← Chapters

ဒါတွေက မင်းတို့အတွက် သတ်မှတ်ထားတဲ့ နေအိမ်တွေပဲ

Vol. 14 Ch. 170

ဒါတွေက မင်းတို့အတွက် သတ်မှတ်ထားတဲ့ နေအိမ်တွေပဲ

Vol. 14 Ch. 170

ထိုအချိန်တွင် ရွာလူကြီးချွေ့သည် ကတ်တီးကတ်ဖဲ့လူများစွာကို သူ့ရွာဆီ စေလွှတ်ခဲ့သော ခရိုင်တရားသူကြီးဖြစ်သည့် တူဖြစ်သူကို အနည်းငယ် မကျေမနပ်ဖြစ်မိသည်။

ဆုံးရှုံးမှုကို ရှောင်ရှားရန်အတွက် ရွာလူကြီးချွေ့သည် မော့ကျိုးယွီ၏ အကြံပြုချက်ကို လိုက်နာပြီး သူတို့၏ နေရာထိုင်ခင်းကို ယနေ့ချက်ချင်း စီစဉ်ပေးရုံသာ တတ်နိုင်ခဲ့သည်။

ဒါပေါ့၊ သူလည်း ဒီလူတွေကို အခု အရင်ဖယ်ရှားပြီး အကူအညီတောင်းဖို့ မနက်ဖြန် မြို့ပေါ်တက်ချင်ခဲ့သည်။

အချိန်တန်ရင် အစိုးရရုံးကိုသွားပြီး ဒီလူတွေကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲကာ သူတို့ သင်ခန်းစာရအောင် ထောင်ထမင်းထောင်ဟင်းကို ရက်အနည်းငယ်လောက် စားခိုင်းရမည်။

ဒါကိုတွေးလိုက်မိတော့ ရွာလူကြီးချွေ့ရဲ့ သဘောထားက ( ၁၈၀ ) ဒီဂရီ ပြောင်းလဲသွားခဲ့သည်။

“မင်းတို့ ဒီလောက် အလျင်လိုနေရင် မင်းတို့အတွက် ချပေးထားတဲ့ အိမ်ရာကို ငါ ခေါ်သွားပေးမယ်။”

ရွာလူကြီးချွေ့သည် သူပြောနေရင်းမှာပင် ဂိတ်ပေါက်ဆီသို့ လမ်းလျှောက်သွားနေပြီဖြစ်သည်။

မော့ညီအစ်ကိုများနှင့် ဟဲကျစ်ယန်တို့သည် ရွာလူကြီး၏ သဘောထား ရုတ်တရက် ပြောင်းလဲသွားခြင်းမှာ သူ့မှာ ကြီးကြီးမားမား ကြံစည်ထားတာ ရှိနိုင်ကြောင်း အားလုံး သိကြသည်။

သို့ရာတွင် သူတို့သည် ရွာလူကြီး၏ ကြီးမားသော လှုပ်ရှားမှုကို လုံးဝ အလေးအနက် မထားခဲ့ကြပေ။

သူတို့သည် အချိန်ကျလာတဲ့အခါ သူ့လှုပ်ရှားမှုအတိုင်း ကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်မည်ဖြစ်သည်။

ရွာလူကြီးက ဉာဏ်ပိုကောင်းပြီး သူတို့ကို ပြဿနာမရှာရင် နောင်အနာဂတ်မှာ ဒုက္ခတွေ ကင်းဝေးဖို့အတွက် ဒီနေ့ အဖြစ်အပျက်ကို လျစ်လျူရှုထားပေးမည်။

ဒီလူက အချိန်က တမင် နှောင့်နှေးစေလိုတာလား ဒါမှမဟုတ် သူ့ခြေထောက်တွေက တကယ် မကောင်းလို့ပဲလားမသိ၊ သူ့ရဲ့ လမ်းလျှောက်နှုန်းမှာ အလွန်နှေးကွေးနေသည်။

မော့ချူဟန်က အနည်းငယ် စိတ်မရှည်စွာ ပြောလာခဲ့သည်၊ “မြန်မြန်လျှောက်လေ၊ ခင်ဗျား ထမင်းမစားရသေးလို့လား။”

ရွာလူကြီးချွေ့သည် အချိန်ကို တတ်နိုင်သမျှ နောက်ကျမှ ရောက်ရန် တမင် နှောင့်နှေးနေခဲ့သည်မှာ အမှန်ပင်။

