ရှင် ဘာလုပ်ချင်တာလဲ
Vol. 14 Ch. 165
အရာရှိက အမျိုးသမီးလျို့ကို စိတ်မရှည်ဘူးဆိုတာ သိသာသည်။
“ဘာဆွေးနွေးစရာရှိလို့လဲ။ ရွာကောင်းတစ်ရွာကို သွားချင်ရင် မင်းရဲ့ ရိုးသားမှုကို ပြပါ။”
အမျိုးသမီးလျို့သည် သူမခေါင်းကိုလှည့်ကာ သူ့မိသားစုဘက်ကို တစ်ချက်စစ်ကြည့်လိုက်သည်။ အရွယ်ရောက်ပြီး အမျိုးသား သုံးဦးသည် ပြည်နှင်ဒဏ်ပေးခံရသည့် လမ်းခရီးတွင် သေဆုံးသွားခဲ့သည်။
ကျန်တာကတော့ အမျိုးသမီးတွေနဲ့ အရွယ်မရောက်သေးသော ကလေးငယ်များ ဖြစ်ကြသည်။
သူမ ဝင်လာချိန်တွင် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။
လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့၏ ပျင်းရိသောအကြည့်ကို တစ်ချက်ကြည့်ရုံမျှဖြင့် သူက မိန်းမလှလေးတွေကို ကြည့်နေကြောင်း သူမ သိလိုက်သည်။
မိန်းမလှလေးတွေအကြောင်းပြောရင် သူမတို့မိသားစုမှာ နှစ်ယောက် ရှိပေသည်။
သူမရဲ့ ယောင်းမငယ်နှစ်ဦးက အမွှာညီအစ်မတွေဖြစ်ပြီး သူမယောက္ခမတွေရဲ့ ငယ်စဉ်ကတည်းက အလိုလိုက်ချစ်ခင်ယုယခြင်းကို ခံခဲ့ရသည်။ သူမယောက္ခမတွေရဲ့ အစီအစဉ်မှာ အမွှာညီအစ်မများ ကြီးပြင်းလာပြီးနောက်မှာ မိသားစုကောင်းတစ်ခုနှင့် လက်ထပ်ပေးပြီး ဟယ်မိသားစုအတွက် ကောင်းမွန်သော အကျိုးစီးပွားတွေကို ဆောင်ယူလာစေဖို့ပင်။
ယခုအခါမှာ ယောင်းမငယ်နှစ်ဦးမှာ အသက် ( ၁၅ ) နှစ် ဖူးသစ်စအရွယ် ရှိပြီ ဖြစ်သည်။
ဟယ်မိသားစုမှာ ပိုက်ဆံမရှိပေမယ့် မိန်းမပျိုလေးတွေ ရှိပေသည်၊ တစ်ယောက် မလုံလောက်လျှင် နှစ်ယောက် ပေးလိုက်မည်။
ဤမိန်းကလေးနှစ်ဦးသည် အလွန်အားနည်းပြီး လမ်းခရီးမှာ လူတိုင်းကို နှေးကွေးစေခဲ့သည်။ ဟယ်မိသားစု၏ အနာဂတ်နေထိုင်မှုပတ်ဝန်းကျင်အတွက် သူတို့အား လဲလှယ်အသုံးပြုခြင်းသည် မိသားစုအတွက် သူတို့၏ ပံ့ပိုးကူညီမှုဟု မှတ်ယူနိုင်ပါသည်။
အရာရှိများကို ဒေါသမထွက်စေရန်အတွက် အမျိုးသမီးလျို့သည် ဟယ်မိသားစုဆီသို့ အမြန်ပြန်ကာ ယောက္ခမဖြစ်သူ၏ ကန့်ကွက်မှုကြားမှ သူ့ယောင်းမနှစ်ယောက်ကို တွန်းထုတ်လာခဲ့သည်။
“ခယ်မ၊ ရှင် ဘာလုပ်နေတာလဲ။”
ဟယ်မိသားစု၏ အကြီးဆုံးမရီးသည် သူ့ခယ်မ ဘာလုပ်နေမှန်းကို မသိသဖြင့် မကျေမနပ် မေးမြန်းလိုက်သည်။
အမျိုးသမီးလျို့က အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်၊ “ကျွန်မတို့အတွက် စားစရာနဲ့ နွေးနွေးထွေးထွေး နေထိုင်စားသောက်လို့ရမယ့်နေရာတစ်ခုကို ရှာဖွေနိုင်ဖို့ ကျွန်မ လုပ်နေတာလေ။”
ထိုအချိန်တွင် သခင်မကြီးဟယ်က တုံ့ပြန်လာပြီး သူ့ကို ရပ်တန့်ဖို့ အပြေးအလွှား ရှေ့သို့ လှမ်းတက်လာသော်လည်း သူ့ဒုတိယချွေးမနှင့် မြေးငယ်နှစ်ဦးက သူ့ကို တင်းတင်းကြပ်ကြပ် ဆွဲဖက်ထားခဲ့သည်။
