီအကြောင်းကို အရာရှိတွေ ဖမ်းဝမ်ကို ပြောလိုက်တုန်းက မော့ကျိုးယွီသည်လည်း ဒါကို ကြားလိုက်ရသည်။
“လက်ထောက်ခရိုင်တရားသူကြီးက လုပ်ထုံးလုပ်နည်းတွေကို ကိုင်တွယ်မှာနဲ့ ပတ်သက်ပြီး ဘာမှားနေလို့လဲ။”
ဖမ်းဝမ်သည် ခရိုင်အစိုးရဂိတ်ပေါက်ရှိ အရာရှိနှစ်ယောက်ကိုကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ညီလေးမော့၊ လက်ထောင်ခရိုင်တရားသူကြီးချွေ့က လောဘကြီးပြီး တဏှာလည်း ကြီးတယ်။ အရင်တုန်းကတော့ အကျဉ်းသားတွေကို ဒီမှာ လုပ်ထုံးလုပ်နည်းတွေ လာရောက်လုပ်ဆောင်တဲ့အခါမှာ သူ့အတွက် ဘယ်လိုကိစ္စမျိုးမဆို အကျိုးခံစားခွင့်တွေ အမြဲပေးရတယ်။
သူတို့သမီးမိန်းကလေးတွေကို အလေးမထားတဲ့ မိသားစုတွေက နေရာကောင်းရဖို့ အပြစ်မဲ့မိန်းကလေးတွေနဲ့ သူ့ကို ကမ်းလှမ်းကြတယ်…။”
ဒါကိုကြားတော့ မော့မိသားစုဝင်တွေအားလုံး မျက်နှာတွေ မည်းမှောင်သွားကြသည်။
မော့ချူဟန်သည် မော့ကျိုးယွီကို ဖြတ်ကာ ဖမ်းဝမ်အနားသို့ လျှောက်လာခဲ့သည်။
“ကျွန်တော်တို့မော့မိသားစုက သူ လိုချင်တဲ့ အကျိုးအမြတ်ကိုပေးဖို့ ပြတ်ပြတ်သားသား ငြင်းဆိုမယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ။”
ဖမ်းဝမ်က သက်ပြင်းချသည်။
“ယွင်ချန်မြို့မှာရှိတဲ့ ရွာတွေအားလုံးက ပြည်နှင်ဒဏ်ပေးခံရတဲ့ အကျဉ်းသားတွေကို လက်ခံကြပြီး အဲဒီရွာတွေကို အဆင့်တစ်ကနေ ကိုးအထိ သတ်မှတ်ထားကြတယ်။
လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ စိတ်ကျေနပ်လောက်တဲ့ အကျိုးအမြတ်ကိုပေးနိုင်တဲ့သူဆိုရင် ပတ်ဝန်းကျင်ကောင်းပြီး သာမွန်ကောင်းမွန်တဲ့ အခြေအနေရှိတဲ့ ကျေးရွာတွေမှာ နေရာချပေးလိမ့်မယ်။
သူ့အတွက် အကျိုးအမြတ် တစ်စုံတစ်ရာ ပေးဖို့ မတတ်နိုင်ပေမယ့် နှိမ့်ချပြီး သူ့ကို စိတ်ကျေနပ်အောင် မြှောက်ပင့်ပြောဆိုတတ်သူတွေအတွက် အလတ်တန်းစား ကျေးရွာတွေမှာ နေရာချပေးလိမ့်မယ်။
ဆန့်ကျင်ဘက်အားဖြင့် သူ့ကို အကျိုးအမြတ် တစ်စုံတစ်ရာ မပေးတဲ့အပြင် သူ စိတ်ကျေနပ်အောင် ကိုယ်ဟန်အနေအထား နှိမ့်ချလိုစိတ်မရှိသူတွေကိုတော့ ဘယ်သူမှ မလိုချင် မသွားချင်တဲ့ ဝေးလံခေါင်ဖျား နေရာဒေသတွေမှာ သဘာဝအတိုင်း နေရာချပေးလိမ့်မယ်။”
ခေတ္တရပ်သွားပြီးနောက် ဖမ်းဝမ်က တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ဆက်ပြောပြခဲ့သည်၊ “ဒီမှာ ပတ်ဝန်းကျင်ကောင်းတွေရှိတဲ့ ထူးထူးခြားခြား ရွာလေးတွေ ရှိတယ်လို့လည်း ကြားမိတယ်၊ ဒါပေမယ့် အဲဒီကို ဘယ်သူမှ မသွားချင်ကြဘူး။
အကြောင်းရင်းကတော့ အဲဒီက ရွာသူရွာသားတွေက ပေါင်းသင်းရ ခက်ခဲတယ်။ အဲဒီနေရာကို သွားသူတိုင်း အပယ်ခံရပြီး သိပ်မကြာခင်မှာပဲ အိုးမဲ့အိမ်မဲ့တွေ ဖြစ်ကုန်ကြတယ်။”