အိမ်ရာများသည် ပျက်စီးနေပြီး ညမှောင်မှ ရောက်သွားမယ်ဆိုရင် ရိုးရှင်းသော သန့်ရှင်းရေးမျိုးကိုပင် လုပ်ဆောင်ရန် အဆင်မပြေနိုင်ပေ။

သူတို့ ဒီည အပြင်မှာ မအိပ်စက်ရသော်လည်း ပျက်စီးယိုယွင်းနေသော အိမ်များတွင် နေထိုင်ရပါက လူတွေကို သေဆုံးလုမတတ် အေးခဲသွားစေဦးမှာပင်။

ရွာလူကြီးသည် တမင်တကာ နှေးကွေးစွာ လမ်းလျှောက်နေသော်လည်း တွန်းအားပေးခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ရွာလူကြီးချွေ့သည် သူ့လုပ်ရပ်ကို သတိမထားမိစေရန်အတွက် သူ့ခန္ဓာကိုယ်ကို တမင်တကာ တုန်ယင်ချိနဲ့ပြလိုက်သည်။

“အာ… ငါက အိုနေပြီလေ၊ ငါ့ခြေထောက်တွေက ငယ်တုန်းကလောက် မသန်မာတော့ဘူး။ ငါ မြန်မြန်လျှောက်ချင်ရင်တောင် ငါ့ခန္ဓာကိုယ်က မလိုက်နိုင်တော့ဘူး။”

ဒါကိုမြင်တော့ မော့ချူဟန်က စကားတစ်ခွန်းမှ မပြောဘဲ ရှေ့ကို တိုးသွားကာ ရွာလူကြီးချွေ့အား ကောက်မပြီး ခြေလှမ်းကျဲကြီးများဖြင့် ရှေ့ဆက်လျှောက်သွားခဲ့သည်။

ရွာလူကြီးချွေ့သည် သူ့ခြေထောက်များ ရုတ်တရက် မြေပြင်မှ လွတ်သွားသဖြင့် ထိတ်လန့်သွားသည်။

“ဘာလုပ်တာလဲ၊ ငါ့ကို အောက်ချပေးစမ်း။”

မော့ချူဟန်က အေးစက်စွာ ပြောလိုက်သည်၊ “အခု ခင်ဗျား လမ်းညွှန်ဖို့ကိုပဲ အာရုံစိုက်ထားလို့ရပြီ။”

ရွာလူကြီးနှင့် အတူလိုက်ပါလာသော ချွေ့မင်းလင်းသည်လည်း ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။

သူ့အဖေက သူ့အရှိန်ကို တမင်နှောင့်နှေးစေရတဲ့ အကြောင်းအရင်းကို သူသိပြီး မော့ချူဟန်ကို အလျင်စလို တားမြစ်ကာ မကျေမနပ် စကားဆိုသည်၊ “ငါ့အဖေကို အောက်ချပေး။ သူ့ကျန်းမာရေးက သိပ်ကောင်းတာ မဟုတ်ဘူး။ မင်း သူ့ကို ဒီလိုမျိုး သယ်မယ်ဆိုရင် မင်း သူ့ကို နာကျင်စေမိလိမ့်မယ်။”

မော့ချူဟန်က သူ့ကို စောင်းငဲ့ကြည့်လိုက်သည်။

ရွာလူကြီးချွေ့သည် မော့ချူဟန်၏ ပုခုံးပေါ်တွင် ထမ်းပိုးခံနေရပြီး မတော်တဆ ပြုတ်ကျမည်ကို စိုးရိမ်သောကြောင့် မလှုပ်ဝံ့ပေ။

မော့ချူဟန်၏ စူးရှသော မျက်လုံးများနှင့် တွေ့ဆုံပြီးနောက် ချွေ့မင်းလင်းသည် သူ့အဖေအတွက် စကားမပြောပေးဝံ့တော့ပေ။

တစ်ဖက်သားရဲ့ ပုခုံးပေါ်၌ အချိန်အတော်ကြာအောင် နေရမည်ကို အလွန်စိုးရိမ်ပူပန်နေခဲ့သဖြင့် “ဒုက္ခပင်လယ်မှ အမြန်ဆုံး လွတ်မြောက်စေရန်” ရည်သန်၍ ရွာလူကြီးချွေ့သည် ဂရုတစိုက် လမ်းညွှန်ပေးခဲ့သည်။