ဟယ်မိသားစု၏ ဒုတိယချွေးမသည် အမျိုးသမီးလျို့နှင့် အမြင်ချင်းတူပြီး ဝန်ထုပ်ဝန်ပိုးဖြစ်နေသော သူမ၏ ယောင်းမငယ်နှစ်ဦးကို မကြိုက်တာ ကြာပြီ။
အခု သူတို့နှစ်ယောက်ဟာ နောက်ဆုံးမှာ အသုံးဝင်လာတဲ့အတွက် သူ့ယောက္ခမ၏ ဖျက်လိုဖျက်ဆီးလုပ်ဆောင်ခြင်းကို ခွင့်မပြုနိုင်တာ သဘာဝပါပဲ။
သခင်မကြီးဟယ်သည် ဖမ်းချုပ်ခံထားရပြီး အရာရှိများစွာ ရှိနေခြင်းကြောင့် သူမသည် ပြင်းပြင်းထန်ထန် တုံ့ပြန်ဝံ့ခြင်း မရှိခဲ့ပေ။
ဟယ်မိသားစုမှ မိန်းကလေးနှစ်ဦးအား အမျိုးသမီးလျို့သည် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ရှေ့မှောက်သို့ ဆွဲခေါ်သွားခဲ့သည်။
“လူကြီးမင်းချွေ့၊ ကျွန်မတို့မိသားစုက အမွှာညီအစ်မတွေကို ရှင် ဘယ်လိုသဘောရလဲ။”
အမျိုးသမီးလျို့က လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့အား တုံ့ဆိုင်းဖို့ အခွင့်အရေးမပေးလိုသည့်အတွက် ဆက်လက်စည်းရုံးပြောဆိုခဲ့သည်။
“လူကြီးမင်းချွေ့၊ အခု သူတို့ရဲ့ ပိန်ပါးနေတဲ့ အသွင်အပြင်ကြောင့် လှည့်စားမခံလိုက်ပါနဲ့။ ဒါက လမ်းခရီးမှာ ငတ်ပြတ်လာတာကြောင့် ပိန်နေတာပါ။ သူတို့ရဲ့ ခန္ဓာကိုယ်အာဟာရကို ပြန်လည်ဖြည့်တင်းဖို့ အစားအသောက်ကောင်းကောင်း နည်းနည်းစားရတာနဲ့ တစ်လမပြည့်ခင် တောက်ပြောင်လာပါလိမ့်မယ်။ နောက်ပြီး သူတို့တွေဟာ ငယ်ငယ်လေးကတည်းက ဂီတ၊ စစ်တုရင်၊ လက်ရေးလှနဲ့ ပန်းချီတွေကို သင်ယူခဲ့ကြတယ်။ လူကြီးမင်းအနားမှာ ဒီလို ပြီးပြည့်စုံတဲ့ မိန်းမလှလေးတွေနဲ့ဆို လူကြီးမင်း သေချာပေါက် အထီးကျန်တယ်လို့ကို ခံစားရတော့မှာ မဟုတ်ဘူး။”
လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် လူစုလူဝေးကို ဦးစွာကြည့်သောအခါ သူ့အဓိကရည်ရွယ်ချက်မှာ အမျိုးသမီးများကိုကြည့်လိုသည်မှာ အမှန်ပင် ဖြစ်သည်။
ဒီမိန်းကလေးနှစ်ယောက်ကို သူ သတိမထားမိလိုက်ပေ။ သူတို့ရဲ့ စုတ်ပြတ်နေတဲ့ အဝတ်အစားတွေနဲ့ ပိန်ပါးတဲ့ ခန္ဓာကိုယ်ကြောင့် သူတို့ကို အထင်မကြီးခဲ့ဘူး။
အမျိုးသမီးလျို့၏ စကားကို ကြားပြီးနောက်၊ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် သူတို့နှစ်ဦးကို သေချာဂရုတစိုက်ပြန်ကြည့်ခဲ့သည်။
သူတို့၏ အသားအရေက နည်းနည်းညိုနေပေမယ့် သူတို့၏ ရုပ်ရည်အသွင်အပြင်က မဆိုးပါဘူး။
အထူးသဖြင့် သူတို့၏ တူညီသောပုံစံသည် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့အတွက် အမှန်တကယ်ပင် ဆွဲဆောင်မှုရှိသည်။
ဟယ်မိသားစုထဲက မိန်းကလေးနှစ်ယောက် ပထမတော့ ဘာကြောင့် တွန်းထုတ်ခံလာရမှန်း မသိသောကြောင့် အစပိုင်းတွင် ငြင်းဆန်ခဲ့သည်။ အမျိုးသမီးလျို့ပြောတာကို ကြားပြီးနောက် သူတို့မရီးသည် သူတို့ကို လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ထံ ပို့ဖို့ စီစဉ်နေကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