ဒါကိုနားထောင်ရင်း မော့မိသားစုဝင်တွေ ဒေါသစိတ်များ ပိုတိုးလာခဲ့ကြသည်။
မော့ချူဟန်က လက်သီးဆုပ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်၊ “တကယ့်ကို ဥပဒေ မရှိတာပဲ။ လက်ထောက်တရားသူကြီးမင်းက အရမ်းကို မောက်မာလွန်းတယ်။”
ခင်ပွန်းသည် စိတ်ဆိုးလာသည်ကိုမြင်တော့ အဋ္ဌမမရီးက သူ့အနားကို တိုးသွားပြီး အမြန်နှစ်သိမ့်ပေးသည်၊ “ခင်ပွန်း၊ ကျွန်မတို့ ဒီကိစ္စကို နဝမမတ်လေးနဲ့ တခြားသူတွေနဲ့ အရင်ဆွေးနွေးသင့်တယ်၊ စိတ်မြန်လက်မြန် မလုပ်ပါနဲ့။”
မော့ချူဟန်က သူ့နှလုံးသားထဲက ဒေါသတွေကို ချုပ်တည်းဖို့ အတတ်နိုင်ဆုံး ကြိုးစားပြီး သူ့မိသားစုဝင်တွေကို ကြည့်လိုက်သည်။
“အမေ၊ နဝမညီလေး၊ နဝမခယ်မလေး၊ မရီးတွေရော ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုတွေးထားကြလဲ။”
ဒုတိယမရီးက “ဒီလို အကျင့်ပျက် အရာရှိတွေကို သည်းမခံနိုင်ဘူး” ဟု ဦးစွာ ပြောလာခဲ့သည်။
ပဉ္စမမရီးကလည်း “ဒုတိယမရီးပြောတာ မှန်တယ်။ ငါတို့ သူ အလိုရှိတဲ့အတိုင်း မလုပ်နိုင်ဘူး” ဟု သဘောတူလာခဲ့သည်။
သခင်မကြီးမော့က မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ဆီသို့ လှမ်းကြည့်လိုက်သည်။
“ကျိုးယွီ၊ နင်တို့လင်မယား ဘယ်လိုထင်လဲ။”
မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် အချင်းချင်း အကြည့်ဖလှယ်ပြီးနောက် “အမေ၊ ကျွန်တော်တို့ ဒီကိစ္စကို အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး လိုက်လုပ်ပါ့မယ်” ဟု ပြန်ဖြေခဲ့သည်။
သခင်မကြီးမော့က ခေါင်းညိတ်သည်၊ “ကောင်းပြီ၊ ငါတို့တွေ အခြေအနေကိုကြည့်ပြီး လုပ်ဆောင်ကြတာပေါ့။”
ဖမ်းဝမ်သည် မော့မိသားစု၏ “အခြေအနေအပေါ်မူတည်ပြီး လုပ်ဆောင်ကြမယ်” ဆိုတာကို နားမလည်သော်လည်း အခြေအနေကို သတိပေးသင့်တယ်လို့ ယူဆထားသည့် သူ့တာဝန်ကို လုပ်ဆောင်ပြီးပြီဖြစ်သည်။
ဖန့်မိသားစုနှင့် ရှဲ့မိသားစုတို့သည်လည်း မော့မိသားစု၏ ခြေလှမ်းအတိုင်း လိုက်လျှောက်ကြမည်မှာ သံသယဖြစ်စရာ မရှိပေ။ မော့မိသားစုက တကယ့် အဆိုးဆုံးနေရာကို သွားရမည်ဆိုရင်တောင်မှ သူတို့က မော့မိသားစုနောက်ကို လိုက်ဖို့ သေချာပေါက် ရွေးချယ်ကြလိမ့်မည်။
ဖမ်းဝမ်သည် ခရိုင်အစိုးရရုံးတံခါးသို့ ပြန်သွားကာ ဂိတ်စောင့်အရာရှိအား စကားအနည်းငယ်ပြောခဲ့ကာ ဂိတ်စောင့်တစ်ဦးမှ အထဲကို ဝင်ပြီး သတင်းပို့သည်။
ခဏကြာတော့ အရာရှိက ပြန်လာပြီး လူတစ်စုကို ခရိုင်အစိုးရရုံးထဲကို ခေါ်သွားသည်။