သူတို့နေထိုင်ရမည့်နေရာသို့ ရောက်ရန် ကုန်းတက် အနည်းငယ်ကို ဖြတ်ကျော်ရသည့်အပြင် ကျောက်မျိုးနွယ်စုနှင့် ကျိုးမျိုးနွယ်စု နယ်မြေများကိုပါ ဖြတ်သွားရသည်။

ရာသီဥတုက နည်းနည်းအေးပြီး မှောင်ရီသန်းသာပေမယ့် လမ်းမှာ ရွာသူရွာသားတချို့နဲ့ တွေ့တုန်းပါပဲ။

ရွာသားများသည် ရွာလူကြီးချွေ့တစ်ယောက် သန်မာတဲ့လူတစ်ယောက်ရဲ့ ပုခုံးပေါ် ထမ်းလျှောက်ခံရသဖြင့် ဒေါသထွက်နေသော်လည်း စကားမပြောဝံ့သည်ကိုတွေ့တော့ ဘယ်သူက ဒီလောက်တောင် သတ္တိကောင်းနေတာလဲဆိုတာကို သိချင်နေကြသည်။

တစ်ချိန်တည်းမှာပင် သူတို့၏ နှလုံးသားထဲတွင် ကြည်နူးမှု အရိပ်အမြွက် ထွက်ပေါ်လာခဲ့သည်။

ချွေ့မိသားစုသည် သူတို့၏ မျိုးနွယ်စုဝင် ခရိုင်တရားသူကြီးဖြစ်သည့် တူဖြစ်သူကို မှီခိုအားထားပြီး ရှီလင်ကျေးရွာ၏ ရွာလူကြီးအဖြစ် နေရာယူခဲ့ကြသည်။ ချွေ့မိသားစုသည် ကျောက်မိသားစုနှင့် ကျိုးမိသားစုများကို အမြဲလိုလို နှိမ့်ချဆက်ဆံလေ့ရှိသည်။

မိသားစုနှစ်စုသည် ချွေ့မိသားစုနှင့် တစ်ရွာတည်းတွင် နေထိုင်ကြပြီး မကြာခဏဆိုသလို အနိုင်ကျင့်ခံခဲ့ရသည်။

အဲဒီသူစိမ်းတွေရဲ့ အသွင်အပြင်အရ သူတို့က ဒီမှာ ပြည်နှင်ဒဏ်ပေးခံရပုံပေါ်တယ်။

ဤအရာသာမှန်ပါက၊ ဒီလူတွေ ရွာမှာ ဆက်လက်နေထိုင်နိုင်ပြီး ချွေ့မိသားစုကို ပိုမိုဒုက္ခပေးလာဖို့ကို မျှော်လင့်မိသည်။

ရွာလူကြီးချွေ့သည် သူ၏ ရှက်စရာကောင်းသော အခြေအနေကို အခြားမိသားစုများမှ မြင်သွားသည်ကို တွေ့လိုက်ရသောအခါ အနည်းငယ် ရှက်ရွံ့သွားသည်။

“မင်းတို့ ဘာကြည့်နေတာလဲ၊ မြန်မြန် အိမ်ပြန်ချေ” ဟု ထိုလူများကို အော်ဟစ်လိုက်သည်။

ရွာသားများသည် ရွာလူကြီးချွေ့ကို ကြောက်ရွံ့ကြသည်။ သူ့အော်သံကိုကြားတော့ ဘယ်သူမှ တုံ့ဆိုင်းမနေဝံ့ဘဲ တွန့်ဆုတ်တွန့်ဆုတ်နှင့် ထွက်ခွာသွားကြသည်။

မော့ချူဟန်၏ ခြေလှမ်းတွေက မြန်ဆန်ပေသည်။ ခဏလောက် တောင်တက်ပြီးနောက် ရှီလင်ကျေးရွာရှိ ပြည်နှင်ဒဏ်ပေးခံရသည့် အကျဉ်းသားများအတွက် နေရာခွဲဝေပေးထားသည့် နေအိမ်သို့ သူတို့ ရောက်ရှိသွားခဲ့သည်။