လမ်းတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ပြန်တွေးကြည့်မိသည်။ သူတို့ အနာဂတ်မှာ ဆက်လက်ဒုက္ခခံဖို့ ကျေးလက်ဒေသကို သွားရမည်၊ လယ်သမားတစ်ယောက်ကိုတောင်မှ လက်ထပ်ဖို့ ဖြစ်သွားနိုင်ပေသည်။
ကျေးလက်ဒေသမှာ တစ်သက်လုံး နေထိုင်ရတာထက် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့နောက်ကို လိုက်တာက ပိုကောင်းပါလိမ့်မည်။ အနည်းဆုံးတော့ အနာဂတ်မှာ အစားအသောက်နဲ့ အဝတ်အစားအတွက် စိတ်ပူနေဖို့ မလိုတော့ဘူး။
ထို့ကြောင့် သူတို့နှစ်ဦးသည် အတွေးများကို ရှင်းထုတ်ပြီးနောက် ဆက်လက် ငြင်းဆန်ခြင်း မရှိခဲ့ပေ။
သူတို့ကတောင် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ သဘောကျနှစ်ခြိုက်စေရန်အတွက် အလွန်ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် ယခုအချိန်တွင် အလွန်စိတ်ကောင်းဝင်နေခဲ့သည်။
“ကောင်းပြီ၊ ဒီမိန်းကလေးနှစ်ယောက်က အရမ်းတော်တာပဲ။ သူတို့ကို ငါ ကျွေးမွေးစောင့်ရှောက်ပေးမယ်။”
သူ ထိုသို့ပြောရင်း သူ့အောက်ရှိ အရာရှိများကို ကြည့်ကာ “ဒီကို တစ်ယောက်လောက် လာစမ်း။ ဟယ်မိသားစုကို ယုံဖုန်းရွာမှာ အခြေချနေထိုင်ဖို့ ခေါ်သွားပေးလိုက်ချေ။ ဒီလူတွေကို ငါကိုယ်တိုင် နေရာချထားပေးတာလို့ ရွာလူကြီးကို ပြောလိုက်။”
ဒါကိုကြားတော့ သခင်မကြီးဟယ်မှလွဲ၍ ဟယ်မိသားစုဝင်များ၏ မျက်နှာများသည် ချက်ချင်းဆိုသလို ရွှင်လန်းသွားခဲ့သည်။
သူတို့သည် မေးစေ့ကို မော်ချီပြီး မော့မိသားစု၊ ဖန့်မိသားစုနှင့် ရှဲ့မိသားစုတွေကို ကြည့်လိုက်ကြသည်။
ဟယ်မိသားစုသည် အရာရှိများနောက်သို့ လိုက်ပါထွက်ခွာသွားခဲ့ကြပြီး မိန်းကလေးနှစ်ဦးကိုလည်း လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့၏ အမိန့်ဖြင့် ယာယီ အခြေနေထိုင်ဖို့ လုပ်ဆောင်ပေးခဲ့သည်။
လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် နောက်ထပ်မိသားစုများလာ၍ သူ့ထံမှ မျက်နှာသာရဖို့ ကြိုးပမ်းမှာကို စောင့်ဆိုင်းနေသည်။
အထူးသဖြင့် မော့မိသားစုဝင် အမျိုးသမီးအားလုံးသည် ပန်းပွင့်များကဲ့သို့ ချောမောလှပကြပြီး အထူးသဖြင့် မော့ကျိုးယွီ၏ဘေးတွင် ရပ်နေသော အမျိုုးသမီးက ပို၍ ချောမောလှပသည်။ သူမသည် ဖျင်ကြမ်းထည်ကိုသာ ဝတ်ဆင်ထားသော်လည်း သူမရဲ့ ရင်သပ်ရှုမောဖွယ်ကောင်းသော အသွင်အပြင်ကို ဖုံးကွယ်ထားလို့ မရပါဘူး။
ဤအကြောင်းကြောင့် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် မိန်းမလှလေးကို သူ့ရင်ခွင်ထဲ ပွေ့ပိုက်ထားသည့် မြင်ကွင်းကိုပင် စိတ်ကူးယဉ်နေမိသည်။