ဖမ်းဝမ်သည် အကျွမ်းတဝင်ရှိသော အခန်းထဲသို့ ဝင်လာပြီး ပြည်နှင်ဒဏ်ပေးခံရသည့် အကျဉ်းသားအားလုံးကို သူ့နောက်သို့ လိုက်လာရန် ခေါ်လိုက်သည်။
အခန်းသည် အလွန်ကျယ်ဝန်းသည်။ ယင်းသည် ပြည်နှင်ဒဏ်ပေးခံရသူများအတွက် အထူးစီစဉ်ပေးထားသောနေရာ ဖြစ်နိုင်သည်။
အလယ်ဗဟိုရှိ နေရာလွတ်၌ လူများ ရပ်နေကြပြီး လူသိပ်မများပါဘူး။
ခေါင်းရင်းရှိ စားပွဲခုံနောက်တွင် အသက် ( ၃၀ ) ကျော်ခန့်ရှိသည့် ပိန်ပိန်ပါးပါး လူတစ်ယောက် ထိုင်နေသည်။ ဤသည်မှာ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ ဖြစ်သည်မှာ သေချာပါသည်။
လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် ပျင်းရိစွာ မျက်လွှာပင့်ပြီး ရောက်လာသူအားလုံးကို ကြည့်လိုက်ပြီးနောက် ဖမ်းဝမ်ကို မောက်မာစွာ ခေါင်းညိတ်ပြသည်။
ဖမ်းဝမ်သည် လက်ထောက်ခရိုင်တရားသူကြီးမင်း၏ နဝမအဆင့်အရာရှိထက် အနည်းငယ် မြင့်မားသော အဋ္ဌမအဆင့်အရာရှိဖြစ်သည်။ ထို့ကြောင့် သဘာဝအားဖြင့် သူ့အား ဦးညွှတ်နေမည်မဟုတ်ပေ။
သို့သော်လည်း လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့၏ နယ်မြေဖြစ်ပြီး မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ပြုမူလေ့ရှိပြီး ဖမ်းဝမ်ကို လုံးဝ အလေးမထားခဲ့ပေ။
ဖမ်းဝမ်သည် ဤသမားရိုးကျမဟုတ်သော အပြုအမူကို စိတ်ထဲ မထားပေ။ နောက်ဆုံးမှာတော့ နယ်မြေခံမြွေက အပြင်လူတွေကို အနိုင်ကျင့်လေ့ရှိတဲ့ အလေ့အကျင့်ကို လူတိုင်း သိကြသည်။ မြို့တော်ကို တတ်နိုင်သမျှ စောစောပြန်ဖို့က သူ့အတွက် အရေးကြီးဆုံးပဲ။ လက်ထောက်တရားသူကြီးမင်းချွေ့လို လူမျိုးနှင့် ငြင်းခုံဖို့ရန် ပျင်းဖို့ကောင်းလှသည်။
လက်ထောက်ခရိုင်တရားသူကြီးချွေ့သည် ဖမ်းဝမ်ကို အလေးအနက်မထားသော်လည်း ဖမ်းဝမ်က သူ့ရပ်တည်ကို လုံးဝ လျှော့မည် မဟုတ်ပေ။
သူက ကျိုးလောင်ပါးကို လက်ဝှေ့ယမ်းပြလိုက်တော့ ကျိုးလောင်ပါးက စာရွက်စာတမ်းများကို စားပွဲပေါ်တင်ပေးလိုက်သည်။
ထို့နောက် ဖမ်းဝမ်သည် စကားမပြောဘဲ အနီးနားရှိ ကုလားထိုင်တစ်ခုတွင် ဝင်ထိုင်လိုက်သည်။
လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် စာရွက်စာတမ်းများကို ကောက်ကိုင်၍ ၎င်းတို့ကို အကြမ်းဖျင်း ကြည့်လိုက်ပြီးနောက် အောက်တွင် ရပ်နေသော ပြည်နှင်ဒဏ်ပေးခံရသည့် အကျဉ်းသားအုပ်စုကို စစ်ဆေးကြည့်ရှုလိုက်သည်။
“နိုင်ငံတော်ကာကွယ်ရေးအမတ်ကြီးရဲ့ မော့မိသားစု၊ စစ်မက်ရေးရာအမတ်ကြီးရဲ့ ဖန့်မိသားစု… ကျွတ်စ်… ကျွတ်စ်…၊ အားလုံးက နာမည်ကြီးတွေပါလား။”
ထိုသို့ပြောနေရင်း လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