ဟိုဟိုဒီဒီကြည့်လိုက်တော့ အနီးအနားမှာ အိမ်အနည်းငယ်ရှိပေမယ့် တော်တော်များများက ပြိုကျနေပြီ။

မပြိုကျသေးသော အိမ်များသည်ပင် ရွဲ့စောင်းနေပုံပါပဲ။

ထိုကဲ့သို့သော အိမ်များတွင် နေထိုင်ကြသူများသည် ညဘက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူနိုင်ခြင်းမရှိဘဲ အိမ်ပြိုကျမှာကို စိုးရိမ်ပူပန်ပြီး အမြဲသတိထားနေရပေလိမ့်မည်။

ထိုမျှသာမကဘဲ ဤအိမ်များသည် လူသူမနေထိုင်သည်မှာ ကြာလှပြီမို့ အိမ်နားပတ်ဝန်းကျင်မှာ ပေါင်းပင်တွေ ဟီးဟီးထနေခဲ့သည်။ ယခုရာသီတွင် ပေါင်းပင်များ ခြောက်သွေ့ညှိုးနွမ်းကာ အိမ်များကို အလွန်ပျက်စီးယိုယွင်းစေသည်။

မော့ချူဟန်က ရွာလူကြီးချွေ့ကို မြေပြင်ပေါ် ခပ်ကြမ်းကြမ်း ချပေးလိုက်သည်။

ရွာလူကြီးချွေ့သည် သူ့ရင်ဘတ်ကို လက်ဖြင့် ဖိကာ အသက်ရှု တည်ငြိမ်အောင် ထိန်းညှိလိုက်သည်။

ရွာလူကြီးချွေ့က သူ့ရှေ့က ခြံဝင်းကို လက်ညှိုးထိုးပြီး ပြောလိုက်သည်၊ “ဒါက မင်းတို့အတွက် နေရာချပေးထားတဲ့ အိမ်တွေပဲ။”

ဤပျက်စီးယိုယွင်းနေသောအိမ်များကိုမြင်လျှင် ရွာလူကြီးချွေ့သည် မရှင်းပြနိုင်လောက်အောင် ဂုဏ်ယူမိပေသည်။

ငါ ဒီနေ့ စေတနာထားလိုက်မယ်။ ဒီအိမ်တွေထဲကနေ မင်းတို့ အလိုရှိတဲ့အိမ်ကို ရွေးချယ်ကြပေါ့။

သူက ဆက်ပြောလိုက်သည်၊ “ဒီအိမ်တွေက လူမနေနိုင်ဘူးလို့ ငါ မင်းတို့ကို ပြောပြီးပြီ။ မနက်ဖြန် အိမ်ပြန်ပြင်ပြီးတဲ့အခါကျမှ ပြန်လာပါလို့ ငါပြောပေမယ့် မင်းတို့ကမှ နားမထောင်တာ။”

အခုလက်ရှိ နေရာ၌ ရှိနေသူတွေက လူမိုက်တွေ မဟုတ်ဘူး။

ရွာလူကြီးချွေ့၏ စကားများသည် သူတို့အကျိုးအတွက် ပြောပေးနေပုံရပေမယ့် တကယ်တမ်းကျတော့ သူတို့ကို လှောင်ပြောင်ပြောဆိုတာမှန်း သူတို့အားလုံး သိကြသည်။

ဤကဲ့သို့သော အိမ်များကို လုံးဝ ဖြိုဖျက်ပြီး ပြန်လည်မဆောက်လုပ်ပါက အချို့သော နေရာများကို ပြုပြင်ပြီးသည့်တိုင် လူနေထိုင်ရန် မဖြစ်နိုင်ပါ။

အထူးသဖြင့် ဆောင်းရာသီမှာ အိမ်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့ကို ဒီလိုနေရာမျိုးမှာ နေထိုင်ခွင့်ပေးခြင်းဟာ သူတို့အတွက် သေခြင်းတရားဆီ တွန်းပို့ခြင်းသက်သက်သာဖြစ်သည်။

ဒီလိုအိမ်တွေကိုမြင်တော့ လူတိုင်း ဒေါသထွက်ကုန်ကြသည်။

ဖန့်ချွမ်ကျိုးက ရှေ့တက်လာသည်။

“ရွာလူကြီးချွေ့၊ ဒီလိုအိမ်မျိုးက ပြန်လည်မွမ်းမံချင်ရင်တောင် ပြင်ရခက်တယ်။ ရှီလင်ကျေးရွာက ရွာသားအသစ်တွေကို ဒီလိုမျိုး နေရာချပေးတာလား။”