မထင်မှတ်ဘဲ သူ အချိန်အကြာကြီး ငေးကြည့်နေပေမယ့် ဒီမိသားစုတွေက စကားတစ်ခွန်းမှ မပြောလာခဲ့ကြဘူး။
လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် ရုတ်ခြည်းဆိုသလို စိတ်မရှည်တော့ပေ။
“မင်းတို့တွေ ဘာလိုချင်လဲ။”
ရှဲ့မိသားစုနှင့် ဖန့်မိသားစုများသည် မော့မိသားစုနောက်သို့လိုက်ပါရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။
သူတို့၏ သမီးတွေကို လာဘ်ပေးလာဘ်ယူကုန်ပစ္စည်းအဖြစ် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ထံ ပေးပို့ရန်က မဖြစ်နိုင်ပေ။
ထို့ကြောင့် သူတို့သည် မော့မိသားစု၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့သည်။
မော့ချူဟန်သည် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ထံမှ ပထမဆုံး စီရင်ချက်ကို ကြားပြီးကတည်းက ရွံရှာနေခဲ့ပြီးဖြစ်သည်။
စစ်မြေပြင်တွင် မရေမတွက်နိုင်သော လူ့ဘီလူများနှင့် ကြုံတွေ့ခဲ့ဖူးသော ဖြောင့်မတ်မှန်ကန်သည့် လူတစ်ဦးအနေဖြင့် မော့ချူဟန်သည် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့၏ အပြုအမူကို စက်ဆုပ်ရွံရှာနေဆဲပင်။
သူက ရှေ့ကို လှမ်းတက်လာပြီး “ခင်ဗျားက လက်ထောက်ခရိုင်တရားသူကြီးမင်းဖြစ်နေရုံပါပဲ။ လာဘ်ပေးလာဘ်ယူကိစ္စရပ်တွေကို ပွင့်ပွင့်လင်းလင်း တောင်းဝံ့တယ်။ တစ်ယောက်ယောက်က ခင်ဗျားကို တိုင်တန်းလိုက်လို့ ရာထူးဆုံးရှုံးသွားမှာကို မကြောက်ဘူးလား။”
ဖမ်းဝမ်တို့ကို ဒုက္ခရောက်အောင် မလုပ်ချင်ဘူးဆိုရင် ဒီအကြောင်းကို စာရေးပြီး မြို့တော်ကို လူကြုံပါးလိုက်မိပေလိမ့်မည်။
ဒီစာကို အရေးကြီးတဲ့လူကို ပေးစရာတောင် မလိုဘူး၊ ခယ်မလေးရဲ့ မိသားစုဝင်တွေကို ပေးလိုက်ရုံနဲ့ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ကို ဖျက်ဆီးဖို့ လုံလောက်ပေလိမ့်မည်။
တစ်ယောက်ယောက်က သူ့စိတ်ထဲရှိတဲ့အတိုင်းပြောနေတာကိုမြင်တော့ အဋ္ဌမမရီးက နောက်ကနေ ပဲ့တင်ထပ် လိုက်လံပြောဆိုလာခဲ့သည်၊ “အမှန်ပဲ၊ ရှင်က ဂုဏ်သိက္ခာရှိတဲ့ အရာရှိတစ်ယောက်ပါ။ ဒါပေမယ့် ရှင် ဒီမှာ လာဘ်ပေးလာဘ်ယူကိစ္စရပ်တွေကို ပွင့်ပွင့်လင်းလင်း လုပ်ဆောင်ဝံ့တယ်ပေါ့လေ။ ကျွန်မတို့ မော့မိသားစုဝင်တွေ အခြေချပြီးတာနဲ့ ရှင့်အကျင့်ဆိုးတွေကို ဖော်ထုတ်ဖို့ မြို့တော်က ကျွန်မရဲံ ဆွေမျိုးတွေဆီ စာရေးလိုက်မယ်။”
ဟဲကျစ်ယန်နှင့် မော့ကျိုးယွီသည်လည်း အလွန်ဒေါသထွက်နေခဲ့သည်။ မော့ချူဟန်က အရင်ဆုံး ရှေ့ထွက်စကားမပြောခဲ့ပါက သူတို့ကိုယ်တိုင် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ကို ပညာပေးလုပ်ဆောင်မိပေလိမ့်မည်။