သူက စားပွဲကို ပြင်းပြင်းထန်ထန် ထုလိုက်ပြီး “အရင်တုန်းက မင်းတို့ ဘယ်လိုမျိုး ထင်ရှားတဲ့ မိသားစုတွေလဲဆိုတာကို ငါ ဂရုမစိုက်ဘူး။ အခု မင်းတို့ ငါ့နယ်မြေထဲကို ရောက်နေပြီ၊ ဆိုတော့ ငါ သတ်မှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေကို မင်းတို့ လိုက်နာရမယ်။”
ထို့နောက် အရာရှိတစ်ဦးက ရှေ့တက်လာပြီး နေရာခွဲဝေမှုဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ ပြောပြလာခဲ့သည်။
သူက ရွာပေါင်းများစွာရဲ့ နာမည်တွေကို အရင်ဆုံး ဖတ်ပြခဲ့သည်၊ “ဒီရွာတွေက ယွင်ချန်ရဲ့ ပထမတန်းစားနေရာတွေပဲ။ ဒီလိုနေရာမျိုးမှာ မင်းတို့ နေနိုင်မလားဆိုတာ မင်းတို့ရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်တယ်။”
အရာရှိက ပြောပြီးသည်နှင့် ဟယ်မိသားစုရဲ့ ချွေးမကြီးလျို့က ရှေ့တက်လာပြီး မေးမြန်းခဲ့သည်၊ “လူကြီးမင်း၊ လူကြီးမင်းပြောခဲ့တဲ့ ရွာတွေမှာ နေရာချပေးတာခံရဖို့ ကျွန်မတို့ ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာကို သိချင်ပါတယ်။”
အရာရှိက အမျိုးသမီးလျို့ကို အကြိမ် အနည်းငယ် ကြည့်လိုက်သည်။ သူမ၏ ပိန်ပါးသော ခန္ဓာကိုယ်ပေါ်ရှိ စုတ်ပြဲနေသော အဝတ်အစားများနှင့် မွဲခြောက်နေသည့် မျက်နှာကို မြင်တော့ သူ့စိတ်အခြေအနေက ချက်ချင်းဆိုသလို ချဉ်တူးသွားခဲ့သည်။
“မင်းတို့အားလုံး တစ်ချိန်က ထင်ရှားကျော်ကြားတဲ့ အထက်တန်းစားမိသားစုဝင်တွေပဲ။ မင်းတို့ ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာကို ငါ သင်ပေးဖို့ လိုသေးတာလား။”
အမျိုးသမီးလျို့သည် ဤအလှည့်အပြောင်းများကို နားလည်သဘောပေါက်သောကြောင့် အခြေအနေကို လေ့လာစမ်းစစ်ရန် ဦးစွာ ယဉ်ယဉ်ကျေးကျေး မေးမြန်းခဲ့တာ ဖြစ်သည်။ မမျှော်လင့်ဘဲ ဒီလိုမျိုး လှောင်ပြောင်စော်ကားခံရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
သို့ပေမယ့်လည်း အမျိုးသမီးလျို့သည် လက်ထောက်ခရိုင်တရားသူကြီးမင်းရဲ့ ပစားပေးမှုကို ရရှိစေမည့် အစီအစဉ်အား မစွန့်လွှတ်ခဲ့ပေ။
ဟယ်မိသားစုသည် ပြည်နှင်ဒဏ်ပေးခံရသည့် ခရီးလမ်းတွင် လုံလောက်စွာ ဒုက္ခခံခဲ့ရပြီးပြီဖြစ်သည်။ အခုနောက်ဆုံးမှာတော့ အနောက်မြောက်ဘက်ဒေသသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကာ ဒီလို ဆင်းရဲမွဲတေတဲ့ဘဝမျိုးနဲ့ ဆက်မနေနိုင်တော့ဘူး။ အနည်းဆုံးတော့ သူတို့ရဲ့ နေရေးထိုင်ရေး အခြေအနေတွေကို မြှင့်တင်နိုင်ရမယ်။
“လူကြီးမင်း စိတ်မဆိုးပါနဲ့။ ကျွန်မတို့ ကောင်းကောင်းဆွေးနွေးကြရအောင်… ကောင်းကောင်းဆွေးနွေးကြရအောင်…။”