ရွာလူကြီးချွေ့သည် ဤကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းသည်ဟု မထင်ခဲ့ပေ။

“အစိုးရက မင်းတို့ ပြည်နှင်ဒဏ်ပေးခံရတဲ့ အကျဉ်းသားတွေ နေထိုင်ဖို့ သီးသန့်နေရာမပေးဘူး။ ဒါတွေက ငါတို့ဘိုးဘေးတွေ ကျန်ရစ်ခဲ့တဲ့ အိမ်တွေပဲ။ အဲ့လိုမှမဟုတ်ရင် မင်းတို့ ရောက်လာတဲ့အခါ ဒီလို နေစရာအိမ်မျိုးတောင် ရှိမှာ မဟုတ်ဘူး။”

“ဒါပေမယ့် ငါတို့ တော်တော်များများက ဒီလိုမျိုး အိမ်တွေမှာ ဆောင်းရာသီကို ဘယ်လို ဖြတ်ကျော်ရမှာလဲ” ဖန့်ချွမ်ကျိုးသည် ရွာလူကြီးချွေ့ထံမှ အကြောင်းပြချက် တောင်းခံချင်သည်။

မင်းတို့အတွက် အခက်တွေ့စေချင်တဲ့ တစ်စုံတစ်ယောက်နဲ့ ကျိုးကြောင်းဆင်ခြင်တဲ့ စကားတွေ ပြောဆိုဖို့ ကြိုးစားနေတာ ကျွဲကို စောင်းတီးပြတာမျိုး ဖြစ်နေတယ်ဆိုတာကို မသိဘူးလား။

ဖန့်ချွမ်ကျိုး ဘာပဲပြောပြော ရွာလူကြီးချွေ့ထံမှာ အဖြေတစ်ခုပဲ ရှိတယ်။

ဒီနေရာကလွဲလို့ ရှီလင်ကျေးရွာမှာ သူတို့ နေထိုင်ဖို့ လစ်လပ်တဲ့ အိမ်အပို မရှိပေ။ ဒီနေရာကိုမှ မကျေနပ်ရင် အစိုးရရုံးကိုသွားပြီး ငြင်းဆိုလို့ရတယ်။

ဟဲကျစ်ယန်သည် လူနှစ်ယောက် ငြင်းခုံနေတာကို ကြည့်ဖို့ စိတ်မဝင်စားဘူး။

ရှီလင်ကျေးရွာတွင် မျိုးနွယ်စုသုံးစုနေထိုင်သည့်နေရာမှလွဲ၍ နောက်ထပ် ခြံဝင်းများ မရှိကြောင်းကို သူမ လမ်းခရီးတွင် သတိပြုမိခဲ့သည်။

လက်ရှိ အခက်အခဲကို ဖြတ်ကျော်ချင်တယ်ဆိုရင်တော့ ရွာသားတွေနဲ့ စကားပြောပြီး ခေတ္တနေထိုင်ဖို့ သင့်တော်တဲ့ ခြံဝင်းတစ်လုကို ငှားနိုင်မလားဆိုတာကို စောင့်ကြရမည်။

ဒီလူတွေက ရွာလူကြီးချွေ့ကို ကြောက်ကြသည်။ ရွာလူကြီးချွေ့က သဘောမတူရင် ကျောက်မိသားစုနှင့် ကျိုးမိသားစုတို့က သူတို့အတွက် အိမ်ကို မငှားပေးဝံ့လောက်ဘူး။

ဟဲကျစ်ယန်တစ်ယောက် တန်ပြန်အစီအမံများကို စဉ်းစားနေစဉ် ရှဲ့ထျန်းဟိုင်သည် အရှေ့ဘက်အစွန်ဆုံးကျသည့် အိမ်တစ်အိမ်ကို ညွှန်ပြပြီး ပြောလိုက်သည်။

“အဲ့အိမ်က သိပ်မဆိုးဘူးလို့ထင်တယ်။ ရိုးရှင်းတဲ့ ပြုပြင်မှုတွေလုပ်ပြီးရင် အဲဒီအိမ်မှာ ခဏလောက် နေနိုင်လိမ့်မယ်။”

All Chapters