မော့မိသားစုက သူတို့ရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်ပြီးသားဖြစ်သည်ကို တွေ့လိုက်ရသဖြင့် ဖန့်မိသားစုနှင့် ရှဲ့မိသားစုတို့သည်လည်း သူတို့၏ ရပ်တည်ချက်များကို ထုတ်ဖော်ရန် ရှေ့တိုးလာခဲ့သည်။
“ဟုတ်တယ်၊ ငါတို့ဖန့်မိသားစုက ဆုတ်ယုတ်သွားပေမယ့် ငါတို့ မြို့တော်မှာ အသိမိတ်ဆွေတွေ ရှိနေတုန်းပဲ။ မင်းလို လက်ထောက်ခရိုင်တရားသူကြီးမင်းလောက်ကို အပြစ်ပေးတာက ငါတို့အတွက် ပြဿနာမဟုတ်ဘူး။”
“ငါတို့ရှဲ့မိသားစုလည်း မြို့တော်မှာ အဆက်အသွယ်ရှိတယ်…”
လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် ထိုလူများကို ဒေါသအရမ်းထွက်ကာ သူ့မျက်နှာပင် စိမ်းသွားခဲ့သည်။
သူ လက်ထောက်ခရိုင်တရားသူကြီးမင်း ဖြစ်နေသည်မှာ ကြာမြင့်ပြီဖြစ်ကာ ပြည်နှင်ဒဏ်ပေးခံရသည့် အကျဉ်းသားများကို သူ့လက်အောက်တွင် အခိုင်အမာ ထိန်းချုပ်ထားနိုင်လိမ့်မည်ဟု ယုံကြည်ထားပေသည်။
ဒါပေမယ့် ဒီနေ့မှာတော့ မထင်မှတ်ဘဲ ဒုက္ခတွေ့လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
သူက ဒေါသအရမ်းထွက်ပြီး ကျိုးကြောင်းဆီလျော်မှု အားလုံးကို ဆုံးရှုံးသွားကာ စားပွဲခုံကို အားဖြင့် ပုတ်ပြီး မတ်တပ်ထရပ်လိုက်သည်။
“ခင်ဗျားတို့ တကယ့်ကို သတ္တိကောင်းလွန်းတာပဲ။ တော်ဝင်တရားရုံးက ပြည်နှင်ဒဏ်ပေးခံရတဲ့ ရာဇဝတ်ကောင်တစ်စုက ကျုပ်ရှေ့မှာ ခင်ဗျားတို့ရဲ့ အာဏာကို ထုတ်ပြဖို့ သတ္တိရှိတယ်လား။ ခင်ဗျားတို့ ကောင်းကောင်းမနေချင်ဘူးထင်တယ်။”
သူ ဒီလို ပြောပြီးတာနဲ့ ဒီနေရာမှာ ဘယ်သူက သူဌေးလဲဆိုတာ သူတို့သိအောင် ကောင်းကောင်းရိုက်နှက်ပေးဖို့ သူ့လူတွေကို အမိန့်ပေးဖို့ ပြင်လိုက်သည်။
လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့က အရေးယူတော့မယ့်အချိန်မှာ သူ့ဘေးနားက အရာရှိက အလျင်အမြန် ရှေ့တိုးပြီး သူ့နားထဲ တစ်စုံတစ်ခုကို တီးတိုးပြောလိုက်သည်။
အရာရှိက ဘာပြောလိုက်သည်ကို သူတို့ မသိသော်လည်း လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့၏ မျက်နှာထားက အရုပ်ဆိုးနေသေးသော်လည်း အရင်ကလောက် မဆိုးရွားတော့ဘူး။
ဖမ်းဝမ်သည် ဘေးနားတွင်ထိုင်ကာ ဤအရာအားလုံးကို မြင်နေသဖြင့် အလွန်စိုးရိမ်နေသည်။
လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ ပြန်ထိုင်ချလိုက်တာကိုမြင်တော့ ကိစ္စတွေကို ချောချောမွေ့မွေ့ဖြစ်စေဖို့ သူ ရှေ့တက်သွားခဲ့သည်။
“လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့၊ ခင်ဗျားရဲ့ ဒေါသကို ထိန်းထားစမ်းပါဦး။ ကိစ္စရပ်တွေကို ပြေပြေလည်လည်ဖြစ်အောင် ဆွေးနွေးလို့ရပါတယ်။”
ထိုသို့ပြောနေစဉ် သူက မော့ကျိုးယွီကို မျက်နှာရိပ်မျက်နှာကဲပြကာ အခြေအနေ တည်ငြိမ်စေရန် စကားကောင်းကောင်းပြောလာဖို့ကို မျှော်လင့်နေခဲ့သည်။